News @ M-Media
Author: Ko Lay
  • ခရိုအေးရှားမှ ဒုက္ခသည်ရထားကို ဟန်ဂေရီ ဖမ်းဆီး
    ခရိုအေးရှားမှ ဒုက္ခသည်ရထားကို ဟန်ဂေရီ ဖမ်းဆီး
    စက်တင်ဘာ ၁၉၊ ၂၀၁၅
    M-Media
    cro
    – ခရိုအေးရှားမှ ဒုက္ခသည်များကို တင်ဆောင်လာသည့် ရထားတစ်စီးကို ဟန်ဂေရီအာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး ရထားပေါ်တွင် ပါဝင်လာသည့် ခရိုအေးရှားရဲတပ်ဖွဲ့ဝင် ၄၀ ခန့်ကိုလည်း လက်နက်များ သိမ်းဆည်းလိုက်သည်ဟု ဟန်ဂေရီ ဘေးအန္တရာယ်ဆိုင်ရာ အကြီးအကဲ ဂျော်ဂီ ဘာကွန်ဒီက ပြောကြားလိုက်သည်။
    ဒုက္ခသည် တစ်ထောင်ကျော် တင်ဆောင်လာသည့် အဆိုပါရထားမှာ ဟန်ဂေရီနယ်စပ်မြို့ မဂ်ယာဘိုလီသို့ မည်သည့်အသိပေးမှုမှမရှိဘဲ ယမန်နေ့က ရောက်ရှိလာခြင်းဖြစ်ပြီး အခြားသောရထားများနှင့် ဘတ်စ်ကားများမှာလည်း နယ်စပ်ဖြတ်ကျော် ရောက်ရှိလာခဲ့ကြသည်။
    မဂ်ယာဘိုလီသို့ ရောက်ရှိလာသော အဆိုပါရထားတွင် ခရိုအေးရှားရဲတပ်ဖွဲ့ ၄၀ ခန့်မှာ အစောင့်အရှောက်အဖြစ် လိုက်ပါလာပြီး ဟန်ဂေရီအာဏာပိုင်များက ၎င်းတို့အား စာရင်းယူကာ လက်နက်များကို သိမ်းယူခဲ့သည်ဟု နိုင်ငံပိုင် M1 တီဗီ၏ ၀ဘ်ဆိုက်တွင် တင်ထားသော ဗီဒီယိုအရ သိရသည်။
    အစိုးရပြောရေးဆိုခွင့်ရှိသူ ဇိုလ်တန် ကိုဗက်စ်ကမူ ထိုအဖြစ်အပျက်က အလွန်ဆိုးရွားသည့် နယ်စပ်ချိုးဖောက်မှုဖြစ်သည်ဟု ဆိုသည်။
    “အဲဒီ ရထားမှာ လူတစ်ထောင်ကျော်ပါဝင်ပြီး ဘာသတိပေးချက်မှမရှိဘဲ မဂ်ယာဘိုလီမှာ ရထားတစ်စီးရောက်လာတာဟာ အလွန်ဆိုးရွားတဲ့ နယ်စပ်ဖြတ်ကျော် အဖြစ်အပျက်ပါပဲ။ အဲဒီမှာ ခရိုအေးရှားရဲတပ်ဖွဲ့ဝင် ၄၀ လိုက်ပါလာပြီး ဟန်ဂေရီပိုင်နက်ထဲကို အရင်အသိပေးတာမျိုး၊ ၀င်ခွင့်တောင်းတာမျိုး မလုပ်ခဲ့ပါဘူး။ ဒါဟာ နယ်စပ်ကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုဖြစ်ပြီး ရာဇ၀တ်မှုအတွက်
    သံသယဖြစ်စရာပါပဲ” ဟု ကိုဗက်စ်က ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့အနေဖြင့် ထိုအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ရထားမောင်းသူကိုလည်း ဖမ်းထားကြောင်း၊ ခရိုအေးရှားရဲတပ်ဖွဲ့ဝင် ၄၀ နှင့် ဆက်နွယ်နေသည့် ဟန်ဂေရီ လုပ်ဖော်ကိုင်ဖက်များကိုလည်း အရေးယူထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    သို့သော်လည်း ခရိုအေးရှားရဲတပ်ဖွဲ့ကမူ ရထားတွင် အစောင့်အရှောက်အဖြစ် လိုက်ပါသွားသည့် ၎င်းတို့၏ တပ်ဖွဲ့ဝင် တစ်ဦးမှ လက်နက်အသိမ်းခံရခြင်း၊ ဖမ်းဆီးခံရခြင်း မရှိကြောင်း၊ ထိုသို့လိုက်ပါမှုအတွက် နှစ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှာ သဘောတူညီချက်ရထားပြီး မိမိတို့တပ်ဖွဲ့ဝင် ၃၆ ဦးမှာ ယမန်နေ့က ပြန်လည် ရောက်ရှိလာကြောင်း ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ရူနီ ဂိုးမိုးခေါင်မှုအတွက် ဗန်ဂါးလ် မစိုးရိမ်
    ရူနီ ဂိုးမိုးခေါင်မှုအတွက် ဗန်ဂါးလ် မစိုးရိမ်
    စက်တင်ဘာ ၁၉၊ ၂၀၁၅
    M-Media
    mu
    – တိုက်စစ်မှူး ၀ိန်းရူနီ၏ ပရီးမီးယားလိဂ် ဂိုးမိုးခေါင်မှုအတွက် မိမိအနေဖြင့် စိုးရိမ်မှုမရှိဘဲ၊ ကစားသမားဘ၀မှ အနားမယူခင် မန်ယူ၏ ဂိုးသွင်းစံချိန်ကို ချိုးစေချင်သည်ဟု နည်းပြဗန်ဂါးလ်က ပြောကြားလိုက်သည်။
    အင်္ဂလန်အသင်းအတွက် ဂိုးအများဆုံးသွင်းသူ ဖြစ်လာသည့် ရူနီမှာ မန်ယူ၏ နောက်ဆုံး ပရီးမီးယားလိဂ် ၁၀ ပွဲတွင် ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပေ။ သို့သော်လည်း ချန်ပီယံလိဂ် ခြေစစ်ပွဲဖြစ်သည့် ဘယ်လ်ဂျီယံကလပ် ဘရုဂျက်အား ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ရူနီမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့သည်။
    ထို့ပြင် အသင်း၏ ဂန္တ၀င်ကစားသမား ဆာ ဘော်ဘီချာလ်တန် တင်ထားသော ၂၄၉ ဂိုးစံချိန်ကိုလည်း မှီရန် နီးစပ်နေပြီး ဗန်ဂါးလ်ကမူ ရူနီ၏ သမိုင်းက စကားပြောသွားလိမ့်မည်ဟု ဆိုသည်။
    “ပရီးမီးယားလိဂ်ဖြစ်ဖြစ်၊ ချန်ပီယံလိဂ်ဖြစ်ဖြစ် ဂရုမစိုက်ပါဘူး။ ဘယ်သူ ဂိုးသွင်းသွင်း ကိစ္စမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးများများ သွင်းရပါမယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
    ရူနီနှင့်ပတ်သက်၍လည်း “ရူနီမှာ ဂျူအန်မာတာ၊ မမ်ဖစ်ဒီပိုင်း၊ အန်သိုနီမာရှယ်နဲ့ မာရိုနီ ဖယ်လိုင်နီတို့လို ဂိုးသွင်းစတိုင်မျိုးစုံ ရှိပါတယ်။ သူသွင်းတဲ့ဂိုးတွေအားလုံးကို ခင်ဗျား ရေကြည့်လို့ရပါတယ်။ ကျွန်တော်သိသလောက်တော့ ရူနီဟာ ဂိုးတွေအများကြီး သွင်းခဲ့ဖူးပြီး ကလပ်က ဂိုးအများဆုံးစံချိန်နား ကပ်နေပါပြီ။ သူ အဲဒီစံချိန်ကို ချိုးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    မန်ယူမှာ တနင်္ဂနွေနေ့တွင် ဆောက်သက်တမ်အသင်းနှင့် အဝေးကွင်းတွင် သွားရောက်ကစားရမည်ဖြစ်ပြီး ဒဏ်ရာအသေးစားမှ ပြန်လည်သက်သာလာသည့် ရူနီမှာ ပါဝင်လာမည်ဖြစ်သည်။ သို့သော်လည်း အားထားရသည့် လူငယ်နောက်ခံလူ လုခ်ရှောမှာ ချန်ပီယံလိဂ် ပီအက်စ်ဗီနှင့်ပွဲတွင် ခြေထောက်အရိုး နှစ်ချောင်းစလုံး ကျိုးသွားသောကြောင့် အနည်းဆုံး ၆ လ ခန့် အနားယူရမည်ဖြစ်သည်။
