News @ M-Media

Author: Ko Lay

  • စက်တင်ဘာ ၂၈ ရက်နေ့ ကမ္ဘာပျက်မည်ဟု ခရစ်ယာန်တစ်ချို့က ယုံကြည်နေ

    စက်တင်ဘာ ၂၈ ရက်နေ့ ကမ္ဘာပျက်မည်ဟု ခရစ်ယာန်တစ်ချို့က ယုံကြည်နေ

    စက်တင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    moon

    – သွေးရောင်လွှမ်းနေသော လကို မြင်ရခြင်းမှာ ကမ္ဘာပျက်မည့်လက္ခဏာ ဖြစ်ခြင်းကြောင့် ယခုလကုန်ပိုင်းတွင် ကမ္ဘာကြီး ပျက်ဆီးလိမ့်မည်ဟု ခရစ်ယာန်ဘာသာဝင်အချို့က ယုံကြည်နေကြသည်။

    သိပ္ပံပညာရှင်များကမူ စက်တင်ဘာ ၂၈ ရက်နေ့တွင် လမှာ နေကြောင့်ဖြစ်ပေါ်သည့် ကမ္ဘာ၏ အရိပ်အောက်သို့ ကျရောက်မည်ဖြစ်သောကြောင့် လကြတ်မည်ဖြစ်ကာ လအလင်းရောင်မှာ မှေးမှိန်ကာ အနီရောင်လွှမ်းသွားမည်ဟု ဟောကိန်းထုတ်ထားသည်။

    အချို့သော ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များက ယခုလတွင် ကြတ်မည့်လမှာ ၂၀၁၄ ခုနှစ် ဧပြီလမှစ၍ စတုတ္ထမြောက် လကြတ်ခြင်းဖြစ်ပြီး ကောင်းကင်မှ ဥက္ကာခဲကြီးမှာ ကမ္ဘာမြေကြီးကို ဖျက်ဆီးပစ်မည်ဖြစ်ကာ၊ ကမ္ဘာကြီးအဆုံးသတ်သွားမည့် ကြိုတင်နိမိတ်ဖြစ်သည်ဟု ဆိုသည်။

    သို့သော်လည်း နာဆာမှ သိပ္ပံပညာရှင်များကမူ အာကာသ ကောင်းကင်ယံကို စောင့်ကြည့်မှုများ ပြုလုပ်နေပြီး ဥက္ကာခဲများနှင့်တကွ မည်သည့်အရာမှ လာမည့်ရာစုနှစ်များစွာအထိ ကမ္ဘာကြီးနှင့် တိုက်မိရန်မရှိဟု ဆိုသည်။

    သွေးရောင်လွှမ်းသော လမင်းနှင့် ကမ္ဘာပျက်မည့်သီအိုရီမှာ ခရစ်ယာန် ဓမ္မဟောင်းကျမ်းမှ မြစ်ဖျားခံလာခြင်းဖြစ်ပြီး ယောလ အနာဂတ္တိကျမ်း အခန်းကြီး ၂-၃၀၊ ၃၁ တို့တွင် ယခုကဲ့သို့ ဖော်ပြထားသည်။

    “မိုဃ်းကောင်ကင်၌၄င်း၊ မြေကြီးပေါ်၌၄င်း၊ အံ့ဘွယ်သောအရာတည်းဟူသော သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို ငါပြမည်။ ထာဝရဘုရား၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မှီ၊ နေသည် မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်”

    ထို့ပြင် ဓမ္မသစ်ကျမ်း၏ တမန်တော်ဝတ္ထု  အခန်းကြီး ၂-၂၀ တွင် “ထာဝရဘုရား၏ ထူးမြတ်သော နေ့ကြီးမတိုင်မှီ၊ နေသည် မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။” ဟု ဖော်ပြထားပြီး၊ ဗျာဒိမ်ကျမ်း အခန်းကြီး ၆-၁၂ တွင်လည်း “ဆဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လျှင်၊ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည် အမွေးဖြင့်ရက်သော အဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏” ဟု ဖော်ပြထားသည်။

    လကြတ်မှု ၄ ခါဖြစ်ပြီး ၎င်းတို့ကြားတွင် လပြည့်နေ့ ၆ ခု ရှိခဲ့ပါက ကမ္ဘာမြေကြီးအား ဥက္ကာခဲကြီးက ၀င်ရောက်တိုက်မိလိမ့်မည်ဟု အမေရိကန် သင်းအုပ်ဆရာများဖြစ်သော မာ့က်ဘလစ်ဇ်နှင့် ဂျွန် ဟေ့ဂီးတို့က အခိုင်အမာ ပြောကြားထားမှုမှာ လူကြိုက်များသည်။ ထို့ပြင် ဂျူးလူမျိုးသမိုင်းတွင် ယခင်က လကြတ်မှု ၄ ခု ဖြစ်ခဲ့ရာတွင်လည်း ဆိုးရွားသည့် အဖြစ်အပျက်များ ဖြစ်ခဲ့သည့် မှတ်တမ်းများရှိသည်ဟု ၎င်းတို့က ဆိုသည်။

