News @ M-Media

Author: Ko Lay

  • နှစ်ပေါင်း ၄၀၀ ကျော်က ကုရ်အာန်ကျမ်းတော်မြတ်တစ်အုပ် အိန္ဒိယတွင် တွေ့ရှိ

    နှစ်ပေါင်း ၄၀၀ ကျော်က ကုရ်အာန်ကျမ်းတော်မြတ်တစ်အုပ် အိန္ဒိယတွင် တွေ့ရှိ

    သြဂုတ် ၁၅၊ ၂၀၁၅
    M-Media

    koran

    – ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံးထဲမှ တစ်ခုဟု ယူဆနိုင်သည့် ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်ကို အိန္ဒိယနိုင်ငံ အနောက်ပိုင်း ကာရ်နာတာကာပြည်နယ်တွင် ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်ဟု သိရသည်။

    အဆိုပါကုရ်အာန်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀ ကျော်က အိန္ဒိယကို အုပ်ချုပ်ခဲ့သော မဂိုဘုရင် အက္ကဘာရ်၏ လက်ထက်က ဖြစ်နိုင်မည်ဟု ခန့်မှန်းကြသည်။

    “ဒါဟာ အဲဒီကာလတုန်းက သူတော်စဉ်တွေနဲ့ သက်ဆိုင်တယ် ဆိုတာကလွဲလို့ သတင်းအချက်အလက် မရသေးပါဘူး။ အိန္ဒိယက ကုရ်အာန်ကျမ်းတော်မြတ်တွေကို ကျွန်တော် မြင်ဖူးပေမယ့် ဒီလောက် သက်တမ်းရင့်တာမျိုးကိုတော့ ကျွန်တော် မမြင်ဖူးပါဘူး” ဟု သမိုင်းဆိုင်ရာ ပါမောက္ခဖြစ်သူ ရှိခ်အလီက The Hindu သတင်းစာသို့ သြဂုတ်လ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

    နှစ်ပေါင်း ၄၁၀ ကြာမြင့်နေပြီဖြစ်ပြီး အိန္ဒိယတွင် သက်တမ်းအရင့်ဆုံးဖြစ်မည်ဟု ယုံကြည်ရသည့် အဆိုပါ ကုရ်အာန်ကို ကာရ်နာတာကာပြည်နယ် မိုင်ဆူရူခရိုင်တွင် ရဲတပ်ဖွဲ့က သိမ်းယူရရှိခဲ့ခြင်းဖြစ်သည်။

    ဟိုက်ဒရာဘတ်ရှိ အမည်မသိသူတစ်ဦးထံမှာ ဂိုဏ်းတစ်ခုက အဆိုပါကုရ်အာန်ကို ၀ယ်ယူထားခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၇၇၆၇၅၄ ဖြင့် ရောင်းချရန် ဆန္ဒရှိနေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    “ဗီဒီယိုတွေကို မျှဝေပြီး သူတို့ဟာ ဒီတန်ဖိုးရှိတဲ့စာအုပ်ကို ရောင်းဖို့ ကြိုးစားနေတယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ရပါတယ်။ ရဲအဖွဲ့တစ်ခုက ၀ယ်ယူမယ့်သူတွေအဖြစ် သူတို့ဆီကို ချဉ်းကပ်ခဲ့ကြပါတယ်” ဟု မိုင်ဆူရူ ခရိုင်မှ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သူ အဘ်ဟီနဗ် ခါရီက ပြောကြားခဲ့သည်။

    စာမျက်နှာ ၆၀၄ မျက်နှာပါသည့် အဆိုပါကုရ်အာန်ကျမ်းတော်မြတ်မှာ “အနုပညာလက်ရာ” တစ်ခုဖြစ်သည်ဟု သမိုင်းပညာရှင်များက ဖော်ပြခဲ့ကြသည်။

