News @ M-Media
Author: Ko Lay
  • ရော်နယ်ဒိုကိုခေါ်ယူရန် ယူရို ၁ ဘီလီယံ သုံးရမည်ဟု ရီးယဲလ် သတိပေး
    ရော်နယ်ဒိုကိုခေါ်ယူရန် ယူရို ၁ ဘီလီယံ သုံးရမည်ဟု ရီးယဲလ် သတိပေး
    စက်တင်ဘာ ၁၀၊ ၂၀၁၅
    M-Media
    rnl
    – မိမိတို့ တိုက်စစ်မှူး ရော်နယ်ဒိုအား ခေါ်ယူချင်ပါက ပီအက်စ်ဂျီအသင်းမှာ ယူရို ၁ ဘီလီယံ အသုံးပြုရမည်ဟု ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က သတိပေး ပြောကြားလိုက်သည်။
    ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းမှာ လွန်ခဲ့သည့် ၂ နှစ်စလုံး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့သည့် ရော်နယ်ဒိုအား ခေါ်ယူရန် အချိန်အတော်အကြာကတည်းက ကြိုးပမ်းနေခဲ့ပြီး လာမည့်နှစ် နွေရာသီတွင် အရ ခေါ်ယူသွားမည်ဟု ကောလဟာလများလည်း ထွက်ပေါ်နေသည်။
    သို့သော်လည်း ရီးယဲလ်ဥက္ကဌ ပီရက်ဇ်ကမူ ပီအက်စ်ဂျီအနေဖြင့် ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေးကို မပေးနိုင်သမျှ ကာလပတ်လုံး မိမိတို့အသင်း၏ တိုက်စစ်မှူးကို ခေါ်ယူရန် အခွင့်အရေးမရှိဟု ပြောကြားခဲ့သည်။
    “တကယ်လို့ ပီအက်စ်ဂျီဟာ ရော်နယ်ဒိုကို ခေါ်ချင်ရင် ယူရို ၁ဘီလီယံလောက် ပေးရပါမယ်။ ဘောလုံးလောကမှာ ဘယ်သူမှ ဆရာမရှိပါဘူး။ ဒါပေမယ့် သူ့ကို ကျွန်တော်တို့ ၂၀၁၆ မှာလည်း မရောင်းချင်ပါဘူး။ သူ့နဲ့ စာချုပ် ၃ နှစ်လောက် ကျန်နေပါသေးတယ်” ဟု ပီရက်စ်က Cadena COPE သို့ ပြောကြားခဲ့သည်။
    ထို့ပြင် ပရိတ်သတ်များ၏ ညိုငြင်မှုကို ခံနေရသည့် နောက်ခံလူ ဂျရတ်ပီကေးနှင့်ပတ်သက်သော ကောလဟာလများ အကြောင်းကိုလည်း ပီရက်ဇ်က ကာကွယ်ပြောကြားခဲ့သည်။
    “လူဟာ တစ်ခါတစ်လေမှာ အမှားလုပ်တတ်တာ ဓမ္မတာပါပဲ။ ဒါပေမယ့် ကွင်းထဲမှာ ၀ိုင်းလှောင်တာကတော့ မှန်တယ်လို့ ယူဆလို့ မရပါဘူး။ စပိန်အသင်းအင်္ကျီကို ၀တ်မထားတဲ့ သူကိုတောင်မှ ဒီလိုမလုပ်ရပါဘူး။ ကျွန်တော် သူ့အတွက် စိတ်မကောင်းပါဘူး”
    Ref: Goal
  • တရုတ်ကုန်သွယ်ရေးဘဏ် ICBC မှ ဘဏ်ခွဲတစ်ခု ရန်ကုန်တွင် ဖွင့်လှစ်
    တရုတ်ကုန်သွယ်ရေးဘဏ် ICBC မှ ဘဏ်ခွဲတစ်ခု ရန်ကုန်တွင် ဖွင့်လှစ်
    စက်တင်ဘာ ၁၀၊ ၂၀၁၅
    M-Media
    chin
