News @ M-Media

Author: Ko Lay

  • ဆော်ဒီသံအမတ်ဟောင်းကို မက္ကဆီကိုက အမြင့်ဆုံး ဂုဏ်ပြု့တံဆိပ် ချီးမြှင့်

    ဆော်ဒီသံအမတ်ဟောင်းကို မက္ကဆီကိုက အမြင့်ဆုံး ဂုဏ်ပြု့တံဆိပ် ချီးမြှင့်

    စက်တင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    saudi

    – နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို စွမ်းစွမ်းတမံ မြှင့်တင်ပေးခဲ့သည့် ဆော်ဒီသံအမတ်ဟောင်းတစ်ဦးကို မက္ကဆီကိုနိုင်ငံက အမြင့်ဆုံး ဂုဏ်ပြုဘွဲ့တံဆိပ် ချီးမြှင့်ခဲ့သည်ဟု သိရသည်။

    Order of the Aztec Eagle ဟု အမည်ရသည့် ဘွဲ့တံဆိပ်ဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မက္ကဆီကို သံအမတ်ကြီး အာတူရို ထရီဂျိုက မက္ကဆီကိုဆိုင်ရာ ဆော်ဒီသံအမတ်ဟောင်း ဟူစိန် အလ်အက်ဆီရီကို ရီယဒ်မြို့၌ အခမ်းအနားဖြင့် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

    ထိုဆုကို မက္ကဆီကိုနိုင်ငံက ၁၉၃၂ ခုနှစ်မှစ၍ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး မက္ကဆီကိုနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်း တိုးတက်ဖွံ့ဖြိုးရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော နိုင်ငံခြားသားများကို ပေးအပ်ချီးမြင့်သည့် အမြင့်ဆုံး ဆုတံဆိပ်လည်း ဖြစ်သည်။

    ဘွဲ့တံဆိပ် ချီးမြှင့်ခြင်း အခမ်းအနား၌ ထရီဂျိုက ပြောကြားရာတွင် အလ်အက်ဆီရီမှာ ၎င်း တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ပြောင်မြောက်သည့် ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ကာ ဆော်ဒီအာရေဗျ-မက္ကဆီကို ဆက်ဆံရေးကို ခိုင်မာအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

    ထို့ပြင် နှစ်နိုင်ငံ ကုန်သွယ်ရေးကို ချဲ့ထွင်ပေးခဲ့ပြီး ဆော်ဒီမှာ မက္ကဆီကို၏ အရှေ့အလယ်ပိုင်း အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံလည်း ဖြစ်လာခဲ့ကာ ကုန်သွယ်ရေးပမာဏမှာ ဆော်ဒီရီယဲလ် ၁ ဘီလီယံအထိ ရှိလာခဲ့သည်။

    ထို့ပြင် ၂၀၁၃ ခုနှစ်က မက္ကဆီကိုအနောက်ပိုင်းတွင် တိုက်ခတ်ခဲ့သည့် ဟာရီကိန်းကြောင့် အတိဒုက္ခရောက်သူများထံသို့ ဆော်ဒီမှပေးသော အကူအညီများကိုလည်း အလ်အက်ဆီရီက စီမံခန့်ခွဲပေးနိုင်ခဲ့သည်ဟု ထရီဂျိုက ပြောကြားခဲ့သည်။

    နှစ်နိုင်ငံဆက်ဆံရေးမှာ အလ်အက်ဆီရီ သံအမတ်တာဝန်ထမ်းဆောင်သည့် ကာလတွင် အလွန်တိုးတက်ခဲ့ပြီး အဆင့်မြင့်အရာရှိများ အပြန်အလှန် လည်ပတ်မှုများစွာ ရှိခဲ့ကာ၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများမှာလည်း တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။

    Ref: Arabnews

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၁၀၊ ၂၀၁၅)

