News @ M-Media

Author: Ko Lay

  • တစ်ပတ် နာရီလ ၄၀ ထက်ပို၍ အလုပ်လုပ်သည့် အမျိုးသမီးများ ကိုယ်ဝန်ရချိန် ပိုကြာနိုင်

    တစ်ပတ် နာရီလ ၄၀ ထက်ပို၍ အလုပ်လုပ်သည့် အမျိုးသမီးများ ကိုယ်ဝန်ရချိန် ပိုကြာနိုင်

    သြဂုတ် ၁၄၊ ၂၀၁၅
    M-Media

    prg

    – တစ်ပတ်လျှင် နာရီ ၄၀ ကျော် အလုပ်လုပ်သည့်အမျိုးသမီးများ သို့မဟုတ် နေ့စဉ် လေးလံသော အရာများကို မ, သူများမှာ ထိုကဲ့သို့ မလုပ်သော အမျိုးသမီးများထက် ကိုယ်ဝန်ရရန် အချိန်တော်ကြာ စောင့်ရနိုင်သည်ဟု အမေရိကန်ရှိ လေ့လာမှုများအရ သိရသည်။

    သုတေသနပညာရှင်များက ကိုယ်ဝန်ရရန် ကြိုးစားကြသည့် သူနာပြု ၁၇၃၉ ဦးကို ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း လေ့လာခဲ့ပြီး ၎င်းတို့ထဲမှ ၁၆ ရာခိုင်နှုန်းမှာ တစ်နှစ်တာကာလအတွင်း ၎င်းတို့၏ ထိုရည်ရွယ်ချက် ပြည့်မီခြင်းမရှိဘဲ၊ ၅ ရာခိုင်နှုန်းမှာ ၂ နှစ်ကျော်မှ ကိုယ်ဝန်ရခဲ့သည်ကို တွေ့ခဲ့ရသည်။

    တစ်ပတ်လျှင် နာရီ ၄၀ ထက်ပို၍ အလုပ်လုပ်သည့် အမျိုးသမီးများမှာ တစ်ပတ်လျှင် ၂၁ နာရီမှ နာရီ ၄၀ အထိ အလုပ်လုပ်သော အမျိုးသမီးများထက် ကိုယ်ဝန်ရချိန် ၂၀ ရာခိုင်နှုန်း ပိုကြာလေ့ရှိသည်။ ထို့ပြင် တစ်နေ့လျှင် အနည်းဆုံး အလေးချိန် ၂၅ ပေါင်ကို အကြိမ်များစွာ မ,ခြင်းကလည်း ကိုယ်ဝန်ရရှိရန် အချိန်ပိုကြာနိုင်ပြီး ထိုသို့ မလုပ်သော အမျိုးသမီးများထက် ၅၀ ရာခိုင်နှုန်းအထိ ပိုကြာနိုင်သည်။

    “ရုပ်ပိုင်းဆိုင်ရာ အားစိုက်တာနဲ့ အချိန်ကြာကြာ အလုပ်လုပ်တာတွေလိုမျိုး ပြင်းပြင်းထန်ထန် အလုပ်လုပ်တာတွေဟာ အမျိုးသမီး သူနာပြုတွေရဲ့ ကိုယ်ဝန်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်အပေါ်မှာ ဆိုးကျိုးတွေရှိနေတယ်ဆိုတာ ကျွန်တော်တို့ ရရှိတဲ့ ရလဒ်တွေက ပြသနေပါတယ်” ဟု လေ့လာမှုမှ ခေါင်းဆောင်ဖြစ်သူ အော်ဒရေး ဂက်စ်ကင်က ပြောကြားခဲ့သည်။

    ကျန်းမာရေးကောင်းမွန်သည့် ဇနီးမောင်နှံများမှာ ၃ ပတ်မှ ၆ လအတွင်း ကိုယ်ဝန်ရရှိနိုင်သော်လည်း အသက်ကြီးသူများ သို့မဟုတ် အချို့သော ဆေးဘက်ဆိုင်ရာ အခြေအနေများကြောင့် မျိုးပွားခြင်းဆိုင်ရာ ထိခိုက်မှုရှိထားသူများ သို့မဟုတ် ဆေးလိပ်သောက်သူများနှင့် အရက်အလွန်အကျွံသောက်သူများတွင်မူ ကိုယ်ဝန်ရရန် အချိန်ပိုကြာနိုင်သည်။

