News @ M-Media
Author: Ko Lay
  • အာဏာသိမ်းခံရသည့် ဘာကီနာဖာဆိုတွင် အရပ်သားအစိုးရ ပြန်တက်မည်
    အာဏာသိမ်းခံရသည့် ဘာကီနာဖာဆိုတွင် အရပ်သားအစိုးရ ပြန်တက်မည်
    စက်တင်ဘာ ၂၀၊ ၂၀၁၅
    M-Media
    bur
    – ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်တပ်က အာဏာသိမ်းခဲ့သည့် အာဖရိကမှ ဘာကီနာဖာဆိုနိုင်ငံတွင် အရပ်သားအစိုးရလက်သို့ အာဏာပြန်အပ်တော့မည်ဖြစ်ကာ သမ္မတ မိုက်ကယ် ကာဖန်ဒို ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့ ပြန်လည်တက်လာတော့မည်ဟု ဘီနင်သမ္မတ သောမတ်စ် ဘိုနီ ယာယီက ပြောကြားလိုက်သည်။
    အဆိုပါ ဆုံးဖြတ်ချက်မှာ ဘိုနီယာယီက ဘာကီနာဖာဆို၏ အာဏာသိမ်းစစ်ခေါင်ဆောင် ဗိုလ်ချုပ် ဂီလ်ဘာ့တ် ဒီယန်ဒီရီနှင့် မြို့တော် အူဂါဒူဂူ၌ ယမန်နေ့တွင် တတိယအကြိမ်မြောက် ဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
    “ကျွန်တော်တို့ မျှော်လင့်ချက် ပြန်ရှင်သန်လာပါပြီ။ ဆောင်ရွက်နေဆဲဖြစ်တဲ့ အသွင်ကူးပြောင်းရေးကို ပြန်လုပ်တော့မှာပါ။ မိုက်ကယ် ကာဖန်ဒိုနဲ့အတူ အရပ်သားဦးဆောင်တဲ့ အသွင်ကူးပြောင်းမှုမျိုးပေါ့” ဟု ဘိုနီ ယာယီက သတင်းစာရှင်လင်းပွဲတွင် ပြောကြားခဲ့ပြီး၊ ယနေ့တွင် အသေးစိတ်ကို ထုတ်ပြန်မည်ဟု ဆိုသည်။
    ကြားဖြတ်အစိုးရက ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ကက်ဘိနတ်အစည်းအဝေး ပြုလုပ်နေစဉ် သမ္မတအစောင့်တပ် RSP က ၀င်ရောက်စီးနင်းခဲ့ကာ သမ္မတ ကာဖန်ဒိုနှင့် ၀န်ကြီးချုပ် အိုက်ဇက် ဇီဒါတို့ကို ပြန်ပေးဆွဲခဲ့ပြီး လာမည်လတွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားသည့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို နှောက်ယှက်ခဲ့သည်။
    ယခင် ထောက်လှမ်းရေးအကြီးအကဲဟောင်းဖြစ်ပြီး၊ ကာလရှည်တာဝန်ထမ်းဆောင်ကာ သမ္မတရာထူးမှ ဖြုတ်ချခံလိုက်ရသည့် သမ္မတဟောင်း ဘလိုင်စီ ကွမ်ပိုရီ၏ အနီးကပ် မဟာမိတ်ဖြစ်သူ ဒီယန်ဒီရီက ကြာသာပတေးနေ့တွင် စစ်အစိုးရ၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။
    ထို့နောက် မြို့တော် အူဂါဒူဂူတွင် ပြည်သူများက အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး စစ်သားများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကာ အနည်ဆုံး ၁၀ ဦး သေဆုံးခဲ့သည်။ ဒဏ်ရာရရှိသူများမှာမူ ၁၀၀ ကျော် ရှိခဲ့သည်။
    ဘီနင်သမ္မတနှင့် ယခုသဘောတူညီချက်တွင် အာဏာသိမ်းခေါင်းဆောင် ဒီယန်ဒီရီအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပါဝင်မည်လား၊ ရွေးကောက်ပွဲကို သတ်မှတ်ထားသည့် ရက်အတိုင်း ပြန်လည်ကျင်းပမည်လားဆိုသည့် အချက်အလက်များ ပါဝင်ခြင်း ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။
