News @ M-Media

Author: Ko Lay

  • ဘာကာတိုက်စစ်မှူး ပက်ဒရိုအား အသင်းဖော်များ ချီးကျူး

    ဘာကာတိုက်စစ်မှူး ပက်ဒရိုအား အသင်းဖော်များ ချီးကျူး

    သြဂုတ် ၁၂၊ ၂၁၀၅
    M-Media

    bac 1

    – ယနေ့မနက်က ကစားခဲ့သည့် ယူအီးအက်ဖ်အေ စူပါဖလားပွဲစဉ်တွင် အသင်းအတွက် အရေးပါသည့် အနိုင်ဂိုးကို သွင်းပေးခဲ့သော တိုက်စစ်မှူး ပက်ဒရိုအား အသင်းဖော်များက ချီးကျူးခဲ့ကြသည်။

    ဆီးဗီးလားအသင်းနှင့် ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် ဘာစီလိုနာမှာ ဦးဆောင်ဂိုး ပေးလိုက်ရသော်လည်း နောက်မှလိုက်၍ ၄ ဂိုးသွင်းယူနိုင်ခဲ့သည်။ သို့သော် ထိုအနိုင်ကို ထိန်းထားနိုင်ခြင်းမရှိဘဲ ၃ ဂိုးပြန်ပေးခဲ့ရကာ အချိန်ပိုအထိ ရောက်ရှိသွားခဲ့သည်။

    အချိန်ပိုတွင် လူစားဝင်လားသည့် တိုက်စစ်မှူး ပက်ဒရိုက မက်ဆီ၏ ဖရီးကစ်မှ ပြန်ထွက်လာသည့်ဘောလုံးကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ကာ ဘာစီလိုနာအား ယူအီးအက်ဖ်အေ စူပါဖလားကို ဆွတ်ခူးနိုင်စေခဲ့သည်။ ပက်ဒရိုမှာ နွေရာသီ အပြောင်းအရွှေ့ကာလ တစ်လျှောက်လုံးတွင် မန်ယူသို့ ရောက်ရှိမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး စူပါဖလား မကစားခင်ကပင် ၎င်းမှာ အသင်းမှ ထက်ခွာတော့မည်ဟု ဘာကာ၏ နည်းစနစ်ပိုင်းဆိုင်ရာ အတွင်းရေးမှူး ရောဘတ် ဖာနန်ဒက်ဇ်က အတည်ပြုခဲ့သည်။

    ထိုပွဲတွင် ဖရီးကစ်မှတစ်ဆင့် လှပစွာ ၂ ဂိုးသွင်းယူပေးခဲ့သည့် မက်ဆီက ပက်ဒရိုအား ချီးကျူးခဲ့သည်။

    “အသင်းကို ပေးဆပ်ခဲ့တဲ့၊ ဆက်လက်ပေးဆပ်အုံးမယ့် အရာအားလုံးအတွက် သူဟာ ထိုက်တန်ပါတယ်။ သူနဲ့ ပတ်သက်ပြီး ဘာဖြစ်မလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါက သူချရမယ့် ဆုံးဖြတ်ချက်ပါ။ ဘာဆုံးဖြတ်ချက်ပဲချချ သူ့အတွက် ထိုက်တန်ပါတယ်” ဟု မက်ဆီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ကွင်းလယ်လူ မာရှေရာနိုကလည်း ပက်ဒရိုအား ချီးကျူးခဲ့ကာ အသင်း၌ ဆက်ရှိနေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    “သူ ဒီမှာ ဆက်ရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူဟာ ပွဲကြီးတွေမှာ ကောင်းမွန်တဲ့ ကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းကို စပြီး ပြောင်းကတည်းက သူဟာ မှော်ဆရာတစ်ယောက် ဖြစ်ခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

    မန်ယူမှာ ဘာစီလိုနာပေးရမည့် လျော်ကြေးကိုပါပေး၍ ပက်ဒရိုအား ခေါ်ယူရန် သဘောတူညီချက်ရထားပြီဟု ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

