News @ M-Media

Author: Ko Lay

  • ရော်နယ်ဒိုကိုကျော်ဖြတ်ကာ ဥရောပအကောင်းဆုံးဆုကို မက်ဆီရရှိ

    ရော်နယ်ဒိုကိုကျော်ဖြတ်ကာ ဥရောပအကောင်းဆုံးဆုကို မက်ဆီရရှိ

    သြဂုတ် ၂၈၊ ၂၀၁၅
    M-Media

    messit

    – ပြီးခဲ့သည့်နှစ် ဘောလုံးရာသီ ဥရောပအကောင်းဆုံး ဘောလုံးသမားဆုအတွက် မဲပေးရွေးချယ်ခဲ့ရာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ဆွတ်ခူးရရှိသွားခဲ့ပြီး၊ ယခုနှစ်၏ ပထမဆုံး အကောင်းဆုံးဆုတွင် ရော်နယ်ဒိုအား ကျော်ဖြတ်နိုင်ခဲ့သည်။

    ဇကာတင်စာရင်းမှာ ရော်နယ်ဒို၊ ဆွာရက်ဇ်နှင့် မက်ဆီတို့ဖြစ်ကြပြီး ယမန်နေ့ကပြုလုပ်ခဲ့သည့် ဆုပေးပွဲအခမ်းအနားတွင် မက်ဆီက ရော်နယ်ဒိုနှင့် ဆွာရက်ဇ်တို့ကိုဖြတ်ကျော်ကာ ရရှိခဲ့ခြင်းလည်းဖြစ်သည်။ အဆိုပါဆုအတွက် ဥရောပတစ်ဝှမ်းရှိ ဂျာနယ်လစ်များက မဲပေးခဲ့ကြခြင်းဖြစ်သည်။

    မက်ဆီမှာ ဖလား ၃ လုံးရခဲ့သည့် ဘာစီလိုနာအသင်းအတွက် ပြီးခဲ့သည့်ရာသီက စုစုပေါင်း ၅၈ ဂိုး သွင်းပေးခဲ့ပြီး ၃၁ ဂိုး ဖန်တီးပေးခဲ့သည်။ ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို ဒုတိယ အကြိမ်မြောက် ရရှိခြင်းလည်းဖြစ်ပြီး ထိုဆုကို ၂ ကြိမ်မြောက်ရရှိသည့် ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့သည်။

    “ပြီးခဲ့တဲ့ရာသီဟာ ကျွန်တော်တို့တွက် အံ့သြစရာကောင်းတဲ့ရာသီ ဖြစ်ခဲ့ပါတယ်။ လျှို့ဝှက်ချက်များ ရှိသလားဆိုတာတော့ ကျွန်တော် မသိပါဘူး။ အ၀တ်လဲခန်းထဲမှာ ကျွန်တော်တို့ ညီညွတ်ခဲ့ကြပြီး ဒါက မေ့ပစ်လို့မရတဲ့ နှစ်တစ်နှစ် ဖြစ်စေခဲ့ပါတယ်။ အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ အသင်းကို ကိုယ်စားပြုသူတွေပါ။ သူတို့ကြောင့်၊ ကလပ်ကြောင့်သာမဟုတ်ရင်
    ကျွန်တော် ဒီနေရာမှာ ရှိမှာမဟုတ်ပါဘူး” ဟု မက်ဆီက ဆုပေးပွဲအပြီးတွင် ပြောကြားခဲ့သည်။

    မက်ဆီမှာ ချန်ပီယံလိဂ်တွင် ၁၀ ဂိုးသွင်းကာ ရော်နယ်ဒို နေးမာတို့နှင့်အတူ ဂိုးသွင်းအများဆုံးဖြစ်ခဲ့ပြီး၊ ပြီးခဲ့သည့်နှစ်အတွင်း ကလပ်အသင်းနှင့် နိုင်ငံအသင်းအတွက် စုစုပေါင်း ၆၂ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