    – တရုတ် စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဘဏ် ICBC ၏ ဘဏ်ခွဲတစ်ခုကို ရန်ကုန်မြို့တွင် စတင်ဘာ ၈ ရက်၊ အင်္ဂါနေ့က ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်သည့် ပထမဆုံး တရုတ် ကုန်သွယ်ရေးဘဏ် ဖြစ်သည်ဟု စင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
    ICBC ဘဏ်မှာ နိုင်ငံအတွင်း ဘဏ်ခွဲများဖွင့်နိုင်ကာ ပြည့်ဝသော ဘဏ်လုပ်ငန်းဝန်ဆောင်မှု ပေးနိုင်ရန် မြန်မာအစိုးရက ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် လုပ်ငန်းလိုင်စင်ချပေးခဲ့သည့် နိုင်ငံခြားဘဏ် ၉ ခုထဲမှ တစ်ခုဖြစ်သည်ဟု ဆိုသည်။
    ဘဏ်ဖွင့်ပွဲအခမ်းအနားတွင် ICBC ဘဏ်ဥက္ကဌ ယီဟွေမန်းက ယခုကဲ့သို့ ဘဏ်ခွဲဖွင့်နိုင်ခြင်းမှာ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရာတွင် အရေးပါသော အောင်မြင်မှုကို ဖော်ပြနေသည်ဟုဆိုပြီး မိမိတို့ဘဏ်၏ ကမ္ဘာတစ်ဝှမ်း ဘဏ်ခွဲများဖွင့်ရာတွင် အရေးပါသည့် သမိုင်းမှတ်တိုင်လည်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံတွင် ဘဏ်ခွဲမဖွင့်ခင် ICBC ဘဏ်မှာ အရှေ့တောင်အာရှ ၁၀ နိုင်ငံ၌ ၇ နိုင်ငံတွင် ဘဏ်ခွဲများ ဖွင့်လှစ်ထားရှိခဲ့သည်ဟု ယီက ထည့်သွင်းပြောကြားခဲ့သည်။
    ICBC မှာ မြန်မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ရိုးမဘဏ်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ဆက်စပ်သည့် ရန်ပုံငွေများ တိုက်ရိုက်စီးဆင်းရေးကို ဆေင်ရွက်ရန် သဘောတူညီချက်တစ်ခုကိုလည်း ဖွင့်ပွဲအခမ်းအနားတွင် လက်မှတ်ရေးထိုးခဲ့သည်ဟု ရိုးမဘဏ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    ICBC မှာ ဘဏ်လုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများအတွက် တရုတ်ကုမ္ပဏီအချို့နှင့်လည်း သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်ဟု စင်ဟွာက ထည့်သွင်းဖော်ပြခဲ့သည်။
    ပြီးခဲ့သည့်အောက်တိုဘာလက နိုင်ငံခြား ဘဏ် ၉ ခုကို လုပ်ငန်းလိုင်စဉ် ချပေးမှုမှာ နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံးလည်းဖြစ်သည်။ နိုင်ငံခြားဘဏ်များမှာ ဘဏ်လုပ်ငန်းများကို အပြည့်အ၀ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများနှင့် ပြည်တွင်းဘဏ်များကို ငွေချေးနိုင်ခွင့် ရှိမည်ဖြစ်သည်။