    Ref: Channelnewsasia

  • မော်ရင်ဟိုအား လက်ဆွဲနှုတ်ဆက်မည်ဟု ပယ်လီဂရီနီပြော

    မော်ရင်ဟိုအား လက်ဆွဲနှုတ်ဆက်မည်ဟု ပယ်လီဂရီနီပြော

    သြဂုတ် ၁၅၊ ၂၀၁၅
    M-Media

    man

    – မော်ရင်ဟိုနှင့်ပတ်သက်၍ မိမိတွင် မည်သည့် အာဃာတမှမရှိဘဲ တနင်္ဂနွေနေ့တွင် ကစားမည့် ပရီးမီးယားလိဂ်ပွဲတွင်လည်း မော်ရင်ဟိုအား လက်ဆွဲနှုတ်ဆက်သွားမည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် မန်စီးတီးအသင်းအား ချယ်ဆီးက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ပယ်လီဂရီနီမှာ မော်ရင်ဟိုကို လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆိုခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး၏ ကြားထဲတွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    သို့သော်လည်း ပယ်လီဂရီနီကမူ အီတီဟတ်တွင်ကစားမည့် ယခုတစ်ပတ်ပွဲတွင် ထိုကဲ့သို့ ပြုလုပ်မည်မဟုတ်ဟု ဆိုသည်။

    “သူနဲ့ ကျွန်တော်ဟာ သဘောထားခြင်း တော်တော်လေးခြားနားပါတယ်။ ဒါပေမယ့် အမြဲတမ်း ကျွန်တော် သူ့ကို လက်ဆွဲနှုတ်ဆက်ပါတယ်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

    မန်စီးတီးတွင် အားထားရသည့် တိုက်စစ်မှူး ဆာဂျီယိုအဂူရိုမှာ ထိုပွဲတွင် ပြန်ပါဝင်နိုင်ဖွယ်ရှိနေပြီး ပယ်လီဂရီနီကမူ အဂူရိုမှာ တစ်ပတ်လုံး မည်သည့်ပြဿနာမှမရှိဘဲ အလုပ်လုပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    “သူ ရာနှုန်းပြည့်တော့ မကြံ့ခိုင်သေးပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ရှည်လျားတဲ့ ရာသီကြိုမှာ ပိုကောင်းအောင် လုပ်ခဲ့တာကြောင့်ပါပဲ။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီး ဆာဂျီယိုကလည်း ဘာပြဿနာမှ မရှိပါဘူး”

    Ref: Goal

  • ကျူးဘားရှိ အမေရိကန်သံရုံး အလံတင်အခမ်းအနားတွင် နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီးများ အပြန်အလှန်ထေ့ငေါ့ကြ

    ကျူးဘားရှိ အမေရိကန်သံရုံး အလံတင်အခမ်းအနားတွင် နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီးများ အပြန်အလှန်ထေ့ငေါ့ကြ

    သြဂုတ် ၁၅၊ ၂၀၁၅
    M-Media

    us

    – ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားရှိ အမေရိကန်သံရုံးတွင် အလံတင်အခမ်းအနား ပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများမှာ အပြန်အလှန် ထေ့ငေါ့ပြောဆိုခဲ့ကြသည်ဟု သိရသည်။

    အဆိုပါ အလံတင်ပွဲအခမ်းနားကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဦးဆောင်ခဲ့ပြီး နှစ်ပေါင်း ၇၀ အတွင်း ကျူးဘားသို့ ရောက်ရှိလာသည့် ပထမဆုံး အမေရိကန် ထိပ်တန်း သံတမန်တစ်ဦးလည်း ဖြစ်ခဲ့သည်။