    စက်တင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    ဂျပန်တွင် မုန်တိုင်းကြောင့် ပြည်သူများ အိုးအိမ်စွန့်ခွာနေရ
    ……………………………………..
    ဂျပန်နိုင်ငံတစ်ဝှမ်း အပူပိုင်း တိုင်ဖုန်းမုန်တိုင်း အီတာအူ တိုက်ခတ်မှုကြောင့် လူထောင်ပေါင်းများစွာကို လုံခြုံသည့်နေရာများသို့ ရွှေပြောင်းနေထိုင်ရန် ဂျပန်အစိုးရက အမိန့်ထုတ်ထားသည်။ တိုကျိုအနီး ဂျိုဆိုမြို့ရှိ ကီနူဂါဝါမြစ်တွင်လည် ရေစီးအလွန်သန်လာကာ ကမ်းပါးများ တိုက်စားပြိုကျမှုကြောင့် နေအိမ်များ၊ ကားများမှာလည်း ရေထဲသို့ မျောပါသွားကြပြီး လေကြောင်းမှ ကယ်ဆယ်မှုများ ပြုလုပ်နေရကာ ပျောက်ဆုံးမှုများလည်း ရှိနေသည်။ ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းမှုများလည်း ရှိနေပြီး ၂၀၁၁ ခုနှစ်
    ငလျင်ကတည်းက ပိတ်ထားရသည့် ဖူကူရှီးမား နျူဓာတ်အားပေးစက်ရုံ၏ ဘေးအန္တရာယ်ကင်းမှုကိုလည်း
    ခြိမ်းခြောက်နေသည်ဟု ဂျပန်အာဏာပိုင်များက ပြောကြားခဲ့သည်။

    အိန္ဒိယတွင် ၀က်တုပ်ကွေးကူးစက်မှု လူ နှစ်ထောင်ကျော် သေဆုံး
    ……………………………….
    အိန္ဒိယနိုင်ငံတွင် ၀က်တုတ်ကွေးကြောင့် ဇန်န၀ါရီ ၁ ရက်နေ့မှ၊ သြဂုတ်လ ၃၁ ရက်နေ့အထိ သေဆုံးသူမှာ ၂၂၇၆ ဦး ရှိနေပြီဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ မဟာရက်ရှ်ထရာ၊ ဂူဂျာရတ်၊ ရာဂျက်စသန်နှင့် မဒ်ရာပရာဒက်ရှ်ပြည်နယ်များတွင် သေဆုံးသူများမှာ ၁၈၃၀ ဦးရှိပြီး၊ မဟာရက်ရှ်ထရာတွင် ကူးစက်သေဆုံးမှုမှာ အဆိုးဝါးဆုံးဖြစ်သည်။ စက်တင်ဘာ ပထမ ၈ ရက်အတွင်းမှာပင် ထိုပြည်နယ်၌ ကူးစက်သူမှာ ၃၇၈ ဦးရှိပြီး သေဆုံးသူမှာ ၃၈ ဦး ရှိခဲ့သည်။

    ဒုက္ခသည်ပြဿနာကြောင့် ဟန်ဂေရီ အရေးပေါ်အခြေအနေ ကြေညာရန်ရှိနေ
    ………………………………….
    ဒုက္ခသည်များ ၀င်ရောက်မှု များလာသောကြောင့် အရေးပေါ်အခြေအနေ ကြေညာရန်အတွက် ဟန်ဂေရီ ပြည်ထဲရေးဝန်ကြီးဌာနက အဆိုပြုတင်ပြခဲ့သည်ဟု ၀န်ကြီချုပ် ဗစ်တာ အော်ဘန်က ယနေ့တွင် ပြောကြားလိုက်သည်။ အဆိုပြုတင်ပြချက်ကို စက်တင်ဘာ ၁၅ ရက်နေ့တွင် ပြုလုပ်မည့် အစိုးရအစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်သည်။ ယခုနှစ်အတွင်း အရှေ့အလယ်ပိုင်း၊ အာရှနှင့်
    အာဖရိကနိုင်ငံများမှ ဒုက္ခသည် ၁၆၀၀၀၀ ခန့်မှာ ဟန်ဂေရီနိုင်သို့ ၀င်ရောက်လာခဲ့ပြီး၊ ထို့မှတစ်ဆင့် သြစတြီးယားကို ဖြတ်၍ ဂျာမနီသို့ သွားရောက်ကြသည်။