    “အဲဒါဟာ ဟစ်ဂျရီသက္ကရာစ် ၁၀၅၀ လောက်မှာ ရေးသားထားတာပါ။ ဒါဆို အေဒီ ၁၀၆၅ လောက်အချိန်ပါပဲ။ ဒီအချိန်ဟာ အိန္ဒိယမှာ မဂိုအုပ်ချုပ်မှု ထိပ်ဆုံးရောက်ရှိနေတဲ့ အချိန် တစ်ဝိုက်လောက်ဖြစ်ပြီး အက္ကဘာရ်ဘုရင်က ဂျီဟန်ဂီရ်ဘုရင်ရဲ့ အရိုက်အရာကို ဆက်ခံတဲ့ အချိန်ပါပဲ” ဟု ပါမောက္ခအလီက ထည့်သွင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့်လကလည်း ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကုရ်အာန်ကျမ်းတော်မြတ်ဟု ယူဆရသည့် အပိုင်းအစများကို အင်္ဂလန်ရှိ ဘာမင်ဂမ်တက္ကသိုလ်တွင် တွေ့ရှိခဲ့ရပြီး အဆိုပါ လက်ရေးမူများမှာ တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုသက်ရောက်ပါစေ) ၏ လက်ထက် လွန်ခဲ့သည့် နှစ်ပေါင်း ၁၃၇၀ ခန့်က ဖြစ်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

    သို့သော်လည်း တစ်ပတ်ကြာပြီးနောက် ဆော်ဒီရှိပညာရှင်များကမူ ဘာမင်ဂမ်တွင်တွေ့ရှိခဲ့သည့် အဆိုပါ ကုရ်အာန်ကျမ်းတော်မြတ်မှာ သက်တမ်းအရင့်ဆုံးမဟုတ်ဘဲ မုဟမ္မဒ်သခင်၏ ကာလတွင် ရေးသားထားသည်ဆိုသည့် ပြောကြားချက်များကိုလည်း ငြင်းဆိုခဲ့သည်။

    Ref: Onislam

  • နိုင်ငံတကာသတင်းတို

    သြဂုတ် ၁၄၊ ၂၀၁၅
    M-Media

    ကက်ရှ်မီးယားအရေး ငြိမ်းချမ်းစွာဖြေရှင်းရန် ပါကစ္စတန်က အိန္ဒိယကို ကမ်းလှမ်း
    …………………………………
    ပိုင်နက်အငြင်းပွားမှုများရှိနေသော ကက်ရှ်မီးယားဒေသကိစ္စအား ဖြေရှင်းရေးအတွက် နှစ်နိုင်ငံ ဆွေးနွေးမှုများပြုလုပ်ရန် ပါကစ္စတန်သမ္မတ မန်မွန်ဟူစိန်က အိန္ဒိယသို့ ထပ်မံကမ်းလှမ်းခဲ့သည်။ ယနေ့တွင်ကျရောက်သည့် လွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ဟူစိန်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပါကစ္စတန်အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ယုံကြည်သည်ဟုလည်း ဆိုသည်။ ၎င်းတို့ နှစ်နိုင်ငံမှာ ၁၉၄၇ ခုနှစ် အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှုအတွက် ၂
    ကြိမ်တိုင်တိုင် စစ်ဖြစ်ပွားခဲ့သည်။

    ကျူးဘားရှိ အမေရိကန်သံရုံး ပြန်ဖွင့်
    …………………………….
    နှစ်ပေါင်း ၅၄ နှစ် ကြာပြီးနောက် ကျူဘားနိုင်ငံ မြို့တော်ဟာဗားနားရှိ အမေရိကန်သံရုံးကို ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အမေရိကန်အလံလွှင့်တင်ခဲ့ကာ ဖွင့်ပွဲသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့်အတူ ၁၉၆၁ ခုနှစ်က သံရုံးရှိ အမေရိကန်အလံကို ချခဲ့သော မရိန်းတပ်ဖွဲ့မှ အငြိမ်းစား တပ်ဖွဲ့ဝင် ၃ ဦး တက်ရောက်ခဲ့သည်။ ဂျွန်ကယ်ရီကမူ ကျူးဘားအား စစ်မှန်သည့် ဒီမိုကရေစီရရှိရေး ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး မိမိတို့အနေဖြင့် ကျူးဘား ပြုပြင်ပြောင်းလဲရေးအတွက် ဖိအားပေးမှုကို
    ရပ်တန့်သွားမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: News Agencies