    ယခုကဲ့သို့ ဥရောပအကောင်းဆုံး ကစားသမားဆု ရရှိခဲ့သောကြောင့် ယခုနှစ်အတွင်း ပထမဆုံးချီးမြှင့်သော အကောင်းဆုံးဆုတွင် မက်ဆီက ပြိုင်ဘက်ကစားသမား ရော်နယ်ဒိုအား အသာရခဲ့ပြီး လာမည့် ဇန်န၀ါရီတွင် ချီးမြှင့်မည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက်လည်း မက်ဆီနှင့် ရော်နယ်ဒိုသာ ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။

    Ref: Goal

  • မုဟမ္မဒ်သခင်၏ အစောပိုင်းဘ၀ကို ရိုက်ကူးပုံဖော်ထားသော ရုပ်ရှင် အီရန်တွင် ရုံတင်

    မုဟမ္မဒ်သခင်၏ အစောပိုင်းဘ၀ကို ရိုက်ကူးပုံဖော်ထားသော ရုပ်ရှင် အီရန်တွင် ရုံတင်

    သြဂုတ် ၂၈၊ ၂၀၁၅
    M-Media

    pro

    – နှောင့်နှေး ကြန့်ကြာမှုများရှိခဲ့ပြီး၊ ဝေဖန်မှု ရှိနေသော်လည်း တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ၏ အစောပိုင်းဘ၀အခြေအနေကို ရိုက်ကူးထားသည့် ရုပ်ရှင်တစ်ခုကို ယမန်နေ့က အီရန်နိုင်ငံတွင် ရုံတင်ပြသခဲ့သည်ဟု သိရသည်။

    Muhammad ဟု အမည်ပေးထားသည့် အဆိုပါရုပ်ရှင်ကို အီရန်နာမည်ကျော်ဒါရိုက်တာ မာဂျစ်မာဂျီဒီက ရိုက်ကူးထားခြင်းဖြစ်ပြီး၊ မာဂျီဒီကမူ ထိုရုပ်ရှင် ရိုက်ကူးရခြင်း၏ ရည်ရွယ်ချက်မှာ အစ္စလာမ်၏ သရုပ်အမှန်ကို ကမ္ဘာကြီးအား ပြသရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် IS ကဲ့သို့ အစွန်းရောက်များနှင့် အကြမ်းဖက်အုပ်စုများကလည်း အစ္စလာမ်၏ အမည်ကို ခိုးယူကာ အလွဲသုံးစားလုပ်နေကြသည်ဟု ဆိုသည်။

    “အနောက်ကမ္ဘာမှာ အစ္စလာမ်နဲ့ပတ်သက်ပြီး မမှန်ကန်တဲ့ ဖော်ပြမှုတွေ ပေါ်ထွက်လာပြီး ဒါတွေဟာ အစ္စလာမ်ရဲ့ ပုံရိပ်ကို ကြမ်းတမ်းစေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေက အစ္စလာမ်နဲ့ ဆက်စက်မှုမရှိဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”

    ထိုရုပ်ရှင်မှာ မုဟမ္မဒ်သခင်၏ ဘ၀အခြေနေ သုံးပိုင်းထဲမှ ပထမဆုံး တစ်ပိုင်းအကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပြီး မုဟမ္မဒ်သခင် မမွေးခင်ခြေအနေ၊ ဆယ်ကျော်သက်ဘ၀နှင့် တမန်တော်အဖြစ် ချီးမြှောက်ခြင်းမခံရမီအချိန်အထိ ဇာတ်ကြောင်းများပါဝင်ကာ ယမန်နေ့တွင် ရုံတင်ခဲ့သည်။

    အဆိုပါရုပ်ရှင်ကို ပြီးခဲ့သည့်ဇန်န၀ါရီက တီဟီရန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဖဂ်ျရ် နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ပထမဆုံး ပြသခဲ့သည်။ ရုပ်ရှင်တွင် မုဟမ္မဒ်သခင်၏ ရုပ်ပုံကို ဖော်ပြခြင်းမရှိဘဲ၊ ဘာသာရေးဆိုင်ရာ ဖော်ပြမှုများအတွက် အလင်း၊ အမှောင်တို့ကိုသာ အသုံးပြုထားသည်။