    ထို့ပြင် ပြည်တွင်း ကုမ္ပဏီများကို ပြည်တွင်းဘဏ်များမှတစ်ဆင့် ငွေချေးခြင်း သို့မဟုတ် ပြည်တွင်းဘဏ်များနှင့် မိတ်ဖက်အဖြစ်ဆောင်ရွက်ကာ ပြည်တွင်းကုမ္ပဏီများအား နှစ်ရှည်ချေးငွေများ ပေးခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။
    Ref: en.yibada
  • ဗြိတိန်မှ မိန်းကလေးငယ်တစ်ဦး အိုင်းစတိုင်းနှင့် ဟော့ကင်းတို့ထက် IQ မြင့်
    ဗြိတိန်မှ မိန်းကလေးငယ်တစ်ဦး အိုင်းစတိုင်းနှင့် ဟော့ကင်းတို့ထက် IQ မြင့်
    စက်တင်ဘာ ၁၀၊ ၂၀၁၅
    M-Media
    bri
    – ဗြိတိန်မှ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်လေးမှာ ကမ္ဘာကျော် သိပ္ပံပညာရှင်များ ဖြစ်ကြသော အဲလ်လဘတ်အိုင်းစတိုင်းနှင့် စတီဖင်ဟော့ကင်းတို့ထက် ဥာဏ်ရည် (IQ) ပိုမြင့်ကြောင်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။
    လီဒီယာ စီဘက်စတီယန်ဆိုသူဖြစ်ပြီး ဗြိတိန် Mensa ၏ IQ စစ်ဆေးသည့် မေးခွန်းဖြစ်သော Cattell III B တွင် အမှတ်ပေါင်း ၁၆၂ မှတ်ရရှိခဲ့ကာ ထိုသို့ ရရှိမှုက အိုင်းစတိုင်းနှင့် ဟော့ကင်းတို့ထက် IQ မြင့်ကြောင်းကို ပြသနေခြင်းလည်း ဖြစ်သည်။
    သို့သော်လည်း ကိုချက်စတာ ကောင်တီ အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် ၎င်းက မိမိအနေဖြင့် ထိုနှိုင်းယှဉ်မှုကို စိတ်တိုင်းမကျဟု ဆိုသည်။
    “အဲလ်လဘတ်အိုင်းစတိုင်းနဲ့ စတီဖင်ဟော့ကင်းတို့လိုမျိုး ကြီးကျယ်တဲ့ ပညာရှင်တွေနဲ့ သမီး နှိုင်းယှဉ်နိုင်တယ်လို့ မထင်ပါဘူး။ သူတို့က အောင်မြင်မှုတွေ အများကြီး ရခဲ့တာပါ။ ဒီနှိုင်းယှဉ်မှုဟာ မှန်ကန်တယ်လို့ သမီး မထင်ပါဘူး” ဟု လီဒီယာက ပြောကြားခဲ့သည်။
    သူမမှာ အဆိုပါ ဥာဏ်စမ်းမေးခွန်းကို ဖြေဆိုရန် မိဘများအား ပူဆာခဲ့ပြီးနောက် နွေရာသီကျောင်းပိတ်ရက်တွင် ဖြေဆိုခဲ့ခြင်းဖြစ်သည်။ လီဒီယာကမူ မေးခွန်းများမှာ ထင်သလောက်မခက်ဟု ဆိုသည်။
    “မဖြေခင်မှာ သမီး တကယ့်ကို ကြောက်ခဲ့ပြီး တော်တော်ခက်ခဲမယ်လို့လည်း ထင်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်စဖြေတဲ့အခါမှာ ထင်ထားတာထက် ပိုလွယ်နေတယ်လို့ သမီး သိခဲ့ပါတယ်”
    ကျောင်းပြီးသွားသည့်အခါ မည့်သည့်လိုင်း လိုက်ရမည်ကို လီဒီယာက မဆုံးဖြတ်ရသေးဘဲ၊ သင်္ချာမှာ မိမိ၏ အကြိုက်ဆုံး ဘာသာရပ်များထဲမှ တစ်ခုဖြစ်သောကြောင့် သင်္ချာနှင့်ပတ်သက်သည့် ဘာသာရပ်ကိုပင် ယူဖြစ်မည်ဟု ဆိုသည်။
