News @ M-Media

Author: Ko Lay

  • Facebook ပို့စ်ကြောင့် ကမ္ဘောဒီးယားအတိုက်အခံကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် အစိုးရက တရားစွဲမည်

    Facebook ပို့စ်ကြောင့် ကမ္ဘောဒီးယားအတိုက်အခံကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် အစိုးရက တရားစွဲမည်

    သြဂုတ် ၁၆၊ ၂၀၁၅
    M-Media

    cam

    – ၀န်ကြီးချုပ် ဟန်ဆန်အား ဒေါသထွက်စေသည့် ပို့စ်တစ်ခုကို Facebook ၌ လွှင့်တင်မှုကြောင့် ကမ္ဘောဒီးယားရှိ ထင်ရှားသည့် အတိုက်အခံ လွတ်တော်အမတ်တစ်ဦးကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲဆိုသွားမည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားလိုက်သည်။

    လွတ်တော်အမတ် ဟွန် ဆွတ် ဟောရ်ဖြစ်ပြီး ကမ္ဘောဒီယားခေါင်းဆောင်ဟောင်း ဟန်ဆာမရင်က ၁၉၇၉ ခုနှစ်တွင် ကမ္ဘောဒီးယား-ဗီယက်နမ် နယ်စပ်ကို ဖျက်သိမ်းရန် ကတိပြုထားသည့် စာချုပ်ဟုဆိုသော စာရွက်စာတမ်းတစ်ခုကို Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့မှုအတွက် နိုင်ငံတော်သစ္စဖောက်မှုဖြင့် စွပ်စွဲခံရခြင်း ဖြစ်သည်။

    “စာချုပ်အတုတစ်ခုနဲ့ပတ်သက်ပြီး Facebook မှာ ပို့စ်တစ်ခု တင်ထားပါတယ်။ ဒါဟာ ခွင့်လွတ်နိုင်စရာမဟုတ်ဘဲ အရေးယူဖို့ လိုအပ်ပါတယ်။ ပိုချက်တွန် (ဖနွမ်ပင် နိုင်ငံတကာလေဆိပ်) နဲ့ အခြားသော စစ်ဆေးရေးဂိတ်တွေအားလုံးကို ပိတ်ဆို့လိုက်ပါပြီ။ ဒါ့ကြောင့် ဒီလူကို ဖမ်းမှာဖြစ်ပြီး နိုင်ငံခြား သံရုံးတွေအတွင်း ထွက်ပြေးခွင့် ပေးမှာမဟုတ်ပါဘူး” ဟု ကြာသာပတေးနေ့က ပြုလုပ်ခဲ့သည့် မိန့်ခွန်းတွင် ၀န်ကြီးချုပ် ဟန်ဆန်က ပြောကြားခဲ့သည်။

    စနေနေ့မနက် အာရုံတက်ချိန်တွင် အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေးပါတီ CNRP မှ ဟွန်ဆွတ်ဟောရ်ကို လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

    အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဖေဆိုင်ဖန်ကမူ ဆွတ်ဟောရ်ကို မေးခွန်းများ မေးမြန်းရန်အတွက် ရဲဌာနတွင် ထိန်းသိမ်းထားသည်ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    CNRP ၏ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ အူချန်ရစ်သ်ကမူ အဆိုပါစာချုပ်မှာ အတုဖြစ်သည်မှာ မှန်သော်လည်း ဆွတ်ဟောရ်မှာ နိုင်ငံတော်သစ္စာဖောက်မှုကို မကျူးလွန်ခဲ့ကြောင်း၊ ၎င်းအား ဖမ်းဆီးခြင်းမှာ တရားမ၀င်ကြောင်း ပြောကြားခဲ့သည်။

    ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ခယူ ဆိုဟီက်ကမူ ဆွတ်ဟောရ်၏ Facebook တွင်တင်သော သတင်းအချက်အလက်မှာ တိုင်းပြည်အတွင်း ၀ရုန်းသုန်းကား ဖြစ်စေနိုင်ပြီး၊ ထိုကြောင့် နိုင်ငံတော်သစ္စာဖောက်မှု လုပ်ရပ်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