    ထိုရုပ်ရှင် ရိုက်ကူးရေးအတွက် ကန်ဒေါ်လာ သန်း ၄၀ ခန့် ကုန်ကျခဲ့ပြီး ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် မာဂျီဒီက ၇ နှစ်ကြာ အချိန်ယူခဲ့ရသည်။ ထို့ပြင် မုဟမ္မဒ်သခင်အကြောင်း ဖော်ပြမှုနှင့် ပတ်သက်၍ ဒုတိယမြောက် ငွေကုန်အကြေးကျအများဆုံး ရုပ်ရှင်လည်းဖြစ်ခဲ့သည်။

    မုဟမ္မဒ်သခင်နှင့်ပတ်သက်သည့် ပထမဆုံး ရုပ်ရှင်ကို ဒါရိုက်တာ မွတ်စ်တာဖာ အက်ကဒ်က The Message ဟူသော အမည်ဖြင့် ရိုက်ကူးကာ ၁၉၇၆ ခုနှစ်တွင် ဖြန့်ချီခဲ့ပြီး မုဟမ္မဒ်သခင် တမန်တော်အဖြစ် ချီးမြှောက်ခံရပြီးနောက်ပိုင်းမှ ကွယ်လွန်ချိန်အထိ အကြောင်းအရာများကို ဖော်ပြထားသည်။ ထိုရုပ်ရှင်တွင်လည်း မုဟမ္မဒ်သခင်၏ ရုပ်ပုံကို ဖော်ပြခဲ့ခြင်းမရှိပေ။

    ဝေဖန်မှုများ

    ထိုရုပ်ရှင် ရိုက်ကူးထုတ်လုပ်မှုနှင့်ပတ်သက်၍ မွတ်စလင်ကမ္ဘာတွင် ဝေဖန်မှုများလည်း ရှိနေသည်။

    “သေချာတာက ဆော်ဒီလို နိုင်ငံအချို့က ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး ပြဿနာရှိပါလိမ့်မယ်။ ဒါပေမယ့် တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ အရှေ့တောင်အာရှက နိုင်ငံတော်တော်များများအပါအ၀င် အစ္စလာမ့်မစ်နိုင်ငံ အများအပြားက ဒီရုပ်ရှင်ကို တောင်းဆိုထားကြပါတယ်” ဟု ဒါရိုက်တာ မာဂျီဒီက ပြောကြားခဲ့သည်။

    ထိုရုပ်ရှင်ကို ဝေဖန်သူများမှာ ဆော်ဒီတစ်နိုင်ငံတည်းမဟုတ်ချေ။ အီဂျစ်နိုင်ငံ အလ်-အဇ်ဟာရ် တက္ကသိုလ်ကလည်း တမန်တော်များအား အနုပညာဖြင့် ပုံဖော်ခြင်းမှာ ၎င်းတို့၏ နာမ်ပိုင်းဆိုင်ရာ အခြေအနေကို သေးသိမ်သွားစေနိုင်သောကြောင့် ထိုသို့ဖော်ပြခြင်းကို ကန့်ကွက်ခဲ့ကာ တမန်တော်များ၏ ရုပ်ပုံများအား ဖော်ပြခြင်းသာမက၊ အသံဖော်ပြခြင်းကိုလည်း ဆန့်ကျင်ခဲ့သည်။

    “တမန်တော်တွေရဲ့ နေရာမှာ သရုပ်ဆောင်တဲ့သူတွေက နောက်ပိုင်းမှာ ရာဇ၀တ်ကောင်တွေအဖြစ် သရုပ်ဆောင်တာလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါဆိုရင် ကြည့်တဲ့သူတွေက ဒီဇာတ်ကောင်တွေကို ရာဇ၀တ်မှုတွေနဲ့ တွဲမြင်သွားနိုင်ပါတယ်” ဟု အလ်-အဇ်ဟာရ်အကြီးအကဲ အဟ်မဒ် အလ်-တိုင်ယစ်ဘ်၏ အကြံပေးဖြစ်သူ အဘ်ဒဲလ် ဒေယမ် နိုဆီရ်းက ပြောကြားခဲ့သည်။

    Ref: Onislam

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၂၇၊ ၂၀၁၅)