    Ref: News Agencies

  • ရှေးဟောင်းလူသားမျိုးနွယ်တစ်ခု၏ ရုပ်ကြွင်းများကို တောင်အာဖရိက၌ တွေ့ရှိ

    ရှေးဟောင်းလူသားမျိုးနွယ်တစ်ခု၏ ရုပ်ကြွင်းများကို တောင်အာဖရိက၌ တွေ့ရှိ

    စက်တင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    south

    – တောင်အာဖရိကမှ ရှေးဟောင်းသုတေသန ပညာရှင်များမှာ လူသားမျိုးစိတ် ရုပ်ကြွင်းသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး မိမိတို့၏ လူသားစတင်ခြင်းအကြောင်း နားလည်မှုကို ပြောင်းလဲကောင်း ပြောင်းလဲနိုင်သည်ဟု ပြောကြားခဲ့သည်။

    Homo naledi ဟု အမည်ပေးထာသည့် အဆိုပါ မျိုးစိတ်ရုပ်ကြွင်းကို Witwatersrand တက္ကသိုလ်မှ သုတေသနပညာရှင်များက ဂျိုဟန်နစ္စဘတ်မြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၅၀ အကွာတွင်ရှိသည့် Rising Star ဂူထဲမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဂူရှိရာနေရာကို သုတေသနပညာရှင်များက လူသားများ၏ အစပြုရာနေရာဟု သတ်မှတ်ထားကြသည်။

    အဆိုပါ မျိုးစိတ်မှ လူ ၁၅ ဦး၏ အစိတ်အပိုင်းများကို တွေ့ရှိခဲ့ရပြီး သေစေရန် ရည်ရွယ်ချက်ဖြင့် တမင်တကာ မြှုပ်နှံခဲ့ခြင်းဖြစ်မည်ဟု ပြောကြားခဲ့သည်။ ရုပ်ကြွင်းများတွင်၊ ကလေး၊ လူကြီးနှင့် မျိုးစိတ်မှ အသက်ကြီးသူများလည်း ပါဝင်ပြီး လှိုင်ခေါင်းရှိ မြေအောက်ခန်းတွင် တွေ့ခဲ့ရကာ ထိုမြေအောက်ခန်းမှာ အခြားသော အခန်းများနှင့် ဆက်သွယ်မှု မရှိဘဲ မြေပြင်ပေါ်တွင် အပေါက်ဖောက်ထားခြင်းလည်း မရှိချေ။

    ထိုရုပ်ကြွင်းမှာ ဇီဝဗေဒအရ လူသားနှင့် ဆက်စပ်မှုရှိနေပြီး၊ ယခုခေတ်လူသားများထက် လက်ချောင်းများ ပိုမိုကောက်ကွေးကာ သစ်ပင်များတက်ရာတွင် အဆင်ပြေစေရန်ဖြစ်မည်ဟု သုတေသနပညာရှင်များက မှတ်ယူထားကြသည်။ ထိုမျိုးစိတ်၏ ဖနောင့်များမှာလည်း ယခုခေတ်လူသားများထက် ပိုမိုတိုတောင်းသည်။

    တက္ကသိုလ်ကမူ အဆိုပါ မျိုးစိတ်၏ ခြေဖ၀ါးမှာ အနည်းငယ်သာ ခွက်ပြီး၊ အရိုးများကို လေ့လာမှုအရ ၎င်းတို့မှာ အပေါ်ဘက်သို့ ဦးတည်၍ လမ်းလျှောက်နိုင်ကာ သစ်ပင်များလည်း တက်နိုင်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းတို့နှင့် တိုက်ရိုက်ဆက်နွယ်သည့် အခြားသော တိရစ္ဆာန်ရုပ်ကြွင်းမှတ်တမ်းများ မရှိခြင်းကြောင့် သက်တမ်းကိုမူ တွက်ချက်ရန် ခက်ခဲသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဂျိုကိုဗစ်၊ ဖက်ဒါရာနှင့် ၀ါဝရင်ကာတို့ ယူအက်စ်အိုးပင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်

