News @ M-Media

Author: Ko Lay

  • လိင်ကိစ္စဖြင့် တရားစွဲခံထားရသည့် ကက်သလစ် ဘုန်းကြီးဟောင်း သေဆုံးလျက်တွေ့ရှိ

    လိင်ကိစ္စဖြင့် တရားစွဲခံထားရသည့် ကက်သလစ် ဘုန်းကြီးဟောင်း သေဆုံးလျက်တွေ့ရှိ

    သြဂုတ် ၂၈၊ ၂၀၁၅
    M-Media

    vatican

    – ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် တရားရင်ဆိုင်နေရသည့် ကက်သလစ်ဘုန်းတော်ကြီးဟောင်း ဂျိုဇက်ဖ် ၀ီဆိုလိုစကီးမှာ ယနေ့တွင် ကွယ်လွန်သွားခဲ့ပြီး လူကြီးရောဂါဟု ယူဆရသည့် ၎င်း၏ ကွယ်လွန်မှုအတွက် အရှက်တကွဲဖြစ်ရသည်ဟု ဗာတီကန်က ပြောကြားလိုက်သည်။

    ဗာတီကန်မှ ထုတ်ပြန်သော ကြေညာချက်တွက် နေအိမ်အကျယ်ချုပ် ကျခံနေရသော ဗာတီကန်ရှိ ၎င်း၏ အခန်းထဲတွင် ၀ီဆိုလိုစကီးကို ယနေ့နံနက်ပိုင်းက သေဆုံးလျက် တွေ့ရှိရကြောင်း ဖော်ပြထားသည်။ ဗာတီကန် တရားသူကြီးကမူ အလောင်းအား ချက်ခြင်း ခွဲစိတ်စစ်ဆေးရန် အမိန့်ပေးထားသည်။

    ဒိုမီနီကန်ဆိုင်ရာ ဗာတီကန်သံအမတ်အဖြစ် စေလွှတ်ခြင်းခံခဲ့ရသည့် ပိုလန်နိုင်ငံဖွား ၀ီဆိုလိုစကီးမှာ ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ဒိုမီနီကန်နိုင်ငံ၌ ကလေးများအား အခကြေးငွေပေး၍ လိင်ဆက်ဆံခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းတို့ကြောင့် တရားစွဲဆို ခံခဲ့ရပြီး ၂၀၁၃ ခုနှစ် ရောမသို့ ပြန်လာစဉ်အချိန်က ကလေးငယ်များနှင့် သက်ဆိုင်သည့် အပြာဇာတ်လမ်းများ လက်ဝယ်ထားရှိမှုလည်း ပါဝင်သည်။

    ထိုအမှုများအတွက် ဇူလိုင် ၁၁ ရက်နေ့တွင် ဗာတီကန်ခုံရုံးတွင် ကြားနာရန် စီစဉ်ထားခဲ့သော်လည်း ၎င်း၏ ကျန်းမာရေးအခြေအနေ ချို့ယွင်းနေသောကြောင့် ရွှေ့ဆိုင်းထားခဲ့ရသည်။ ၀ီဆိုလိုစကီးမှာ လိင်ပိုင်းဆိုင်ရာဖြင့် တရားစွဲဆိုခံရသူများတွင် ကက်သလစ်အသင်းတော်၌ ရာထူးအမြင့်ဆုံးလည်း ဖြစ်သည်။

    Ref: Aljazeera

  • လူတွေ အသက်ပိုရှည်လာသော်လည်း ရောဂါဖြစ်နေချိန်က များနေ

    လူတွေ အသက်ပိုရှည်လာသော်လည်း ရောဂါဖြစ်နေချိန်က များနေ

    သြဂုတ် ၂၈၊ ၂၀၁၅
    M-Media

    – ကမ္ဘာပေါ်ရှိ ပြည်သူများ၏ မျှော်မှန်းသက်တမ်းမှာ တိုးလာသော်လည်း ရောဂါဘယဖြစ်နေသော အခြေအနေတွင် နေရသည့်အချိန်မှာ ပိုမိုရှည်ကြာလာသည်ဟု နိုင်ငံပေါင်း ၁၈၈ နိုင်ငံရှိ အဓိကရောဂါများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများအားလုံးကို လေ့လာမှုများအရ သိရသည်။

