News @ M-Media

Author: Ko Lay

  • နိုင်ငံတကာ သတင်းတို (စက်တင်ဘာ ၂၀၊ ၂၀၁၅)

    စက်တင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    အိန္ဒိယတွင် ရပ်ဘီအသင်း တင်ဆောင်လာသည့် ဘတ်စ်ကား တိမ်းမှောက်
    ……………………………..
    အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ရပ်ဘီအသင်းတစ်သင်းကို တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးမှာ အရှိန်လွန်ကာ တံတားပေါ်မှ ပြုတ်ကျ တိမ်းမှောက်ခဲ့သောကြောင့် အနည်းဆုံး အားကစားသမား ၉ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါအသင်းမှာ ဒေသတွင်းပြိုင်ပွဲတစ်ခုတွင် အနိုင်ရရှိပြီးနောက် ၎င်းတို့အသင်း အခြေစိုက်ရာ ဆန်ပူးရ်ရွာသို့ ယမန်နေ့ ညနေပိုင်းက ပြန်လာစဉ် ထိုကဲ့သို့ ဘတ်စ်ကားတိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရခဲ့သည့် ကစားသမား ၅
    ဦးမှာလည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။

    လောကီသီးသန့်ဝါဒကို အာပေးသည့် ဖွဲ့စည်းပုံအသစ်ကို နီပေါ အတည်ပြု
    ………………………………….
    ဟိန္ဒူဘုရင်စနစ်မှ လောကီသီးသန့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ် ဆက်လက်ကျင့်သုံးသွားမည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို နီပေါက ယနေ့တွင် အတည်ပြုခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါ ဖွဲ့စည်းပုံကို ဆန့်ကျင်သည့် ဆန္ဒပြမှုများကို နိုင်ငံတောင်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်မှုများပင် ဖြစ်ပွားခဲ့ကာ လူ ၄၀ ခန့် သေဆုံးခဲ့သည်။ နီပေါ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ယခုတစ်ပတ်အတွင်း နီပေါအား ဟိန္ဒိုနိုင်ငံအဖြစ် သတ်မှတ်ရေး တောင်းဆိုမှုကို ပယ်ချခဲ့သည်။

    တွန်းအားစနစ်အသစ်သုံး အာကာသယာဉ်ကို တရုတ်လွှတ်တင်
    ……………………………………………….
    တရုတ်အာကာသအေဂျင်စီမှာ အသစ်စက်စက် ChángZhēng-6 (CZ-6) အာကာသယာဉ်တစ်စီးကို ယနေ့တွင် ရှန်ဇီပြည်နယ်ရှိ အာကာသစခန်းမှ လွှတ်တင်ခဲ့ပြီး ထိုအာကာသယာဉ်မှာ အဆိပ်အတောက် မဖြစ်သော ရေနံဆီနှင့် အောက်ဆီဂျင်တို့ကို အသုံးပြုသည့် တွန်းအားစနစ်ပါဝင်သော ပထမဆုံး အာကာသယာဉ်လည်း ဖြစ်သည်။ ထိုယာဉ်ကို တရုတ် အာကာသလေကြောင်း သိပ္ပံနှင့် နည်းပညာ
    ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ CASC နှင့် အာကာသယာဉ် နည်းပညာအဖွဲ့ CALT တို့မှ ပူးပေါင်း တီထွင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တွန်းအားစနစ်မှာ အလေးချိန် တစ်တန်ခန့်ကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ ပစ်လွှတ်နိုင်ပြီး ယခုလွှတ်တင်မှုတွင် ဂြိုဟ်တုအသေးစား ၂၀ ခန့် ပါဝင်သွားခဲ့သည်။

    Ref: News Agencies

  • တောင်အာဖရိက ထောင်တစ်ခုတွင် ကူးစက်ရောဂါကြောင့် ထောင်သားများကို ပြောင်းရွှေ့

    တောင်အာဖရိက ထောင်တစ်ခုတွင် ကူးစက်ရောဂါကြောင့် ထောင်သားများကို ပြောင်းရွှေ့

    စက်တင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    Safr

    – ကြွက်မှဖြစ်သောရောဂါ ပြန့်ပွားမှုကြောင့် အကျဉ်းသားတစ်ဦး သေဆုံးပြီးနောက်ပိုင်း တောင်အာဖရိကရှိ အကျဉ်းထောင်တစ်ခုမှာ အနည်းဆုံး အကျဉ်းသား ၄၀၀၀ ခန့်ကို ကယ်ဆယ်ပြောင်းရွှေ့ခဲ့ရသည်ဟု သိရသည်။

