News @ M-Media

Author: Ko Lay

  • ဂါဇာက စိုက်ပျိုးမြေ ၆၀ ရာခိုင်နှုန်းကျော်ကို အစ္စရေးက စနစ်တကျ ဖျက်ဆီးရှင်းလင်းထား

    ဂါဇာက စိုက်ပျိုးမြေ ၆၀ ရာခိုင်နှုန်းကျော်ကို အစ္စရေးက စနစ်တကျ ဖျက်ဆီးရှင်းလင်းထား

    ဇူလိုင် ၂၊ ၂၀၂၄
    M-Media

    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ စတင်ခဲ့တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အစ္စရေးဟာ ပါလက်စတိုင်းပြည်သူတွေကို သတ်ဖြတ်ရုံသာ မကဘဲ ပါလက်စတိုင်းလူ့အဖွဲ့အစည်းတစ်ခုလုံး အနာဂတ်မှာ ရပ်တည်နေထိုင်လို့မရအောင် ဖျက်ဆီးရှင်းလင်းမှုမျိုးကိုပါ တစ်ပါတည်း လုပ်ဆောင်နေပါတယ်။

    အဲဒီအထဲမှာ ဂါဇာက စိုက်ပျိုးမြေတွေကို နည်းမျိုးစုံနဲ့ ဖျက်ဆီးတာလည်း ပါ၀င်ပါတယ်။ အလ်ဂျာဇီးရား သတင်းဌာနရဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့က ဂြိုဟ်တုဓာတ်ပုံတွေကို နှိုင်းယှဥ်လေ့လာခဲ့ရာမှာ ဂါဇာမှာရှိနေတဲ့ စိုက်ပျိုးမြေအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းဟာ အစ္စရေးရဲ့ ဖျက်ဆီးမှု ခံထားရတာကို တွေ့ရပါတယ်။

    ကုလသမဂ္ဂရဲ့ လတ်တလော အစီရင်ခံစာတွေအရ ဂါဇာပြည်သူ ၉၆ ရာခိုင်နှုန်းဟာ စားနပ်ရိက္ခာရှားပါးမှုကို ကြုံတွေ့နေရပြီး ၅ ဦးမှာ ၁ ဦး (လူပေါင်း ၅ သိန်းနီးပါး) ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံတွေ့နေရပါတယ်။ အစ္စရေးဟာ ဂါဇာကမ်းမြောင်ကို ၂၀၀၀ ပြည့်နှစ်တွေကတည်းက ကုန်း၊ ရေ၊ လေ ပိတ်ဆို့ထားတဲ့အတွက် ဂါဇာပြည်သူတွေဟာ အဲဒီအချိန်ကတည်းက စားနပ်ရိက္ခာရှားပါးမှုနဲ့ ကြုံတွေ့နေရတာပါ။

    ၉ လနီးပါး ရှိလာပြီဖြစ်တဲ့ အခု တစ်ကျော့ပြန်လူသတ်ပွဲမှာ ဒီအခြေအနေက ပိုမိုဆိုးရွားလာခဲ့ပါတယ်။

    စိုက်ပျိုးမြေများ
    အရည်အသွေးကောင်း စတော်ဘယ်ရီတွေ အဓိကထွက်ရှိတဲ့ ဂါဇာမြောက်ပိုင်းက စိုက်ပျိုးမြေတွေကို ဘူဒိုဇာတွေ၊ အကြီးစား စက်ကိရိယာတွေ အသုံးပြုပြီး အစ္စရးက ဖျက်ဆီးခဲ့ပါတယ်။

    အရင် ဂါဇာမြောက်ပိုင်း စတော်ဘယ်ရီစိုက်ခင်းတွေဟာ ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းပြည်သူတွေကို အလုပ်အကိုင်ပေးနိုင်တဲ့ နေရာတွေ ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာက စတင်တဲ့ စတော်ဘယ်ရီ စိုက်ပျိုးရာသီဟာ ရိတ်သိမ်းနိုင်တဲ့ မတ်လအထိ ကြာမြင့်ပါတယ်။

    ဂါဇာမြောက်ပိုင်းက ဇိုက်သွန်မြို့ဟာ သံလွင်ပင် အဓိကစိုက်ပျိုးရာ ဒေသပါ။ သံလွင်ပင်ဟာ ပါလက်စတိုင်းတွေရဲ့ အမျိုးသားလက္ခဏာဖြစ်ပြီး၊ အစ္စရေးရဲ့ ဒုက္ခပေးမှုကြောင့် ကြပ်တည်းနေတဲ့ ဂါဇာစီးပွားရေးကို သံလွင်ပင်စိုက်ပျိုးမှုနဲ့ တစ်ဖက်တစ်လမ်း ကြားကန်ထားရတာ ဖြစ်ပါတယ်။