    Ref: Goal
  • ပါလက်စတိုင်းအား ကျူးကျော်မှုကို ဆန့်ကျင်သည့်အနေဖြင့် အစ္စရေးထုတ်ကုန်များကို အိုက်စ်လန်မြို့တော် သပိတ်မှောက်
    ပါလက်စတိုင်းအား ကျူးကျော်မှုကို ဆန့်ကျင်သည့်အနေဖြင့် အစ္စရေးထုတ်ကုန်များကို အိုက်စ်လန်မြို့တော် သပိတ်မှောက်
    စက်တင်ဘာ ၁၉၊ ၂၀၁၅
    M-Media
    iceland
    – ပါလက်စတိုင်းပိုင်နက်များအား အစ္စရေး၏ ပိတ်ဆို့သိမ်းပိုက်မှုကို ဆန့်ကျင်သည့်အနေဖြင့် ဥရောပနိုင်ငံတစ်ခုဖြစ်သာ အိုက်စ်လန်၏ မြို့တော် ရေ့က်ဂျာဗစ်က်မှာ အစ္စရေးထုတ်ပစ္စည်းများကို သပိတ်မှောက်ရန် ဆုံးဖြတ်လိုက်သည်ဟု သိရသည်။
    “အစ္စရေးက အခြားသူတွေကို လူမျိုးအခြေခံပြီး ဖိနှိပ်ချုပ်ချယ်နေသမျှနဲ့ ပါလက်စတိုင်းပိုင်နက်အတွင်း တံတိုင်းကြီး ရှိနေသမျှကာလပတ်လုံး အစ္စရေးက ပစ္စည်းတွေကို ၀ယ်မှာမဟုတ်ဘူးဆိုတဲ့ ရှင်းလင်းတဲ့ သတင်းစကားကို ကျွန်မတို့က ပေးလိုက်တယ်လို့ ယုံကြည်ပါတယ်” ဟု မြို့တော်ကောင်စီဝင် အမျိုးသမီး ဘီဂျော့က် ဗီလ်ဟမ်စ်ဒေါ့တီရ်က Ynet News သို့ ပြောကြားခဲ့သည်။ သူမက ကျန်ရှိနေသည့် သက်တမ်းတစ်လျှောက်လုံးကို ပါလက်စတိုင်းပိုင်နက်များအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလုပ်များ လုပ်ဆောင်သွားတော့မည်ဟု ကြေငြာထားသူဖြစ်သည်။
    ဗီလ်ဟမ်စ်ဒေါ့တီရ်က အကြံပြုသည့် ထိုအဆိုပြုချက်ကို မြို့တော်ကောင်စီတွင် အများစုရှိနေသော ဆိုရှယ်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့က ကောင်စီသို့ တင်ပြခဲ့ကာ စက်တင်ဘာ ၁၆ ရက် အင်္ဂါနေ့က မြို့တော်ကောင်စီတွင် မဲခွဲ၍ အတည်ပြုခဲ့ခြင်းဖြစ်သည်။
    Iceland Magazine ၏ ဖော်ပြမှုအရ ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းမှာ ရေ့က်ဂျာဗစ်က်မြို့က ပါလက်စတိုင်း နိုင်ငံအတွက် ထောက်ခံအားပေးမှုကို ထင်ရှားစွာ ဖော်ပြခြင်းနှင့် အစ္စရေး၏ ခွဲခြားမှု ပေါ်လစီအား ရှုတ်ချခြင်း ဖြစ်သည်ဟု ဆိုသည်။
    မြို့တော်ကောင်စီဝင် တစ်ဦးဖြစ်သူ ဆိုလေး သောမတ်စ်ဒေါ့တီရ်က ထိုဆောင်ရွက်မှုမှာ ပါလက်စတိုင်း ပိုင်နက်များအား အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုကို အဆုံးသတ်ရေး ဖိအားဖြစ်စေမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် လူ့အခွင့်အရေးချိုးဖောက်သည်ဟု စွပ်စွဲခံနေရသော နိုင်ငံများမှ ထုတ်ကုန်များကိုလည်း သပိတ်မှောက်ရန် ဆောင်ရွက်သွားနိုင်သည်ဟုလည်း ၎င်းက