    မြို့တော် ကိပ်တောင်းအနီးရှိ ပူးလ်စ်မူးရ် အကျဉ်းထောင်ဖြစ်ပြီး၊ ပြောရေးဆိုခွင့်ရှိသူ မာနီလီစီ ၀ိုလဲလာက ရောဂါ အလျင်အမြန် ပြန့်ပွားမှုကို တားဆီးရန်အတွက် အကျဉ်းသား ၄၁၀၀ ၀န်းကျင်ကို ပြောင်းရွှေ့ပေးခဲ့ရသည်ဟု အတည်ပြု  ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ရောဂါဖြစ်မှုမှာ အကျဉ်းသားများက ကြွက်များနှင့် နီးနီးကပ်ကပ် နေမှုကြောင့်ဖြစ်သည်ဟု ပြစ်တင် ပြောဆိုခဲ့သည်။

    “ကျွန်တော်တို့ အကျဉ်းထောင်ကို မီးခိုးမှိုင်း တိုက်ထားပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အကျဉ်းသားတွေကို အခြားနေရာကို ပြောင်းရွှေ့နေပါတယ်။ အားလုံးကုန်ဖို့ လေးငါးရက်လောက်တော့ ကြာအုံးမှာပါ” ဟု ၀ိုလဲလာက ဆိုသည်။

    ကူးစက်တတ်သောရောဂါများဆိုင်ရာ အမျိုးသားအင်စတီကျု NICD ကမူ ကူးစက်သည့်ရောဂါမှာ အသည်းနှင့် ကျောက်ကပ်များကို ပျက်ဆီးစေသည့် လက်ပ်တိုစပီရိုးစစ် ရောဂါဖြစ်ပြီး ကြွက်၏ကျဉ်ငယ်မှ ကူးစက်ခြင်းဖြစ်ကာ အကျဉ်းထောင်တွင်း အခြေအနေက ထိုရောဂါကူးစက်မှုကို ပို၍ ဆိုးဝါစေသည်ဟု ပြောကြားခဲ့သည်။

    ထိုသတင်း ထွက်ပေါ်လာပြီးနောက် ရဲတပ်ဖွဲ့နှင့် အကျဉ်းထောင်များဆိုင်ရာ လူ့အခွင့်အရေးသမဂ္ဂ POPCRU ကမူ ပူးလ်စ်မူးရ်အကျဉ်းထောင်၏ ဆိုးရွားသော အခြေအနေကို ရှုတ်ချခဲ့ပြီး ထိုအဖြစ်အပျက်မှာ နိုင်ငံတော်ဆိုင်ရာ စိုးရိမ်မှုတစ်ခုဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    Ref: Aljazeera

  • ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ကို ကနေဒါ လက်ခံမည်

    ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ကို ကနေဒါ လက်ခံမည်

    စက်တင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    – ဆီးရီးယားစစ်ပွဲကြောင့် ထွက်ပြေးလာရသည့် ဒုက္ခသည် ၁၀၀၀၀ ကို မိမိတို့နိုင်ငံက လက်ခံသွားမည်ဟု ကနေဒါ ကွန်ဆာဗေးတစ်အစိုးရက ယမန်နေ့တွင် ပြောကြားလိုက်ပြီး လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်များကို အလျင်အမြန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    ဒုက္ခသည်သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီမှတစ်ဆင့် လက်ခံသွားမည်ဖြစ်ပြီး ကနေဒါလူဝင်မှုကြီးကြပ်ရေးမှ ထပ်မံစစ်ဆေးမည် မဟုတ်သောကြောင့် လုပ်ငန်းစဉ် ပိုမိုမြန်ဆန်မည်ဟု ကနေဒါ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားရေးရာဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ အား ၂၀၁၇ နှစ်ကုန်မှ လက်ခံရန် ကနေဒါက စီစဉ်ထားသော်လည်း ယခုတွင် ၂၀၁၆ စက်တင်ဘာ နောက်ဆုံးထား၍ လက်ခံသွားမည်ဖြစ်ပြီး မူလက ကတိပြုထားသည့် အီရတ်ဒုက္ခသည် ၂၃၀၀၀ အား လက်ခံရေး ကတိက၀တ်ကိုလည်း ယခုနှစ်အကုန်အတွင် အပြီးအပြတ် အကောင်အထည်ဖော်သွားမည်ဟု ၀န်ကြီးဌာနက ဆိုသည်။