    အတိုက်အခံပါတီ CNRP နှင့် အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီတို့ အကြားတွင် တင်းမာမှုများမှာ လွန်ခဲ့သည့်နှစ်ကတည်းက စတင် မြင့်တက်လာခဲ့သည်။

    Ref: Aljazeera

  • အိန္ဒိယရှိ ဈေးဆိုင်တစ်ခုတွင် ဆိုင်ရှင် ဓားခုတ်ခံရမှုကို မွတ်စလင်တစ်ဦးက ရဲရင့်စွာ ကယ်တင်ပေးခဲ့

    အိန္ဒိယရှိ ဈေးဆိုင်တစ်ခုတွင် ဆိုင်ရှင် ဓားခုတ်ခံရမှုကို မွတ်စလင်တစ်ဦးက ရဲရင့်စွာ ကယ်တင်ပေးခဲ့

    သြဂုတ် ၁၅၊ ၂၀၁၅
    M-Media

    india 1

    – အိန္ဒိယရှိ ဈေးဆိုင်တစ်ခုတွင် လူရမ်းကားတစ်ဦးက ဆိုင်ရှင်အား ဓားဖြင့် တိုက်ခိုက်နေစဉ် ဈေးဝယ်လာသူ မွတ်စလင်တစ်ဦးက သက်စွန့်ဆံဖျား ကယ်တင်ပေးခဲ့သည်ဟု သိရသည်။

    “ဒီလူရဲ့အသက်ကို ကယ်တင်ဖို့ အလ္လာဟ်အရှင်မြတ်က ကျွန်တော့်ကို စွမ်းအားပေးတာပါ။ ကျွန်တော့်နှလုံးသားက ခံနိုင်ရည်ရှိတဲ့ နှလုံးသားမျိုး မဟုတ်ပါဘူး။ ကျွန်တော် လွယ်လွယ်လေးနဲ့ ကြောက်ရွံ့တက်ပြီး ရန်တွေဘာတွေဖြစ်ရင် ကြည့်တောင်မကြည့်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ သွေးထွက်သံယိုကို မြင်လို့မရလို့ပါ။ အဲဒီနေ့က ကျွန်တော် ဘယ်လိုဖြစ်သွားလဲဆိုတာ မပြောတတ်ဘူး” ဟု ဈေးဆိုင်ပိုင်ရှင်အား လူရမ်းကားက ဓားဖြင့်ခုတ်နေသည့်အချိန် ၀င်ရောက်တိုက်ခိုက်ခဲ့သည့် နစီရွဒ်ဒင်း မန်ဆူရီက Mid-Day.com သို့ ပြောကြားခဲ့သည်။

    အဆိုပါ အဖြစ်အပျက်မှာ အင်္ဂါနေ့ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဈေးဆိုင်များအား အကြမ်းဖက်မည်၊ မီးရှို့မည်ဟု ခြိမ်းခြောက်ကာ ငွေညှစ်လေ့ရှိသည့် မူးယစ်ဆေးဝါးသုံးစွဲသူများအား ငေါက်ငန်းလိုက်သည့်အတွက် ဆိုင်ပိုင်ရှင်ကို ၎င်းတို့အဖွဲ့ထဲမှ တစ်ဦးက ဓားဖြင့် ၀င်ခုတ်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ လူရမ်းကားမှာ အရောင်းပြခန်းထဲသို့ ၀င်ရောက်လာကာ အသက် ၃၆ နှစ်အရွယ် ဆိုင်ရှင် ရဂ်ျနစ်ရှ် ဆင်း သာကူရ်ကို ဓားဖြင့် ၂ ချက်ဆက်တိုက် ခုတ်ခဲ့ပြီးနောက် မန်ဆူရီက ၀င်ရောက်၍ အဆိုပါဓားပြအား ခုခံတိုက်ခိုက်ခဲ့သည်။ ထိုအဖြစ်အပျက်ကို ဆိုင်အတွင်းရှိ လုံခြုံရေးကင်မရာတွင် မှတ်တမ်းတင်ထားနိုင်ခဲ့သည်။