    သင်းအုပ်ဆရာ ဟာဂီ၏ Four Blood Moons စာအုပ်မှာ ပြီးခဲ့သည့်နှစ် မတ်လက အမေရိကန်တွင် န၀မမြောက် ရောင်းအားအကောင်းဆုံးစာအုပ် ဖြစ်ခဲ့သည်။

    ကျမ်းစာ၏ သွန်သင်မှုနောက်ကို လိုက်သော ယနေ့ခေတ် သမ္မာကျမ်း ပညာရှင်များကမူ စက်တင်ဘာ ၂၂ ရက်နေ့နှင့် ၂၈ ရက်နေ့ ကြားကာလတွင် ကမ္ဘာကြီး ပျက်သုဉ်းသွားလိမ့်မည်ဟု စိုးရိမ်နေကြသည်။

    ကမ္ဘာပျက်မည်ဆိုသော ရင်းမြစ်များမှာ ခိုင်မာမှုအားနည်းသော်လည်း အဆိုပါ ကောလဟာလက ဆိုရှယ်မီဒီယာများတွင် အလျင်အမြန် ပြန့်နှံနေသောကြောင့် နာဆာမှ ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

    “ဥက္ကာပျံတွေ၊ ကြယ်တံခွန်တွေဟာ ကမ္ဘာကြီးနဲ့ အခုအချိန်မှာ တိုက်မိဖို့မရှိဘူးလို့ နာဆာက သိရှိထားပါတယ်။ ဒါ့ကြောင့် ကြီးကြီးကျယ်ကျယ် တိုက်ခိုက်မှုဖြစ်ပွားနိုင်တဲ့ ဖြစ်နိုင်ချေက အရမ်းကို နည်းပါတယ်။ တကယ်တော့ ကျွန်တော်တို့ အကောင်းဆုံး ပြောနိုင်တာကတော့ နောက်ထပ် နှစ်ပေါင်းရာချီတဲ့အချိန်မှသာ ကြီးမားတဲ့ အရာဝတ္ထုတွေက ကမ္ဘာမြေကြီးကို တိုက်ကောင်း တိုက်နိုင်မှာပါ” ဟု နာဆာ၏ အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

    Ref: Independent

  • ဘန်ကောက်ဗုံးကွဲမှုလက်သည် တရုတ်နိုင်ငံသို့ ရောက်သွားပြီဟု ဆိုပြန်

    ဘန်ကောက်ဗုံးကွဲမှုလက်သည် တရုတ်နိုင်ငံသို့ ရောက်သွားပြီဟု ဆိုပြန်

    စက်တင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    – ပြီးခဲ့သည့်လက ဘန်ကောက်ရှိ ဧရာဝဏ်နတ်ကွန်းတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအား အဓိက ကြိုးကိုင်သူဟု သံသယရှိသူမှာ လွန်ခဲ့သည့် ၁၂ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရုတ်နိုင်ငံသို့ ရောက်ရှိသွားခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားလိုက်သည်။

    ဖမ်းဆီးထားသော နိုင်ငံခြားသားနှစ်ဦးမှ တစ်ဦး၏ ထွက်ဆိုချက်အရ ဖောက်ခွဲမှုအား စီစဉ်ခဲ့သူဟု ယုံကြည်ရသူ အဆိုပါ သံသယရှိသူမှာ ပေါက်ကွဲမှု မဖြစ်ပွားခင် တစ်ရက်က ဘန်ကောက်မှ ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ခဲ့ပြီး ၂ ပတ်ခန့် နေထိုင်ခဲ့ကာ တရုတ်နိုင်ငံသို့ သြဂုတ်လ ၃၀ ရက်နေ့တွင် ထွက်ခွာသွားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    “သူ့ရဲ့အမည်၊ ဆိုက်ရောက်တဲ့ရက်စွဲနဲ့ နိုင်ငံကူးလက်မှတ်နံပါတ်တွေကို လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ စစ်ကြည့်လိုက်တဲ့အခါ မှန်ကန်ပြီး သူဟာ လာခဲ့တဲ့ လေဆိပ်ကနေပဲ (ဘေဂျင်းကို) ပြန်ထွက်သွားတယ်ဆိုတာ တွေ့ခဲ့ရပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ အကြီးအကဲ ရှာဟီဒွလ် ဟိုကီက ပြောကြားခဲ့သည်။

