News @ M-Media

Author: Ko Lay

  • မန်စီးတီး၏ပရိတ်သတ် ဆက်ဖြစ်နေမည်ဟု ဇက်ကိုပြော

    မန်စီးတီး၏ပရိတ်သတ် ဆက်ဖြစ်နေမည်ဟု ဇက်ကိုပြော

    သြဂုတ် ၁၃၊ ၂၀၁၅
    M-Media

    roma

    – စီးရီးအေကလပ် ရိုးမားအသင်းသို့ တစ်နှစ်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သော်လည်း မိမိအနေဖြင့် အမြဲတမ်း မန်စီးတီးပရိတ်သတ်သာ ဖြစ်နေမည်ဟု တိုက်စစ်မှူး ဇက်ကိုက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က ပရီးမီးယားလိဂ်တွင် ၁၁ ပွဲသာ ပါဝင်ကစားခဲ့ရသည့် ဇက်ကိုမှာ ရိုးမားသို့ အငှားဖြင့် ပြောင်းရွှေ့မှုကို ယမန်နေ့က အပြီးသတ်နိုင်ခဲ့ပြီး ရာသီကုန်တွင် အပြီးသတ်ခေါ်ယူနိုင်ခွင့်ရှိမည့် ချွင်းချက်တစ်ခုလည်း ပါဝင်ခဲ့သည်။

    ဇက်ကိုကမူ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၀ုလ်ဘာ့ဂ်မှ ရောက်ရှိခဲ့ပြီးကတည်းက မိမိအား အားပေးထောက်ခံခဲ့မှုအတွက် အသင်းအား ကျေးဇူးတင်မိသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော့်အတွက် ခင်ဗျားတို့ရဲ့ ကျွေးကြော်သံတွေ၊ ခင်ဗျားတို့အတွက် ကျွန်တော့်ရဲ့ မေတ္တာတွေနဲ့ ပြည့်နှက်ခဲ့တဲ့ ၄ နှစ်ခွဲတာကာလ ပြီးတဲ့နောက် “နှုတ်ဆက်ပါတယ်” လို့ ပြောရမယ့်အချိန် ရောက်လို့လာခဲ့ပါပြီ။ မန်စီးတီးမှာ ကျွန်တော့်ရဲ့ အကောင်းဆုံးတွေထဲက အချိန်အတစ်ချို့ကို ကုန်ဆုံးခဲ့ပါတယ်။ ဘယ်တော့မှ မေ့လို့မရမယ့် အချိန်တွေပါပဲ” ဟု ဇက်ကိုက ပြောကြားခဲ့သည်။

    ထို့ပြင် နှုတ်ဆက်သည်ဟု ပြောရခြင်းမှာ အမြဲတမ်းခက်ခဲသည့် အရာများထဲမှ တစ်ခုဖြစ်ကြောင်း၊ မိမိမှာ မန်စီးတီး၏ ပရိတ်သတ် ဆက်ဖြစ်နေမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော်ဟာ မန်စီးတီးရဲ့ အမာခံပရိတ်သတ်အဖြစ် ဆက်လက်ရှိသွားမှာပါ။ အသင်းအနေနဲ့ အနာဂတ်မှာ ဆုဖလားတွေ၊ ပျော်ရွှင်မှုတွေ ရရှိပါစေကြောင်း အကောင်းဆုံး ဆုမွန်ကောင်း တောင်းလိုက်ပါတယ်”

    Ref: Goal

  • တရုတ်နိုင်ငံတွင် အန္တရာယ်ရှိသောပစ္စည်းများထားရှိသည့် သိုလှောင်ရုံတစ်ခု ပေါက်ကွဲ၊ လူ ၁၇ ဦး သေဆုံး

    တရုတ်နိုင်ငံတွင် အန္တရာယ်ရှိသောပစ္စည်းများထားရှိသည့် သိုလှောင်ရုံတစ်ခု ပေါက်ကွဲ၊ လူ ၁၇ ဦး သေဆုံး

    သြဂုတ် ၁၃၊ ၂၀၁၅
    M-Media

    china

    – တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကမ်းခြေမြို့ တီယန်ဂျင်းရှိ အန္တရာယ်ရှိသောပစ္စည်းများ သိုလှောင်ရုံတစ်ခု ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပြီး လူ ၄၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကာ တစ်မြို့လုံးမှာ တုန်လှုပ်သွားခဲ့သည်ဟု သိရသည်။