    Ref: Aljazeera
  • အသင်းမှာ အာရုံစူးစိုက်မှု ပိုရှိရမည်ဟု မန်စီးတီးနည်းပြ ပြော
    အသင်းမှာ အာရုံစူးစိုက်မှု ပိုရှိရမည်ဟု မန်စီးတီးနည်းပြ ပြော
    စက်တင်ဘာ ၂၀၊ ၂၀၁၅
    M-Media
    mancity
    – ၀က်စ်ဟမ်းအား ရှုံးနိမ့်ခဲ့မှုအတွက် မိမိအနေဖြင့် စိတ်ပျက်မိပြီး အသင်းမှာ အာရုံစူးစိုက်မှု ပိုရှိရတော့မည်ဟု မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။
    ပရီးမီးယားလိဂ် ၅ ပွဲစလုံးကို ပေးဂိုးမရှိဘဲ ရာနှုန်းပြည့်နိုင်ပွဲရခဲ့သည့် မန်စီးတီးအသင်းမှာ ယမန်နေ့က အိမ်ကွင်း အီတီဟတ်တွင် ၀က်စ်ဟမ်းအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ချန်ပီယံလိဂ်တွင် ဂျူဗင်ပတ်စ်ကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် မန်စီးတီးမှာ တစ်ပတ်အတွင်း ၂ ပွဲဆက် ရှုံးနိမ့်ခြင်းလည်း ဖြစ်သည်။
    ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပယ်လီဂရီနီမှာ အလွန် စိတ်ပျက်လက်ပျက်ဖြစ်နေပြီး မေးခွန်းများကို တိုတိုတုတ်တုတ်သာ ဖြေသွားခဲ့သည်။ ပြီးခဲ့သည့်နှစ်က ခြေချော်မှုမျိုး ပြန်လည်ရောက်ရှိလာပြီလားဟု မေးမြန်းသည့်အခါတွင် ပယ်လီဂရီနီက
    “ရာသီတစ်ခုနဲ့တစ်ခုကို ကျွန်တော် မနှိုင်းယှဉ်ချင်ပါဘူး။ ပြီးခဲ့တဲ့နှစ်ပွဲက နောက်တန်းမှာ လိုအပ်နေတဲ့ အာရုံစူးစိုက်မှုမျိုး၊ တောင့်တင်းမှုမျိုး ကျွန်တော်တို့ မရှိခဲ့ပါဘူး။ ဂိုးစည်းထိပ်က ကန်သွင်းခွင့်ရတဲ့ တစ်လုံးနဲ့ ထောင့်ကန်ဘောတစ်ကြိမ်တို့ဟာ ၀က်စ်ဟမ်းရခဲ့တဲ့ တိုက်စစ်ဆင်မှု အားလုံးပါပဲ။ အဲဒီ ၂ လုံးက ရလဒ်အတွက် အဆုံးအဖြတ် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ပိုပြီး အာရုံစိုက်ရပါလိမ့်မယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
    ထိုပွဲတွင် မန်စီးတီး၏ ကစားသမားသစ်ဖြစ်သော ဒီဘရူနီ ပထမဆုံး ၀င်ရောက်ကစားခဲ့ပြီး အသင်းအတွက် ချေပဂိုးတစ်ဂိုးကို အဝေးကန်ချက်ဖြင့် လှလှပပ သွင်းယူပေးခဲ့သည်။ သို့သော်လည်း ပွဲနိုင်ရန်သာ အရေးကြီးသည်ဟု ပယ်လီဂရီနီက ဆိုသည်။
    “သူဂိုးသွင်လား၊ မသွင်းဘူးလားဆိုတာကို ကျွန်တော် ဂရုမစိုက်ပါဘူး။ အရေးကြီးတာက နိုင်ဖို့ပါ။ ကျွန်တော်တို့ မနိုင်ခဲ့ပါဘူး”
    “အံ့သြစရာပါပဲ။ ကျွန်တော်တို့ရဲ့ ကြီးကျယ်တဲ့ကလပ်အသင်း၊ ပရိတ်သတ်တွေ၊ ၀န်ထမ်းတွေနဲ့ ဘုတ်အဖွဲ့တွေလို အသင်းနဲ့ ဆက်နွယ်ပတ်သက်နေသူ လူတိုင်းအတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ အထူးသဖြင့် ကစားသမားတွေအတွက်ပေါ့ဗျာ” ဟု ဘီလစ်က ပြောကြားခဲ့သည်။
    Ref: Goal
  • မြန်မာ့ရွေးကောက်ပွဲအတွက် မွတ်စလင်ကိုယ်စားလှယ်လောင်းများ ပယ်ချမှုကို အမေရိကန်စိုးရိမ်
    မြန်မာ့ရွေးကောက်ပွဲအတွက် မွတ်စလင်ကိုယ်စားလှယ်လောင်းများ ပယ်ချမှုကို အမေရိကန်စိုးရိမ်