    သံသယရှိသူ၏ နိုင်ငံကူးလက်မှတ်တွင် ရေးသားထားသည့် အမည်မှာ အဘူ ဒူစတာ အဘ်ဒူလ်ရဟ်မန်ဖြစ်ပြီး မိမိတို့ရဲတပ်ဖွဲ့မှာ ၎င်းတည်းခိုခဲ့သည့် ဟိုတယ်များတွင် ရှာဖွေမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွန်လီကမူ မိမိမှာ ထိုကိစ္စကို သိရှိခြင်းမရှိသေးဘဲ၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဟု ပြောကြားခဲ့သည်။

    ထိုင်းရဲတပ်ဖွဲ့က ထိုပေါက်ကွဲမှုမှာ နိုင်ငံတကာ စစ်သွေးကြွအဖွဲ့များ၏ လက်ချက်မဟုတ်ဟု ငြင်းဆိုထားသော်လည်း တိုက်ခိုက်မှု၏ နောက်ကွယ်မှ အကြောင်းအရင်းကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ စုံစမ်းစစ်ဆေးမှုကိုမူ မလေးရှားအထိ ချဲ့ထွင်လုပ်ဆောင်နေသည်ဟု ထိုင်းရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။

    Ref: Reuters

  • IS အဖွဲ့အား အလ်ကိုင်းဒါးက စစ်ကြေငြာ

    IS အဖွဲ့အား အလ်ကိုင်းဒါးက စစ်ကြေငြာ

    စက်တင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    Ayman-al-Zawahiri

    – အီရတ်နှင့် ဆီးရီးယားတွင် နယ်မြေများ သိမ်းပိုက်ကာ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်နေသည့် IS အဖွဲ့အား အလ်ကိုင်းဒါးက စစ်ကြေညာလိုက်သည်ဟု သိရသည်။

    အိုစမာဘင်လာဒင် မရှိတော့သည့်နောက် ခေါင်းဆောင်အဖြစ် ဆက်ခံခဲ့သည့် အေမန် အလ်-ဇာဝါဟီရီက ပြောကြားလိုက်ခြင်းဖြစ်ပြီး IS အဖွဲ့အား ဆန့်ကျင်သည့် စကားများ ပြောကြားထားသည့် အသံဖိုင်များမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အွန်လိုင်းစာမျက်နှာတွင် ပြန့်နှံ့ခဲ့သည်။

    IS အဖွဲ့ခေါင်းဆောင် အဘူဘာကာရ် အလ်-ဘဂ္ဂဒါဒီမှာ ဆူပူထကြွအောင် လုပ်သူသာဖြစ်ပြီး ၎င်း ကျွေးကြော်သကဲ့သို့ မွတ်စလင်အားလုံး၏ ခေါင်းဆောင်မဟုတ်ဟု ဇာဝါဟီရီက ပြောကြားခဲ့သည်။

    အကြမ်းဖက်ရေးရာ ကျွမ်းကျင်သူများကမူ ထိုကဲ့သို့ စစ်ကြေညာခြင်းက ၎င်းတို့ စစ်သွေးကြွ အုပ်စုနှစ်ခုအကြား မကျေမချမ်းဖြစ်သော အကွဲအပြဲဟု ဆိုသည်။

    ဗုဒ္ဓဟူးနေ့က အွန်လိုင်းစာမျက်နှာတွင် ထုတ်ပြန်ခဲ့သည့် အသံဖိုင်တွင် ဇာဝါဟီရီက “ဆူပူလှုံ့ဆော်မှု မီးတောက်ကို ငြှိမ်းသက်ဖို့ ကျွန်တော်တို့ဟာ တတ်နိုင်သမျှ နည်းနည်းလောက် တုံ့ပြန်ဖို့ကို ပိုနှစ်သက်ပါတယ်။ ဒါပေမယ့် အဘူဘာကာရ် အလ်-ဘဂ္ဂဒါဒီနဲ့ သူရဲ့ အပေါင်းအဖော်တွေက ကျွန်တော်တို့ကို ရွေးချယ်ခွင့် မပေးပါဘူး။ သူတို့တောင်းဆိုတာက မူဂျာဟစ်တွေဟာ သစ္စာစောင့်သိမယ်ဆိုတဲ့ ကတိအားလုံးကို ဖျက်ပြီး သူတို့ ခလီဖာလို့ ကျွေးကြော်ထားမှုကို သစ္စာခံဖို့ပါပဲ။ အစ္စလာမ့်သမိုင်းမှာ စတုတ္ထမြောက် ခလီဖာလို့
    ဘဂ္ဂါဒီရဲ့ ကြေညာမှုကို အားလုံးက အံအားသင့်ကြပါတယ်” ဟု ပြောကြားခဲ့သည်။