    ဒေသစံတော်ချိန် ယမန်နေ့ည သန်းခေါင်ယံက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အန္တရာယ်ရှိသည့်ပစ္စည်းများ ထည့်ထားသော သိုလှောင်ရုံအတွင်းရှိ ကွန်တိန်နာတစ်လုံး ပေါက်ကွဲရာမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံပိုင်သတင်းဌာနများက ဖော်ပြခဲ့သည်။

    CCTV သတင်းဌာနကမူ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိနေသူများတွင် ၃၂ ဦးမှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်ဟု ဖော်ပြခဲ့သည်။ ထို့ပြင် မီးသတ်သမား အနည်းဆုံး ၃၆ ဦးမှာလည်း ပျောက်ဆုံးနေသည်။

    ထိုပေါက်ကွဲမှုကြောင့် အဆိုပါအဆောက်အဦးနှင့် အနီးအနားရှိ အဆောက်အဦးများမှ တံခါးများနှင့် ပြတင်းပေါက်များမှာ ပွင့်ထွက်သွားခဲ့ကာ မိုင်များစွာအကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။ မည်သည့်အတွက်ကြောင့် ထိုပေါက်ကွဲမှုဖြစ်သည်ကို သိရှိရခြင်း မရှိသေးဘဲ အဆိပ်အတောက်ဖြစ်သော ဓာတုပစ္စည်းများ လေထုထဲသို့ အများအပြားရောက်ရှိနေသည့် လက္ခဏာလည်း လက်ရှိအချိန်တွင် မတွေ့ရသေးပေ။

    တန်ဂျီယန်းမြို့ရှိ ပြည်သူများမှာလည်း ယနေ့နံနက်ပိုင်းတွင် ၎င်းတို့ ပိုင်ဆိုင်သည့် ပစ္စည်းများကိုယူ၍ အိုးအိမ်များကို စွန့်ခွာထွက်ပြေးနေကြသည်။ လမ်းများပေါ်တွင်လည်း မှန်ကွဲစများ၊ ကျောက်တုန်းကျောက်ခဲများဖြင့် ပြန့်ကျဲနေသည်။

    Ref: Aljazeera

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၁၂၊ ၂၀၁၅)

    သြဂုတ် ၁၂၊ ၂၀၁၅
    M-Media

    တောင်တရုတ်ပင်လယ်တွင် လွတ်လပ်မှုရှိရန် ဗြိတိန်တိုက်တွန်း
    ………………………………
    ပိုင်နက်အငြင်းပွားမှုများ ရှိနေသည့် တောင်တရုတ်ပင်လယ်တွင် ရေကြောင်းနှင့် လေကြောင်းသွားလာမှုများအား လွတ်လပ်ခွင့်ပေးရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဖီးလစ်ပ် ဟမ်မွန်က ယနေ့တွင် တိုက်တွန်းပြောကြားခဲ့သည်။ ထို့ပြင်
    ဒုတိယကမ္ဘာစစ်ပြီးကတည်းက အာရှတွင် ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းမှာ မပြီးဆုံးသေးဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    လူမည်းလူငယ်တစ်ဦးအား ပစ်သတ်ခဲ့သည့် အမေရိကန်ရဲ အလုပ်ဖြုတ်ခံရ
    ………………………………..
    တက္ကဆက်ရှိ ကား အရောင်းဌာနတစ်ခုတွင် ဖောက်ထွင်းမှုသံသယဖြင့် လက်နက်မကိုင်ထားသော ဆယ်ကျော်သက်လူမည်းတစ်ဦးအား ပြီးခဲ့သည့် သီတင်းပတ်က ပစ်သတ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ဘရဒ် မီလာကို “ဆိုးရွားသောရလဒ်များ ထွက်လာစေသည့် ဆုံးဖြတ်ချက် ချမှတ်မှု” အတွက် ရာထူးမှ ထုတ်ပယ်လိုက်သည်။ သေဆုံးသွားသူမှာ အသက် ၁၉ နှစ်အရွယ် ခရစ်ရှန် တေလာဆိုသူဖြစ်ပြီး လူမည်းလူငယ် မိုက်ကယ်ဘရောင်း သေနတ်ဖြင့် ပစ်သတ်ခံရသည့် တစ်နှစ်မြောက်နှစ်ပတ်လည်မတိုမီ ၂ ရက်အလိုတွင် ပစ်သတ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