    ယေဘူယျ ကျန်းမာရေးစောင့်ရှောက်မှုမှာ ကမ္ဘာတစ်ဝှမ်းတွင် တိုးတက်လာခဲ့ပြီး HIV/AIDSနှင့် ငှက်ဖျားတို့ကဲ့သို့ ကူးစက်တတ်သည့် ရောဂါများနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဆယ်စုနှစ်တွင် သိသာသော တိုးတက်မှုများ ရရှိခြင်းနှင့် ကိုယ်ဝန်ဆောင်ချိန် ရောဂါဖြစ်မှုနှင့် ကလေးငယ်များ ရောဂါဖြစ်မှုတို့ကို တွန်းလှန်ရာတွင် အောင်မြင်မှုရရှိခြင်းတို့ကြောင့်ဖြစ်သည်။

    သို့သော်လည်း ရောဂါဘယကင်းစင်သည့် မျှော်မှန်းသက်တမ်းမှာ များများစားစား တိုးလာခြင်းမရှိဘဲ၊ လူအများစုမှာ ကျန်းမာရေးမကောင်းသည့် အခြေအနေနှင့် မသန်စွမ်းသည့် အခြေအနေမျိုးတွင် နှစ်ပေါင်းများစွာ အသက်ရှင်ရသည်ဟု The Lancet ဂျာနယ်တွင် ဖော်ပြထားသည့် အဆိုပါ လေ့လာမှုက ဆိုသည်။

    ထိုလေ့လာမှုအရ ကမ္ဘာလုံးဆိုင်ရာ မျှော်မှန်းသက်တမ်းမှာ ကျား၊ မ နှစ်ဦးစလုံးအတွက် ၆.၂ နှစ် တိုးလာခဲ့ပြီး ၁၉၉၀ တွင် ၆၅.၃ နှစ် ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ၇၁.၅ နှစ် ရှိခဲ့သည်။ ရောဂါဘယကင်းစင်ပြီး ကျန်းမာစွာ နေထိုင်နိုင်သည့် မျှော်မှန်းသက်တမ်းမှာလည်း ၅.၄ နှစ် တိုးလာခဲ့ကာ ၁၉၉၀ တွင် ၅၆.၉ နှစ် ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ၆၂.၃ နှစ် ရှိလာခဲ့သည်။

    ကျန်းမာစွာ နေထိုင်နိုင်သည့် မျှော်မှန်းသက်တမ်းတွင် သေဆုံးခြင်း၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ဆီးချိုးနှင့် ဆိုးရွားသော ထိခိုက်ဒဏ်ရာများကဲ့သို့ ရောဂါများ၏ ရိုက်ခတ်မှုကို ထည့်တွက်ထားသည်။ အဆိုပါ ရောဂါများမှာ ဘ၀၏အရည်အသွေးကို လျော့ကျစေပြီး ငွေကုန်ကြေးကျများက ၀န်ထုတ်ဝန်ပိုးဖြစ်စေသည့် ရောဂါများဖြစ်သည်။

    နိုင်ငံပေါင်း ၁၈၈ နိုင်ငံ၌ လေ့လာရာတွင် ကျန်းမာစွာနေထိုင်နိုင်သည့် မျှော်မှန်းသက်တမ်းမှာ ၁၉၉၀ မှ ၂၀၁၃ အထိ ကာလအတွင်း သိသိသာသာ တိုးတက်လာသော်လည်း ဘဲလီဇီ၊ ဘော့စ်ဝါနာနှင့် ဆီးရီးယားတို့တွင် ခြားနားခြင်း မရှိခဲ့ပေ ။