    ဂျိုကိုဗစ်၊ ဖက်ဒါရာနှင့် ၀ါဝရင်ကာတို့ ယူအက်စ်အိုးပင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်

    စက်တင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    aa

    – အမေရိကန်ပြည်ထောင်စုတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသား ကွာတားဖိုင်နယ်ပွဲစဉ်များတွင် ထိပ်တန်း ကစားသမားများဖြစ်သော ဂျိုကိုဗစ်၊ ဖက်ဒါရာနှင့် ၀ါဝရင်ကာတို့ အနိုင်ရရှိခဲ့သည်ဟု သိရသည်။

    ကမ္ဘာ့နံပါတ် ၁ ဂျိုကိုဗစ်မှာ နိုင်ခြေအဆင့် ၁၈ ရ စပိန်တင်းနစ်သမား ဖီလီစီယာနို လိုပက်ဇ်နှင့် တွေ့ဆုံခဲ့ပြီး လိုပက်ဇ်၏ စပေးဘောများနှင့် ဗောလီရိုက်ချက်များက ဂျိုကိုဗစ်အား အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့သည်။

    ပထမပွဲငယ်တွင် ၆-၁ ဖြင့် ဂျိုကိုဗစ်က အပြတ်အသတ် အနိုင်ရခဲ့သော်လည်း ဒုတိယပွဲငယ်တွင် လက်ရည်တက်လာသော လိုပက်ဇ်ကို ၆-၃ ဖြင့် ပြန်လည်ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း တတိယပွဲငယ်တွင် ၆ -၃ ဖြင့် အနိုင်ကစားခဲ့ပြီး စတုတ္ထပွဲငယ်တွင်လည်း တိုင်းဘရိတ်အထိရိုက်ကာ ၇-၆ ဖြင့် အနိုင်ရခဲ့သောကြောင့် ဂျိုကိုဗစ်မှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

    သြစတေးလျအိုးပင်းနှင့် ၀င်ဘယ်လ်ဒန်တို့တွင် အနိုင်ရဗိုလ်စွဲခဲ့သည့် ဂျိုကိုဗစ်မှာ ယခုနှစ်အတွင်း တတိယမြောက် ဂရန်စလမ်ဆုဖလားအား ဆွတ်ခူနိုင်ရန် နီးစပ်လာပြီဖြစ်သည်။

    အခြား ကွာတားဖိုင်နယ်ပွဲဖြစ်သည့် ဆွစ်ဇာလန်မှ ရော်ဂျာဖက်ဒါရာနှင့် ပြင်သစ်မှ ဂက်စ်ကတ်တို့၏ ပွဲတွင် ဖက်ဒါရာက ၆-၃၊ ၆-၃၊ ၆-၁ ဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်နိုင်ခဲ့သည်။ ထိုသို့ တက်ရောက်နိုင်ခြင်းမှာ ဖက်ဒါရာ၏ ဂရန်းစလမ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ၃၈ ကြိမ်မြောက် တက်ရောက်နိုင်ခြင်းလည်း ဖြစ်သည်။

    အခြား ဆွစ်ဇာလန် တင်းနစ်အကျော်အမော် စတန်ဝါ၀ရင်ကလည်း စတုတ္ထအဆင့်တွင် နာမည်ကြီး အန်ဒီမာရေးအား ဖြုတ်ချနိုင်ခဲ့သည့် စတီဗင်အန်ဒါဆန်ကို ၆-၄၊ ၆-၄၊ ၆-၀ ဖြင့် အနိုင်ရရှိခဲ့သည်။

    ဂျိုကိုဗစ်မှာ လက်ရှိချန်ပီယံ စီလစ်နှင့် ဆီမီးဖိုင်နယ်တွင် တွေ့ဆုံရမည်ဖြစ်ပြီး၊ ဖက်ဒါရာက တစ်နိုင်ငံတည်းသား ၀ါဝရင်ကာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