    Ref: Goal

  • ထိုင်းတော်ဝင်အသိုင်းအ၀ိုင်းအား ကာကွယ်ပေးသည့် ဥပဒေကို ကုလ ရှုတ်ချ

    ထိုင်းတော်ဝင်အသိုင်းအ၀ိုင်းအား ကာကွယ်ပေးသည့် ဥပဒေကို ကုလ ရှုတ်ချ

    သြဂုတ် ၁၁၊ ၂၀၁၅
    M-Media

    aa

    – ဘုရင်စနစ်အား စော်ကားသူများအတွက် ထိုင်းအစိုးရက သတ်မှတ်ပြဌာန်းထားသော ကာလရှည်ထောင်ဒဏ်များမှာ တုန်လှုပ်ဖွယ်ရာဖြစ်သည်ဟု ကုလသမဂ္ဂက ယမန်နေ့တွင် ရှုတ်ချခဲ့ပြီး ထိုဥပဒေအား ပြင်ဆင်ရန်နှင့် အပြစ်ပေးထားသူများအား လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

    ထိုင်းစစ်ခုံရုံများမှာ သောကြာနေ့က လူ ၂ ဦးကို ဘုရင်စနစ်အား စော်ကားမှုဖြင့် ထောင်ဒဏ် နှစ် ၃၀ နှင့် ၂၈ နှစ်စီ ချမှတ်ခဲ့ပြီး ထိုင်းနိုင်ငံသမိုင်းတွင် ထိုပြစ်မှုအတွက် အကြီးလေးဆုံးပြစ်ဒဏ်လည်း ဖြစ်ခဲ့သည်ဟု ရှေ့နေများနှင့် စောင့်ကြည့်အဖွဲ့များက ပြောကြားခဲ့ကြသည်။

    ပွန်ဆက် ဆရီဘွန်ပန်ဆိုသူမှာ ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ၎င်း၏ Facebook ပို့စ် ၆ ခုကြောင့် ထောင်ဒဏ် နှစ် ၆၀ ချမှတ်ခြင်း ခံခဲ့ရသော်လည်း အပြစ်ရှိကြောင်း ၀န်ခံခဲ့သည့်အတွက် ထောင်ဒဏ်နှစ် ၃၀ သို့ လျှော့ချခံခဲ့ရခြင်းဖြစ်ပြီး၊ ဆာဆီဗီမိုလ် ပါတမ်ဝွန်ဖာမှာလည်း Facebook ပို့စ် ၇ ခုအတွက် ထောင်ဒဏ် ၅၆ နှစ် ချမှတ်ခံခဲ့ရကာ အပြစ်ရှိကြောင်း လျှောက်လဲခဲ့သည့်အတွက် တစ်ဝက်သာ ကျခံရခြင်းဖြစ်သည်။

    “လွတ်လပ်စွာ ဖော်ပြမှုအခွင့်အရေးကို ကျင့်သုံးတဲ့အတွက် တော်ဝင်အသိုင်းအ၀ိုင်းကို စော်ကားတယ်ဆိုတဲ့ ပြစ်မှုနဲ့ တရားစွဲဆိုခံရတဲ့ ကိစ္စတွေကို ၂၀၀၆ ခုနှစ်ကတည်းက ကျွန်မတို့ စုဆောင်းခဲ့ပြီး အဲဒီအထဲမှာ ဒီပြစ်ဒဏ်တွေဟာ အကြီးလေးဆုံးတွေပါပဲ” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ရာဗီနာ ရှမ်ဒါဆာနီက ပြောကြားခဲ့သည်။

    ထို့ပြင် ထိုင်းစစ်ခုံရုံးများမှာ မျှတသော တရားစွဲဆိုမှုအပါအ၀င် လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီရန် ဆောင်ရွက်နိုင်ခြင်းမရှိဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။ ကြားနာမှုများမှာ များသောအားဖြင့် အသေအချာ စုံစမ်းစီစစ်မှု မရှိသလောက်ဖြင့် ပိတ်သွားခဲ့သည်။

