News @ M-Media

Author: Ko Lay

  • ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုအား ထိုးသတ်ရန် အမီးရ်ခန်းကမ်းလှမ်း

    ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုအား ထိုးသတ်ရန် အမီးရ်ခန်းကမ်းလှမ်း

    သြဂုတ် ၁၃၊ ၂၀၁၅
    M-Media

    amir

    – မေ၀ယ်သာနှင့် ထိုးသတ်ရန် ဖြစ်မလာခဲ့ပြီးနောက် ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းမှာ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုအား ထိုးသတ်ရန် ကမ်းလှမ်းခဲ့သည်ဟု သိရသည်။

    ပက်ကွီအို၏ ပွဲစီစဉ်သူ ဘော့ဘ် အေရမ်မှာ အမီးရ်ခန်း၏အဖွဲ့နှင့် ယခုသီတင်းပတ်တွင် ဆွေးနွေးသွားမည်ဖြစ်ပြီး သဘောတူညီခဲ့ပါက လာမည့်နှစ်အတွင်း အရှေ့အလယ်ပိုင်း၌ ထိုးသတ်ရန် ဖြစ်လာမည်ဟု အေရမ်က ဆိုသည်။

    “ဒီကောင်လေး အမီးရ်ခန်းဟာ မန်နီပက်ကွီအိုနဲ့ပတ်သက်ပြီး တော်တော်လေး အသံကျယ်နေပါတယ်။ ခန်းနဲ့ ပက်ကွီအို ထိုးသတ်ဖို့ ကျွန်တော် စီစဉ်နိုင်ပါလိမ့်မယ်။ အမီးရ်ခန်းက မေ၀ယ်သာနဲ့ထိုးသတ်ဖို့ တောင်းဆိုခဲ့ပါတယ်။ အခုတော့ သူဟာ ပွဲကြီးတစ်ပွဲကို ထိုးသတ်ရတော့မှာပါ။ ဒါကိုစီစဉ်ဖို့ ကျွန်တော့်အတွက် မခက်ပါဘူး။ အလျင်စလို စီစဉ်မှာလည်း မဟုတ်ပါဘူး။ မန်နီကလည်း ဒီနှစ်အတွင်းမှာ ထိုးသတ်မှာ မဟုတ်ပါဘူး” ဟု အေရမ်က ပြောကြားခဲ့သည်။

    ပက်ကွီအိုမှာ မေ၀ယ်သာနှင့် မေလက ထိုးသတ်ခဲ့သည့်ပွဲတွင် ပုခုံး၌ ဒဏ်ရာရရှိခဲ့ပြီး အေရမ်ကမူ အဆိုပါ ဒဏ်ရာမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ကြိုးဝိုင်းထဲသို့ဝင်ရန် အဆင်သင့်ဖြစ်မည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    ထို့ပြင် ခန်းနှင့်တွေ့ဆုံရန် ရှောင်ရှားခဲ့သည့် မေ၀ယ်သာကို အေရမ်က ဝေဖန်ခဲ့ပြီး ပက်ကွီအိုနှင် ခန်းတို့၏ ပွဲမှာမူ ဖြစ်လာမည်ဟုဆိုသည်။ ခန်းကလည်း ထိုပွဲကို မျှော်လင့်နေသည်။

    “ဒီပွဲဖြစ်လာနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ တကယ်လို့ ကျွန်တော်တို့နှစ်ယောက်လုံးရဲ့ ငွေရေးကြေးရေးအတွက် အဓိပ္ပါယ်ရှိမယ်ဆိုရင် ဒီပွဲဟာ လုံးဝ ဖြစ်လာမှာပါ။ ဒီပွဲထိုးရင်လည်း ကျွန်တော်တို့ နှစ်ယောက်စလုံးအတွက် အဓိပ္ပါယ်ရှိမှာပါ” ဟု ခန်းက ပြောကြားခဲ့သည်။