    အကြမ်းဖက်ဝါဒ ကျွမ်းကျင်သူ မက်သယူး အိုလ်ဆန်က 6abc သတင်းဌာနသို့ ပြောကြားရာတွင် ဇာဝါဟီရီမှာ ဘဂ္ဂဒါဒီနှင့် IS အဖွဲ့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုရန် ဆန္ဒမရှိဟုဆိုပြီး ထိုအချင်းအရာက အလ်ကိုင်းဒါး ခေါင်းဆောင်ပိုင်းနှင့် IS အဖွဲ့တို့အကြား အကွဲအပြဲ မည်မျှအထိ နက်ရှိုင်းနေသည်ကို ဖော်ပြခြင်းဖြစ်သည်ဟု ဆိုသည်။

    “အဲဒီအကွဲအပြဲဟာ ပြန်လည်ရင်ကြားစေ့လို့ မရဘူးဆိုတာ ပြနေပါတယ်။ တပ်ဖွဲ့ဝင်တွေစုဆောင်းပြီး သူတို့နှစ်ဖွဲ့ဟာ ပုခုံးချင်းယှဉ်နေကြပါတယ်။ ဒါဟာ ကြောက်စရာပါပဲ” ဟု အိုလ်ဆန်က ပြောကြားခဲ့သည်။

    ၎င်းတို့နှစ်ဖွဲ့ ထိုသို့ ကွဲပြဲခြင်းက အကြမ်းဖက်ဆန့်ကျင်ရေး လုပ်ဆောင်မှုများအား လမ်းဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်မည်ဖြစ်သည်။ အိုလ်ဆန်ကမူ သတင်းအချက်အလက် အမှားများက ထိုအဖွဲ့နှစ်ခုအား ကွဲပြဲစေရန် ဖြစ်စေနိုင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အာဖဂန်နှင့် ပါကစ္စတန်တို့တွင် IS ၏ အဖွဲ့ခွဲများမှာ တာလီဘန်နှင့် အလ်ကိုင်းဒါးတို့အား တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ IS မှာ ယခင်က အလ်ကိုင်းဒါ၏ အီရတ်အဖွဲ့ခွဲဖြစ်သော်လည်း နောက်ပိုင်းတွင် ခွဲထွက်သွားကာ လွန်ခဲ့သည့် ၂ နှစ်အတွင်း အလွန်အမင်း ကြီးထွားလာခဲ့သည်။

    Ref : Mirror

  • ယခုနှစ်ပရီးမီးယားလိဂ်တွင် မန်ယူ ဗိုလ်မစွဲနိုင်ဟု ဗန်ဂါးလ်ပြော

    ယခုနှစ်ပရီးမီးယားလိဂ်တွင် မန်ယူ ဗိုလ်မစွဲနိုင်ဟု ဗန်ဂါးလ်ပြော

    စက်တင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    mu

    – ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲရန်မှာ မဖြစ်နိုင်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်ပြီး ယခုတစ်ပတ် လီဗာပူးလ်နှင့် ပွဲတွင်မူ အနိုင်ကစားမည်ဟု ဆိုသည်။

    ပရီးမီးယားလိဂ်၏ ခါးသီးသောပြိုင်ဘက်ဖြစ်သည့် လီဗာပူးလ်နှင့် မန်ယူတို့မှာ ယခုတစ်ပတ် စနေနေ့တွင် အိုးထရက်ဖို့ဒ်၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ နွေရာသီအပြောင်းအရွှေ့တွင် ပေါင် သန်း ၁၀၀ ကျော် အသုံးပြုထားသည့် မန်ယူမှာ ပရီးမီးယားလိဂ် ၄ ပွဲတွင် ၇ မှတ်သာ ရရှိထားသည်။

    ဗန်ဂါးလ်ကမူ ၃ နှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ် ရရှိနိုင်မည့် အခြေအနေနှင့် ပတ်သက်၍ ငြင်းဆိုခဲ့ပြီး လာမည့်နှစ်မှ ဖြစ်လိမ့်မည်ဟု ဆိုသည်။