  • ဒုတိယကမ္ဘာစစ်ကိစ္စများအတွက် အလွန်အမင်းနောင်တရမိသည်ဟု ဂျပန်ပြော

    ဒုတိယကမ္ဘာစစ်ကိစ္စများအတွက် အလွန်အမင်းနောင်တရမိသည်ဟု ဂျပန်ပြော

    သြဂုတ် ၁၄၊ ၂၀၁၅
    M-Media

    japan

    – ဒုတိယကမ္ဘာစစ်အတွင်း မိမိတို့တိုင်းပြည်၏ ကျူးကျော်မှုများအတွက် “အလွန်အမင်း နောင်တရမိပြီး” စစ်ပွဲ၏ ပျက်ဆီးဆုံးရှုံးမှုများကို မည်သည့်အခါမှ ထပ်မံမဖြစ်ပွားရန် သန္ဓိဌာန်ပြုသည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယနေ့တွင် ပြောကြားလိုက်သည်။

    “နိုင်ငံအတွင်းမှာရော၊ နိုင်ငံအပြင်မှာရော သေဆုံးခဲ့သူတွေအားလုံးရဲ့ ၀ိဥာဉ်တွေရဲ့ရှေ့မှာ ကျွန်တော် နှစ်နှစ်ကာကာနဲ့ ဦးညွှတ်ပါတယ်။ ကျွန်တော် အလွန်အမင်းနောင်တရမိပြီး ထပ်တူထပ်မျှ ၀မ်းနည်းကြေတယ်လို့လည်း ပြောချင်ပါတယ်” ဟု ဂျပန်က လက်နက်ချကာ ဒုတိကမ္ဘာစစ်ပြီးဆုံးသည့် နှစ် ၇၀ ပြည့်အဖြစ် ယနေ့တွင် ပြုလုပ်သော အခမ်းအနားတွင် အာဘေးက ပြောကြားခဲ့သည်။

    အာရှပစိဖိတ်ဒေသတွင် ဂျပန်စစ်တပ်က အမျိုးသမီးထောင်ပေါင်းများစွာအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့မှုများအပါအ၀င် ဂျပန်မှာ အပြစ်မဲ့ပြည်သူများစွာကို ထိခိုက်ခံစားစေခဲ့သည်ဟုလည်း အာဘေးက ၀န်ခံခဲ့သည်။

    “ကျွန်တော်တို့ ဘယ်လိုအားထုတ်မှုမျိုးပဲလုပ်လုပ် မိသားစုဝင် ဆုံးရှုံးခဲ့ရသူတွေရဲ့ ၀မ်းနည်းမှုတွေ၊ စစ်ရဲ့ အနိဌာရုံတွေကြောင့် အတိုင်းထက်အလွန် ခံစားခဲ့ရသူတွေရဲ့ နာကျင်ဖွယ် အမှတ်တရတွေကိုတော့ ဘယ်တော့မှ ပြေပျောက်စေမှာ မဟုတ်ပါဘူး”

    အာဘေး၏ ထိုကဲ့သို့ပြောကြားမှုမှာ အရေးပါသည့် အမှတ်အသားတစ်ခုဖြစ်ခဲ့ပြီး အာရှတစ်ဝှမ်း ဂျပန်၏ ရက်စက်စွာ ချီတက်သိမ်းပိုက်မှုများကို ခံစားခဲ့ရသည့် နိုင်ငံများနှင့် အနာဂတ်ဆက်ဆံရေးကို သတ်မှတ်လိုက်ခြင်းလည်းဖြစ်သည်။