    Ref: Dialymail

  • ဆူမားတြားတောမီးကို ထိန်းချုပ်ရန် အင်ဒိုနီးရှား ကြိုးပမ်းနေ

    ဆူမားတြားတောမီးကို ထိန်းချုပ်ရန် အင်ဒိုနီးရှား ကြိုးပမ်းနေ

    စက်တင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    ind

    – ဆူမားတြားကျွန်း တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် တောမီးလောင်မှု အခြေအနေကို ထိန်းချုပ်ရန်အတွက် အင်ဒိုနီးရှား စစ်တပ်က စစ်သား ၁၀၀၀ ကျော်ကို ယနေ့မနက်ပိုင်းတွင် ဂျကာတာ လေတပ်အခြေစိုက်စခန်းမှ စေလွှတ်လိုက်သည်ဟု သိရသည်။

    အင်ဒိုနီးရှားရဲတပ်ဖွဲ့မှာ တောမီးလောင်သည့် နေရာ ၁၄ နေရာကို ဖော်ထုတ်နိုင်ခဲ့ပြီး အာဏာပိုင်များကမူ ထိုနေရာများမှာ စိုက်ပျိုးရေးကုမ္ပဏီများမှ ပိုင်ဆိုင်သည့် နေရာများဖြစ်သည်ဟု ဆိုသည်။ မီးလောင်သည့်နေရာများမှ အချို့မှာ အမျိုးသား ပန်းခြံများမှ နေရာများဖြစ်သည်။

    အင်ဒိုနီးရှား သဘာဝန်ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ၀န်ကြီးဌာန ၀န်ကြီး စီတီ နူရ်ဘာယာ ဘာကာရ်က “ကိုသြဒိနိတ်မျဉ်းတွေကိုသုံးပြီး မီးလောင်နေတဲ့နေရာတွေကို ကျွန်မတို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မီးလောင်မှုကြောင့် တစ်ဦးတစ်ယောက်ချင်းစီတင် မကပါဘူး။ စိုက်ပျိုးရေးကုမ္ပဏီတွေကိုလည်း ထိခိုက်ပါတယ်” ဟု ပြောကြားခဲ့သည်။

    သမ္မတ ဂျိုကို ၀ီဒိုဒိုကမူ ကုမ္ပဏီပိုင်မြေများတွင် မီးလောင်မှုများအတွက် အဆိုပါ စိုက်ပျိုးရေးကုမ္ပဏီများက တာဝန်ယူရမည်ဟု ဆိုသည်။ သို့သော်လည်း မီးရှို့သူများကို တွေ့ရှိခဲ့လျှင်ပင် တိုင်းပြည်၏ ရှုပ်ထွေးသော တရားရေးလုပ်ငန်းစဉ်အရ ၎င်းတို့အား တရားစွဲဆိုရန် အခက်အခဲများ ရှိမည်ဖြစ်သည်။

    ရဲတပ်ဖွဲ့နှင့် စစ်တပ်ပါဝင်သော စုပေါင်းအဖွဲ့များမှာ မီးငြှိမ်းသက်ရန် ကြိုးစားနေပြီး မီးခိုးများမှာ ဆူမားတြားပြည်နယ်မှ ကာလီမန်တန်ပြည်နယ်အထိ ပြန့်နှံ့နေပြီဖြစ်သည်။ မီးခိုးများကြောင့် ကျောင်းများနှင့် လေဆိပ်များကိုလည်း ပိတ်ပစ်ခဲ့ရသည်။

    အဆိုပါ မီးခိုးများမှာ အိမ်နီးချင်း စင်ကာပူနှင့် မလေးရှားနိုင်ငံတို့အထိလည်း ရောက်ရှိခဲ့ပြီး ထိုနိုင်ငံများမှ လေထုအရည်အသွေးမှာ ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် အဆင့်သို့ပင် ရောက်ရှိနေသည်။

    Ref: Channelnewsasia