    စက်တင်ဘာ ၂၀၊ ၂၀၁၅
    M-Media
    myan
    ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင် ပြည်သူများက မဲစာရင်းများ ကြည့်ရှုနေစဉ်
    – မွတ်စလင်လူနည်းစု ကိုယ်စားလှယ်များကို ချန်လှပ်ခဲ့ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ သမိုင်းမှတ်တိုင်ဖြစ်သော ရွေးကောက်ပွဲ ပြင်ဆင်မှုကို အခြေပျက်စေခဲ့ပြီး ထိုအတွက် စိုးရိမ်မိသည်ဟု အမေရိကန်က ပြောကြားလိုက်သည်။
    မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၈ ရက်နေ့၌ အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ပြီး စစ်တပ်က ဆစ်စုနှစ်များစွာ အုပ်ချုပ်ခဲ့ပြီးနောက်ပိုင်း အလွတ်လပ်ဆုံး မဲပေးရွေးချယ်မှု ဖြစ်လာမည်ဟု အများစုက မျှော်လင့်နေကြသည်။ အတိုက်အခံခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှာ ထိုရွေးကောက်ပွဲတွင် အမတ်နေရာ အများအပြား အနိုင်ရလိမ့်မည်ဟု တစ်ပေးခြင်း ခံနေရသည်။
    သို့သော်လည်း မကြာသေးမီနှစ်များအတွင်း မွတ်စလင်လူနည်းစုများအပေါ် ဆိုးရွားသည့် တိုက်ခိုက်မှုများ ရှိခဲ့သည့်ကို တွေ့မြင်ခဲ့ရသည့် ဗုဒ္ဓဘာသာဝင်ကြီးစိုးသော မြန်မာနိုင်ငံ၌ တင်းမာမှုများမှာ မြင့်တက်လာခဲ့သည်။
    “မြန်မာနိုင်ငံရဲ့ လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၀၀ နီးပါးကို ပယ်ချခဲ့မှုနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက စိုးရိမ်မိပါတယ်” ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီရ်ဘီက ပြောကြားခဲ့သည်။
    “လက်ရှိ လွတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူတွေ အပါအ၀င် မွတ်စလင်ကိုယ်စားလှယ်လောင်း အားလုံးနီးပါး ပယ်ချခံရတယ်လို့ ကျွန်တော်တို့ ကြားခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်စားလှယ်လောင်း စံသတ်မှတ်ချက်တွေနဲ့ မညီဘူးဆိုတာအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက တိကျတဲ့ အကြောင်းအရင်းတွေကို မပေးသေးပါဘူး”
    အမတ်နေရာ၏ လေးပုံတစ်ပုံကို ယခင် စစ်အာဏာရှင်စနစ်ကို ထောက်ခံခဲ့သူများအတွက် ဖယ်ထားသည်ဟု ကီရ်ဘီက ထောက်ပြခဲ့ပြီး ကိုယ်စားလှယ်လောင်းများအား ပယ်ချသည့် လုပ်ငန်းစဉ်မှာ ပွင်းလင်းမြင်သာမှုမရှိသည့် ခွဲခြားဆက်ဆံမှုဖြစ်စဉ်သာ ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် ထိုသို့ပြုလုပ်ခြင်းက ရွေးကောက်ပွဲအပေါ် မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ယုံကြည်မှုကို လျော့ကျစေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “ဒီစိုးရိမ်မှုတွေကို ဖြေရှင်းဖို့အတွက် နှစ်ဆ ပိုအားထုတ်ဖို့နဲ့ လာမယ့်ရွးကောက်ပွဲဟာ နိုင်ငံရှေ့ဆက်ဖို့ ခြေလှမ်းတစ်ခုဖြစ်ရေး သေချာစေဖို့ မြန်မာအာဏာပိုင်တွေကို ကျွန်တော်တို့ တိုက်တွန်းလိုက်ပါတယ်”