    တောင်အာဖရိက၊ ပါရာဂွေးနှင့် ဘီလာရုစ်နိုင်ငံများအပါအ၀င် အချို့သောနိုင်ငံများတွင် ရောဂါဘယကင်းစင်သည့် မျှော်မှန်းသက်တမ်းမှာ ကျလာခဲ့ပြီး လီဆိုသိုနှင့် နယူးဇီလန်နိုင်ငံများတွင် ၂၀၁၃ ခုနှစ်တွင်မွေးဖွားသူများမှာ လွန်ခဲ့သည့် နှစ် ၂၀ က မွေးဖွားသူများထက် ကျန်းမာသည့် မျှော်မှန်းသက်တမ်းမှာ ၁၀ နှစ်ခန့် လျော့ကျသွားနိုင်သည်ဟု တွေ့ခဲ့ရသည်။

    ရောဂါဘယကင်းစင်သည့် မျှော်မှန်းသက်တမ်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနိုင်ငံများအကြား ခြားနားမှုမှာ သိသာနေပြီး နီဂါရာကွာနှင့် ကမ္ဘောဒီးယားနိုင်တို့၏ ၁၉၉၉၀ ကတည်းက စတင်၍ ၁၄.၇ နှင့် ၁၃.၉ နှစ်စီ အသီးသီး တက်လာခဲ့သည်။

    Ref: Reuters

  • ဒုက္ခသည်သင်္ဘောတစ်စီး လစ်ဗျားကမ်းရိုးတမ်းတွင် တိမ်းမှောက်

    ဒုက္ခသည်သင်္ဘောတစ်စီး လစ်ဗျားကမ်းရိုးတမ်းတွင် တိမ်းမှောက်

    သြဂုတ် ၂၈၊ ၂၀၁၅
    M-Media

    libiya

    – အာဖရိကနှင့် တောင်အာရှတို့မှ ဒုက္ခသည်များ တင်ဆောင်ကာ အီတလီသို့ ထွက်ခွာလာသော ကုန်တင်သင်္ဘောတစ်စင်းမှာ လစ်ဗျားကမ်းခြေတွင် နစ်မြုပ်သွားသောကြောင့် လူဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ပြီး သေဆုံးသူ အရေအတွက် မြင့်တက်လာမည့် စိုးရိမ်မှုများလည်း ရှိနေသည်။

    လစ်ဗျားနိုင်ငံအနောက်ပိုင်း ဒုက္ခသည်လှေများ ထွက်ခွာရာ ဇူဝါရာဟ်မြို့မှ လုံခြုံရေးတာဝန်ရှိသူကမူ အဆိုပါ သင်္ဘောတွင် လူပေါင်း ၄၀၀ ခန့် လိုက်ပါသွားသည်ဟု ပြောကြားခဲ့သည်။ သေဆုံးသွားသူများစာရင်းကို တာဝန်ရှိသူများက ထုတ်ပြန်ခြင်း မရှိသေးသော်လည်း အခြားသောရင်းမြစ်များကမူ သေဆုံးသူမှာ ဒါဇင်နှင့်ချီ၍ ရှိနေပြီး ကုန်တင်သင်္ဘောနစ်မြုပ်သည့်အချိန်တွင် သင်္ဘောအတွင်း၌ ပိတ်မိနေသူ အများအပြား ရှိနေသည်ဟု ပြောကြားခဲ့သည်။