    တော်ဝင်အသိုင်းအ၀ိုင်းအား စော်ကားသည်ဟူသော စွပ်စွဲမှုဖြင့် တရားစွဲဆိုမှုများမှာ သိသိသာသာ မြင့်တက်လာခဲ့ပြီး ၂၀၁၄ ခုနှစ် မေလက စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ထိုအမှုများမှာ ၄၀ ကျော်လာခဲ့သည်ဟု ရှမ်ဒါဆာနီက ပြောကြားခဲ့သည်။

    “အမှုအများစုမှာ သူတို့က အာမခံမပေးဘူး။ ဒါ့ကြောင့် အချိန်အကြာကြီး သူတို့ကို ချုပ်ထားကြပြီး အပြစ်ရှိကြောင်းလျှောက်လဲဖို့ သူတို့ပေါ်မှာ ဖိအားအများကြီး ပေးတယ်ဆိုတာကတော့ သေချာပါတယ်။ အဲဒီနောက် သူတို့ အပြစ်ရှိကြောင်း လျှောက်လဲတယ်။ ဒါက အယူခံဝင်ခွင့်မရတဲ့အထိ ဦးတည်သွားခဲ့ပါတယ်။ တကယ်လို့ အပြစ်ရှိကြောင်း လျှောက်လဲရင် တရားစွဲဆိုခံရပြီး ပြစ်ဒဏ်ချမှတ်ခံရမှာပါပဲ။ အဲဒီအမှုအတွက် အယူခံဝင်လို့ မရတော့ပါဘူး”

    ထိုအပြစ်မှ လွတ်မြောက်ရန်အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ ဘုရင်ကြီးမှ လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းသာဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခံရသူများအား ထိုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် မိမိတို့မှ တောင်းဆိုပါကြောင်း၊ အစိုးရအနေဖြင့်လည်း တော်ဝင်အသိုင်းအ၀ိုင်းအား စော်ကားမှုအတွက် ပြဌာန်းထားသည့် ဥပဒေအား နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများဖြင့် ကိုက်ညီရန် ပြင်ဆင်သင့်ကြောင်း ရှမ်ဒါဆာနီက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Reuters

  • နိုင်ငံတကာ သတင်းတို (သြဂုတ် ၁၁၊ ၂၀၁၅)

    သြဂုတ် ၁၁၊ ၂၀၁၅
    M-Media

    ယီမင်မြို့တစ်မြို့ကို အစိုးရထောက်ခံသူများ ပြန်သိမ်း
    …………………………..
    ယီမင်နိုင်ငံအလယ်ပိုင်းရှိ ဟူသီသူပုန်များ ထိန်းချုပ်ထားသော အစ်ဘ်မြို့အား အစိုးရထောက်ခံသည့် ပြည်သူ့စစ်များက ဘေးပတ်လည်ရှိ ကျေးလက်ဒေသများမှတစ်ဆင့် ယနေ့တွင် ၀င်ရောက်သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါမြို့မှာ လူ ၂ သိန်းခန့် နေထိုင်သည့်မြို့ဖြစ်ပြီး ဟူသီသူပုန်များနှင့် အပြင်းအထန် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ထိုကဲ့သို့ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဟူသီသူပုန်များမှာ မြို့တော်ဆန်နာနှင့် နိုင်ငံမြောက်ပိုင်းရှိ ဒေသအများအပြားကို သိမ်းပိုက်ထားပြီး ပြည်တွင်းစ်ဖြစ်ပွားနေသည်မှာ ၄ လခန့် ရှိနေပြီဖြစ်သည်။

    ချစားမှုတိုက်ဖျက်ရေးအစီအစဉ်ကို အီရတ်ပါလီမန် အတည်ပြု
    ……………………..
    ချစားမှုတားဆီးရေးနှင့် အစိုးရမှ ငွေကြေးအလာဟသ ဖြစ်အောင် ဆောင်ရွက်နေမှုများကို လျှော့ချရန် ရည်ရွယ်သည့် ၀န်ကြီးချုပ် ဟိုက်ဒါ အလ်-အာဘာဒီ၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို အီရတ်ပါလီမန်က ယနေ့တွင် တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့သည်။ အဆိုပါအစီအစဉ်အား ဆွေးနွေးမှုပင်မပြုပဲ မဲပေးခဲ့ကြခြင်းဖြစ်ပြီး ပါလီမန်ဥက္ကဌ အလ်-ဂျူဘူရီကမူ တာဝန်ပျက်ကွက်ခြင်း၊ လစ်လျူရှုခြင်းနှင့် ချစားခြင်းများ ရှိနေသည့် ၀န်ကြီးအများအပြားကို ထုတ်ပယ်ရန် ၀န်ကြီးချုပ်အား တိုက်တွန်းခဲ့သည်။