    နှစ် ၅၀ နီးပါးကြာမြင့်ခဲ့သည့် စစ်အာဏာရှင်စနစ်မှ ၂၀၁၁ ခုနှစ်တွင် အရပ်သားတစ်ပိုင်း အစိုးရအဖြစ် ပေါ်ထွက်လာသည့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အမေရိကန်ဘက်က လိုက်လိုက်လျောလျော အားပေးမှုများ ရှိခဲ့သော်လည်း ဘာသာရေးဆိုင်ရာ မတည်ငြိမ်မှုများက ထိုအားထုတ်မှုများအတွက် အမည်းစက် ဖြစ်စေခဲ့သည်။
    မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်ကတည်းက မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုများ မကြာခဏ ဆိုသလို ဖြစ်ပွားခဲ့ပြီး အမျိုးသားရေး ဘုန်းကြီးများ၏ သြဇာလွှမ်းမိုးမှု မြင့်တက်လာခြင်းနှင့်အတူ နိုင်ငံတစ်ဝှမ်းသို့ အလျင်အမြန် ပြန့်နှံ့လာခဲ့သည်။
    ပြီးခဲ့သည့် မတ်လအတွင်း ၎င်းတို့၏ သက်သေခံကဒ်ပြားများကို တရားမ၀င်ကြောင်း ကြေညာမှုနှင့်အတူ သိန်းနှင့်ချီသော ရိုဟင်ဂျာမွတ်စလင်များမှာလည်း မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်။
    တစ်ချိန်က နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားသူများ၏ အသည်းစွဲဖြစ်ခဲ့သော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း လူနည်းစုများ၏ အခွင့်အရေးအတွက် ပြောကြားရန် ဖိအားပေးခြင်း ခံခဲ့ရသည်။
    သို့သော်လည်း သူမကမူ ၎င်း၏ပါတီ NLD အား မှေးမှိန်စေရန် အတိုက်အခံများက ဘာသာရေးပြဿနာကို အသုံးချခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ သူမ၏ ပါတီနှင့် လက်ရှိ အာဏာရပါတီ နှစ်ခုစလုံးမှာ မွတ်စလင် ကိုယ်စားလှယ်လောင်းများကို ထည့်သွင်းခဲ့ခြင်း မရှိပေ။
    Ref: Staritstimes
  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၁၉၊ ၂၀၁၅)
    စက်တင်ဘာ ၁၉၊ ၂၀၁၅
    M-Media
    ဆီးရီးယားအရေး ပြေလည်ရန် အာဆတ်နှုတ်ထွက်ရမည်ဟု ဂျွန်ကယ်ရီပြော
    ……………………………..
    နိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပြဿနာကို အဆုံးသတ်ရန်အတွက် ဆီးရီးယားသမ္မတ ဘာရှာ အလ်အာဆတ်မှာ လုံးဝ ဆင်းပေးရမည်ဖြစ်ပြီး၊ ထိုလုပ်ငန်းအတွက် အဖွဲ့အားလုံးပါဝင်သည့် ဆွေးနွေးညှိနှိုင်းမှု လိုအပ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဖိလစ်ပ်ဟာ ဟမ်မွန်နှင့် လန်ဒန်မြို့၌ တွေ့ဆုံပြီးနောက် ပြောကြားခဲ့သည်။ ထို့ပြင် ဆီးရီးယား နိုင်ငံရေး
    အပြောင်းအလဲအတွက် ဆွေးနွေးရေး အာဆတ်အား ယုံကြည်လာစေရန်အတွက် ရုရှားနှင့် အီရန်တို့က ၎င်းတို့၏ လွှမ်းမိုးမှုကို အသုံးချရန် ကယ်ရီက တိုက်တွန်းခဲ့သည်။
    အာဏာရှင်ဆန့်ကျင်ရေး ထိုင်းပြည်သူများ ဆန္ဒပြ
    ……………………………….
