News @ M-Media

Author: Ko Lay

  • ဒီမာရီယာမှာ ပီအက်စ်ဂျီအား တိုးတက်စေမည်ဟု ဇီဒိန်းပြော

    ဒီမာရီယာမှာ ပီအက်စ်ဂျီအား တိုးတက်စေမည်ဟု ဇီဒိန်းပြော

    ဇူလိုင် ၃၀၊ ၂၀၁၅
    M-Media

    dimar

    – မန်ယူကွင်းလယ်လူဟောင်း ဒီမာရီယာမှာ ပြီးပြည့်စုံသည့် ကစားသမားတစ်ဦးဖြစ်ပြီး ပီအက်စ်ဂျီအသင်းအား နောက်တစ်ဆင့်သို့ ပို့ဆောင်ပေးနိုင်မည်ဟု ရီယဲလ်အရန်အသင်းနည်းပြ ဇီနဒင်း ဇီဒိန်းက ပြောကြားလိုက်သည်။

    ပီအက်စ်ဂျီနည်းပြ လော့ရင့် ဘလန့်စ်က ရီးယဲလ်ကွင်းလယ်လူဟောင်းဖြစ်သူ ဒီမာရီယာအား ခေါ်ယူရန်နိုင်ရန် နီးစပ်နေပြီဟု ယခုတစ်ပတ်အစောပိုင်းက ပြောကြားခဲ့သည်။

    ဇီဒိန်းကမူ ဒီမာရီယာအား ခေါ်ယူခြင်းမှာ ပီအက်စ်ဂျီအသင်း၏ ချန်ပီယံလိဂ်အောင်မြင်မှုအတွက် အကူအညီဖြစ်စေလိမ့်မည်ဟု ယုံကြည်နေသည်။

    “သူဟာ ခင်ဗျားကို နောက်တစ်ဆင့် ခေါ်ဆောင်သွားနိုင်မယ့် ကစားသမားမျိုးပါ။ ဒါကပဲ ချန်ပီယံလိဂ်မှာ ရှေ့ဆက်ဖို့ သူတို့လိုအပ်နေတဲ့ အရာပါပဲ။ အိန်ဂျယ် ဒီမာရီယာဟာ သူ့ရဲ့ စွမ်းအားနဲ့ ကူညီနိုင်သလို၊ သူတင်ကစားတဲ့အခါမှာလည်း ခြားနားမှုတွေကို ပြုလုပ်နိုင်သူပါ။ ပြီးတော့ ထူးခြားမှုတစ်ခုခုလုပ်ဖို့ စွမ်းရည်ရှိတဲ့သူပါ။ ဒါဟာ လာမယ့်နေ့တွေမှာ ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဇီဒိန်းက BFM TV သို့ ပြောကြားခဲ့သည်။

    ထို့ပြင် တစ်နိုင်ငံတည်းသားဖြစ်ပြီး ယူအီးအက်ဖ်အေဥက္ကဌအဖြစ် ဆောင်ရွက်နေသော ပလာတီနီကို ဖီဖာဥက္ကဌအဖြစ် ဇီဒိန်းက ထောက်ခံခဲ့သည်။

    “သူ အဆင်ပြေပါလိမ့်မယ်။ ဒါတွေအာလုံးကို တာဝန်ယူဖို့ သူဟာ အသင့်တော်ဆုံး လူတစ်ယောက်ပါပဲ။ ကျွန်တော်သူ့ကို ထောက်ခံသွားမှာပါ။ သူဟာ အလုပ်တွေကောင်းကောင်း လုပ်ခဲ့ပါတယ်။ တကယ်ပါ။ ကျွန်တော်သူ့ကို မဲပေးသွားမှာပါ”

    Ref: Goal

  • လကမ္ဘာသို့ နေ့ချင်းပြန်သွားနိုင်မည့် နည်းပညာသစ်ကို သိပ္ပံပညာရှင်များ အတည်ပြု

    လကမ္ဘာသို့ နေ့ချင်းပြန်သွားနိုင်မည့် နည်းပညာသစ်ကို သိပ္ပံပညာရှင်များ အတည်ပြု

    ဇူလိုင် ၃၀၊ ၂၀၁၅
    M-Media

    lunar

    – လမ္ဘာသို့ နေ့ချင်းပြန် သွားရောက်နိုင်သည့်အထိ စွမ်းဆောင်နိုင်သော တွန်းကန်အားစွမ်းအင်သစ်သုံး အင်ဂျင်စက်တစ်ခု ရှိနေပြီဟု သိပ္ပံပညာရှင်များက အတည်ပြု ပြောကြားလိုက်သည်။