    Ref: Dailymail

  • အမေရိကန်ရှိ နိုင်ငံတကာလေဆိပ်တစ်ခုတွင် မွတ်စလင်များအတွက် ၀တ်ပြုဆောင် တည်ဆောက်ပေးမည်

    အမေရိကန်ရှိ နိုင်ငံတကာလေဆိပ်တစ်ခုတွင် မွတ်စလင်များအတွက် ၀တ်ပြုဆောင် တည်ဆောက်ပေးမည်

    သြဂုတ် ၁၃၊ ၂၀၁၅
    M-Media

    u

    – မွတ်စလင်ခရီးသွားများ အဆင်ပြေစေရန်အတွက် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ အော်လန်ဒို နိုင်ငံတကာလေဆိပ်က ၀တ်ပြုဆောင်ဆောက်လုပ်ပေးရန် စီစဉ်နေသည်ဟု သိရသည်။

    “အော်လန်ဒိုဟာ တကယ့်ကို ကမ္ဘာလုံးဆိုင်ရာ လူ့အဖွဲ့အစည်း ဖြစ်လာမှာပါ။ ကျွန်တော်တို့ရဲ့ ခရီးသည်အားလုံးအတွက် နေရာထိုင်ခင်းပေးနိုင်အောင် ဆောင်ရွက်ချင်ပြီး၊ အမြင့်ဆုံး ကျေနပ်မှုကိုလည်း ပေးချင်ပါတယ်” ဟု လေဆိပ်ဒါရိုက်တာဖြစ်သူ ဖီးလ်ဘရောင်းက Orlando Sentinel သို့ ပြောကြားခဲ့သည်။

    အော်လန်ဒို နိုင်ငံတကာလေဆိပ်တွင် လာမည့်လမှစ၍ အီမရိတ်လေကြောင်းလိုင်းမှ လေယာဉ်များ စတင်ပြေးဆွဲမည်ဖြစ်ပြီး၊ မွတ်စလင်ခရီးသွားများအနေဖြင့် လူမြင်ကွင်းသို့မဟုတ် အနားယူဆောင်များတွင် ၀တ်ပြုနေရခြင်းကြောင့် ကန်ဒေါ်လာ ၂၅၀၀၀၀ ခန့် ကုန်ကျမည့် ၀တ်ပြုဆောင် ဆောက်လုပ်ပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါဝတ်ပြုဆောင်တွင် ကိုယ်လက်သန့်စင်သည့်နေရာ၊ အထုတ်အပိုးများ ထားနိုင်သည့်နေရာနှင့် ဖိနပ်စင်များ ပါဝင်မည်ဖြစ်သည်။

    လေဆိပ်ရှိ ခရစ်ယာန်ဘုန်းတော်ကြီး ရော်ဘတ် ဆူဆန်က “လူတိုင်းအတွက် ကျွန်တော်တို့ ပေးဆပ်ချင်ပါတယ်။ တတ်နိုင်သမျှ အကောင်းဆုံးကို ကျွန်တော်တို့ ဆောင်ရွက်နေတာပါ။ ဒီနေရာဟာ ဘာသာတရားပေါင်းစုံက လူတွေကို ကြိုဆိုတဲ့နေရာပါပဲ။ သူတို့ဆီ
    ဘုရားသခင်ကို ဆောင်ကျဉ်းပေးဖို့ ကျွန်တော် ဒီမှာရှိနေတာပါ” ဟု ဆူဆန်က ပြောကြားခဲ့သည်။

    ထို့ပြင် မွတ်စလင်များအတွက် လေဆိပ်တွင် ၀တ်ပြုဆောင်ထားပေးရန် စီစဉ်မှုကို ဆူဆန်က ချီးကျူးခဲ့ပြီး ကောင်းမွန်သည့် အိုက်ဒီယာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကြိုဆိုကြ

    အော်လန်ဒိုလေဆိပ်၏ ထိုအစီအစဉ်ကို အော်လန်ဒို မွတ်စလင် လူ့အခွင့်အရေးအဖွဲ့ ရှေ့နေ ရှာယန် မိုဒါရက်စ်က ချီးကျူးခဲ့ပြီး မွတ်စလင်များအတွက် ထပ်မံ ကြိုဆိုလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် အဆိုပါဝတ်ပြုဆောင်က နေ့စဉ် မွတ်စလင်ခရီးသွား အများအပြားကို ဆွဲဆောင်နိုင်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ဒါဟာ ကျွန်တော်တို့ ဖြန့်ဝေဖို့လိုအပ်နေတဲ့ မှန်ကန်တဲ့ သတင်းစကားတစ်ခုပါပဲ။ ဒါဟာ ရင်ကြားစေ့ရေးပါပဲ” ဟု မိုဒါရက်စ်က ဆိုသည်။

    မွတ်စလင်များအတွက် ၀တ်ပြုဆောင်အပြင် အခြားသော ဘာသာဝင်များအတွက် ၀တ်ပြုဆောင်များကိုလည်း အဆိုပါ အောလန်ဒိုလေဆိပ်တွင် ထပ်မံ ဖွင့်လှစ်ပေးမည်ဖြစ်သည်။

    အော်လန်ဒိုနိုင်ငံတကာလေဆိပ်မှာ မွတ်စလင်များအတွက် ၀တ်ပြုဆောင်စီစဉ်ပေးသည့် အမေရိကန်ရှိ ပထမဆုံး လေဆိပ်မဟုတ်ချေ။ ပြီးခဲ့သည့် ၂ နှစ်က ဆန်ဖရန်စစ္စကို နိုင်ငံတကာလေဆိပ်မှာလည်း မွတ်စလင်များအတွက် ကိုယ်လက်သန့်စင်ခန်းနှင့် ၀တ်ပြုဆောင်တို့ကို စီစဉ်ပေးခဲ့သည်။

    Ref: Onislam

  • ခေါက်ဆွဲခြောက်ထုတ် စံမမီသည့် ကိစ္စအတွက် Nestle ကို အိန္ဒိယအစိုးရ တရားစွဲ

    ခေါက်ဆွဲခြောက်ထုတ် စံမမီသည့် ကိစ္စအတွက် Nestle ကို အိန္ဒိယအစိုးရ တရားစွဲ

    သြဂုတ် ၁၃၊ ၂၀၁၅
    M-Media

    india

    – Nestle မှ ထုတ်လုပ်သော မက်ဂီခေါက်ဆွဲခြောက်တွင် ခဲဓာတ်မှာ အန္တရာယ်ရှိသည့်အဆင့်အထိ ပါဝင်နေမှုအတွက် အဆိုပါ ခေါက်ဆွဲခြောက်များအား အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး အဖွဲ့က ပိတ်ပင်ခဲ့ပြီးနောက် ထိုကိစ္စအတွက် နစ်နာကြေး ကန်ဒေါ်လာ သန်း ၁၀၀ နီးပါးရရှိရန် အိန္ဒိယအစိုးရက Nestle အား တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    တရားစွဲဆိုမှုကို နိုင်ငံ၏ ထိပ်တန်းစားသုံးသူ တရားရုံးဖြစ်သော NCDRC သို့ တင်သွင်းခဲ့သည်ဟု အိန္ဒိယအစိုးရက ယမန်နေ့တွင် ပြောကြားခဲ့ပြီး ဆွစ်ဇာလန် အခြေစိုက် Nestle ကုမ္ပဏီမှ နစ်နာကြေး ရူပီး သန်း ၆၄၀၀ (ကန်ဒေါ်လာ ၉၈.၆ သန်း) ရယူရန်အတွက်ဖြစ်သည်ဟု ဆိုသည်။

