News @ M-Media

Author: Ko Lay

  • မြန်မာလုပ်သားများ အမြတ်ထုတ်ခံရမှုကို ဖော်ထုတ်သည့် လူ့အခွင့်ရေးသမားတစ်ဦးကို ထိုင်းတရားစွဲ

    မြန်မာလုပ်သားများ အမြတ်ထုတ်ခံရမှုကို ဖော်ထုတ်သည့် လူ့အခွင့်ရေးသမားတစ်ဦးကို ထိုင်းတရားစွဲ

    သြဂုတ် ၂၄၊ ၂၀၁၅
    M-Media

    thai

    – ထိုင်းနိုင်ငံ၏ အသီးအနှံစည်သွပ်ဘူးလုပ်ငန်းတွင် တရားမ၀င် လုပ်အားအမြတ်ထုတ်မှုကို ဖော်ပြခဲ့သည့် ဗြိတိန့် လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးကို ထိုင်းနိုင်ငံ ဘန်ကောက်တရားရုံးက ရာဇ၀တ်မှုဆိုင်ရာ အသရေဖျက်မှုဖြင့် တရားစွဲလိုက်သည်ဟု သိရသည်။

    တရားစွဲခံရသူမှာ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်သည့် အန်ဒီ ဟောလ်ဆိုသူဖြစ်ပြီး ပုံနှိပ်ထုတ်ဝေဖြန့်ချီခြင်းဖြင့် ရာဇ၀တ်မှုဆိုင်ရာ အသရေဖျက်ခြင်း၊ ကွန်ပျူတာရာဇ၀တ်မှု အက်ဥပဒေများဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ် ၇ နှစ်အထိ ကျခံရဖွယ်ရှိနေသည်။

    ဟောလ်ကို ၎င်းသုတေသနလုပ် စစ်တမ်းကောက်ယူခဲ့သည့် Nautral Fruit ကုမ္ပဏီက ရာဇ၀တ်မှုနှင့် လူမှုရေးစွဲချက် ၄ ခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လူမှုရေးရာစွဲချက်ဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပါက ဒဏ်ငွေ ကန်ဒေါ်လာ ၁၂.၅ သန်းခန့် ပေးဆောင်ရဖွယ် ရှိနေသည်။

    စစ်တမ်းကောက်ယူမှုတွင် ဟောလ်မှာ ထိုင်းနိုင်ငံအလယ်ပိုင်းရှိ ထိုကုမ္ပဏီပိုင် စည်သွပ်ဘူးစက်ရုံတွင် အိမ်နီးချင်းမြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လုပ်အား ခေါင်းပုံဖြတ်ခံရမှုများ၊ ကလေးအလုပ်သမားများ၊ အလုပ်သမားများအပေါ် အကြမ်းဖက်မှုများနှင့် အခြား ခေါင်းပုံဖြတ်ခံရမှုများကို တွေ့ရှိခဲ့သည်။

    အဆိုပါ သုတေသနပြုမှုကို ဖင်လန်အန်ဂျီအိုတစ်ခုဖြစ်သော Finnwatch အတွက် လုပ်ပေးခဲ့ခြင်းဖြစ်ပြီး၊ အန်ဂျီအို၏ အမှုဆောင်ဒါရိုက်တာ ဆွန်ဂျာ ဗာတီယာလာကမူ ဟောလ်အား စွဲဆိုထားသည့် စွဲချက်များမှာ အခြေအမြစ်မရှိဟု ပြောကြားခဲ့သည်။ ထို့ပြင် မိမိတို့မှာ လွတ်လပ်စွာဖော်ပြမှုကို ကျင့်သုံးသည့်အတွက်ကြောင့် ရာဇ၀တ်မှုဆိုင်ရာ အသရေဖျက်မှု ဥပဒေများကို ဖျက်သိမ်းရန် ၎င်းက ထိုင်းနိုင်ငံအား တိုက်တွန်းခဲ့သည်။