    ၎င်း၏ မိန့်ခွန်းတွင် ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များသို့ အမေရိကန်က နျူကလီးယားဗုံးကြဲမှုကိုလည်း ကိုးကားပြောကြားခဲ့ပြီး ဂျပန်မှာ နျူလက်နက်မပြန့်ပွားရေးနှင့် လုံးဝဖျက်သိမ်းရေးကို ထောက်ခံသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • လူမျိုးရေးခွဲခြားသည့် ပရိတ်သတ်များကြောင့် ချက်ဘောလုံးအသင်းနှစ်ခု ဒဏ်ရိုက်ခံရ

    လူမျိုးရေးခွဲခြားသည့် ပရိတ်သတ်များကြောင့် ချက်ဘောလုံးအသင်းနှစ်ခု ဒဏ်ရိုက်ခံရ

    သြဂုတ် ၁၄၊ ၂၀၁၅
    M-Media

    – အစ္စလာမ်ဆန့်ကျင်ရေး ပို့စတာများကို ကိုင်ဆောင်အားပေးခဲ့ကြသည့် ပရိတ်သတ်များကြောင့် ပြည်တွင်းကလပ်အသင်းနှစ်ခုကို ချက်ဘောလုံးအဖွဲ့ချုပ်က ဒဏ်ငွေရိုက်ခဲ့သည်ဟု သိရသည်။

    ဒဏ်ငွေရိုက်ခြင်း ခံခဲ့ရသည့် ကလပ်အသင်းများမှာ ချက်ထိပ်တန်းလိဂ် ချန်ပီယံ ဗစ်တိုးရီးယားပါလ်ဇန်နှင့် ဂျဘ်လိုနက်အသင်းတို့ ဖြစ်ကြပြီး တစ်သင်းလျှင် ချက်ကိုရူနာ ၁၀၀၀၀၀ (ကန်ဒေါ်လာ ၄၁၁၀) ရိုက်ခဲ့ခြင်းဖြစ်သည်ဟု ချက်ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ယမန်နေ့တွင်ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

    ဘိုဟီးမီးယန်း ပရေ့ဂ် ၁၉၀၅ အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ဂျဘ်လိုနက်ပရိတ်သတ်များမှာ ဥရောပမှ အစ္စလာမ်ဘာသာဝင်များကို မောင်းထုတ်ရန် သရုပ်ဖော်ထားသည့် ပိုစတာကို ကိုင်ဆောင်ဆန္ဒပြခဲ့ခြင်းဖြစ်ကာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    ပရိတ်သတ်များကမူ ပြင်သစ်မဂ္ဂဇင်းဖြစ်သော ချာလီဟဘ်ဒိုအား အားကျ၍ ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပြီး အသင်းက မိမိတို့နှင့် ပတ်သက်ခြင်းမရှိဟု ပြောကြားခဲ့သည်။

    ပါလ်ဇန်ပရိတ်သတ်များကလည်း ဆလာဗီယာ ပရေ့ဂ်နှင့်ပွဲတွင် ထိုကဲ့သို့ အစ္စလာမ်ဆန့်ကျင်ရေး ပိုစတာကို ကိုင်ဆောင်ခဲ့ကြသည်။

    Ref: US Today

  • ရုရှားရန်ကြောင့် နိုင်ငံအတွင်း စစ်အခြေစိုက်စခန်းများ ထားရှိပေးရန် နေတိုးအဖွဲ့သို့ ပိုလန်တောင်းဆို

    ရုရှားရန်ကြောင့် နိုင်ငံအတွင်း စစ်အခြေစိုက်စခန်းများ ထားရှိပေးရန် နေတိုးအဖွဲ့သို့ ပိုလန်တောင်းဆို