    အဆိုပါ အင်ဂျင်စက်ကို လျှပ်စစ်သံလိုက် တွန်းကန်အား အင်ဂျင် EM Drive ဟု အမည်ပေးထားပြီး ၂၀၀၀ ပြည့်နှစ်က ဗြိတိန်သိပ္ပံပညာရှင် ရော်ဂျာ ရှော်ယာက ဖန်တီးနိုင်ခဲ့ဖြစ်သည်။ သို့သော်လည်း ၎င်း၏ ခေတ်ပြိုင်သိပ္ပံပညာရှင်များက ထိုဖန်တီးမှုမှာ သိပ္ပံနည်းကျ မဖြစ်နိုင်ဟု ယူဆခဲ့ကြသည်။

    သို့သော်လည်း နောက်ပိုင်းတွင် နာဆာ အဆိုပါဒီဇိုင်းအား ပြန်လည်သုံးသပ်ခဲ့ပြီး ထိုနည်းပညာမှာ ဖြစ်နိုင်သည်ဟု ကောက်ချက်ချခဲ့သည်။

    ရှော်ယာ၏ မူပိုင်ဖြစ်သော အဆိုပါ တွေ့ရှိချက်ကို ဒရက်စ်ဒန် နည်းပညာတက္ကသိုလ်မှ မာတင် တဂ်ျမာက ယခုသီတင်းပတ်တွင် ဖော်ထုတ်ခဲ့ပြီး အဆိုပါ EM Drive မှာ ဖိုတွန်ဒုံးကျည်များထက် တွန်းကန်အား အလွန်မြင့်မားကာ အင်္ဂါဂြိုဟ်အား ရက်ပေါင်း ၇၀ နှင့် ပလူတိုဂြိုဟ်အား ၁၈ လတာအကြာတွင်ပင် ရောက်ရှိနိုင်သည်ဟု ပြောကြားခဲ့သည်။ လကမ္ဘာသို့သွားပါက ၄ နာရီသာ
    ကြာမြင့်မည်ဖြစ်သည်။

    ထို့ပြင် နေမှ အလင်းနှစ် ၄.၃၇ နှစ် အကွာအဝေးတွင်ရှိပြီး ကမ္ဘာနှင့်အနီးဆုံး ကြယ်စင်စုကြီးဖြစ်သော Alpha Cetauri သို့ လက်ရှိယာဉ်များဖြင့် သွားရောက်ပါက နှစ်ပေါင်းထောင်ချီ ကြာမြင့်နိုင်သော်လည်း EM Drive ကို အသုံးပြုပါက နှစ် ၁၀၀ အတွင်း သွားရောက်နိုင်မည်ဖြစ်သည်။

    EM Drive မှာ နေစွမ်းအင်ကို ထိန်းချုပ်အသုံးချခြင်းဖြင့် အလုံပိတ်ထားသည့် အုံအတွင်း မိုက်ခရိုဝေ့ဗ်လှိုင်းများကို ထုတ်ပေးစေခြင်း ဖြစ်သည်။ သီအိုရီအရ ဘရိတ်မရှိပါက အဆိုပါ အင်ဂျင်မှာ လောင်စာဆီမလိုဘဲ ထာဝရ မရပ်မတန့် သွားနိုင်မည်ဖြစ်သည်။