    ဆန္ဒပြမှုကို ပိတ်ထားသည့်ကြားမှ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်သည့်အနေဖြင့် ထိုင်းပြည်သူ ရာပေါင်းများစွာက ယနေ့တွင် မြိုကတော်ဘန်ကောက်၌ ဆန္ဒပြခဲ့ကြသည်။ အာဏာရှင်ကို ဆန့်ကျင်သည့် ပိုစတာများ ကိုင်ဆောင်ခဲ့ကြသည့် ပြည်သူများမှာ အာဏာရှင်အလိုမရှိဟူသော ကျွေးကြော်သုံးများကို ကျွေးကြော်၍ ဘန်ကောက်မြို့လယ်ကောင်၌ ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပြီး သမားဆက် တက္ကသိုလ်တွင် ပြုလုပ်သည့် ဖိုရမ်သို့ တက်ရောက်ခဲ့ကြသည်။
    အီဂျစ်အစိုးရသစ် ကျမ်းကျိန်
    ……………………………….
    ချစားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကြောင့် ယခင်ကက်ဘိနတ်ဟောင်း ထွက်သွားပြီးနောက် တစ်ပတ်အကြာ ယနေ့တွင် သမ္မတ အဘ်ဒဲလ်-ဖာတာဟ် အလ်စီစီဦးဆောင်သည့် အစိုးရသစ်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ၃၃ ဦး ပါဝင်သည့် ကတ်ဘိနတ်အသစ်တွင် အမျိုးသမီး ၃ ဦးနှင့်၊ လူသစ် ၁၆ ဦးပါဝင်ပြီး၊ အသစ်ဝင်လာသည့် ပညာရေးဝန်ကြီး ဇာကီ ဘဒါရ်နှင့် ခရီးသွားလာရေးဝန်ကြီး ဟီရှမ် ဇာဇူတို့မှာ သမ္မတဟောင်း မူဘာရက်လက်အောက်တွင် အဆိုပါရာထူးများကို ထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။
    Ref: News Agencies
  • မွတ်စလင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦး အော်စလိုမြို့တော်ဝန်ဖြစ်ရန် ရေပန်းစားနေ
    မွတ်စလင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦး အော်စလိုမြို့တော်ဝန်ဖြစ်ရန် ရေပန်းစားနေ
    စက်တင်ဘာ ၁၉၊ ၂၀၁၅
    M-Media
    norway
    – နော်ဝေနိုင်ငံ မြို့တော် အော်စလို၏ မြို့တော်ဝန် ဖြစ်လာရန် နော်ဝေမွတ်စလင် သဘာဝပတ်ဝန်းကျင် ပညာရှင်တစ်ဦးမှာ ရေပန်းစားနေပြီး နိုင်ငံအတွင်း သမိုင်းသစ်ရေးထိုးနိုင်မည့် အခြေအနေ ရှိနေသည်ဟု သိရသည်။
    “အော်စလိုပြည်သူအားလုံးအတွက် သူ (ရှိုအာအစ်ဘ် ဆူလ်တန်)ဟာ အံ့သြစရာကောင်းတဲ့ မြို့တော်ဝန် ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ရှိခဲ့သမျှ မြို့တော်ဝန်တွေထဲမှာ သူဟာ အော်စလိုပြည်သူတွေကို ကိုယ်စားအပြုနိုင်ဆုံးသူ ဖြစ်လာပါလိမ့်မယ်” ဟု ၎င်း၏ MDG Green Party မှ ခေါင်းဆောင်ဖြစ်သူ ရက်စ်မက်စ် ဟန်ဆန်က NRK ရေဒီယိုသို့ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