    ဘန်ကောက်တောင်ပိုင်း ရာဇ၀တ်မှုဆိုင်ရာ တရားရုံးကမူ အောက်တိုဘာ ၁၉ ရက်နေ့တွင် လျှောက်လဲချက်ပေးရန် ဟောလ်အား အမိန့်ပေးခဲ့သည်။ လက်ရှိအချိန်တွင် ၎င်းအား ထိန်းသိမ်းထားပြီး အာမခံလည်း လျှောက်ထားနိုင်သည်။

    ဟောလ်အား နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များ၊ ကုန်သွယ်ရေး သမဂ္ဂအဖွဲ့များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိသည်ဟု စွပ်စွဲခံနေရသည့် ထိုင်းပယ်လယ်စာလုပ်ငန်းတို့က ထောက်ခံအားပေးကြသည်။

    “သူတို့အားလုံးက ဒါကို ဆန့်ကျင်ကြပါတယ်။ (Natural Fruit) က လူတွေက ခေါင်းမာကြပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်လေးစားပေမယ့် ဒီအမှုအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဟောလ်က ပြောကြားခဲ့သည်။

    Ref: Aljazeera

  • တရုတ်စတော့ဈေးကွက် ထပ်ကျပြီး ကမ္ဘာ့ဈေးကွက်ကိုပါ ထိခိုက်လာနိုင်

    တရုတ်စတော့ဈေးကွက် ထပ်ကျပြီး ကမ္ဘာ့ဈေးကွက်ကိုပါ ထိခိုက်လာနိုင်

    သြဂုတ် ၂၄၊ ၂၀၁၅
    M-Media

    china

    – ယနေ့တွင် တရုတ်နိုင်ငံ၏ ရှယ်ယာဈေးကွက်များမှာ အလျင်အမြန် ပြုတ်ကျသွားခဲ့ပြီး တစ်နာရီအတွင်း ၈ ရာခိုင်နှုန်းအထိ ကျသွားခဲ့သောကြောင့် ကမ္ဘာ့စတော့ရှယ်ယာဈေးကွက်အား ထိခိုက်လာနိုင်သော အလားအလာအတွက် ကြောက်ရွံ့မှုများလည်း တိုးလာခဲ့သည်။

    ပြီးခဲ့သည့် တစ်ပတ်ကလည်း တရုတ်ရှယ်ယာဈေးကွက်များတွင် ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အာရှရှိ စတော့ရှယ်ယာဈေးများကို ထိုခိုက်စေခဲ့သည်။ မတည်ငြိမ်သာ ဈေးကွက်များကို ထိန်းရန်အတွက် ပင်စင်ရန်ပုံငွေကို စတော့ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံရန် တရုတ်အစိုးရက အမိန့်ပေးခဲ့သော်လည်း ဈေးကွက်မှာ ဆက်လက်ကျဆင်းနေခဲ့သည်။

    ထို့ပြင် ယခုကဲ့သို့ တရုတ်ရှယ်ယာဈေးကွက် ဆက်တိုက်ကျဆင်းမှုကြောင့် ကမ္ဘာ့ရှယ်ယာဈေးကွက်များကို ထိုခိုက်စေမည်ဟူသော စိုးရိမ်မှုများလည်း မြင့်တက်လာခဲ့သည်။

    Shanghai Composite Index မှာ ၈.၅ ရာခိုင်နှုန်းကျဆင်းကာ ၃၂၀၉.၉၁ ပွိုင့်အထိ ရောက်သွားပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့က ၈.၈ ရာခိုင်နှုန်း ကျဆင်းပြီးနောက်ပိုင်း တစ်နေ့တည်းတွင် အကြီးမားဆုံး ကျဆင်းခြင်းလည်း ဖြစ်သည်။ အညွှန်းကိန်း ထိပ်ဆုံးရောက်ခဲ့သည့် ဇွန်လ ၁၂ ရက်နေ့နှင့် ယှဉ်လျှင် ၃၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခြင်းလည်း ဖြစ်သည်။