    “သမီး လုပ်သွားမယ့်အရာအားလုံးကို တတ်နိုင်သလောက် ကြိုးကြိုးစားစား လုပ်သွားမှာပါ။ ပြီးတော့မှ ဘယ်နေရာရမလဲ ကြည့်တာပေါ့” ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။
    အဆိုပါ Cattell III စစ်ဆေးမှုတွင် အရွယ်ရောက်ပြီးသူများ အများဆုံး ရရှိထားသည့်အမှတ်မှာ ၁၆၁ မှတ်ဖြစ်ပြီး လီဒီယာက ၁၆၂ မှတ် ရခဲ့သောကြောင့် လာရောက်ဖြေဆိုသူများထဲမှ ထိပ်ဆုံး ၁ ရာခိုင်နှုန်းစာရင်းတွင် မှတ်တမ်းဝင်ခဲ့သည်။
    Ref: CNN
  • အရှေ့အလယ်ပိုင်းမှ ဒုက္ခသည် ၁၂၀၀၀ ကို သြစတေးလျ ထပ်မံလက်ခံမည်
    အရှေ့အလယ်ပိုင်းမှ ဒုက္ခသည် ၁၂၀၀၀ ကို သြစတေးလျ ထပ်မံလက်ခံမည်
    စက်တင်ဘာ ၉၊ ၂၀၁၅
    M-Media
    Ausi
    – ဆီးရီးယားရှိ IS အဖွဲ့၏ ပစ်မှတ်များကို ရက်ပိုင်းအတွင်း မိမိတို့က လေကြောင်းမှ တိုက်ခိုက်သွားမည်ဟု သြစတေးလျက ကြေညာလိုက်ပြီး အရှေ့အလယ်ပိုင်းမှ ဒုက္ခသည် ၁၂၀၀၀ ကိုလည်း ထပ်မံလက်ခံသွားမည်ဟု ဆိုသည်။
    အက်ဘော့မှာ တနင်္ဂနွေနေ့က နိုင်ငံ၏ နှစ်စဉ်လက်ခံနေကြဖြစ်သော ဒုက္ခသည်အရေအတွက် ၁၃၇၅၀ ဦးတွင် ဆီးရီးယားမှ တိုက်ခိုက်မှုများကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည်များကို ပို၍ ထည့်သွင်းပေးမည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း အရေအတွက်အားလုံး မဟုတ်သည့်အတွက် ဝေဖန်မှုများ ခံခဲ့ရသည်။
    အတိုက်အခံ လေဘာပါတီကမူ အဓိကထား ဝေဖန်ခဲ့ပြီး ဆီးရီးယားမှ ဒုက္ခသည် ၁၀၀၀၀ ခန့်ကို နေရာချထားပေးရန် တောင်းဆိုခဲ့သည်။ ယနေ့တွင် အက်ဘော့က ၁၂၀၀၀ လက်ခံမည်ဟု ကြေညာခဲ့ပြီးနောက် အတိုက်အခံခေါင်းဆောင် ဘီလ်ရှော့တန်က ထိုဆုံးဖြတ်ချက်ကို ပါတီနှစ်ခုစလုံးက ထောက်ခံသည်ဟု ပြောကြားခဲ့သည်။
    သြစတေးလျအစိုးရမှာ ဒုက္ခသည်များမှ အမျိုးသမီးများ၊ ကလေးများနှင့် မိသားစုများကို ဦးစားပေးသွားမည်ဖြစ်သည်။
    “ဒီလူသတ်သမားတွေကို သုတ်သင်တာဟာ အရှေ့အလယ်ပိုင်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေ အဆုံးသတ်သွားဖို့တင် မဟုတ်ပါဘူး။ သြစတေးလျနဲ့ ကမ္ဘာတစ်ဝှမ်း ခြိမ်းခြောက်နေမှုကို အဆုံးသတ်သွားဖို့လည်း ဖြစ်ပါတယ်” ဟု အက်ဘော့က ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ခရိုင်းမီးယားမွတ်စလင်များ ဟဂ်ျခရီးစဉ်အတွက် ထွက်ခွာ