    ဗီဇာတာဝန်ရှိသူများမှာ လျှောက်ထားသူများကို လုံခြုံရေး၊ ရာဇ၀တ်မှုနှင့် ကျန်းမာရေးစောင့်ကြည့်မှုဆိုင်ရာ မေးခွန်းများကိုသာ တွေ့ဆုံမေးမြန်းသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ခရစ် အလက်ဇန်းဒါးက ပြောကြားခဲ့သည်။

    ကနေဒါ၏ ကွန်ဆာဗေးတ်အစိုးရမှာ မြေထဲပင်လယ်ကိုဖြတ်၍ ဥရောပသို့ ၀င်ရောက်လာသည့် ဆီးရီးယားဒုက္ခသည်များအား ကူညီရန် နှေးကွေးမှုအတွက် ပြီးခဲ့သည့် သီတင်းပတ်များက ဥရောပနိုင်ငံများကို ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

    အတိုက်အခံဘက်ကလည်း လာမည့် အောက်တိုဘာ ၁၉ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ၎င်းတို့ အာဏာရပါက ဆီးရီးယားဒုက္ခသည်များအတွက် ပိုမိုလွယ်ကူသော ပေါ်လစီကို ချမှတ်ပေးမည်ဟု ပြောကြားခဲ့သည်။

    Ref: Alarabiya

  • ဒီယေဂိုကော်စတာကဲ့သို့ အဖြစ်အပျက်ကြောင့် ပရီးမီးယားလိဂ်မှာ လူကြိုက်များနေခြင်းဟု မော်ရင်ဟိုပြော

    ဒီယေဂိုကော်စတာကဲ့သို့ အဖြစ်အပျက်ကြောင့် ပရီးမီးယားလိဂ်မှာ လူကြိုက်များနေခြင်းဟု မော်ရင်ဟိုပြော

    စက်တင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    chel

    – အာဆင်နယ်နှင့်ပွဲတွင် ဒီယေဂိုကော်စတာ၏ အငြင်းပွားဖွယ် အဖြစ်အပျက်က မိမိအတွက် ထိုပွဲ၏ အကောင်းဆုံးကစားသမား ဖြစ်စေခဲ့ပြီး၊ ထိုကဲ့သို့ အဖြစ်အပျက်မျိုးကြောင့်ပင် ပရီးမီးယားလိဂ်မှာ လူကြိုက်များနေခြင်းဖြစ်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် ၎င်းတို့နှစ်သင်းပွဲတွင် ပထမပိုင်း၌ ဒီယေဂိုကော်စတာမှာ အာဆင်နယ်နောက်ခံလူ ကွန်စီယဲလ်နီနှင့် အချင်းများခဲ့ပြီး၊ ဖြန်ဖြေရန်လာသည့် ဘရာဇီးလ်နောက်ခံလူ ဂါဘရီယဲလ်နှင့် ထပ်မံအချင်းများခဲ့သည်။ နောက်ဆက်တွဲအဖြစ် ဂီဘရီယဲလ်မှာ အထုတ်ခံခဲ့ရသည်။

    ဒီယေဂိုကော်စတာ၏ လုပ်ရပ်အတွက် ပရိတ်သတ်များက ဝေဖန်မှုများရှိခဲ့ပြီး အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးကလည်း ၎င်း၏ လုပ်ရပ်မှာ လက်မခံနိုင်ဟု ပြောကြားခဲ့သည်။