    တရုတ်ရှိ မိုင်းတွင်းများတွင် မြေပြိုမှုနှင့် ပေါက်ကွဲမှုများ ဖြစ်ပွား
    ………………………………….
    တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ဇီပြည်နယ် ရှန်ဂလူမြို့ရှိ သတ္ထုတွင်း ကုမ္ပဏီ၏ လူနေအိမ်ယာများအပေါ်သို့ မြေပြိုကျမှုကြောင့် လူ ၄၀ ၀န်းကျင်ခန့် ပျောက်ဆုံးနေသည်ဟု တရုတ်အစိုးရက ယနေ့တွင် ကြေညာခဲ့သည်။ အင်္ဂါနေ့ညပိုင်းကလည်း နိုင်ငံ အနောက်တောင်ပိုင်း ဂွီဇူးပြည်နယ်ရှိ သတ္ထုတွင်းတစ်ခုတွင် ပေါက်ကွဲမှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပြီး တစ်ဦး ပျောက်ဆုံးခဲ့သည်။

    Ref: News Agencies

  • မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူ ၄ သိန်းကျော်အတွက် WFP ရိက္ခာထောက်ပံ့ပေးမည်

    မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူ ၄ သိန်းကျော်အတွက် WFP ရိက္ခာထောက်ပံ့ပေးမည်

    သြဂုတ် ၁၂၊ ၂၀၁၅
    M-Media

    mya

    – မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ပြည်သူ ၄၃၅၀၀၀ အတွက် အရေးအပေါ် ရိက္ခာများ ထောက်ပံ့ပေးနိုင်ရန် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP က စီစဉ်ဆောင်ရွက်နေသည်ဟု သိရသည်။

    “ဆန်၊ ပဲ၊ စားသုံးဆီ၊ ဆား စတာတွေ တစ်လစာနဲ့ တစ်ချို့နေရာတွေမှာ စွမ်းအားမြင့် ဘီစကစ် တစ်ပတ်စာကို ပေးအပ်ပြီးပါပြီ” ဟု ကုလ၏ ပြောရေးဆိုခွင့်ရှိသူ စတီဖိန်း ဒူဂျာရစ်၏ ပြောကြားမှုကို ကိုးကား၍ Xinhua သတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    WFP မှာ ရိက္ခာထောက်ပံ့မှုနှင့် စပ်လျဉ်း၍ မြန်မာအစိုးရ၊ ကုလအေဂျင်စီများ၊ ပြည်တွင်း အန်ဂျီအိုများနှင့်အတူ ဆောင်ရွက်နေပြီး လက်ရှိအချိန်အထိ လူပေါင်း ၂၁၃၀၀၀ ကျော်ထံ ရိက္ခာအကူအညီများ ရောက်ရှိပြီးဖြစ်သည်ဟု ဒူဂျာရစ်က ထည့်သွင်းပြောကြားခဲ့သည်။

    ဇူလိုင်လကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုင်ငံတစ်ဝှမ်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ပြီး အိမ်များ၊ လယ်ယာမြေများ၊ ရထားလမ်းများ၊ တံတားများနှင့် လမ်းများလည်း ပျက်ဆီးခဲ့သည်။

    မြန်မာအစိုးရမှာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခုကို သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများအဖြစ် ကြေညာခဲ့သည်။ ရေကြီးမှုကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ ၁၀၀ ကျော်ရှိနေပြီး ရေဘေးသင့်ပြည်သူများမှာ ၁ သန်းခန့်ရှိနေသည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

    Ref: Times of India

  • Trust Muslims လှုပ်ရှားမှု မွမ်ဘိုင်းသို့ရောက်ရှိ

    Trust Muslims လှုပ်ရှားမှု မွမ်ဘိုင်းသို့ရောက်ရှိ

    သြဂုတ် ၁၂၊ ၂၀၁၅
    M-Media

    india

    – လူ့အဖွဲ့အစည်းအတွင်း မြင့်တက်လာသည့် တင်းမာမှုများကို လျော့ကျစေရန်နှင့် အပြန်အလှန် ယုံကြည်မှုရှိစေရန် ရည်ရွယ်သော Trust Muslims လှုပ်ရှားမှုမှာ အိန္ဒိနိုင်ငံ မွမ်ဘိုင်းမြို့အထိ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    အဆိုပါလှုပ်ရှားမှုမှာ မျက်နှာအ၀တ်စည်းထားသည့် မွတ်စလင်တစ်ဦးက လမ်းဘေးတွင်ရပ်ကာ လမ်းသွားလမ်းလာများ၏ ယုံကြည်မှုနှင့် ပွေ့ဖက်နှုတ်ဆက်မှုကို တောင်းဆိုသည့် လှုပ်ရှားမှုဖြစ်သည်။