    မန်ဆူရီမှာ အ၀တ်အထည်ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားသည့်အချိန်က ၎င်း၏ ဖုန်းအားသွင်းရန် ထိုဆိုင်အတွင်းသို့ ရောက်ရှိနေချိန်ဖြစ်သည်။

    “ဖုန်းအားသွင်းဖို့ ဆိုင်ကို ကျွန်တော်ရောက်တဲ့အချိန် ဓားကိုင်ထားတဲ့လူတစ်ယောက် တစ်နေရာကနေ ထွက်လာပြီး ဆိုင်ရှင်ကို ခုတ်တော့တာပါပဲ။ ကျွန်တော့်မှာ စဉ်းစားဖို့လည်း အချိန်မရဘူး။ ဒီလူကို မသေအောင် ကယ်တင်ရမယ်ဆိုတာပဲ အဲဒီတုန်းက ကျွန်တော့်စိတ်ထဲမှာ ရှိခဲ့တယ်။ ဒီလိုအင်အားမျိုး ဘယ်ကနေရလာလဲဆိုတာ ကျွန်တော်မသိဘူး။ ကျွန်တော်က ကိုယ့်ကိုယ်ကို သရဲဘောင်ကြောင်တဲ့သူ၊ သွေးမကြည့်ရဲတဲ့သူလို့ပဲ ထင်ခဲ့တယ်။ အဲဒီလူကို တွန်းလှန်တဲ့နေရာမှာ အလ္လာဟ်အရှင်မြတ်က ကျွန်တော့်ကို ကူညီခဲ့တယ်လို့ပဲ ကျွန်တော်ခံစားရပါတယ်” ဟု မန်ဆူရီက ဆိုသည်။

    ထို့ပြင် အစ္စလာမ်က ဖိနှိပ်ခံရသူများအား ကူညီရန်နှင့် ဖိနှိပ်သူများကို ရင်ဆိုင်တွန်းလှန်ရန် သွင်သင်ထားသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ကျေးဇူးတင်ကြ

    ဈေးဆိုင်ပိုင်ရှင်၏ မိသားစုဝင်များက ၎င်းတို့မှာ ရာဂ်ျနစ်ရှ်အသက်အား ကယ်တင်ခဲ့သည့်အတွက် မန်ဆူရီကို အမြဲတမ်း ကျေးဇူးတင်နေမည်ဟု ပြောကြားခဲ့သည်။

    “မန်ဆူရီဘိုင် လုပ်ခဲ့တာတွေအတွက် ကျွန်တော်တို့ ပြန်ပေးဆပ်လို့ မရပါဘူး။ သူ့ရဲ့ အန္တရာယ်ကို မစဉ်းစားဘဲ ဒီလူကို သူဘယ်လို တွန်းလှန်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ CCTV မှတ်တမ်းကို ကြည့်ပြီးပါပြီ။ သူက ဈေးဝယ်သူတစ်ဦးသာ ဖြစ်တာကြောင့် ဆိုင်ထဲက ထွက်သွားတာမျိုး၊ တစ်နေရာမှာထိုင်ကြည့်နေတာမျိုး လုပ်လို့ရပါတယ်။ ဒါပေမယ့် နမူနာယူစရာ သတ္တိကို ပြခဲ့ပြီး ကျွန်တော့်အစ်ကိုရဲ့ အသက်ကို ကယ်တင်ခဲ့ပါတယ်” ဟု ဆိုင်ရှင်၏ ညီဖြစ်သူ မာနစ်ရှ် ဆင်း သာကူရ်က ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုအတွင်း ဈေးဆိုင်ပိုင်ရှင် ရာဂ်ျနစ်ရှ်မှာ လည်ပင်း၊ ဘယ်လက်နှင့် လက်ကောက်ဝတ်တို့တွင် ဒဏ်ရာများ ရခဲ့ပြီး ၎င်း၏ အခြားညီတစ်ဦးဖြစ်သူ မာနစ်ရှ် အကာ ပက်ပူကမူ မန်ဆူရီသာ လာရောက်ကူညီခြင်း မရှိပါက ရာဂ်ျနစ်ရှ်မှာ သေသွားလိမ့်မည်ဟု ဆိုသည်။