    မော်ရင်ဟိုကမူ ထိုသို့ ဖြစ်ပွားခြင်းမှာ ဖျော်ဖြေမှုတစ်ခုဖြစ်သည်ဟု ဆိုသည်။

    “ဒီယေဂိုကော်စတာအကြောင်း ကျွန်တော့်ကိုမေးရင် – သူကစားရမယ့်ပုံစံအတိုင်း ကစားခဲ့တယ်လို့ ကျွန်တော် ဖြေမှာပါ။ ဒီလိုအဖြစ်အပျက်ကြောင့်ပဲ ကွင်းလူပြည့်တာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက လူပေါင်း သန်းနဲ့ချီ ကြည့်ရှုကြတာပါ။ ပွဲဆိုတာ ဒီလိုပဲ ကစားရပါတယ်” ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ကော်စတာမှာ မိမိအတွက် ထိုပွဲ၏ အကောင်းဆုံးကစာသမားဖြစ်ခဲ့ပြီး၊ အနီကဒ်နှင့် မထိုက်တန်ဟု မော်ရင်ဟိုက ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီပွဲမှာ ဆုံးဖြတ်ချက်အားလုံးကို ချမှတ်ခဲ့တာဟာ အဲဒီဒိုင်လူကြီးပါပဲ။ သူပဲ ကျွန်တော်တို့အတွက် ပင်နယ်တီနှစ်လုံး မပေးခဲ့တာပါ။ ဟာဇာ့ဒ်ကို ဂါဘရီယဲလ် လုပ်ခဲ့တာအတွက်လည်း အပြစ်ပေးလို့ရပါတယ်”

    Ref: Goal

  • ရုရှားနိုင်ငံ မော်စကိုရှိ ကက်သဒရယ် ဗလီဝတ်ကျောင်းတော်ကြီးကို လာမည့်တစ်ပတ်တွင် ဖွင့်လှစ်မည်

    ရုရှားနိုင်ငံ မော်စကိုရှိ ကက်သဒရယ် ဗလီဝတ်ကျောင်းတော်ကြီးကို လာမည့်တစ်ပတ်တွင် ဖွင့်လှစ်မည်

    စက်တင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    russia

    – ဆယ်စုနှစ်ပေါင်းများစွာကြာ အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည့် ရုရှားနိုင်ငံ မော်စကိုမြို့မှ ဂျွမ်အာဟ် ဗလီဝတ်ကျောင်းတော်ကို လာမည့်သီတင်းပတ်တွင် ပြန်လည် ဖွင့်လှစ်တော့မည်ဟု သိရသည်။

    “ဒီဗလီဝတ်ကျောင်းတော်ဟာ ဆိုဗီယက်ခေတ် အခက်အခဲအဆုံး အခြေအနေနဲ့ ကြုံတွေ့ရတဲ့ အချိန်တွေမှာ ဖွင့်လှစ်ခဲ့တဲ့ တစ်ခုတည်းသော ဗလီဝတ်ကျောင်းတော်ပါ။ ၁၉၈၀ အိုလံပစ်ပြိုင်ပွဲမတိုင်ခင် ဖြိုချဖို့ ကြိုးပမ်းခဲ့တာလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အစိုးရက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ပြီး ကျွန်တော်တို့ရဲ့ ဒီဗလီဝတ်ကျောင်းတော်ကို ဆက်လက်ရှိစေခဲ့ပါတယ်” ဟု ရုရှား မွဖ်သီများကောင်စီမှ ဒုတိယ ဥက္ကဌဖြစ်သူ ရက်စ်ဟန် အဘ်ယာဆော့ဗ်က ပြောကြားခဲ့သည်။

    မော်စကိုမြို့လယ်ကောင်ရှိ အဆိုပါ ဂျွမ်အာဟ်ဗလီဝတ်ကျောင်းတော်ကို ကက်သဒရယ် ဗလီဝတ်ကျောင်းတော်ဟုလည်း ခေါ်ဆိုသည်။ အဘ်ယာဆော့ဗ်ကမူ အဆိုပါ ကက်သဒရယ် ဗလီဝတ်ကျောင်းတော်မှာ ခေတ်အဆက်ဆက်တွင် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်ခဲ့သည်ဟု ဆိုသည်။

    “ဒီ မော်စကို ကက်သဒရယ်ဗလီဝတ်ကျောင်းတော်ကြီးဟာ မျိုးချစ်စစ်ပွဲကြီးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ တင့်ကားတပ်ခွဲ ထိန်းသိမ်းရေးစားရိတ်အတွက် ဗလီဝတ်ကျောင်းတော်က ရန်ပုံငွေကောက်ခံ လှူဒါန်းမှုနဲ့ ကျွန်တော်တို့နိုင်ငံက စစ်သားတွေကို ကူညီထောက်ပံ့ပေးမှုတွေကြောင့် စတာလင်ဆီက ချီးကျူးဂုဏ်ပြုတဲ့ စာတစ်စောင် ရခဲ့ပါတယ်။ ၁၉၄၁ ခုနှစ်မှာ ဒီဗလီဝတ်ကျောင်းတော်ကပဲ ကျွန်တော်တို့ရဲ့ အမိမြေရုရှားကို ကာကွယ်ဖို့ မော်စကိုမွတ်စလင်လူထုကို တိုက်တွန်းခဲ့ပါတယ်” ဟု ၎င်းက
    ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါ ကက်သဒရယ်ဗလီဝတ်ကျောင်းတော်မှာ လွန်ခဲ့သည့် ၄ နှစ်က ဖြိုချခြင်း ခံခဲ့ရပြီးနောက်ပိုင်း ၀တ်ပြုသူပေါင်း ၁၀၀၀၀ ခန့် ၀င်ဆန့်မည့် ဗလီဝတ်ကျောင်းတော်သစ်အဖြစ် ပြန်လည်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