    ယမန်နေ့ညပိုင်းတွင် လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့မှာ ဒုက္ခသည် ၂၀၁ ဦးကို ကယ်ဆယ်ခဲ့ပြီး ၁၄၇ ဦးကို မြို့တော်ထရီပိုလီ မြောက်ပိုင်းရှိ ဆဘ်ရက်သာ ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခဲ့သည်။ အဆိုပါသင်္ဘောတွင် လိုက်ပါသွားကြသူများမှာ အာဖရိကရှိ ဆဟာရဒေသ၊ ပါကစ္စတန်၊ ဆီးရီးယား၊ မော်ရိုကိုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ဖြစ်ကြသည်ဟု လစ်ဗျားလုံခြုံရေး တာဝန်ရှိသူက ပြောကြားခဲ့သည်။

    ဇူဝါရာဟ်မြို့မှာ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအခြေချသူများကို အီတလီသို့ ပို့ပေးသော လူမှောင်ခို သမားများ အဓိကကျက်စားရာ မြို့ဖြစ်ပြီး နိုင်ငံ၏ ဥပဒေကင်းမဲ့မှုနှင့် မတည်ငြိမ်မှုကို အသုံးချကာ ပဋိက္ခဖြစ်နေသော ဒေသများမှ ဒုက္ခသည်များကို ဥရောပသို့ တရားမ၀င်ပို့ဆောင်ကြသည်။

    ပြီးခဲ့သည့်နှစ်အတွင်း ဒုက္ခသည်များ ဥရောပသို့ သင်္ဘောများဖြင့် ၀င်ရောက်ရန် ကြိုးစားရာတွင် သေဆုံးသူ ၃၂၇၉ ဦးရှိခဲ့ပြီး၊ ယခုနှစ်အတွင်း သေဆုံးသူမှာ ၂၃၀၀ ကျော် ရှိပြီဖြစ်သည်။

    Ref: Aljazeera

  • ဥရောပချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲမှုများ ပြီးဆုံး

    ဥရောပချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲမှုများ ပြီးဆုံး

    သြဂုတ် ၂၈၊ ၂၀၁၅
    M-Media

    cham 3

    – ချန်ပီယံလိဂ်ခြေစစ်ပွဲတွေ ပြီးဆုံးခဲ့ပြီးတဲ့နောက် အုပ်စုအဆင့်အတွက် မဲခွဲမှုတွေကို မနေ့က ပြုလုပ်ခဲ့ပြီး စိတ်ဝင်စားစရာကောင်းတဲ့ တွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။

    သမိုင်းတစ်လျှောက် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခြင်း မရှိသေးတဲ့ မန်စီးတီးဟာ ပြီးခဲ့တဲ့နှစ် ဒုတိယဆုရ ဂျူဗင်တပ်စ်၊ ယူရိုပါချန်ပီယံ ဆီးဗီးလားနဲ့ ဂျာမနီက မာကျောတဲ့ မိုချန်ဂလက်ဘက်ခ်ျ အသင်းတို့နဲ့ အုပ်စု D မှာ ကျရောက်နေပါတယ်။

    မန်ယူကတော့ အုပ်စု B မှာ ပီအက်စ်ဗီ၊ စီအက်စ်ကေအေ မော်စကို၊ ၀ုလ်ဘာ့ဂ်တို့နဲ့ တစ်အုပ်စုတည်းကျနေပြီး မန်ယူကွင်းလယ်လူ ဒီပိုင်းဟာ အသင်းဟောင်း ပီအက်စ်ဗီကို ပြန်လည်ရင်ဆိုင် ရတော့မှာပါ။ လက်ရှိချန်ပီယံ ဘာစီလိုနာက အုပ်စု E မှာ လေဗာကူဆင်၊ ရိုးမား၊ ဘိုရီဆော့ဗ်တို့နဲ့ ကျရောက်နေပြီး နောက်တစ်ဆင့်တက်ဖို့အတွက် သိပ်အခက်အခဲမရှိလောက်ပါဘူး။