    “ကျွန်တော်တို့ရဲ့ စမ်းသပ်မှုလုပ်ငန်းဟာ EM Drive ရဲ့ လုပ်ဆောင်မှုကို အတည်ပြုလို့မရသေးသလို၊ ငြင်းပယ်လို့လည်း မရပါဘူး။ ဒါပေမယ့် အခုလက်ရှိမှာ အသုံးပြုခဲ့တဲ့ တိုင်းတာမှုနည်းလမ်းတွေ အတွင်းမှာ ဖြစ်နိုင်ဖွယ်ရာ ဘေးထွက်ဆိုးကျိုးတွေကို လွတ်လွတ်လပ်လပ် ချင့်ချိန်ဖို့ ရည်ရွယ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အနာဂတ်ဖြစ်စဉ်တွေကို ထပ်မံလေ့လာဖို့ လုံလောက်စေတဲ့ ဖြစ်နိုင်ဖွယ်
    အမှားအယွင်းတွေကို ဖယ်ထုတ်ပြီးတဲ့နောက်မှာ ခန့်မှန်းထားတာနဲ့ နီးစပ်တဲ့ တွန်းကန်အားကိုတော့ ရှာတွေ့ခဲ့ပါတယ်” ဟု တဂ်ျမာက ပြောကြားခဲ့သည်။

    ထို့ပြင် အပူနှင့် လျှင်စစ်သံလိုက်အမှုန်တို့၏ နှောက်ယှက်မှုများကို အသေအချာ လေ့လာပြီးနောက် ယခင်မျှော်မှန်းထားသည့် တွန်းကန်အားမျိုး ရရှိနိုင်သည်ဟု မိမိတို့၏ ဆန်းစစ်မှုများအရ သိရကြောင်း၊ ထိုကဲ့သို့ ရရှိလာပါက အာကာသခရီးသွားမှုကို တော်လှန်ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    တဂ်ျမာမှာ ၎င်း၏တွေ့ရှိမှုကို ယခုတစ်ပတ်တွင် ကျင်းပပြုလုပ်မည့် 2015 American Institute for Aeronautics and Astronautics’ Propulsion and Energy Forum and Exposition ဖိုရမ်၌ တင်သွင်းသွားမည်ဖြစ်သည်။

    ကနီဦးတီထွင်ခဲ့သူ ရှော်ယာမှာလည်း အင်ဂျင်စက်၏ စွမ်းဆောင်ရည်များကို လာမည့်လအနည်းငယ်၌ ဖော်ပြသွားမည်ဟု ပြောကြားခဲ့သည်။ သိပ္ပံပညာရှင်များကမူ အဆိုပါအင်ဂျင်စက်မှာ မည်ကဲ့သို့အလုပ်သည်ဆိုခြင်းနှင့်ပတ်သက်၍ ၀ိရောဓိ ဖြစ်နေကြသည်။

    Ref: RT

  • ဖီဖာဥက္ကဌနေရာအတွက် တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဌဟောင်း ၀င်ပြိုင်မည်

    ဖီဖာဥက္ကဌနေရာအတွက် တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဌဟောင်း ၀င်ပြိုင်မည်

    ဇူလိုင် ၃၀၊ ၂၀၁၅
    M-Media

    fifa

    – လာမည့်နှစ်ဆန်းပိုင်းတွင် ပြုလုပ်မည့် ဖီဖာဥက္ကဌရွေးကောက်ပွဲတွင် မိမိအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဟောင်း ချန်မွန်ဂျွန်းက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်ဇွန်လက ငါးကြိမ်ဆက် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည့် ဥက္ကဌ ဘလတ္တာက ၎င်းအနေဖြင့် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ပြောကြားခဲ့ပြီးနောက် လာမည့်နှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဥက္ကဌသစ် ရွေးကောက်ပွဲကို ပြုလုပ်ရန် ဖီဖာက ရက်သတ်မှတ်ခဲ့သည်။

    ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီကမူ ၎င်းအနေဖြင့် ဖီဖာဥက္ကဌရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ယမန်နေ့တွင် ကြေညာခဲ့ပြီး ၎င်းပင် အရွေးခံရမည်ဟု ရေပန်းစားနေသည်။

    ဖီဖာ၏ ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အသက် ၆၁ နှစ်အရွယ် ချန်မွန်ဂျွန်းကလည်း ၎င်းအနေဖြင့် ထိုရာထူးအတွက် ၀င်ရောက်အရွေးခံသွားမည်ဟု ယနေ့တွင် ပြောကြားခဲ့ပြီး ပလာတီနီမှာ သင့်တော်သူမဟုတ်ဟု ဆိုသည်။