    ထည့်သွင်းပြောကြားခဲ့သည်။
    ရေ့က်ဂျာဗစ်က်မြို့၏ ထိုဆုံးဖြတ်ချက်မှာ အမုန်းထုကြီးဖြစ်သည်ဟု အစ္စရေး နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး အမေရိကန်ရှိ ဂျူးအဖွဲ့ကြီးနှစ်ခုကလည်း ရှုတ်ချခဲ့သည်။
    ရေ့က်ဂျာဗစ်က် မြို့တော်ကောင်စီမှာ ပါလက်စတိုင်းပြည်သူများ၏ လွတ်လပ်ရေး ရယူပိုင်ခွင့်နှင့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု တည်ထောင်နိုင်ခွင့်ကို အသိအမှတ်ပြုသော ဆုံးဖြတ်ချက်တစ်ခုကိုလည်း ယခင်က အတည်ပြုခဲ့ဖူးသည်။ ထိုဆုံးဖြတ်ချက်တွင် အစ္စရေးအစိုးရမှာ လူမျိုးရေးခွဲခြားမှု ပေါ်လစီကို ကျင့်သုံးနေသည်ဟုလည်း အတိအလင်း ဖော်ပြထားသည်။
    အိုက်စလန်နိုင်ငံမှာ ကုလ၌ ပါလက်စတိုင်းကို အဖွဲ့ဝင်မဟုတ်သော လေ့လာသူနိုင်ငံအဖြစ် တိုးမြှင့်သတ်မှတ်ရေးကို ထောက်ခံသော နိုင်ငံလည်းဖြစ်သည်။
    Ref: sputniknews
  • ချယ်ဆီးနှင့်ပွဲတွင် ပီတာချက်က အဓိကကျမည်ဟု ၀င်းဂါးပြော
    ချယ်ဆီးနှင့်ပွဲတွင် ပီတာချက်က အဓိကကျမည်ဟု ၀င်းဂါးပြော
    စက်တင်ဘာ ၁၉၊ ၂၀၁၅
    M-Media
    arsenal
    – ယနေ့ ပရီးမီးယားလိဂ်ပွဲတွင် ချယ်ဆီးအား အနိုင်ရရှိရန်အတွက် ဂိုးသမား ပီတာချက်က အဓိကအခန်းကဏ္ဍမှ ပါဝင်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    အာဆင်နယ်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် ယနေ့တွင် စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ သွားရောက် ကစားရမည်ဖြစ်သည်။ ယခုနှစ်နွေရာသီတွင် အာဆင်နယ်သို့ ပေါင် ၁၀ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည့် အသက် ၃၃ နှစ်အရွယ်ရှိ ဂိုးသမား ပီတာချက်မှာ ချယ်ဆီးတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဖြတ်သန်းခဲ့ဖူးပြီး၊ တစ်ဦးချင်း ဆုတံဆိပ်ပေါင်းများစွာကိုလည်း ရရှိခဲ့သူဖြစ်သည်။