    “မဖြစ်နိုင်ပါဘူး။ ဒုတိယနဲ့ တတိယနေရာတွေက ပိုပြီး လက်တွေ့ကျပါတယ်။ ဒါပေမယ့် နောက်နှစ်လောက်တော့ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    ထို့ပြင် ဆွမ်ဆီးအသင်းအား ရှုံးနိမ့်ခဲ့မှုမှာ မိမိ၏အမှားကြောင့်ဖြစ်ပြီး ထိုအတွက်လည်း တောင်းပန်သည်ဟုဆိုကာ လီဗာပူးလ်နှင့်ပွဲတွင် အနိုင်ကစားသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    မန်ယူပရိတ်သတ်များမှာ အသင်းရှုံးသော်လည်း စိတ်ပျက်ခြင်းမရှိဘဲ ဆက်လက်အားပေးကြသည့်အတွက် ကမ္ဘာပေါ်တွင် အကောင်းဆုံးပရိတ်သတ်ဖြစ်သည်ဟု ဗန်ဂါးလ်က ဆိုသည်။

    “ဘာစီလိုနာမှာ အသင်းရှုံးပြီဆိုရင် ပရိတ်သတ်တွေက လက်ကိုင်ပုဝါအဖြူတွေကို ဝှေ့ယမ်းကြတယ်။ မြူးနစ်မှာဆိုရင်လည်း ပရိတ်သတ်က လက်ခေါက်တွေမှုတ်ကြတယ်။ အေဂျက် ပရိတ်သတ်တွေကတော့ အရင်နည်းပြဟောင်းကို တမ်းတကြပါတယ်။ မန်ယူပရိတ်သတ်တွေက နည်းပြနဲ့ အသင်းရဲ့နောက်မှာ မားမားမတ်မတ် ရှိပါတယ်။ ဒါ့ကြောင့်ပဲ မန်ယူရဲ့ ပရိတ်သတ်တွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်တာပါ”

    Ref: Goal

  • Facebook Team နှင့် Page မန်နေဂျာများ အလုပ်ရုံဆွေးနွေးပွဲ ရန်ကုန်တွင် ကျင်းပ

    Facebook Team နှင့် Page မန်နေဂျာများ အလုပ်ရုံဆွေးနွေးပွဲ ရန်ကုန်တွင် ကျင်းပ

    စက်တင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    သီဟ

    20150911_092559

    – Facebook မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ Facebook Page စီမံခန့်ခွဲနေသူများ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဖန်တီးရာအဖွဲ့၏ ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဖန်တီးရာအဖွဲ့နှင့် Joosk တို့ ပူးပေါင်းပြုလုပ်သည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် Facebook Team မှ တာဝန်ရှိသူ မီယာက Facebook Page ဖန်တီးထားသူများအတွက် လုံခြုံရေးပိုင်း၊ ပို့စ်တင်ခြင်းအပိုင်းနှင့် အသုံးဝင်သော tools များအကြောင်းကို ရှင်းပြခဲ့သည်။

    လုံခြုံရေးပိုင်းတွင် မိမိဖန်တီးလိုက်သည့် Facebook Page လုံခြုံရေးအတွက် မလုပ်မဖြစ် လုပ်ဆောင်ရမည့်အရာများ၊ မိမိ၏ Page တိုက်ခိုက်ခိုးယူခံရပါက ဆောင်ရွက်ရမည့် အကြောင်းအရာများကို SlideShow နှင့်တကွ ရှင်းပြခဲ့သည်။

    ပို့စ်တင်ခြင်း အပိုင်းတွင်လည်း မိမိလွှင့်တင်လိုက်သည့် ပို့စ်များ ဖတ်ရှုသူများထံ အလျင်အမြန် ရောက်စေနိုင်သည့် နည်းလမ်းများ၊ မှတ်ချက်များအား ထိန်းချုပ်မှု၊ မိမိ Page ကို အားပေးသည့် ပရိတ်သတ်အရေအတွက်အား ကြည့်ရှုခြင်း အကြောင်းတို့ ပါဝင်ပြီး နောက်ဆုံးပိုင်းတွင် Facebook Page မန်နေဂျာတစ်ယောက်အတွက် အသုံးဝင်နိုင်မည့် အခြား Tools များအကြောင်းကို ရှင်းပြခဲ့သည်။

    နံနက် ၉ နာရီမှ စတင်ခဲ့သည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို လူ ၄၀ နီးပါး တက်ရောက်ခဲ့ပြီး မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ အလုပ်ရုံဆွေးနွေးပွဲကို နေ့လည် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့ကာ နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

    Facebook Team မှာ နိုင်ငံ အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ပြီး အစိုးရ တာဝန်ရှိ သူများနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။