    သြဂုတ် ၂၇၊ ၂၀၁၅
    M-Media

    ဆီးရီးယားမြို့ ၃ မြို့တွင် အပစ်ရပ်ရေး သဘောတူညီချက်ရ
    …………………………………..
    သူပုန်များ ခြေကုပ်ယူထားရာ ဆီးရီးယားနိုင်ငံအနောက်ပိုင်းရှိ ဇာဘာဒါနီမြို့အပါအ၀င် မြို့ ၃ မြို့တွင် ၄၈ နာရီကြာ အပစ်ရပ်ရေး သဘောတူညီချက်ကို သူပုန်များနှင့် အစိုးရကိုထောက်ခံသည့် တပ်များက ယနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုသဘောတူညီချက်မှာ ယနေ့မနက် ဒေသစံတော်ချိန် ၆ နာရီမှစ၍ သက်ရောက်မည်ဖြစ်သည်။

    သြစတြီးယားရှိ ထရပ်ကားတစ်စီးပေါ်တွင် ဒုက္ခသည်များကို သေဆုံးလျက် တွေ့ရှိ
    ……………………………….
    သြစတြီးယားနိုင်ငံအရှေ့ပိုင်း ဘာဂန်လန်းပြည်နယ်ရှိ အဝေးပြေးလမ်းမပေါ်တွင် ရပ်ထားသော ထရပ်ကားတစ်စီး၌ ဒုက္ခသည် ၅၀ ခန့် သေဆုံးနေသည့်ကို ယနေ့တွင် တွေ့ရှိခဲ့ရသည်ဟု သြစတြီးယား ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဒုက္ခသည်အရေး ဆွေးနွေးရန် ဗီယင်နာသို့ရောက်ရှိနေသည့် ဂျာမနီဝန်ကြီးချုပ်မာကဲလ်ကမူ ထိုသတင်းအတွက် တန်လှုပ်မိသည်ဟု ပြောကြားခဲ့သည်။ အဆိုပါ
    ဒုက္ခသည်များမှာ လူကုန်ကူးသူများ၏ ခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်ဟု ယုံကြည်ရပြီး သေဆုံးရသည့် အကြောင်းအရင်းကို အတိအကျ မသိရှိရပေ။

    ဂရိ တရားရုံးချုပ်မှ တရားသူကြီး အိမ်စောင့်အစိုးရ အကြီးအကဲအဖြစ် တာဝန်ယူမည်
    ……………………………
    ဂရိ တရားရုံးချုပ်မှ တရားသူကြီး ဗာစီလီကီ သာနျူကို အိမ်စောင့်အစိုးရ၏ အကြီးအကဲအဖြစ် တာဝန်ပေးလိုက်သည်ဟု သမ္မတရုံးက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။ ဂရိသမ္မတ ပရိုကိုပစ် ပါဗလိုပူလော့စ်မှာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် နိုင်ငံရေးပါတီ ခေါင်းဆောင်များအား မစည်းရုံးနိုင်ခဲ့ဘဲ အိမ်စောင့်အစိုးရကိုသာ ဖွဲ့စည်းပေးခဲ့သည်။ သာနျူမှာ မနက်ဖြန်တွင် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ပြီး လာမည့်လတွင် ပြုလုပ်မည့် ရွေကောက်ပွဲပြီးသည့်အထိ တိုင်းပြည်အား ဦးဆောင်သွားမည်ဖြစ်သည်။

    Ref: News Agencies

  • အိန္ဒိယဇာတ်နိမ့်များ၏ ဆန္ဒပြမှု လူသေဆုံးမှုရှိလာ

    အိန္ဒိယဇာတ်နိမ့်များ၏ ဆန္ဒပြမှု လူသေဆုံးမှုရှိလာ

    သြဂုတ် ၂၇၊ ၂၀၁၅
    M-Media

    india

    – ဂူဂျာရတ်ပြည်နယ်တွင် ဇာတ်နိမ့်များအား ခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြမှုများမှာ ပိုမိုပြင်းထန်လာခဲ့ပြီး လူသေဆုံးမှုများ ရှိလာပြီးနောက် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် အိန္ဒိအစိုးရက စစ်သား ထောင်နှင့်ချီ၍ ချထားလိုက်သည်ဟု သိရသည်။