    တနင်္လာနေ့က ပြုလုပ်ခဲ့သည့် အော်စလို မြို့တော်ကောင်စီ ရွေးကောက်ပွဲတွင် အဆိုပါ Green Party က အမတ်နေရာ ၅ နေရာ ရခဲ့သည်။ စုစုပေါင်း အမတ်နေရာ ၅၉ နေရာတွင် လွန်ခဲ့သည့် ၁၈ နှစ်ကတည်းက မြို့တော်ကောင်စီတွင် ကြီးစိုးခဲ့သည့် လက်ယာယိမ်းပါတီက ၂၉ နေရာနှင့် လက်ဝဲပါတီက ၂၆ နေရာ ရခဲ့ပြီးနောက် ထိုပါတီနှစ်ခုစလုံးမှာ ကောင်စီတွင် ကြီးစိုးနိုင်ရန်အတွက် MDG ပါတီနှင့် ဆွေးနွေးမှုများပြုလုပ်ရန် အဆင်သင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။
    “မြို့တော်ဝန်နေရာက ဆွေးနွေးရမယ့်ကိစ္စရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာ သေချာပါတယ်” ဟု ဟန်ဆန်က ပြောကြားခဲ့သည်။
    အဆိုပါ မြို့တော်ကောင်စီ ရွေးကောက်ပွဲတွင် MDG ကိုယ်စားပြုအမတ်များမှာ ပါတီနှစ်ခု၏ လွှမ်းမိုးမှုမှ လွတ်ကင်းကာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
    အသက် ၄၁ နှစ်အရွယ်ရှိ ဆူလ်တန်မှာ နော်ဝေမွတ်စလင်များကို ကိုယ်စားပြုသည့် ပရဟိတအဖွဲ့အစည်း အစ္စလာမ့်မစ်ကောင်စီ၏ အတွင်းရေးမှူးဟောင်း ဖြစ်သည်။ ၎င်း တစ်နှစ်သားအရွယ်တွင် မိဘများမှာ ပါကစ္စတန်မှ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး၊ ၎င်းမှာ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးစင်တာတွင်လည်း အလုပ်လုပ်ခဲ့ဖူးသည်။
    အခက်အခဲမရှိ
    အစ္စလာမ်သာသနာကို အမှန်တကယ် လက်တွေ့လိုက်နာကျင့်သုံးသည့် မွတ်စလင်တစ်ယောက်ဖြစ်ခြင်းက အော်စလို၏ ခေါင်းဆောင်ရာထူးကို ရယူရန်အတွက် အခက်အခဲမဖြစ်ဟု ဆိုသည်။
    “ဒါက စိတ်လှုပ်ရှားစရာကောင်းတဲ့ စိန်ခေါ်မှုလို့ ကျွန်တော် ထင်ပါတယ်။ အော်စလိုဟာ စိန်ခေါ်မှုတွေ၊ အခွင့်အလမ်းကောင်းတွေနဲ့ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ မြို့ပါ။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ (ဆိုရှယ်မီဒီယာက) မှတ်ချက်တွေ၊ အမည်မည်မသိတဲ့ ဘလော့ဂါတွေအပေါ် သိပ်အာရုံစိုက်လွန်းတယ်လို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့အတွေ့အကြုံအရတော့ လက်တွေ့မှာ လူတွေက တကယ့်ကို ကွာခြားတယ်ဗျ။ သူတို့ရုန်းကန်နေရတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်နိုင်သူတွေကို သူတို့က စိတ်ဝင်စားကြတယ်။
    ဘာသာတွေ၊ လူမျိုးတွေကို မကြည့်ကြပါဘူး” ဟု ဆူလ်တန်က ပြောကြားခဲ့သည်။
    နော်ဝေ၏ ၅.၂ သန်းသော လူဦးရေတွင် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကြသူများမှာ ၁၅၀၀၀၀ မှ ၂၀၀၀၀၀ ကြားအထိ ရှိနေသည်။
    Ref: Onislam