    “ကျွန်တော့်အကို ဆေးရုံကဆင်းတာကို ကျွန်တော်စောင့်နေတာပါ။ အဲဒီနောက်မှာတော့ မန်ဆူရီဘိုင်ကို ဂုဏ်ပြုမှာဖြစ်ပြီး သူ့ရဲ့ ရဲရင့်မှုနဲ့ ကျွန်တော်တို့အတွက် လုပ်ပေးခဲ့တာကို ကျေးဇူးတင်တဲ့အနေနဲ့ အထိမ်းအမှတ်တစ်ခု ပေးအပ်သွားမှာပါ”

    Ref: Onislam

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၁၅၊ ၂၀၁၅)

    သြဂုတ် ၁၅၊ ၂၀၁၅
    M-Media

    တရုတ်ရှိ တီယန်ဂျင်းမြို့တွင် ပေါက်ကွဲမှုများ ထပ်ဖြစ်ပြန်
    ………………………………
    တရုတ်နိုင်ငံ တီယန်ဂျင်းမြို့ရှိ ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့သော သိုလှောင်ရုံနေရာတစ်ဝိုက်တွင် ဒေသစံတော်ချိန် ယနေ့နံနက်ပိုင်းက ပေါက်ကွဲ ၈ ခုခန့် ဖြစ်ပွားခဲ့သောကြောင့် လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာနှင့် အချင်းဝက် ၃ ကီလိုမီတာအတွင်းရှိ ဒေသခံများအား အရေးပေါ် ပြောင်းရွှေ့မှုများ ပြုလုပ်ပေးခဲ့ရသည်။ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုအတွင်း အနည်းဆုံး လူပေါင်း ၈၅ ဦးခန့် သေဆုံးခဲ့သည်။

    ယီမင်အစိုးရတပ်ဖွဲ့များ ပြည်နယ်တစ်ခုကို ပြန်သိမ်းနိုင်
    ………………………………….
    အဝေးရောက် ယီမင်အစိုးရအား ထောက်ခံသည့် တပ်ဖွဲ့များမှာ ယနေ့တွင် နိုင်ငံတောင်ပိုင်းရှိ ရှဘ်ဝါ ပြည်နယ်ကို သီသူပုန်များလက်ထဲမှ ပြန်လည်သိမ်းယူနိုင်ခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါပြည်နယ်အား ဟူသီသူပုန်များက ပြီးခဲ့သည့်နှစ်တွင် သိမ်းယူခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် မတ်လတွင် မြို့တော်ဆန်နာကို သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ရှဘ်ဝါပြည်နယ်ကို သိမ်းယူနိုင်ခဲ့ခြင်းမှာ ယီမင်အစိုးရအား ထောက်ခံသည့်တပ်ဖွဲ့များက ဟူသီသူပုန်များလက်မှ ပြန်သိမ်းနိုင်ခဲ့သည့် ပဉ္စမမြောက်ပြည်နယ်လည်း ဖြစ်သည်။

    Ref: News Agencies

  • မြန်မာနိုင်ငံဖြတ်ကျော်စစ်ဆင်ရေးတွင် ပါဝင်သည့် ကွန်မန်ဒိုများကို အိန္ဒိယက သူရဘွဲ့များ ချီးမြှင့်