    အစ္စရေးဟာ ဂါဇာမြောက်ပိုင်းက သံလွင်ပင် စိုက်ခင်း အားလုံးနီးပါးကို ဖျက်ဆီးထားပါတယ်။
    ဂါဇာအလယ်ပိုင်း ဒီအလ်ဘာလာ ဒေသဟာ ကမ်းမြှောင်တစ်ခုလုံးရဲ့ စိုက်ပျိုးရေးအချက်အခြာနေရာ ဖြစ်ပါတယ်။ စွန်ပလွံသီး အထွက်ကောင်းတဲ့အတွက် ‘စွန်ပလွံဂေဟာ’ လို့ အမည်တွင်ပါတယ်။ သံလွင်ပင်နဲ့ လိမ္မော်သီးတွေကိုလည်း ဒီအလ်ဘာလာမှာ စိုက်ပျိုးကြပါတယ်။

    ဂြိုဟ်တုဓာတ်ပုံတွေအရ အစ္စရေးဟာ ဒီအလ်ဘာလာမြို့က စိုက်ပျိုးမြေ အများအပြား ဖျက်ဆီးထားတာကို တွေ့ရပါတယ်။ စိုက်ပျိုးမြေတွေအပြင် လမ်းတွေ၊ တံတားတွေနဲ့ နေအိမ်တွေကိုပါ တိုက်ခိုက်ဖျက်ဆီးထားပါတယ်။

    ဂါဇာတောင်ပိုင်း ခန်ယူနစ်မြို့ဟာ လိမ္မော်သီးနဲ့ စပျစ်သီး အဓိကထွက်ရှိရာ ဒေသဖြစ်ပါတယ်။ ဂါဇာတစ်ခုလုံးရဲ့ ၃၀ ရာခိုင်နှုန်းရှိပြီး မြေဆီသြဇာ အလွန်ကောင်းကာ နေရောင်လည်း ကောင်းစွာ ရပါတယ်။

    ခန်ယူနစ်က သစ်သီးခြံတွေဟာ အစ္စရေးလက်ချက်ကြောင့် လုံး၀ သုံးလို့မရတော့တဲ့ အခြေအနေ ဖြစ်နေကြောင်း ဂြိုဟ်တုဓာတ်ပုံတွေမှာ တွေ့ခဲ့ရပါတယ်။

    တောင်ပိုင်းအစွန်ဆုံးမြို့ ရာဖာမှာလည်း အစ္စရေးက စိုက်ပျိုးမြေတွေကို တိုက်ခိုက်ဖျက်ဆီးထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ စတင်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲကြောင့် ဂါဇာကမ်းမြှောင်တစ်ခုလုံးက လူတွေဟာ လက်ရှိ ရာဖာမှာ လာစုနေရပါတယ်။

    အစ္စရေးက ဒီလိုလူစုချိန်ကို စောင့်ပြီး တိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေပါတယ်။

    ကုန်သွယ်မှုတန်ဖိုး

    ပါလက်စတိုင်းအစိုးရရဲ့ မှတ်တမ်းတွေအရ ၂၀၂၂ ခုနှစ်မှာ ဂါဇာကမ်းမြှောင်က လယ်ယာထွက်ကုန် တင်ပို့မှု ပမာဏဟာ ကန်ဒေါ်လာ ၄၄ ဒဿမ ၆ သန်း ရှိပါတယ်။ အစ္စရေးရဲ့ ခေါင်းပုံဖြတ်မှုတွေ၊ ကန့်သတ်မှုတွေကြောင့် ၀ယ်လိုအားရှိတဲ့ ဒေသတွင်းနိုင်ငံတွေကို လိုသလောက် တင်ပို့ရောင်းချနိုင်ခြင်း မရှိပါဘူး။

    စတော်ဘယ်ရီကို အဓိကထားတင်ပို့တာဖြစ်ပြီး၊ ခရမ်းချဥ်သီးနဲ့ သခွားသီးက ဒုတိယနဲ့ တတိယလိုက်ပါတယ်။