    အုပ်စုကြပ်တာက အာဆင်နယ်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်၊ အိုလံပီယာကော့စ်၊ ဒိုင်နမိုဇာဂရက်ဘ်တို့နဲ့ အုပ်စု F မှာ ကျရောက်နေပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ အာဆင်နယ်ကို ၂၀၁၂-၁၃ နဲ့ ၂၀၁၃-၁၄ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ၂ နှစ်ဆက်တိုက် ဖြုတ်ချထားတဲ့ အစဉ်အလာ ရှိနေပါတယ်။

    ရီးယဲလ်က အုပ်စု A မှာ ပီအက်စ်ဂျီတစ်သင်းလောက်ပဲ သူတင်ကိုယ်တင်ကစားရဖို့ ရှိနေပါတယ်။ ပီအက်စ်ဂျီတိုက်စစ်မှူး အေဗရာဟီမိုဗစ်ခ်ျဟာ သူ့ရဲ့ပထမဆုံး ဇာတိကလပ် မာလ်မိုနဲ့ တွေ့ဆုံရမှာပါ။

    ချယ်ဆီးကတော့ ပေါ်တို၊ ဒိုနမိုကိဗ်၊ မာကာဘီ တလ်-အဗီးတို့နဲ့ အုပ်စု G မှာ ကျရောက်နေပြီး နောက်တစ်ဆင့်တက်ဖို့အတွက် အခြေအနေ ကောင်းနေပါတယ်။ မော်ရင်ဟိုဟာ သူ့ရဲ့ ချယ်ဆီး ပထမဆုံးရာသီ ၂၀၀၄-၀၅ ဘောလုံးရာသီမှာ အသင်းဟောင်း ပေါ်တိုနဲ့ အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့ပြီးနောက် အခု ဒုတိယအကြိမ်မြောက် ပြန်လည် တွေ့ဆုံတာဖြစ်ပါတယ်။

    ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေကို စက်တင်ဘာ ၁၅ ရက်မှာ စတင်ကစားမှာဖြစ်ပြီး ဗိုလ်လုပ်ပွဲကိုတော့ ၂၀၁၆ ခုနှစ် မေလ ၂၈ ရက်နေ့မှာ အီတလီနိုင်ငံ မီလန်မြို့က ဆန်စီရိုကွင်းမှာ ကစားမှာဖြစ်ပါတယ်။

    အုပ်စု A
    ———
    ပီအက်စ်ဂျီ၊ ရီးယဲလ်မက်ဒရစ်၊ ရှက်တာဒိုးနက်၊ မာလ်မို

    အုပ်စု B
    ———
    ပီအက်စ်ဗီ၊ မန်ယူ၊ စီအက်စ်ကေအေ မော်စကို၊ ၀ုလ်ဘာ့ဂ်

    အုပ်စု C
    ———-
    ဘင်ဖီကာ၊ အက်သလက်တီကို၊ ဂါလာတာစာရေး၊ အက်စ်တာနာ

    အုပ်စု D
    ———–
    ဂျူဗင်တပ်စ်၊ မန်စီးတီး၊ ဆီးဗီးလား၊ မိုချန်ဂါလက်ဘက်ခ်ျ

    အုပ်စု E
    ———-
    ဘာစီလိုနာ၊ လေဗာကူဆင်၊ ရိုးမား၊ ဘိုရီဆော့ဗ်

    အုပ်စု F
    ———
    ဘိုင်ယန်မြူးနစ်၊ အာဆင်နယ်၊ အိုလံပီယာကော့စ်၊ ဒိုနမိုဇာဂရက်ဘ်

    အုစ်စု G
    ———
    ချယ်ဆီး၊ ပေါ်တို၊ ဒိုင်နမိုကိဗ်၊ မက်ကာဘီ တဲလ်-အဗီး

    အုပ်စု H
    ———
    ဇင်းနစ်၊ ဗလင်စီယာ၊ လိုင်ယွန်၊ GENT

    Ref: Goal

  • တောင်ကိုရီးယားနှင့် သဘောတူညီချက် ရရှိခြင်းမှာ သမိုင်းမှတ်တိုင်ဖြစ်သည်ဟု ကင်ဂျုံအန်ပြော