    သြဂုတ် ၁၄၊ ၂၀၁၅
    M-Media

    – မိမိတို့နိုင်ငံအတွင်းနှင့် အခြားသော ဥရောပနိုင်ငံများတွင် နေတိုးတပ်ဖွဲ့များ ပိုမိုချထားရန်နှင့် အမြဲတမ်းစစ်အခြေစိုက်စခန်းများ ဖန်တီးပေးရန် ပိုလန်သမ္မတ အန်ဒါဇက်ဂ်ျက တောင်းဆိုလိုက်ပြီး ပိုလန်မှာ ကြားနေနိုင်ငံမဖြစ်ချင်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်မေလက ရွေးကောက်တင်မြောက်ခြင်း ခံခဲ့ရသည့် အန်ဒါဇက်ဂ်ျမှာ ဂျော်ဂျီယာနှင့် ယူကရိန်းတို့တွင် ရုရှား၏ မကြာသေးမီက နယ်ချဲ့မှုလုပ်ရပ်များအား ထိထိရောက်ရောက် မထိန်းနိုင်ခဲ့ခြင်းနှင့် ပိုလန်နိုင်ငံအား ကြားနေနိုင်ငံအဖြစ် ဆက်ဆံမှုအတွက် နေတိုးအဖွဲ့အား ဝေဖန်ခဲ့သည်။

    “ကျွန်တော်တို့ ကြားနေနိုင်ငံအဖြစ် မနေချင်ပါဘူး။ မဟာမိတ်နိုင်ငံတွေရဲ့ တကယ့် အရှေ့ဘက်တောင်ပံနိုင်ငံမျိုး ဖြစ်ချင်ပါတယ်။ ဒီနေ့ အခြေစိုက်စခန်းတွေရဲ့ ပြန့်နှံ့မှုကို ကြည့်ရင် နယ်စပ်စည်းက ဂျာမနီ ဖြစ်နေပါတယ်” ဟု The Finacial Times နှင့် အင်တာဗျူးတွင် အန်ဒါဇက်ဂ်ျက ပြောကြားခဲ့သည်။

    ထို့ပြင် နေထိုးအဖွဲ့အနေဖြင့် စစ်အင်အား တောင့်တင်းအောင် ဆောင်ရွက်ရန်နှင့် ဥရောပအလယ်ပိုင်းတွင် စစ်အင်အား ပိုမိုချထားရန် အထူးသဖြင့် ပိုလန်နိုင်ငံတွင် အမြဲတမ်းအခြေစိုက်စခန်းများ တိုးမြှင့်ချထားရန်လည်း တိုက်တွန်းခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းမှာ ပိုလန်အား အမွှေးအတောင်စုံသည့် နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းလက္ခဏာ ဖြစ်လိမ့်မည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးကို လာမည့်နှစ်တွင် ၀ါဆော၌ ကျင်းပပြုလုပ်ရန်ရှိနေပြီး အန်ဒါဇက်ဂ်ျကမူ ဥရောပအလယ်ပိုင်း၌ အမြဲတမ်းစစ်အခြေစိုက်စခန်းများ ချထားခြင်းမှာ ထိုအစည်းအဝေး၏ အဓိကကိစ္စ ဖြစ်လိမ့်မည်ဟုလည်း ဆိုသည်။

    ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်အား ရုရှားက သိမ်းပိုက်မှုနှင့် ယူကရိန်းအရှေ့ပိုင်း မတည်ငြိမ်မှုများနှင့်ပတ်သက်၍ ဥရောပရှိ နိုင်ငံငယ်များမှာ ရုရှား၏ အန္တရာယ်ကို စိုးရိမ်နေကြသည်။

    ယူကရိန်းအား ရုရှားက ကျူးကျော်သည်ဟု အနောက်နိုင်ငံများက စွပ်စွဲမှုတွင် ပါဝင်ခြင်းအတွက် ပိုလန်နိုင်ငံမှာ ပြီးခဲ့သည့်နှစ်များအတွင်း ရုရှား၏ ဝေဖန်မှုကို အခံရဆုံးသော နိုင်ငံလည်းဖြစ်သည်။

    Ref: RT