    မြန်မာနိုင်ငံဖြတ်ကျော်စစ်ဆင်ရေးတွင် ပါဝင်သည့် ကွန်မန်ဒိုများကို အိန္ဒိယက သူရဘွဲ့များ ချီးမြှင့်

    သြဂုတ် ၁၅၊ ၂၀၁၅
    M-Media

    india
    ဒုတိယဗိုလ်မှူးကြီး နက်တာ ဆန်ဂျန်ဘန်

    – ဇွန်လ ၉ ရက်နေ့က မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ကာ သူပုန်များအား ချေမှုန်းခဲ့သည့် ကွန်မန်ဒိုများကို ၆၉ နှစ်မြောက် လွတ်လပ်ရေးအကြိုနေ့တွင် အိန္ဒိယက သူရဘွဲ့များနှင့် ဂုဏ်ထူးဆောင်ဘွဲ့ ၇ ခု ချီးမြှင့်ခဲ့သည်ဟု သိရသည်။

    အဆိုပါ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် ဒုတိယဗိုလ်မှူးကြီး နက်တာ ဆန်ဂျန်ဘန်မှာ ငြိမ်းချမ်းသည့်အချိန်တွင် ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုဆုများထဲမှ ဒုတိယအမြင့်ဆုံးဖြစ်သော Kirti Chakra ဆုကို ရရှိခဲ့ပြီး၊ ဟာဗီလ်ဒါ တန်ကာ ကူးမားရ် လင်ဘူမှာလည်း တတိယအမြင့်ဆုံးဖြစ်သော Shaurya Chakra ဘွဲ့ကို ရရှိခဲ့သည်။ လေထီးတပ်မှ ကွန်မန်ဒို ၅ ဦးမှာ Sena Medal ဆုတံဆိပ်များကို ရရှိခဲ့သည်။

    မနီပူးရ်ရှိ ချန်ဒဲလ် ခရိုင်တွင် ဇွန်လ ၄ ရက်နေ့က သူပုန်များ၏ တိုက်ခိုက်မှုများကြောင့် စစ်သား ၁၈ ဦး သေဆုံးခဲ့ပြီးနောက် အိန္ဒိယ လေထီးတပ်သားများမှာ မနီပူးရ်နှင့် နာဂလန်းပြည်နယ်များကို ဖြတ်၍ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ကာ သူပုန်စခန်းနှစ်ခုကို စီးနင်းချေမှုန်းခဲ့သည်။ သူပုန်များ၏ ထိုတိုက်ခိုက်မှုမှာ နှစ်ပေါင်း ၂၀ အတွင်း အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့များအပေါ် အဆိုးဝါးဆုံး တိုက်ခိုက်မှုလည်း ဖြစ်ခဲ့သည်။

    ၎င်းတို့အပြင် နိုင်ငံအတွက် စွန့်လွှတ်စွန့်စား တာဝန်ထမ်းဆောင်ခဲ့ကြသော ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့မှ တပ်သားများကိုလည်း အိန္ဒိယက သူရဘွဲ့နှင့် အခြားသော ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ခဲ့သည်။

    Ref: hindustantimes

  • မိမိအား ထောင်ချမည်ဟု ပလာတီနီက တစ်ဆင့်ခံခြိမ်းခြောက်ခဲ့ကြောင်း ဘလတ္ထာပြော

    မိမိအား ထောင်ချမည်ဟု ပလာတီနီက တစ်ဆင့်ခံခြိမ်းခြောက်ခဲ့ကြောင်း ဘလတ္ထာပြော

    သြဂုတ် ၁၅၊ ၂၀၁၅
    M-Media

    fifa

    – ဖီဖာဥက္ကဌရာထူးမှ ဆင်းမပေးပါက မိမိမှာ အကျဉ်းထောင်တွင် အဆုံးသတ်သွားမည်ဟု ညီဖြစ်သူအား ပလာတီနီက ခြိမ်းခြောက်ခဲ့သည်ဟု ဆပ်ဘလတ္တာက ပြောကြားလိုက်သည်။