    အိန္ဒိယမွတ်စလင်တစ်ဦးဖြစ်သူ မာဇင်မ် မီလာမှာလည်း မွမ်ဘိုင်းမြို့ရှိ လမ်းလယ်ကောင်တွင် ရပ်၍ ၎င်း၏ ဘေး၌ “ကျွန်တော် မွတ်စလင်ပါ။ ခင်ဗျားကို ယုံပါတယ်။ ကျွန်တော့်ကို ပွေ့ဖက်ရလောက်အောင် ခင်ဗျား ယုံကြည်ရဲ့လား” ဆိုသည့် ဆိုင်းဘုတ်ကို ချထားကာ ထိုလှုပ်ရှားမှုကို သြဂုတ်လ ၆ ရက်နေ့က ဆောင်ရွက်ခဲ့သည်။

    ထိုသို့ဆောင်ရွက်ခြင်းမှာ အိန္ဒိယ၏ စီးပွားရေးမြို့တော်အတွင်း ငြိမ်းချမ်းရေးသတင်းစကားကို ပြန့်နှံ့စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့ကာ လမ်းသွားလမ်းလာများကလည်း ၎င်းအား လာရောက်၍ ဖက်လှဲတကင်း နှုတ်ဆက်ခဲ့ကြသည်။

    “မွတ်စလင်အမျိုးသားတစ်ယောက်က (မွမ်ဘိုင်းမြို့ရဲ့) ချောင်ပတ္တီမှာ ကြာသာပတေးနေ့က ယုံကြည်မှုနဲ့ ပွေ့ဖက်နှုတ်ဆက်ဖို့ တောင်းဆိုခဲ့ပါတယ်။ မွမ်ဘိုင်းပြည်သူတွေကလည်း ယုံကြည်မှုပေးခဲ့ကြပြီး ဖက်လည်း ဖက်ခဲ့ကြပါတယ်” ဟု International Business Times မှ အယ်ဒီတာတစ်ဦးဖြစ်သူ ဆာချင် ကာလ်ဘဂ်က Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    ထိုလှုပ်ရှားမှုအတွက် မေးမြန်းခဲ့ရာ မာဇင်မ်က “ပြည်သူများ၏ တုံ့ပြန်မှုကို တွေ့မြင်ရန် စမ်းသပ်ချက်” ဟု ပြောကြားခဲ့သည်။ ၎င်း၏ ဓာတ်ပုံကို Twitter စာမျက်နှာတွင် အကြိမ်ရေ ရာနှင့်ချီ၍ ဖြန့်ဝေခဲ့ကြပြီး ထိုလှုပ်ရှားမှုအတွက် ချီးကျူးမှုများလည်း ရရှိခဲ့သည်။

    ထိုလှုပ်ရှားမှုကို ပြီးခဲ့သည့် မတ်လက ကနေဒါမွတ်စလင်တစ်ဦးမှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများ၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနှင့်ပတ်သက်၍ နိုင်ငံရေးသမားများ၏ ပြောကြားမှုများ ထွက်ပေါ်လာပြီးနောက် မွတ်စလင်များအပေါ် ရှိနေသည့် ခံစားမှုများကို စမ်းသပ်ခြင်း၏ အစိတ်အပိုင်းလည်း ဖြစ်သည်။

    ထို့နောက် ဆွီဒင်နှင့် နော်ဝေတို့တွင် ထိုကဲ့သို့ လှုပ်ရှားမှုများကို မွတ်စလင်များက ဆောင်ရွက်ခဲ့ကြပြီး သီတင်းပတ်အနည်းငယ် အကြာတွင် နယူးယောက်မြို့တွင်လည်း ထိုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။

    မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများနှင့် အစ္စလာမ်သာသနာကို ခုတုံးလုပ်၍ တိုက်ခိုက်သတ်ဖြတ်နေကြသော အစွန်းရောက်များကြောင့် အစ္စလာမ်ဘာသာနှင့် အစ္စလာမ်ဘာသာဝင်များအပေါ် နားလည်မှုလွဲမှားမှုမှာ မြင့်တက်လာခဲ့ပြီး ငြိမ်းချမ်းစွာ နေထိုင်သည့် မွတ်စလင်များကို ပစ်မှတ်ထား တိုက်ခိုက်မှုများမှာလည်း ယခုနောက်ပိုင်းတွင် မြင့်တက်လာခဲ့သည်။

    သို့သော်လည်း မွတ်စလင်များကမူ အသိပညာပေးခြင်းလုပ်ငန်း၊ လူမှုရေးလုပ်ငန်းများနှင့် ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးမှုများဖြင့် ထိုနားလည်မှုလွဲမှားခြင်းကို ဖြေရှင်းလျက် ရှိနေသည်။

    Ref: Onislam