    အင်္ဂါနေ့က ပြည်နယ်မြို့တော် အဟ်မဒ်ဒါဘတ်တွင် စတင်ခဲ့သည့် ပါတဲလ်ဇာတ်နိမ့်များ၏ အဆိုပါဆန္ဒပြမှုမှာ အသက် ၂၂ နှစ်အရွယ် ၎င်းတို့၏ခေါင်းဆောင်ကို အစိုးရက ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ပိုမိုပြင်းထန်လာခဲ့ပြီး ကားများနှင့် ရဲစခန်းများ မီးရှို့သည်အထိ ဖြစ်လာခဲ့သည်။

    ရဲ့တပ်ဖွဲ့အကြီးအကဲ ပီပီပန်ဒီကမူ လူပေါင်း ၅ သိန်းခန့် ဆန္ဒပြရာ အဓိကမြို့ဖြစ်သည့် အဟ်မဒ်ဒါဘတ်တွင် လူ ၃ ဦးသေဆုံးခဲ့သည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် ဆန္ဒပြသူများ၏ တိုက်ခိုက်မှုများမှာ ပြည်နယ်အတွင်းရှိ အခြားမြို့များတွင်ပါ ဖြစ်ပွားလာခဲ့ပြီး ဘာနက်စ်ကန်သာခရိုင်တွင် ယမန်နေ့မနက်ပိုင်းက ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ပစ်ခတ်ရာတွင် လူ ၂ ဦးသေဆုံးခဲ့ကာ၊ မဲဟ်ဆာနာ ခရိုင်တွင် တစ်ဦး သေဆုံးခဲ့သည်။

    သတ္တမမြောက်သေဆုံးသူမှာ ရဲတပ်သားတစ်ဦးဖြစ်ပြီး လူအုပ်ကြီး၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာများ ရရှိခဲ့ကာ ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါဆန္ဒပြမှုကြောင့် ယမန်နေ့တွင် ပြည်နယ်အစိုးရက ကာဖျူးအမိန့် ထုတ်ပြန်ခဲ့ပြီး၊ ယနေ့တွင် စစ်သားထောင်ပေါင်းများစွာကို ချထားခဲ့ခြင်းဖြစ်သည်။

    သမ္မတမိုဒီကမူ အကြမ်းဖက်မှုများ မပြုလုပ်ကြရန် မေတ္တာရပ်ခံခဲ့သည်။

    “အကြမ်းဖက်တာဟာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး ပြဿနာတွေအားလုံးကို ဆွေးနွေးမှုတွေကနေ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ပါတယ်” ဟု မိုဒီက ပြောကြားခဲ့သည်။

    အိန္ဒိယမှာ ဒါလစ်ဟုခေါ်သည့် ထိတွေ့ကိုင်တွယ်ခွင့်မရှိသော မျိုးနွယ်များနှင့် အခြားသော ဇာတ်နိမ့်မျိုးနွယ်များအတွက် အစိုးရအလုပ်အကိုင်နှင့် တက္ကသိုလ်ဝင်ခွင့်များကို အချိုးတစ်ခုဖြင့်သာ သတ်မှတ်ပေးထားသည်။

    ဂူဂျာရတ်ပြည်နယ်ရှိ ၆၃ သန်းသော လူဦးရေတွင် ပါတဲလ်လူမျိုးများမှာ ၂၀ ရာခိုင်နှုန်း ရှိပြီး၊ ၎င်းတို့ကမူ အခြားဇာတ်မြင့်များနှင့် အလုပ်အကိုင်အခွင့်အလမ်းအတွက် ယှဉ်ပြိုင်ရန် ရုန်းကန်နေရသည်ဟု ပြောကြားခဲ့သည်။

    ပါတဲလ်များ၏ အဆိုပါဆန္ဒပြမှုမှာ ဇူလိုင် ၆ ရက်နေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး တစ်ဖြည်းဖြည်းဖြင့် ကြီးထွားလာခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • အရှေ့အလယ်ပိုင်းရှိ အနုပညာလက်ရာများ ၀ယ်ယူရာတွင် သတိထားကြရန် အမေရိကန် ကုန်သည်များအား အက်ဖ်ဘီအိုင် တိုက်တွန်း