    “အဓိပ္ပါယ်ရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ မစ္စတာ ပလာတီနီအတွက် တော်တော်ခက်ခဲပါလိမ့်မယ်။ သူဟာ လက်ရှိဖီဖာတည်ဆောက်ပုံကို ထောက်ခံအားပေးသူပါ။ ပြီးတော့ သူဟာ လက်ရှိစနစ်ရဲ့ လက်ထွက်လည်း ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်အရွေးခံရရင် ကျွန်တော့်အလုပ်က ရုံးထိုင်ဇိမ်ခံနေဖို့ မဟုတ်ပါဘူး။ ဒီတည်ဆောက်ပုံကို ပြောင်းလဲဖို့ပါ” ဟု ဂျွန်းက
    BBC သို့ပြောကြားခဲ့သည်။

    ဂျွန်းမှာ နိုင်ငံရေးသမားနှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည်။

    Ref: Goal

  • ပါလက်စတိုင်းပိုင်နက်တွင် အစ္စရေးက အိမ်ယာဆောက်လုပ်ရန် စီစဉ်မှု ကုလ ရှုတ်ချ

    ပါလက်စတိုင်းပိုင်နက်တွင် အစ္စရေးက အိမ်ယာဆောက်လုပ်ရန် စီစဉ်မှု ကုလ ရှုတ်ချ

    ဇူလိုင် ၃၀၊ ၂၀၁၅
    M-Media

    – ပါလက်စတိုင်းပိုင်နက်ဖြစ်ပြီး အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် အခြေချအိမ်ယာ ၃၀၀ ဆောက်လုပ်ရန် အစ္စရေး၏ အတည်ပြုမှုကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ရှုတ်ချလိုက်ပြီး ထိုဆုံးဖြတ်ချက်အား
    ပြန်ရုပ်သိမ်းရန်လည်း တိုက်တွန်းလိုက်သည်။

    အနောက်ဘက်ကမ်း ဘီအစ် အဲလ်ဒေသတွင် အိမ်ယာ ၃၀၀ ချက်ခြင်းဆောက်လုပ်ရန်နှင့် အစ္စရေးက သိမ်းပိုက်ထားသည့် အရှေ့ဂျေရုစလင်တွင် နေအိမ် ၅၀၄ လုံး ဆောက်လုပ်ရန်အစီအစဉ်တို့ကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ယမန်နေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

    ဘန်ကီမွန်ကမူ အဆိုပါ အခြေချအိမ်ယာများမှာ နိုင်ငံတကာဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ၊ ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်ကာ နှစ်နိုင်ငံအဖြေရရေး အစ္စရေးက ဖော်ပြထားသည့် သဘောထားနှင့်အတူ ပြန်လည်သင့်မြတ်ရေးကိုလည်း ဆောင်ရွက်နိုင်မည်မဟုတ်ဟု နယူးယောက်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ရပ်တန့်ရန်နှင့် ဆုံးဖြတ်ချက်ကို ပြန်လည်ရုတ်သိမ်းရန်လည်း ဘန်က တိုက်တွန်းခဲ့သည်ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

    အနောက်ဘက်ကမ်းတွင် ဘဒူအင်များနေထိုင်သော ဆူစီယာရွာအား ဖြိုချဖျက်ဆီးပစ်မည်ဟု အစ္စရေးက ခြိမ်းခြောက်မှုအတွက်လည်း စိုးရိမ်မိသည်ဟု ဘန်ကီမွန်က ထည့်သွင်းပြောကြားခဲ့သည်။

    “ကျူးကျော်သိမ်းပိုက်ထားတဲ့ ပိုင်နက်မှာ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးခြင်းဟာ နိုင်ငံကတကာဥပဒေအရ တားမြစ်ထားတဲ့ကိစ္စဖြစ်ပြီး အဲဒီလို အပြုအမူတွေအတွက် တာဝန်ယူရပါလိမ့်မယ်”