    “သူတို့ရဲ့ မျှတမှုမရှိတဲ့ ကုန်သွယ်ရေးကျင့်သုံးမှုတွေကို ကျွန်တော်တို့က တိုင်ကြားတာဖြစ်ပြီး သူတို့ရဲ့ တုံ့ပြန်မှုကိုကြားရဖို့ တရားရုံးက နို့တစ်စာ ထုတ်ပြန်ပါလိမ့်မယ်” ဟု စားသုံးသူရေးရာ ၀န်ကြီးဌာနမှ အတွင်းရေးမှူးဖြစ်သူ ဂျီ ဂါချာရန်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အစိုးရ၏အမိန့်ကြောင့် ပြီးခဲ့သည့်ဧပြီလတွင် ဓာတ်ခွဲခန်းစမ်းသပ်မှုများ ပြုလုပ်ခဲ့ရာတွင် Nestle ၏ မက်ဂီခေါက်ဆွဲခြောက်များတွင် တရားဝင်ခွင့်ပြုထားသည့် ပမာဏထက် ခဲဓာတ်ပိုမြင့်မားနေသည်ကို တွေ့ရှိခဲ့ရသည်။ ထို့ပြင် ခေါက်ဆွဲထုတ်လုပ်သည့် ပစ္စည်းများစာရင်းတွင် ဖော်ပြထားခြင်းမရှိသည့် ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သော မိုနိုဆိုဒီယမ် ဂလူတမိတ်လည်း ပါဝင်ကြောင်းကို အဆိုပါစမ်းသပ်မှုတွင် တွေ့ရှိခဲ့သည်။

    Nestle India ၏ ပြောရေးဆိုခွင့်ရှိသူ ဟီမန်ရှူ မန်ဂလစ်ကမူ မိမိတို့ကုမ္ပဏီမှာ NCDRC မှ တိုင်ကြားမှုနှင့်ပတ်သက်၍ တရားဝင်နို့တစ်စာကို မရသေးကြောင်း ပြောကြားခဲ့သည်။ NCDRC တွင် ကုမ္ပဏီများကို ဒဏ်ကြေးချမှတ်နိုင်သည့် အခွင့်အာဏာ ရှိနေသည်။

    “တရားဝင်စာရွက်စာတမ်းတွေရရင်တော့ ကျွန်တော်တို့ဟာ တုံ့ပြန်မှု အသေအချာ ပြုလုပ်သွားမှာပါ” ဟု မန်ဂလက်က ပြောကြားခဲ့သည်။

    သို့သော်လည်း မိမိတို့ကုမ္ပဏီမှာ အိန္ဒိယ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး အာဏာပိုင်အဖွဲ့၏ ဆုံးဖြတ်ချက်အတွက် အသနားခံစာတစ်စောင်ကို ရေးသားကာ မွမ်ဘိုင်း တရားရုံးချုပ်သို့ တင်သွင်းထားကြောင်း၊ မကြာမီ ဆုံးဖြတ်ချက်ရရှိမည်ဟု မျှော်လင့်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ၂ မိနစ်အတွင်း ပြုတ်၍ စားသုံးနိုင်သည့် Nestle ၏ မက်ဂီခေါက်ဆွဲခြောက်မှာ အိန္ဒိယတွင် လူကြိုက်များသည့် အစားအသောက်ဖြစ်ပြီး နှစ်စဉ် ကန်ဒေါ်လာ သန်း ၂၄၀ ဖိုး ရောင်းချနေရသည်။ ထိုမက်ဂီခေါက်ဆွဲခြောက်များ ရောင်းချခွင့်ကို အစိုးရက ပိတ်ပင်ခဲ့ပြီးနောက် ကန်ဒေါ်လာ သန်း ၅၀ ဖိုးရှိ ခေါက်ဆွဲခြောက်များကို ဖျက်ဆီးပစ်မည်ဟု Nestle စောစောပိုင်းတွင် ကြေညာထားသည်။