    မေလတွင်ပြုလုပ်ခဲ့သည့် ဥက္ကဌရွေးကောက်ပွဲတွင် ၅ ကြိမ်ဆက် ပြန်လည်အရွေးခံခဲ့ရသည့် ဘလတ္တာမှာ ဖီဖာအတွင်း လာဘ်စားမှု အရှုပ်တော်ပုံများကြောင့် ရက်အနည်းငယ်အကြာတွင်ပင် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ကြေညာခဲ့သည်။

    ဖီဖာဥက္ကဌ ရွေးကောက်ပွဲကို လာမည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီတွင် ကျင်းပရန် စီစဉ်ထားပြီး ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီမှာ ဘလတ္တာ၏နေရာကို အစားထိုးမည့်သူအဖြစ် ရေပန်းစားနေသည်။

    သို့သော်လည်း ဘလတ္တာကမူ ပလာတီနီမှာ မေလရွေးကောက်ပွဲမပြုလုပ်ခင် ၂ ရက်အရင်က မိမိ၏ ညီဖြစ်သူကို ခြိမ်းခြောက်ခြင်းအားဖြင့် နောက်ကွယ်မှ ခြေထိုးခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ပလာတီနီက ကျွန်တော့်ရဲ့ ညီနဲ့ တစ်စားပွဲတည်းထိုင်ပြီး နေ့လယ်စာ စားခဲ့ပါတယ်။ ပြီးတော့ သူ (ပလာတီနီ) က “ရွေးကောက်ပွဲမတိုင်ခင် ဘလတ္တာဟာ နှုတ်ကို နှုတ်ထွက်ရလိမ့်မယ်။ ဒါမှမဟုတ်ရင် ထောင်ထဲသွားရလိမ့်မယ်” လို့ ပြောခဲ့ပါတယ်” ဟု ဘလတ္တာက De Volksdrant သတင်းစာသို့ ပြောကြားခဲ့သည်။

    အမည်မဖော်လိုသူ မျက်မြင်သက်သေတစ်ယောက်ကမူ ပလာတီနီ၏ ထိုမှတ်ချက်အတွက် ဘလတ္တာ၏ ညီဖြစ်သူမှာ မျက်ရည်များပင် ကျခဲ့သည်ဟု အဆိုပါ သတင်းစာသို့ ပြောကြားခဲ့သည်။ သို့သော်လည်း ဘလတ္တာမှာ မည်သည့် ရာဇ၀တ်မှုစွဲချက်မှ ရင်မဆိုင်ရသောကြောင့် ပလာတီနီ၏ ထိုစကားမှာလည်း မှန်ကန်ခဲ့ခြင်းမရှိချေ။

    ပလာတီနီကမူ ဘလတ္တာ၏ ထိုသို့ပြောဆိုမှုအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး ယူအီးအက်ဖ်နှင့် နီးစပ်သည့် ရင်းမြစ်က “ဒါဟာ ဖီဖာရင်ဆိုင်နေရတဲ့ တကယ့်ပြဿနာတွေကနေ ကမ္ဘာကြီးကို လမ်းကြောင်းပြောင်းဖို့ ဇူးရစ်ခ်ျက ဆက်တိုက်ကြိုးပမ်းမှုတွေထဲကနေ နောက်ဆုံးပေါ်ထွက်လာတဲ့ ဇာတ်လမ်းမှားတစ်ခုပါပဲ။ ဒီ အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်တွေကို မဖြေရှင်းဖို့ပဲ ယူအီးအက်ဖ်အေဥက္ကဌက ရွေးချယ်ခဲ့ပါတယ်။ ပလာတီနီဟာ အခုလက်ရှိမှာ ဖီဖာရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာ သန့်ရှင်းရေး ကူညီပေးဖို့ အစီအစဉ်တစ်ခုကို ပြင်ဆင်နေပါတယ်”

    Ref: Goal