    Ref: Alarabiya

  • ပျောက်ဆုံး မလေးလေယာဉ်မှ ဖြစ်မည်ဟု ယူဆရသည့် အစိတ်အပိုင်းတစ်ခု တွေ့ရှိ

    ပျောက်ဆုံး မလေးလေယာဉ်မှ ဖြစ်မည်ဟု ယူဆရသည့် အစိတ်အပိုင်းတစ်ခု တွေ့ရှိ

    ဇူလိုင် ၃၀၊ ၂၀၁၅
    M-Media

    stream_img

    – အိန္ဒိယသမုဒ္ဒရာအနောက်ပိုင်း ပြင်သစ်ပိုင် ရီယူနီယံကျွန်းတွင် တွေ့ရှိခဲ့သည့် လေယာဉ်အပျက်အစီး အစိတ်အပိုင်းမှာ လွန်ခဲ့သည့် ၁ နှစ်က ပျောက်ဆုံးသွားခဲ့သော MH370 လေယာဉ်မှ ဖြစ်မည်လားဆိုသည်ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အဖွဲ့တစ်ဖွဲ့ကို မလေးရှားက
    စေလွှတ်လိုက်သည်ဟု သိရသည်။

    ယမန်နေ့နှောင်းပိုင်းက စေလွှတ်လိုက်ခြင်းဖြစ်ပြီး မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးကလည်း ထိုကဲ့သို့ စေလွှတ်ကြောင်း အတည်ပြုခဲ့သည်။

    ပြင်သစ် လေယာဉ်ပျက်စုံစမ်းရေးအေဂျင်စီ BEA ကမူ ရီယူနီယံကျွန်းတွင် တွေ့ရှိခဲ့သည့် လေယာဉ်အပိုင်းအစ တစ်ခုကို လေ့လာမှုများ ပြုလုပ်နေသော်လည်း MH370 မှ ဖြစ်သည်ဆိုသည်ကိုမူ ပြောရန် စောလွန်းနေသောကြောင်း ယမန်နေ့အစောပိုင်းက ပြောကြားခဲ့သည်။

    အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အဆိုပါအပျက်အစီးကို မစစ်ဆေးရသေးဟု ဆိုပြီး ကျွမ်းကျင်သူများကမူ ဓာတ်ပုံများအရ ထိုအစိတ်အပိုင်းမှာ လေယာဉ်တောင်ပံမှ အစိတ်အပိုင်းတစ်ခုဖြစ်မည်ဟု ယူဆရကြောင်း ပြောကြားခဲ့သည်။

    ခရီးသည် ၂၃၉ ဦးနှင့် လေယာဉ်အမှုထမ်းများကို တင်ဆောင်ကာ ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းလာသော အဆိုပါ MH370 လေယာဉ်မှာ ပြီးခဲ့သည့် မတ်လအတွင်းက အစရှာမရဘဲ ပျောက်ဆုံးသွားခဲ့ပြီး အရပ်ဘက်လေကြောင်းသမိုင်းတွင် ပဟေဠိဖြစ်စရာအကောင်းဆုံး ကိစ္စများမှ တစ်ခုလည်း ဖြစ်သည်။ ထိုလေယာဉ်တွင် လိုက်ပါသွားသူ ခရီးသည်အများစုမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြသည်။

    ဘိုးအင်း ၇၇၇ ဖြစ်သည့် အဆိုပါလေယာဉ်အား ရှာဖွေမှုကို သြစတေးလျနိုင်ငံက ဦးဆောင်ပြုလုပ်နေပြီး အိန္ဒိယသမုဒ္ဒရာ တောင်ဘက်ပိုင်းတစ်လျှောက်တွင် အာရုံစိုက်ရှာဖွေမှုများ ပြုလုပ်နေသည်။

    AP သတင်းဌာနမှ ယမန်နေ့က ဖော်ပြရာတွင် အိန္ဒိယသမုဒ္ဒရာထဲ၌ တွေ့ရှိခဲ့သော အဆိုပါ အစိတ်အပိုင်းမှာ ဘိုးအင်း ၇၇၇ လေယာဉ်မှ ဖြစ်နိုင်ချေများသည်ဟု စုံစမ်းစစ်ဆေးသူများက ယုံကြည်နေကြောင်း အမေရိကန်အာဏာပိုင်များက ပြောကြားခဲ့သည်ဟု ဆိုသည်။

    Ref: Aljazeera