    Ref: Aljazeera

  • ယူရိုတွင်မအောင်မြင်ပါက အင်္ဂလန်နည်းပြ ရာထူးစွန့်လွှတ်ရနိုင်

    ယူရိုတွင်မအောင်မြင်ပါက အင်္ဂလန်နည်းပြ ရာထူးစွန့်လွှတ်ရနိုင်

    သြဂုတ် ၁၃၊ ၂၀၁၅
    M-Media

    eng

    – အင်္ဂလန်အသင်းအနေဖြင့် ယူရို ၂၀၁၆ တွင် အောင်မြင်မှု မရပါက နည်းပြဟဒ်ဆန်မှာ ၎င်း၏ အလုပ်ကို ဆုံးရှုံးလိမ့်မည်ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၏ အမှုဆောင်အကြီးအကဲ မာတင် ဂလဲန်းက ပြောကြားလိုက်သည်။

    အသက် ၆၈ နှစ်အရွယ် ဟဒ်ဆန်မှာ ပြီးခဲ့သည့်နှစ် နွေရာသီက ဘရာဇီးလ်ကမ္ဘာဖလားတွင် အင်္ဂလန်အသင်း အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရပြီးနောက်ပိုင်း ဖိအားများဖြင့် ရင်ဆိုင်ခဲ့သည်။ သို့သော်လည်း ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ၆ ပွဲကစား ရာနှုန်းပြည့်အနိုင်ဖြင့် အုပ်စု E အား ၆ မှတ်အသာ ဦးဆောင်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်သည်။

    FA ၏ အမှုဆောင်အကြီးအကဲ ဂလဲန်းကမူ အင်္ဂလန်အသင်းအနေဖြင့် လာမည့်နှစ် ပြင်သစ်တွင် ကျင်းပပြုလုပ်မည့် ယူရို ၂၀၁၆ တွင် ထပ်မံခြေချော်ခဲ့ပါက ဟဒ်ဆန်၏ အနာဂတ်မှာ သေချာမည် မဟုတ်ဟု ဆိုသည်။

    “ရွိုင်(ဟဒ်ဆန်) ဟာ တော်တော့်ကိုကောင်းတဲ့ နည်းပြတစ်ယောက်ပါ။ ဒါပေမယ့် ယူရိုမှာ ဆိုးရွားခဲ့ရင်တော့ ဆက်ရှိနေဖို့ သူလည်း မျှော်လင့်မှာ မဟုတ်ပါဘူး။ သူဟာ ဂုဏ်သိက္ခာရှိတဲ့လူတစ်ယောက်ပါ” ဟု ဂလဲန်းက ပြောကြားခဲ့သည်။

    ဟဒ်ဆန်၏ လက်ရှိစာချုပ်မှာ ယူရို ၂၀၁၆ အကုန်တွင် ပြည့်မည်ဖြစ်ပြီး၊ ပြိုင်ပွဲမတိုင်မီ အသင်း၌ အခြေကျရန် ၎င်းက ဆန္ဒရှိနေသည်။ သို့သော်လည်း ပြီးခဲ့သည့် တစ်ပတ်တွင် ဂလဲန်းက မသေချာမှုမှာ ရှိနေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ရွိုင်ဟာ ပရော်ဖက်ရှင်နယ်ပီသသူတစ်ဦးဖြစ်ပြီး၊ ကျွန်တော်တို့ ဘယ်လို အလုပ်လုပ်ချင်လဲဆိုတာ သူ သိပါတယ်။ ကျွန်တော့်ရဲ့ တန်ဖိုးတွေထဲကတစ်ခုက စွမ်းဆောင်မှုအတွက် ပေးဆပ်ဖို့ပါပဲ။ တကယ်လို့ ကျွန်တော်တို့ ယူရိုမှာ အခြေအနေကောင်းရင် ဒါက သူ့ကို ကောင်းကောင်း ဆက်ရှိစေမှာပါ”