    ကျူးဘားတွင် ကွန်မြူနီပါတီသာ တရားဝင်နိုင်ငံရေးပါတီဖြစ်ပြီး၊ မီဒီယာများကိုလည်း ထိန်းချုပ်ထားကာ၊ နိုင်ငံရေး သဘောထားကွဲလွဲသူများကိုလည်း ဖိနှိပ်ချုပ်ချယ်ထားသည်။ ဂျွန်ကယ်ရီကမူ ကျူးဘားမှာ မိမိတို့၏ ခေါင်းဆောင်ကို လွတ်လပ်စွာ ရွေးချယ်နိုင်သော စစ်မှန်သည့် ဒီမိုကရေစီဖြင့် ပြည်သူများအား အကောင်းဆုံး အလုပ်အကျွေးပြုသည့် နိုင်ငံဖြစ်လာမည်ဟု မိမိတို့အမေရိကန်အနေဖြင့် ဆက်လက်ယုံကြည်သည်ဟု ဆိုသည်။

    “ကုလနဲ့ နိုင်ငံတကာ-အမေရိကန် လူ့အခွင့်အရေး သဘောတူညီချက်တွေအောက်က တာဝန်ဝတ္တရားတွေကို ကျူးဘားအစိုးရက ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ ဆက်လက် တိုက်တွန်းသွားမှာပါ။ ပြီးတော့ အမေရိကန်ပြည်ထောင်စုနဲ့ အမေရိကတိုက်အတွင်းမှာရှိတဲ့ အခြားနိုင်ငံတိုင်းက မျှဝေတဲ့ တာဝန်ဝတ္တရားတွေလဲ ပါတာပေါ့” ဟု ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။

    ဂျွန်ကယ်ရီနှင့် ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရော်ဒရီဂက်စ်တို့ ပူးပေါင်းပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရော်ဒရီဂက်စ်က ၎င်းတို့အစိုးရကို ကာကွယ်ခဲ့ပြီး လူမျိုးရေး ပြဿနာများနှင့် ရဲတပ်ဖွဲ့၏ ရက်စက်မှုများကို ရည်ညွန်းကာ အမရိကန်၏ လူ့အခွင့်အရေး မှတ်တမ်းများကို ဝေဖန်ခဲ့သည်။

    “ကျူးဘားဟာ လူမျိုးရေးခွဲခြားဆက်ဆံမှု လုပ်ရပ်မျိုး ဒါမှမဟုတ် လူတွေသေရတဲ့အထိ ရဲတပ်ဖွဲ့က ရက်စက်မှုမျိုးရှိတဲ့ နေရာ မဟုတ်ပါဘူး။ ပြီးတော့ လူတွေကို နှိပ်စက်ပြီး ဥပဒေအရ သေချာမှုမရှိဘဲနဲ့ ထိန်းသိမ်းထားတဲ့ ပိုင်နက်မျိုးလည်း ကျူးဘားရဲ့ တရားစီရင်ရေးအောက်မှာ မရှိပါဘူး” ဟု ရော်ဒရီဂက်စ်က ပြောကြားခဲ့သည်။

    ထို့ပြင် ဂွာတာနာမို ပင်လယ်အော်ရှိ အမေရိကန်ရေတပ်စခန်းကို ပြန်ဆုတ်ပေးရန် ကျူးဘား၏သဘောထားကို ရော်ဒရီဂက်စ်က ထပ်မံပြောကြားခဲ့ပြီး ဂျွန်ကယ်ရီကမူ ထိုပြဿနာမှာ မဆွေးနွေးရသေးဟု ဖြေကြားခဲ့သည်။

    နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် သံအဖွဲ့များကို လာမည့်စက်တင်ဘာတွင် တွေ့ဆုံစေမည်ဟု ၎င်းတို့နှစ်ဦစလုံးက ပြောကြားခဲ့သည်။ ၁၉၅၉ ခုနှစ် ကျူးဘားတော်လှန်ရေးပြီးနောက်ပိုင်း ကျူးဘားနှင့် အမေရိကန်တို့၏ သံတမန်ဆက်ဆံရေးမှာ ဆိုးရွားလာခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • ဘာကာ၏ ဘီဘာအိုအရှုံးအတွက် နည်းပြအန်းရစ် တာဝန်ယူ

    ဘာကာ၏ ဘီဘာအိုအရှုံးအတွက် နည်းပြအန်းရစ် တာဝန်ယူ

    သြဂုတ် ၁၅၊ ၂၀၁၅
    M-Media

    eng

    – ယနေ့မနက်က ကစားခဲ့သည့် ဘီဘာအိုနှင့်ပွဲတွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရမှုအတွက် မိမိသာလျှင် အပြစ်တင်ခံထိုက်သည်ဟု ဘာစီလိုနာနည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။