    ယူကရိန်းစစ်တပ်အား လေ့ကျင့်ပေးရေး ဗြိတိန် ငွေပိုသုံးမည်
    ……………………………
    မငြိမ်သက်မှုများကို ရင်ဆိုင်နေရသည့် ယူကရိန်းစစ်တပ်အား လေ့ကျင်ပေးရန် ရည်ရွယ်သော အစီအစဉ်အတွက် ဗြိတိန်က ၎င်းတို့၏ ဘဏ္ဍာရေးထောက်ပံ့မှုကို နှစ်ဆတိုးသွားမည်ဟု ယူကေကာကွယ်ရေးဝန်ကြီး မိုက်ကယ် ဖာလွန်က ယနေ့တွင် ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံတစ်ဝှမ်းတွင် ဗြိတိန်စစ်သား ၇၅ ဦး အလုပ်လုပ်နေပြီး မြို့ပြတိုက်ခိုက်မှု၊ မိုင်းများနှင့် ရင်ဆိုင်ရမှုများနှင့် ကြံ့ခိုင်မှု မြင့်မားစေရေးတို့အတွက် လေ့ကျင့်မှုများကို လုပ်ဆောင်သွားမည်ဟု ဖာလွန်ကပင် စောစောပိုင်းက ပြောကြားထားသည်။ ထိုတပ်ဖွဲ့များမှာ ယခုအချိန်အထိ ယူကရိန်းစစ်တပ်နှင့် အမျိုးသားအစောင့်တပ်မှ တပ်သား ၁၀၀၀ ကို လေ့ကျင့်ပေးထားပြီး ယခုနှစ်နှောင်းပိုင်းတွင် နောက်ထပ် အယောက် ၁၀၀၀ ကို ထပ်မံ လေ့ကျင့်ပေးမည်ဖြစ်သည်။

    Ref: News Agencies

  • မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအား ကူညီရန် စင်ကာပူကြက်ခြေနီအဖွဲ့ အလှူငွေကောက်ခံမှု စတင်

    မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအား ကူညီရန် စင်ကာပူကြက်ခြေနီအဖွဲ့ အလှူငွေကောက်ခံမှု စတင်

    သြဂုတ် ၁၁၊ ၂၀၁၅
    M-Media

    myan

    – မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးမှုများကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအား ကူညီရေး ရန်ပုံငွေရရှိရန်အတွက် စင်ကာပူကြက်ခြေနီအဖွဲ့ SRC မှာ ပြည်သူများထံမှ တစ်လကြာ အလှူငွေကောက်ခံမှုကို ယနေ့တွင် စတင်ခဲ့သည်ဟု သိရသည်။

    ထိုရေဘေးကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခုကို မြန်မာအစိုးရက ဘေးအန္တရာယ်ကျရောက်သည့် ဒေသများအဖြစ် ကြေညာခဲ့ပြီး၊ သေဆုံးသူ ၁၀၀ ကျော်နှင့် ရေဘးသင့်ပြည်သူ ၁ သန်းနီးပါးရှိသည်ဟု နိုင်ငံပိုင် မီဒီယာတွင် ယမန်နေ့က ဖော်ပြခဲ့သည်။

    SRC ကို အဆိုပါအလှူငွေကောက်ခံရေး စတင်မှုအဖြစ် စင်ကာပူအစိုးရက ကန်ဒေါ်လာ ၁ သိန်း လှူဒါန်းရန် ကတိပြုခဲ့သည်။