    Ref: Goal

  • ကင်ဂျုံအန်နှင့် သဘောထားကွဲလွဲသည့် မြောက်ကိုရီးယားဒုဝန်ကြီးချုပ် ကွပ်မျက်ခံရ

    ကင်ဂျုံအန်နှင့် သဘောထားကွဲလွဲသည့် မြောက်ကိုရီးယားဒုဝန်ကြီးချုပ် ကွပ်မျက်ခံရ

    သြဂုတ် ၁၃၊၂၀၁၅
    M-Media

    – နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်၏ ပေါ်လစီများနှင့် ပတ်သက်၍ မကျေမနပ်မှုကို ပြသသည့် မြောက်ကိုရီးယား ဒုတိယ၀န်ကြီးချုပ်ကို ယခုနှစ်အတွင်း လက်ဖြောင့်တပ်ဖွဲ့ဖြင့် ကွပ်မျက်ခဲ့သည်ဟု တောင်ကိုရီးယား Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။

    အမည်မဖော်ပြသည့် ရင်းမြစ်တစ်ခုကို ကိုးကား၍ ဖော်ပြခဲ့ခြင်းဖြစ်ပြီး ကွပ်မျက်ခံရသူမှာ အသက် ၆၃ နှစ်အရ်ွရှိ ချို ယုံဂွန်ဖြစ်ပြီး တောင်-မြောက်ပူးပေါင်းဆောင်ရွက်ရေး ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သည်ဟု ဆိုသည်။ ထိုသို့ကွပ်မျက်မှုမှာ ကင်ဂျုံအန် အာဏာရခဲ့သည့် ၂၀၁၁ ခုနှစ်နှောင်းပိုင်းကတည်းက အဆင့်မြင့် အရာရှိများ ကွပ်မျက်မှုများစာရင်းတွင် နောက်ထပ်တစ်ဦး တိုးသွားခဲ့ခြင်းလည်း ဖြစ်သည်။

    ချိုမှာ ကင်၏ သစ်တောရေးရာပေါ်လစီများကို ပြီးခဲ့သည့် မေလက သဘောမတူကြောင်း ပြသခဲ့ပြီး အနည်းငယ်သာ လုပ်ဆောင်ခဲ့သည်ဟု အဆိုပါ ရင်းမြစ်က ဆိုပြီး အသေးစိတ် ဖော်ပြခဲ့ခြင်းမရှိဟု Yonhap က ဆိုသည်။

    မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို ကိုင်တွယ်နေသော တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက ၎င်းတို့မှာ ချိုအား လူမြင်ကွင်းတွင် မတွေ့ရတော့သည်မှာ ၈ လခန့်ရှိနေပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည်ဟု Reuters သို့ပေးပို့သော မက်ဆေ့ခ်ျတွင် ရေးသားဖော်ပြထားသည်။

    တောင်ကိုရီးယား တောက်လှမ်းရေးဌာနကမူ ထိုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ မြောက်ကိုရီးယားမှာ ၎င်းတို့၏ ကာကွယ်ရေးဝန်ကြီးကို လေယာဉ်ပစ်သေနတ်ဖြင့် ကွပ်မျက်ခဲ့သည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေးက ပြီးခဲ့သည့်မေလအတွင်း လွှတ်တော်၌ ပြောကြားခဲ့ဖူးသည်။

    ချိုမှာ ပြီးခဲ့သည့်နှစ်ကမှ ဒုတိယ၀န်ကြီးချုပ်နေရာတွင် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။  မြောက်ကိုရီးယားမှာ ပြီးခဲ့သည့် စက်တင်ဘာလကလည်း အလုပ်သမားပါတီ၏ အကြီးတန်း အရာရှိတစ်ဦးကို အများပြည်သူများ ရှေ့မှောက်တွင် ကွပ်မျက်ခဲ့သည်ဟု အဆိုပါရင်းမြစ်က ထည့်သွင်းပြောကြားခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြထားသည်။

    Ref: Reuters