    တောင်ကိုရီးယားနှင့် သဘောတူညီချက် ရရှိခြင်းမှာ သမိုင်းမှတ်တိုင်ဖြစ်သည်ဟု ကင်ဂျုံအန်ပြော

    သြဂုတ် ၂၈၊ ၂၀၁၅
    M-Media

    north

    – ပြိုင်ဘက် တောင်ကိုရီးယားနှင့် ယခုတစ်ပတ်အတွင်း ရရှိခဲ့သည့် သဘောတူညီချက်မှာ မှတ်တိုင်တစ်ခုဖြစ်ပြီး စစ်ရေးတင်းမာမှုအား လျော့ချရန်နှင့် နှစ်ဖက်ဆက်ဆံရေး တိုးတက်စေရန်အတွက် လမ်းခင်းပေးခြင်းလည်းဖြစ်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားလိုက်သည်။

    တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့မှာ ပြီးခဲ့သည့်တစ်ပတ်က အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် စစ်ရေးတင်းမာမှုများကို အဆုံးသတ်ရန် ယခုတစ်ပတ် အင်္ဂါနေ့က သဘောတူညီခဲ့သည်။

    ထို့ပြင် နှစ်ဘက်ဆက်ဆံမှု တိုးတက်ရေးကို ရည်ရွယ်သော ကိစ္စရပ်အများအပြားကိုလည်း ဆွေးနွေးညှိနှိုင်းရန် သဘောတူညီခဲ့ကြပြီး၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ၊ ၂၀၁၀ ခုနှစ်ကတည်းက ရပ်တန့်ခဲ့သည့် မိသားစုပြန်လည်ပေါင်းစည်းရေး အစီအစဉ်များကို ပြန်လည်စတင်ရန် မျှော်လင့်ချက်များ မြင့်တက်လာခဲ့သည်။

    “ဆွေးနွေးပွဲမှာ ပြုလုပ်ခဲ့တဲ့ ပူးပေါင်းသတင်းစာရှင်းလင်းပွဲဟာ ပြင်းထန်တဲ့ စစ်ရေးတင်းမာမှုကို လျော့ကျစေတဲ့နေရာမှာ သမိုင်းမှတ်တိုင် အခမ်းအနားတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ ဆိုးရွားနေတဲ့ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်ရင်ကြားစေ့ရေးနဲ့ ယုံကြည်မှုလမ်းကြောင်းပေါ်ကို ပြန်ရောက်စေပါတယ်” ဟု ထိပ်တန်းစစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် အစည်းအဝေးတွင် ကင်ဂျုံအန်က
    ပြောဆိုခဲ့ကြောင်း KCNA သတင်းဌာနက ယနေ့တွင် ထုတ်လွှင့်ဖော်ပြခဲ့သည်။

    ထို့ပြင် ထိုကဲ့သို့ သဘောတူညီချက်ရရှိခဲ့ခြင်းမှာ ပါတီကြီးက မိမိကိုယ်ကို ကာကွယ်ရေးအတွက် တည်ဆောက်ထားသော နျူကလီးယားလက်နက်နှင့် ကြီးမားသည့် စစ်အင်အားကြောင့်ဖြစ်ပြီး ပါတီတွင်း ညီညွတ်မှုကြောင့်လည်း ဖြစ်သည်ဟု ကင်ဂျုံအန်က ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ မှတ်ချက်များကို မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ၏ ဗဟိုစစ်ကော်မရှင် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ်က အဆိုပါ ကော်မရှင်ကပင် တောင်ကိုရီးယားအနေဖြင့် နယ်စပ်ရှိ ၀ါဒဖြန့် အသံချဲ့စက်များကို မပိတ်ပါက စစ်ရေးအရ
    အရေးယူသွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Channelnewsasi