    ဟောင်ကောင်စတော့ဈေးကွက် Hang Seng Index မှာမူ ဈေးကွက်စဖွင့်သည့် အစောပိုင်းမိနစ်အနည်းငယ်တွင် ၄ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး၊ သြစတေးလျ ဈေးကွက်ကမူ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဂျပန်နှင့် ထိုင်ဝမ်ဈေးကွက်များမှာ ၂ ရာခိုင်နှုန်းကျော် တက်ခဲ့သည်။

    သြဂုတ် ၁၁ ရက်နေ့က တရုတ်နိုင်ငံမှ ယွမ်ငွေတန်ဖိုး လျော့ချပြီးနောက်ပိုင်း ကမ္ဘာ့ရှယ်ယာဈေးကွက်၌ ကန်ဒေါ်လာ ၅ ထရီလီယံကျော် ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ ဒုတိယ စီးပွားရေးအကြီးဆုံးနိုင်ငံဖြစ်သော တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးမှာ ထင်ထားသည်ထက် ပိုမိုအားနည်းသွားမည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။

    Ref: Aljazeera

  • လာလီဂါအဖွင့်ပွဲ ဘာစီလိုနာ၏ စွမ်းဆောင်ရည်အတွက် နည်းပြအန်းရစ် ချီးကျူး

    လာလီဂါအဖွင့်ပွဲ ဘာစီလိုနာ၏ စွမ်းဆောင်ရည်အတွက် နည်းပြအန်းရစ် ချီးကျူး

    သြဂုတ် ၂၄၊ ၂၀၁၅
    M-Media

    bac

    – ဘီဘာအိုအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သည့် လာလီဂါအဖွင့်ပွဲစဉ်တွင် မိမိတို့အသင်းမှာ ပြည့်ဝသည့်စွမ်းရည်ကို ပြသခဲ့သည်ဟု ဘာစီလိုနာအသင်းနည်းပြ အန်းရစ်က အသင်းအား ချီးကျူးပြောဆိုလိုက်သည်။

    စပိန်စူပါဖလားတွင် နှစ်ကျော့ပေါင်း ၅ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ဘီဘာအိုအား ယမန်နေ့လာလီဂါ ပွဲစဉ် ၁ တွင် ဘာစီလိုနာက ဆွာရက်ဇ်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အန်းရစ်ကမူ အသင်း၏ စွမ်းဆောင်ရည်အတွက် ကျေနပ်နေသည်။

    “ကျွန်တော်တို့ရဲ့ လိဂ်ပြိုင်ပွဲကို အဆင့်မြင့်မြင့်နဲ့ စတင်နိုင်ခဲ့ပါတယ်။ သူတို့ အန္တရာယ်မပေးနိုင်အောင်လည်း ကျွန်တော်တို့ တားဆီးခဲ့ပါတယ်။ တစ်ကွင်းလုံးမှာ ကျွန်တော်တို့ တကယ် ပြည့်စုံခဲ့ပါတယ်။ ဂိုးသွင်းခွင့်တွေ ကျွန်တော်တို့ ရခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ ပြင်းပြင်းထန်ထန်လူကပ်မှုကို ခံစားခဲ့ရပါတယ်” ဟု သတင်းထောက်များအား အန်းရစ်က ပြောကြားခဲ့သည်။

    ဘာကာတိုက်စစ်မှူးနေးမာမှာ မန်ယူသို့ ရောက်ရှိတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး အန်းရစ်ကမူ မိမိအနေဖြင့် ထိုကိစ္စကို မဆွေးနွေးချင်ဟု ဆိုသည်။

    “နေးမာနဲ့ပတ်သက်ပြီး လူတွေနဲ့ အခြားကလပ်အသင်းတွေ ပြောနေတာကို ကျွန်တော်ကြားခဲ့ရပါတယ်။ ကျွန်တော်ဂရုမစိုက်ပါဘူး။ ကောလဟာလတွေနဲ့ပတ်သက်ပြီး ကျွန်တော် ပြောမှာမဟုတ်ပါဘူး”