    “သူ့ရှေ့မှာ ပြစ်ချက်ကင်းမှ ဂိုးရမယ်ဆိုတာ ခင်ဗျား သိမှာပါ။ ကျွန်တော်က သူ့ကို ဒီပွဲမှာ အာရုံစိုက်စေချင်ပြီး၊ ပွဲရဲ့ လွှမ်းမိုးခံရတဲ့သူ မဖြစ်စေချင်ပါဘူး” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    ပြိုင်ပွဲပေါင်းစုံ၌ ချယ်ဆီးနှင့်တွေ့ဆုံခဲ့သည့် နောက်ဆုံး ၂၉ ပွဲတွင် အာဆင်နယ်အသင်းမှာ ၂ ပွဲသာ အနိုင်ရရှိထားပြီး ၀င်းဂါးကမူ ၎င်း၏ အသင်းမှာ ချယ်ဆီးအား ရင်ဆိုင်နိုင်စွမ်း ရှိနေသည်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော်တို့အတွက် ဒါက ပွဲကောင်းတစ်ပွဲပါ။ ရာသီကုန်မှာ ကျွန်တော်တို့ရဲ့အခြေအနေဟာ ဒီလိုပွဲကြီးတွေကို ဘယ်လောက်ကောင်းကောင်း ကစားနိုင်တယ်ဆိုတဲ့ အပေါ်မှာ မူတည်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အခုအချိန်မှာ ချယ်ဆီးက အမှတ်ပေးဇယားရဲ့ ဘယ်နေရာကို ရောက်နေလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် အများကြီး မတွေးပါဘူး။ ကျွန်တော်တို့အသင်း
    စွမ်းရည်အပြည့်နဲ့ ကောင်းကောင်းကစားဖို့ကိုပဲ ကျွန်တော် အာရုံစိုက်ထားပါတယ်”
    Ref: Goal
  • တူရကီက ဆီးရီးယားဒုက္ခသည် ၂.၂ သန်း လက်ခံထား
    တူရကီက ဆီးရီးယားဒုက္ခသည် ၂.၂ သန်း လက်ခံထား
    စက်တင်ဘာ ၁၉၊ ၂၀၁၅
    M-Media
    – ကမ္ဘာပေါ်တွင် ဒုက္ခသည်အများဆုံး လက်ခံထားသည့် နိုင်ငံဖြစ်သော မိမိတို့တူရကီမှာ ဆီးရီးယားပြည်တွင်းစစ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာခဲ့ရသည့် ဒုက္ခသည် ၂.၂ သန်းကို ကူညီ စောင့်ရှောက်ထားသည်ဟု တူရကီ ဒုတိယ၀န်ကြီးချုပ် နူမန် ကူရ်သူလ်မက်စ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
    ဒုတိယကမ္ဘာစစ်ပြီးနောက် အဆိုးရွားဆုံးဖြစ်လာသည့် ရွှေ့ပြောင်းအခြေချသူနှင့် ဒုက္ခသည်ပြဿနာတွင် တူရကီနိုင်ငံမှာ ရှေ့တန်းမှ ရင်ဆိုင်နေပြီး မိုင်ပေါင်း ၅၆၆ မိုင်ရှိသည့် နယ်စပ်ကို ဆီးရီးယားနှင့် မျှဝေကာ ၅ နှစ်အတွင်းသို့ ၀င်ရောက်လာသည့် စစ်ပွဲကြောင့် ထွက်ပြေးလာရသည့် ဒုက္ခသည်များအတွက် “တံခါးဖွင့်ပေါ်လစီ” ကို ကျင့်သုံးနေသည်။
    ထို့ပြင် ဒုက္ခသည်များ ဖူလှုံရေးအတွက် တူရကီ၏ သုံးစွဲထားသည့် ငွေကြေးပမာဏမှာ ၇.၆ ဘီလီယံ ရှိလာခဲ့ပြီဟု ဒုတိယ၀န်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
    ယခုနောက်ပိုင်းတွင် ဒုက္ခသည်များမှာ ဥရောပသို့ အလုံးအရင်းဖြင့် ၀င်ရောက်လာခဲ့ကြပြီး ဆီးရီးယားနှင့် အခြားပြောင်းရွှေ့အခြေချသူ စံချိန်တင်အရေအတွက် ၃ သိန်းခန့်မှာ တူရကီမှ ဂရိနိုင်ငံသို့ ရောက်ရှိနေသည်ဟု နိုင်ငံတကာ ပြောင်းရွှေ့အခြေချသူများ အဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။
    Ref: huffingtonpost