    အရှေ့အလယ်ပိုင်းရှိ အနုပညာလက်ရာများ ၀ယ်ယူရာတွင် သတိထားကြရန် အမေရိကန် ကုန်သည်များအား အက်ဖ်ဘီအိုင် တိုက်တွန်း

    သြဂုတ် ၂၇၊ ၂၀၁၅
    M-Media

    – အမေရိကန်ရှိ အနုပညာလက်ရာများ ၀ယ်ယူသူများအနေဖြင့် အရှေ့အလယ်ပိုင်းမှ ရှေးဟောင်းပစ္စည်းများကို ၀ယ်ယူရာတွင် ဂရုစိုက်ကြရန် FBI က ယမန်နေ့တွင် တိုက်တွန်းလိုက်ပြီး အီရတ်နှင့် ဆီးရီးယားတို့မှ IS တိုက်ခိုက်ရေးသမားများက လုယက်ထားသော အနုပညာပစ္စည်းများကို ရောင်းချရန် စုဆောင်းသူများသို့ မကြာသေးမီက ကမ်းလှမ်းခဲ့သည့် အထောက်အထား ရှိနေသည်ဟု ပြောကြားခဲ့သည်။

    အီရတ်နှင့် ဆီးရီးယားတစ်ဝှမ်းမှ ရှေးဟောင်းအနုပညာလက်ရာများကို လုယက်ခြင်းနှင့် မှောင်ခိုဈေးကွက်တွင် ရောင်းချခြင်းမှာ IS အဖွဲ့၏ ၀င်ငွေရသည့် ရင်းမြစ်တစ်ခုဖြစ်ပြီး၊ အဆိုပါပစ္စည်းများကို အနောက်တိုင်း ဈေးကွက်သို့ ရောက်ရှိမည်ဆိုသည့် စိုးရိမ်မှုများလည်း ရှိနေသည်ဟု FBI က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    “ဆီးရီးယားနဲ့ အီရတ်ကနေ မကြာသေးခင်ကာလအတွင်း ယူဆောင်လာပုံရတဲ့ ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းတွေကို ရောင်းဖို့ အမေရိကန်တွေဆီ ကမ်းလှမ်းတယ်လို့ ယုံကြည်ရတဲ့သတင်းတွေ ကျွန်တော်တို့မှာ ရှိပါတယ်” ဟု FBI ၏ Art Theft Program မှ မန်နေဂျာဖြစ်သူ ဘွန်နီ မဂ်နက်စ် ဂါဒီနာက ပြောကြားခဲ့သည်။

    ထို့ပြင် ရှေးဟောင်းပစ္စည်း စုဆောင်းသူများနှင့် ၀ယ်ယူသူများအနေဖြင့် တင်သွင်းမှု၊ ဇစ်မြစ်နှင့် အခြားသော စာရွက်စာတမ်းများကို သတိပြု စစ်ဆေးကြရန်လည်း ဂါဒီနာက တိုက်တွန်းခဲ့သည်။

    “ကျွန်တော်တို့ ပြောချင်တာက အကြမ်းဖက်ဝါဒကို အားပေးတဲ့ အလားအလာမျိုး ဖြစ်နိုင်တဲ့ ဒီပစ္စည်းတွေကို အရောင်းအ၀ယ်ရဲ့ အစိတ်အပိုင်း အဖြစ်မခံပါနဲ့ ဆိုတာပါပဲ”

    IS အဖွဲ့မှာ အီရတ်နှင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ရှေးဟောင်းသမိုင်းဝင်နေရာအချို့ကို သိမ်းပိုက်ထားပြီး အမှတ်တရရုပ်ထုများနှင့် ရှေးဟောင်းအဆောက်အဦးများကို ဖျက်ဆီးနေသော ဓာတ်ပုံများနှင့် ဗီဒီယိုများကို လွှင့်တင်ခဲ့ကြသည်။

    Ref: Channelnewsasia