    ဘာစီလိုနာ၏ ခါးသီးသောပြိုင်ဘက် ရီးယဲလ်ကမူ အဖွင့်ပွဲစဉ်တွင် တန်းတက် စပို့တင်းဂီဂျွန်အသင်းအပေါ် ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး အခွင့်အရေးများ ရခဲ့သော်လည်း အသုံးမချနိုင်သောကြောင့် ဂိုးမရှိသရေကျခဲ့သည်။

    Ref: Goal

  • ဟဂ်ျပြုရန်အတွက် လန်းချားဆွဲကာ ငွေစုခဲ့သည့် အိန္ဒိယအဖိုးအိုတစ်ဦး ရည်ရွယ်ချက် အထမြောက်

    ဟဂ်ျပြုရန်အတွက် လန်းချားဆွဲကာ ငွေစုခဲ့သည့် အိန္ဒိယအဖိုးအိုတစ်ဦး ရည်ရွယ်ချက် အထမြောက်

    သြဂုတ် ၂၄၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်မှ လန်ချားဆွဲသည့် အဖိုးအိုတစ်ဦးမှာ ဟဂ်ျဘုရားဖူးခရီးစဉ် သွားရောက်ရန်အတွက် တစ်သက်တာလုံး အပတ်တစ်ကုတ် ရှာဖွေစုဆောင်းခဲ့ပြီးနောက် ၎င်း၏ ရည်ရွယ်ချက် ပြည့်ဝသွားခဲ့ပြီဖြစ်သည်။

    အဂ်ရာမြို့မှ အသက် ၆၂ နှစ်အရွယ် ဂျာဟန်ဂီရ် ခန်း အဘာစီဆိုသူဖြစ်ပြီး ၎င်း၏ ဇနီး ဇီနတ်ဘေဂွန်နှင့်အတူ သြဂုတ်လ ၂၂ ရက်နေ့က ဟဂ်ျဘုရားဖူးခရီးစဉ်ဖြစ် ဆော်ဒီအာရေဗျသို့ ထွက်ခွာသွားပြီဖြစ်သည်။

    ဂျာဟန်ဂီရ်ခန်းမှာ တစ်သက်လျှင်တစ်ကြိမ် သွားရောက်ရသည့် ဟဂ်ျဘုရားဖူးခရီးစဉ်အတွက် လန်ချားဆွဲခြင်းမှ ရသည့် ၀င်ငွေများကို စုဆောင်းခဲ့ရသည်။ လန်ချားတစ်စီးဖြင့် စခဲ့သည့် ၎င်းမှာ နောက်ပိုင်းတွင် လန်ချားများ ၀ယ်ယူနိုင်ခဲ့ပြီး အခြားသူများအား ပြန်လည်ငှားရမ်းခြင်းမှ ၀င်ငွေ ထပ်မံရှာနိုင်ခဲ့သည်။

    ဟဂ်ျဘရားဖူးခရီးစဉ် သွားရောက်သူများမှာ မိသားစုအပေါ်ရှိသည့် တာဝန်များကို ကျေပွန်ရမည်ဖြစ်သောကြောင့် ၎င်း၏ သက်တမ်းတစ်လျှောက်တွင် ကလေးများကို ပြုစုပျိုးထောင်ခဲ့ကာ အိမ်ထောင်ရက်သားလည်း ချပေးခဲ့ပြီးဖြစ်သည်။

    ယမန်နှစ်က ၎င်းတို့ဇနီးမောင်နှံနှစ်ဦးမှာ ဟဂ်ျဘုရားဖူးခရီး သွားရောက်ရန် လျှောက်ထားခဲ့သော်လည်း မရခဲ့ဘဲ ယခုနှစ်တွင်မှ သွားရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

    ဟဂ်ျခရီးစဉ်မှာ အစ္စလာမ်သာသနာ၏ အဓိကမဏ္ဍိုင် ၅ ခုမှ ပဉ္စမမြောက်မဏ္ဍိုင်ဖြစ်ပြီး ငွေကြေးတတ်နိုင်၍ အနှောင်အဖွဲ့ကင်းသည့် မွတ်စလင်အမျိုးသား၊ အမျိုးသမီးတိုင်း တစ်သက်လျှင်တစ်ကြိမ် မဖြစ်မနေ သွားရောက်ရန် သက်မှတ်ထားသည့် ခရီးစဉ်ဖြစ်သည်။