    ဥရောပစူပါဖလား ဆီးဗီးလားနှင့်ပွဲတွင် အချိန်ပို၌ အနိုင်ရရှိခဲ့သည့် ဘာစီလိုနာမှာ စပိန်စူပါဖလား ပထမအကျော့အဖြစ် ယှဉ်ပြိုင်ကစားသည့် ဘီဘာအိုနှင့်ပွဲတွင် ကစားသမားများကို အပြောင်းအလဲလုပ်ခဲ့ပြီး ၄ ဂိုး ပြတ်ဖြင့် ရှုံးနိမ်ခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်တို့မှာ ကြားနားရက်က ၃ ရက်သာရှိတာကြောင့် အပြောင်းအလဲအများကြီး လုပ်ခဲ့ရပါတယ်။ ဒီအရှုံးအတွက် ကျွန်တော် တာဝန်ယူပါတယ်။ အချိန်ဇယားက ကျွန်တော်တို့အတွက် ခက်ခဲပြီး ကျွန်တော်တို့က ဂျော်ဂျီယာ ပြန်ရောက်တာ မကြာသေးပါဘူး။ ဒါပေမယ့် ဒီအချိန်က ဆင်ခြေပေးရမယ့်အချိန် မဟုတ်ပါဘူး။ ပြက္ခဒိန်က ဘယ်လိုလဲ။ အဲလိုပဲ သွားရမှာပါ” ဟု အန်းရစ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထိုပွဲတွင် ဘီဘာအိုမှ အန်ဒူရစ်ဇ်က ဟက်ထရစ်သွင်းယူခဲ့ပြီး အန်းရစ်ကမူ ဘီဘာအိုအား ချီးကျူးခဲ့သည်။ သို့သော်လည်း လာမည့်တစ်ပတ် နျူးကမ့်တွင်ကစားမည့် ဒုတိယအကျော့တွင် အလှည့်အပြောင်းဖြစ်နိုင်ရန် မျှော်လင့်နေသည်။

    “အက်သလက်တစ် (ဘီဘာအို)နဲ့ပွဲဟာ ဘယ်တုန်းကမှ မလွယ်ပါဘူး။ သူတို့ကို ချီးကျူးပါတယ်။ ဒါပေမယ့် တနင်္လာနေ့ကတော့ နောက်ထပ် ၀န်းကျင်တစ်ခု ဖြစ်မှာပါ။ ပြန်နိုင်ဖို့ဖြစ်မလားဆိုရင်တော့ ပထမပိုင်းလောက်မှာပါပဲ။ အလှည့်အပြောင်းလုပ်နိုင်တဲ့ အသင်းဆိုတာရှိရင် ဒါဟာ ဘာကာပါပဲ”

    Ref : Goal

  • ရာသီတုပြောင်းလဲမှုကြောင့် စားနပ်ရိက္ခာပြတ်လတ်မှု တိုးလာမည်

    ရာသီတုပြောင်းလဲမှုကြောင့် စားနပ်ရိက္ခာပြတ်လတ်မှု တိုးလာမည်

    သြဂုတ် ၁၅၊ ၂၀၁၅
    M-Media

    clm

    – ကမ္ဘာ့တစ်ဝှမ်းတွင် စားနပ်ရိက္ခာပြတ်လတ်မှုများမှာ ရာသီဥတုပြောင်းလဲမှု၏ ရလဒ်ကြောင့် ၃ ဆ တိုးလာမည်ဟု အမေရိကန်-ဗြိတိန် ပူးပေါင်းလုပ်ငန်းအဖွဲ့က ပြောကြားလိုက်ပြီး၊ အနာဂတ်တွင် ဈေးနှုန်းများ တက်လာနိုင်မည့် အလားအလာအား တုံ့ပြန်ရန်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက အဆင်သင့်ရှိနေရန်လည်း သတိပေးခဲ့သည်။