    ခရိုင်းမီးယားမွတ်စလင်များ ဟဂ်ျခရီးစဉ်အတွက် ထွက်ခွာ
    စက်တင်ဘာ ၉၊ ၂၀၁၅
    M-Meida
    crimea
    – ယခုနှစ်တွင် ဟဂ်ျဘုရားဖူးခရီး သွားရောက်ရန် ခွဲတမ်း နှစ်ဆရခဲ့သည့် ခရိုင်းမီးယားမွတ်စလင်များမှာ ၎င်းတို့၏ ဘာသာရေးဆိုင်ရာ တာဝန်ကို ထမ်းဆောင်ရန်အတွက် ဆော်ဒီအာရေဗျသို့ ထွက်ခွာသွားပြီဟု သိရသည်။
    “ခရိုင်းမီးယားက ဟဂ်ျခွဲတမ်းဟာ ၃၀၀ ရှိပါတယ်။ ဒါပေမယ့် ခရိုင်းမီးယားမွတ်စလင်တွေရဲ့ အခြေအနေကို ထည့်တွက်ပြီး ၃၂၂ ဦးအထိ တိုးလာပါတယ်။ မနှစ်က စံချိန်ကို ချိုးခဲ့တာဖြစ်ပြီး မနှစ်တုန်းက လူ ၁၅၀ ပဲ သွားခွင့်ရခဲ့ပါတယ်။ ခရိုင်းမီးယားဟာ ယူကရိန်းရဲ့ အစိတ်အပိုင်းဖြစ်နေတုန်းက ကျွန်တော်တို့ဟာ လူ ၁၀၀ ပဲ စေလွှတ်ရပါတယ်” ဟု ခရိုင်းမီးယားဒေသ ဒုတိယ၀န်ကြီးချုပ် ဘဲလ်ဘက်က ပြောကြားခဲ့သည်။
    ရုရှား ဟဂ်ျစေလွှတ်ရေးအဖွဲ့နှင့် ဆော်ဒီအာရေဗျ ဟဂ်ျဝန်ကြီးဌာနတို့အကြား သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ခရိုင်းမီးယား၏ ဟဂ်ျခွဲတမ်း ၂ ဆ ရခဲ့သည့်အတွက် ဘဲလ်ဘက်က ချီးကျူးပြောဆိုခဲ့သည်။
    ခရိုင်းမီးယားဒေသအတွက် အဆိုပါ ဟဂ်ျခွဲတမ်းမှာ ၂၀၁၆ ခုနှစ်တွင် ၄၀၀ သို့မဟုတ် ၆၀၀ အထိ မြင့်တက်သွားမည်ဟု မျှော်လင့်ထားသည်။
    “သဘောတူညီချက်အရ ၂၀၁၆ ခုနှစ်မှာ ခွဲတမ်းဟာ ၄၀၀ ဖြစ်သွားမှာပါ။ မြင့်မြတ်တဲ့နေရာကို သွားချင်ကြတဲ့ ခရိုးမီးယားမွတ်စလင်တွေရဲ့ အခြေအနေကိုကြည့်ပြီး ကျွန်တော်တို့ဟာ ခွဲတမ်း ၆၀၀ လောက်ရဖို့ ရုရှား ဟဂ်ျစေလွှတ်ရေးအဖွဲ့ကို တောင်းဆိုသွားမှာပါ” ဟု ဘဲလ်ဘက်က ပြောကြားခဲ့သည်။
    စက်တင်ဘာ ၇ ရက်၊ တနင်္လာနေ့တွင် ပထမအသုတ်အဖြစ် ခရိုင်းမီးယားမွတ်စလင် ၁၅၅ ဦးမှာ ဆင်ဖီရိုပိုလ်မှ လေယာဉ်ဖြင့် ဆော်ဒီသို့ ထွက်ခွာခဲ့ပြီး၊ အင်္ဂါနေ့တွင် နောက်ဆုံးအသုတ် ၁၇၂ ဦး ထပ်မံ ထွက်ခွာသွားခဲ့သည်။
    ဟဂ်ျပြုခြင်းမှာ အစ္စလာမ်၏ အဓိကမဏ္ဍိုင်ကြီး ၅ ခုမှ ပဉ္စမမြောက် မဏ္ဍိုင်ဖြစ်ပြီး မက္ကာဟ်မြို့သို့ သွားရောက်ရန် တတ်နိုင်သည့် မည်သည့် အစ္စလာမ်ဘာသာဝင်မဆို တစ်သက်လျှင် တစ်ကြိမ် သွားရောက်ဟဂ်ျပြုရန်မှာ မလုပ်မနေရ တာဝန်ဖြစ်သည်။
    Ref: Onislam