    Ref: Onislam

  • Cincinnati Masters တင်းနစ်ပြိုင်ပွဲတွင် ဖက်ဒါရာနှင့် ဆရီနာတို့ ဗိုလ်စွဲ

    Cincinnati Masters တင်းနစ်ပြိုင်ပွဲတွင် ဖက်ဒါရာနှင့် ဆရီနာတို့ ဗိုလ်စွဲ

    သြဂုတ် ၂၄၊ ၂၀၁၅
    M-Media

    federer

    – အမေရိကန်ပြည်ထောင်စုတွင် ကျင်းပပြုလုပ်ခဲ့သော Cincinnati Masters (Western & Southern Open) တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲများကို ယမန်နေ့က ကစားခဲ့ပြီး ရော်ဂျာဖက်ဒါရာနှင့် ဆရီနာဝီလီယံတို့က အသီးသီး အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    ဆီးမီးဖိုင်နယ်တွင် အန်ဒီမာရေးအား ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိသည့် ဖက်ဒါရာမှာ ကမ္ဘာ့နံပါတ် ၁ တင်းနစ်သမား နိုဗက်ဂျိုကိုဗစ်အား ၇-၆၊ ၆-၃ ဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဗိုလ်စွဲခြင်းမှာ Cincinnati တွင် ဖက်ဒါရာ၏ ၇ ကြိမ်မြောက် ဗိုလ်စွဲခြင်းဖြစ်သည်။

    ပြီးခဲ့သည့်တစ်ပတ်က ကနေဒါ Rodgers Cup တွင် မာရေးအား ရှုံးကာ ဒုတိယဖြင့် ကျေနပ်ခဲ့ရသည့် ဂျိုကိုဗစ်မှာ ယခုတွင်လည်း ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရပြီး Cincinnati တွင် ၅ ကြိမ် ဗိုလ်လုပွဲတက်နိုင်ခဲ့သော်လည်း တစ်ကြိမ်မှ ဗိုလ်စွဲဖူးခြင်း မရှိပေ။

    “နှစ်ဘယ်လောက်ကြာကြာ ကျွန်တော် ထပ်ဗိုလ်စွဲနိုင်မလဲဆိုတာ မသိပါဘူ။ ဒါပေမယ့် အနာဂတ်မှာလည်း ကျွန်တော် ဒီမှာရှိဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ” ဟု ဖက်ဒါရာက ပြောကြားခဲ့ပြီး ဂျိုကိုဗစ်မှာ တစ်နေ့တွင် အနိုင်ရမည်ဟု ဆိုသည်။

    “ခင်ဗျား တစ်နေ့ကျရင် ဒီမှာ အနိုင်ရမှာပါ။ သူဟာ ဒါနဲ့ ထိုက်တန်ပါတယ်။ သိပ်နီးကပ်ခဲ့တာပေါ့ဗျာ”

    seri

    အမျိုးသမီးပွဲစဉ်တွင် အမေရိကန် တင်းနစ်အကျော်အမော် ဆရီနာဝီလီယံက ဆီဒင် ၃ ရ ရိုမေးနီးယား တင်းနစ်မယ် ဆီမွန်နာ ဟဲလ်ပ်ကို ၆-၃၊ ၇-၆ ဖြင့် အနိုင်ရရှိခဲ့သည်။ ထိုဆုဖလားမှာ ဆရီနာဝီလျံ၏ ၆၉ ခုမြောက် ဆုဖလားလည်းဖြစ်သည်။ ဆရီနာမှာ ယခုနှစ်အတွင်း သြစတေးလျအိုးပင်း၊ မိုင်ယာမီ၊ ပြင်သစ်အိုးပင်းနှင့် ၀င်ဘယ်လ်ဒန်တို့တွင် ဗိုလ်စွဲထားသည်။

    Ref: Dailymail