    ရိက္ခာပြတ်လပ်မှုများ၊ ဈေးကွက် မတည်ငြိမ်မှုများနှင့် ဈေးနှုန်းတက်မှုများမှာ ၂၀၄၀ အရောက်တွင် နှစ် ၃၀ တိုင်း အဆပေါင်းများစွာ မြင့်မားမည့် အလားအလာရှိနေသည်ဟု အဆိုပါ လုပ်ငန်းအဖွဲ့၏ ရာသီဥတု ဆိုးဝါးမှုနှင့် ကမ္ဘာလုံးဆိုင်ရာ အစားသောက်စနစ်ခံနိုင်ရေးအဖွဲ့က ပြောကြားခဲ့သည်။

    လက်ရှိတွင် ကမ္ဘာ့လူဦးရေ ၇.၃ ဘီလီယံ ရှိနေရာမှ ၂၀၅၀ အရောက်တွင် ၉ ဘီလီယံအထိ ရှိလာမည်ဟု တွက်ချက်ထားမှုနှင့်အတူ အစားအသောက်ထုတ်လုပ်မှုမှာလည်း ၆၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ရန် လိုအပ်မည်ဖြစ်ပြီး ရာသီဥတုနှင့်ဆက်စပ်ကာ ဈေးကွက်ဖရိုဖရဲဖြစ်မှုမှာလည်း လူမှုရေး မတည်ငြိမ်မှုဆီသို့ ဦးတည်သွားနိုင်သည်ဟု ယမန်နေ့တွင် ထိုအဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာ၌ ထည့်သွင်းပြောကြားခဲ့သည်။

    “ရာသီဥတုက ပြောင်းလဲနေပြီး၊ မိုးလေ၀သ စံချိန်တွေကလည်း တစ်ချိန်လုံး ကျိုးပျက်နေပါတယ်။ အန္တရာယ်တွေက မြင့်တက်လာနေပြီး မကြုံစဖူး အနေအထားနဲ့ ပမာဏကို ဖြစ်သွားစေနိုင်ပါတယ်” ဟု ဘဘာဝပတ်ဝန်းကျင် ပြောင်းလဲခြင်းဆိုင်ရာ ဗြိတိန်ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ် ဒေးဗစ်ကင်းက ပြောကြားခဲ့သည်။

    ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နည်းပညာအသစ်များက ကမ္ဘာ့စားနပ်ရိက္ခာစနစ်ကို ပိုမို လွယ်ကူစေမည်ဖြစ်သော်လည်း အန္တရာယ်များကို ခုခံနိုင်မှုမှာ နည်းလိမ့်မည်ဟုလည်း ကင်းက ထည့်သွင်းပြောကြားခဲ့သည်။

    အဓိကအန္တရာယ်များမှာ အချို့မှာ ရေနံဈေးနှုန်းတက်ခြင်းကြောင့် အစားအသောက်များ၏ ကုန်ကျစားရိတ်ကို မြင့်မားစေခြင်း၊ အခြေခံအဆောက်အဦး အားနည်းမှုကြောင့် ဘရာဇီးလ်၊ အမေရိကန် သို့မဟုတ် ပင်လယ်နက်ဒေသများတွင် ပြည်ပမှတင်သွင်းမှု ပမာဏလျော့ခြင်းနှင့် အမေရိကန်ဒေါ်လာတန်ဖိုး လျော့ကျနိုင်ဖွယ်ရှိခြင်းက ဒေါ်လာဖြင့် ချိတ်ဆက်ထားသော ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို မြင့်တက်စေခြင်းတို့လည်း ပါဝင်သည်။

    ကမ္ဘာပေါ်ရှိ အဓိက ကောက်ပဲသီးနှံ လေးမျိုးဖြစ်သော ပြောင်းဖူး၊ ပဲ၊ ဂျုံနှင့် ဆန်တို့မှ အများစုကို ထုတ်လုပ်ပေးနေသည့် မြောက်အမေရိက၊ တောင်အမေရိကနှင့် အာရှတို့မှာ ဆိုးဝါးသော မိုးလေ၀အခြေအနေများကို ခံစားရဆုံး ဒေသများဖြစ်သည်ဟုလည်း အဆိုပါအစီရင်ခံစာတွင် ဖြော်ပခဲ့သည်။

    Ref: Aljazeera