    ထိုဗလီဝတ်ကျောင်းတော်၏ အတွင်းဘက်ဒီဇိုင်းအတွက် တူရကီသာသနာရေး ၀န်ကြီးဌာန လက်အောက်မှ အေဂျင်စီတစ်ခုဖြစ်သော Turkish Diyanet Foundation က ကူညီပေးခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၃ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။

    အခမ်းအနားသို့ ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်၊ တူရကီ သမ္မတ ရီဆက်ပ် တိုင်ယစ်ပ် အာဒိုဂန်တို့ အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်ကြမည် ဖြစ်သည်။ အဘ်ယာဆော့ဗ်ကမူ ထိုဗလီဝတ်ကျောင်းတော်က နာမ်ပိုင်းဆိုင်ရာကို ပြန်လည်သစ်လွင်စေမည်ဟု ဆိုသည်။

    “စက်တင်ဘာ ၂၃ ရက်နေ့မှာ ယုံကြည်သူတွေအတွက် တံခါးဖွင့်ပေးမယ့် ဒီ ကက်သဒရယ် ဗလီဝတ်ကျောင်းတော်ဟာ နာမ်ပိုင်းဆိုင်ရာ ပြန်လည်သစ်လွင်ဖို့အတွက် တောက်ပတဲ့ အမှတ်အသားပါပဲ”

    ထို့ပြင် ဗလီဝတ်ကျောင်းတော်၏ ဗိသုကာပိုင်းဆိုင်ရာနှင့် ပတ်သက်၍လည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “မော်စကို ကက်သရယ် ဗလီဝတ်ကျောင်းတော် အဆောက်အဦးကို ရွှေပြားနဲ့ ဖုံးအုပ်ထားပြီး၊ မင်နာရတ်တွေကလည်း မော်စကိုနဲ့ ကာဇန်ကရင်မလင်က တာဝါတွေကို ရောင်ပြန်ဟပ်နေပါတယ်”

    “ဒီဗလီဝတ်ကျောင်းတော်ဟာ ကျွန်တော်တို့ ရုရှားတွေရဲ့ ရိုးရာ ဗိသုကာကို အခြေခံထားတဲ့ ထူးခြားတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။ အတွင်းပိုင်းကို နိုင်ငံတော်သုံးအရောင်၊ ကျွန်တော်တို့တိုင်းပြည်မှာ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရိုးရာအလိုက် ချယ်မှုန်းမှုတွေနဲ့ အလှဆင်ထားပါတယ်”

    ရုရှားအော်သိုဒေါ့စ် ခရစ်ယာန်သာသနာပြီးလျှင် အစ္စလာမ်မှာ ရုရှား၌ ဒုတိယ ယုံကြည်ကိုးကွယ်မှုအများဆုံး အယူဝါဒဖြစ်ပြီး လူဦးရေ ၁၄၅ သန်းရှိသည့် ရုရှားတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူမှာ ၂၃ သန်းခန့် ရှိနေသည်။ ၎င်းတို့မှ အများစုမှာ ကော့ကေးရှပ်ဒေသမြောက်ပိုင်းတွင် နေထိုင်ကြသည်။

    Russia Today သတင်းစာ၏ ဖော်ပြချက်အရ နိုင်ငံအတွင်း၌ အစ္စလာမ်ကို သက်ဝင်ယုံကြည်သူဦးရေမှာ ၂၀၅၀ ခုနှစ်တွင် ရုရှားလူဦးရေ၏ ထက်ဝက်ခန့်ဖြစ်လာမည်ဟု ခန့်မှန်းရပြီး ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်ဦးရေ အများဆုံး နိုင်ငံများမှ တစ်နိုင်ငံ ဖြစ်လာမည်ဟု ဆိုသည်။

    Ref: Onislam