    SRC မှာ မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် ကန်ဒေါ်လာ ၁ သိန်းကို ပြီးခဲ့သည့်တစ်ပတ်က ပေးပို့လှူဒါန်းခဲ့ပြီး အဆင့်မြင့်အဖွဲ့တစ်ဖွဲ့မှာလည်း ဧရာဝတီတိုင်းဒေသကြီးရှိ ညောင်တုန်းမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ တိုက်ကြီးမြို့နယ်များကဲ့သို့ ရေလွှမ်းမိုးသည့် ဒေသများသို့ ၃ ရက်ကြာ သွားရောက်ခဲ့ကြသည်။

    အဆိုပါအဖွဲ့မှာ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ကြပြီး ရေလွှမ်းမိုးသည့် ဒေသများတွင် သောင်းတင်နေသည့် ပြည်သူများကို လှေများဖြင့် ကယ်ဆယ်ခဲ့သည်။

    ထို့ပြင် သဲအိတ်များ၊ ဆန်များ၊ စားသုံးဆီနှင့် ရေသန့်များအပါအ၀င် ကယ်ဆယ်ရေးပစ္စည်းများကိုလည်း ရေဘေးသင့်ပြည်သူများအတွက် ဝေငှခဲ့ကြသည်။ တိုက်ကြီးမြို့ရှိ ယာယီ ကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ ၂၀၀ ခန့်သာ ဆန့်သော်လည်း လူ ၆၀၀ ခန့် ခိုလှုံနေကြရသည်။

    အဆိုပါ စခန်းများရှိ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ ရေနှင့် အစားသောက်များ ပြတ်လပ်နေသည်ကိုလည်း ထိုအဖွဲ့က တွေ့ခဲ့ရသည်။

    “ရေးဘေးသင့်ပြည်သူတွေရဲ့ အရေအတွက်အတိအကျကို ချက်ချင်းလက်ငင်း သေသေချာချာသိရဖို့ ခက်ခဲပါတယ်။ အထူးသဖြင့် ရေဘေးသင့်ပြည်သူတွေဟာ ရေလွှမ်းမိုးမှုကြောင့် သွားရလာရ ခက်ခဲတဲ့ ဒေသတွေမှာ ရှိနေကြတဲ့ အချိန်တွေမှာပါ။ ရေလွှမ်းမိုးမှုအခြေအနေ ဆိုးရွားလာတာကနေ ကျွန်တော်တို့ မျှော်လင့်ရတာကတော့ ရေဘေးသင့်ပြည်သူတွေ တစ်မဟုတ်ချင်း တိုးလာမယ်ဆိုတာပါပဲ” ဟု SRC ၏ စီအီးအိုနှင့် အထွေထွေအတွင်းရေးမှူးဖြစ်သူ ဘင်ဂျမင် ၀ီလီယံက ပြောကြားခဲ့သည်။

    SRC မှာ မြန်မာပြည်ရှိ ရေဘေးသင့် လူ့အဖွဲ့အစည်းအတွက် လိုအပ်လာမည့် ဆေးဝါးလိုအပ်ချက်အား ကူညီထောက်ပံ့ပေးရန်လည်း စီစဉ်ထားသည်။

    “ရေကနေတစ်ဆင့် ဖြစ်လာတတ်တဲ့ ရောဂါတွေနဲ့ ၀မ်းလျှောမှု၊ အဖျားတို့လို ကျန်းမာရေးအခြေအနေမျိုးတွေ မြင့်တက်လာမယ်လို့ မျှော်လင့်ရတာကြောင့် ရေကြီးမှုမှ ရွာတွေ ရေလွှမ်းတာနဲ့အတူ ဆေးဘက်ဆိုင်ရာမှာ အာရုံစိုက်ဖို့ လိုအပ်ချက်ကို ကျွန်တော်တို့ ကြိုမြင်နေပါတယ်” ဟု ၀ီလီယံက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ကစားပုံထက် အနိုင်ရမှုကသာ အခရာဟု လီဗာပူးလ်ကွင်းလယ်လူပြော

    ကစားပုံထက် အနိုင်ရမှုကသာ အခရာဟု လီဗာပူးလ်ကွင်းလယ်လူပြော

    သြဂုတ် ၁၁၊ ၂၀၁၅
    M-Media

    liver

    – မိမိတို့အသင်း အနိုင်ရရှိရန်သာ လိုအပ်ပြီး ကစားပုံမကောင်းမှုကို ဂရုမစိုက်ဟု လီဗာပူးလ်အသင်း၏ ကွင်းလယ်ကစားသမား ဂျိမ်းစ်မီလ်နာက ပြောကြားလိုက်သည်။

    ပရီးမီးယာလိဂ်အဖွင့်ပွဲစဉ်အဖြစ် စတုတ်စီးတီးနှင့် တနင်္ဂနွေနေ့က ကစားခဲ့သောပွဲတွင် လီဗာပူးလ်အသင်းမှာ ကော်တင်ဟို၏ ၈၆ မိနစ်ဂိုးဖြင့် အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့သည်။ သို့သော်လည်း ကစားပုံမှာ သွက်လက်ခြင်း မရှိခဲ့ပေ။

    ယခုနှစ်မှ ပြောင်းရွှေ့လာခဲ့သော မီလ်နာကမူ ကစားပုံမကောင်းခဲ့သော်လည်း စတုတ်စီးတီးအသင်း၏ ဘရစ်တာနီယာကွင်းမှ ၃ မှတ်ယူခဲ့ခြင်းကသာ အခရာကျသည်ဟု ပြောကြားခဲ့သည်။

    “အမြဲတမ်း ရလဒ်ကိုပဲ ကြည့်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ ရာသီရဲ့ ပွဲတိုင်းကို ဆိုးဆိုးဝါးဝါးကစားမယ်၊ ပြီးတော့ တစ်ပွဲချင်းစီကို နိုင်ခဲ့မယ်ဆိုရင် လူတိုင်းက ဒီအတွက် ပျော်ရွှင်ကြမှာပါပဲ။ ကျွန်တော်တို့ ဘောလုံးကို ကိုင်ထားနိုင်တာပဲဖြစ်ဖြစ်၊ တိုက်ပွဲတစ်ပွဲလို ပွဲမျိုးပဲဖြစ်ဖြစ် ဒီလို အနိုင်ရဖို့သာ အခရာပါ။ ပြီးတော့ ဒါကိုပဲ ကျွန်တော်တို့ လုပ်ရမှာပါ” ဟု မီလ်နာက ပြောကြားခဲ့သည်။

    ထို့ပြင် အခြေအနေကို သုံးသပ်ရန် လိုအပ်ပြီး မတူညီသောအသင်းများ၊ မတူညီသော ဖွဲ့စည်းပုံများအတွက် ပြောင်းလဲကစားနိုင်ရမည်ဖြစ်ကြောင်း ထိပ်တန်းအသင်းဆိုသည်မှာ မိမိတို့၏ စိတ်ကြိုက် မဖြစ်သည့်အခါ လိုက်လျောညီထွေ ဖြစ်ရမည်ဖြစ်ပြီး ပွဲများအား နိုင်အောင်ကစားနိုင်ရမည် ဖြစ်ကြောင်း ၎င်းက ထည်သွင်းပြောကြားခဲ့သည်။

    အဖွင့်ပွဲစဉ်တွင် အနိုင်ဂိုးသွင်းပေးခဲ့သည့် ကော်တင်ဟိုကိုလည်း မီလ်နာက ချီးကျူးခဲ့သည်။

    “သူက တစ်ချိန်လုံး တိုးတက်နေတဲ့သူလို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့နှစ်မှာ ဒီလို စွမ်းဆောင်တာမျိုး အကြိမ်အနည်းငယ် တွေ့ဖူးပါတယ်။ ဒါ့ကြောင့် ကျွန်တော် ကွင်းထဲမှာ၊ သူ့အသင်းမှာ ရှိနေတဲ့အချိန် သူဒီလိုလုပ်တာ သိပ်ကောင်းပါတယ်။ သူဟာ အရည်အချင်းရှိပြီး တစ်သင်းလုံးမှာ အရည်အချင်းရှိတယ်ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်”

    Ref: Goal