    တင်ပို့မှုရဲ့ ၇၉ ရာခိုင်နှုန်းဟာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းဒေသကို သွားပြီး၊ ၁၆ ရာခိုင်နှုန်းကို အစ္စရေးက ခေါင်းပုံဖြတ် ရယူပါတယ်။ ပင်လယ်ကွေ့နိုင်ငံများအဖွဲ့ကို တင်ပို့မှုနဲ့ အိမ်နီးချင်း ဂျော်ဒန်နိုင်ငံကို တင်ပို့မှုက ၁ ရာခိုင်နှုန်းစီ ရှိနေပါတယ်။

    ဂါဇာဒေသဟာ ခရမ်းသီး၊ ငရုပ်ကောင်း၊ ငရုပ်သီး၊ အာလူး၊ ကန်စွန်းဥ စတဲ့ အသီးအနှံတွေကိုလည်း စိုက်ပျိုး တင်ပို့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ တိုက်ခိုက် သတ်ဖြတ်ခံရသူ ပါလက်စတိုင်းပြည်သူ အရေအတွက်ဟာ ၃၈၀၀၀ နီးပါး ရှိလာခဲ့ပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပါ။

    ပြိုကျနေတဲ့ အဆောက်အဦးတွေအောက် ပိတ်မိပျောက်ဆုံးနေသူက ထောင်ချီရှိပြီး၊ ဒဏ်ရာရသူ အရေအတွက်ကလည်း သောင်းနဲ့ချီ ရှိနေပါတယ်။ အစ္စရေးဟာ ဂါဇာကမ်းမြှောင်တစ်ခုလုံးက အခြေခံအဆောက်အဦး ၈၀ ရာခိုင်နှုန်းလောက်ကို တိုက်ခိုက်ဖျက်ဆီးထားပါတယ်။

    Ref: Aljazeera

  • ဂါဇာတွင် အစ္စရေးက သတ်ဖြတ်ခဲ့သည့် ဂျာနယ်လစ်အရေအတွက် ၁၅၀ ကျော်ပြီ

    ဂါဇာတွင် အစ္စရေးက သတ်ဖြတ်ခဲ့သည့် ဂျာနယ်လစ်အရေအတွက် ၁၅၀ ကျော်ပြီ

    ဇူလိုင် ၁၊ ၂၀၂၄

    M-Media


    – ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း အသတ်ခံရတဲ့ ဂျာနယ်လစ်အရေအတွက်ဟာ ၁၅၃ ဦး ရှိလာပြီလို့ သိရပါတယ်။

    ဇူလိုင်လ ၁ ရက်နေ့ မနက်ပိုင်းမှာ Shams News Agency သတင်းဌာနက သတင်းထောက် မိုဟာမက် မဟ်မူဒ် အဘူ ရှာရီယာဟာ အစ္စရေးရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။

    အစ္စရေးဟာ ဂျာနယ်လစ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကို တမင် ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်တာ ဖြစ်ပါတယ်။ ဂါဇာမှာ ပျမ်းမျှ တစ်ရက်ခြားကို ဂျာနယ်လစ်တစ်ဦး အသတ်ခံနေရတာပါ။

    ၉ လနီးပါးကြာမြင့်လာတဲ့ လူသတ်ပွဲအတွင်း အသတ်ခံရတဲ့ ပါလက်စတိုင်းပြည်သူ အရေအတွက်ဟာ ၃၇၉၀၀ ရှိလာပြီ ဖြစ်ပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။
    Ref: Aljazeera

  • အသားဓာတ်ထည့်ထားသည့်ဆန်ကို တရုတ်ပညာရှင်များ တီထွင်အောင်မြင်

    အသားဓာတ်ထည့်ထားသည့်ဆန်ကို တရုတ်ပညာရှင်များ တီထွင်အောင်မြင်

    ဇူလိုင် ၁၊ ၂၀၂၄
    M-Media


    -ကြက်သားနဲ့ ၀က်သားလို အသားတွေကို တစ်ခါတည်း ထည့်သွင်းထားတဲ့ ဆန်တစ်မျိုးကို တရုတ်နိုင်ငံ ဘေဂျင်းမြို့က သိပ္ပံပညာရှင်တွေဟာ ဓာတ်ခွဲခန်းမှာ အောင်မြင်စွာ ဖန်တီးထုတ်လုပ်နိုင်ခဲ့ပါတယ်။

    အသားဆဲလ်တွေကို ဆန်စေ့တွေထဲ အောင်မြင်စွာ ထည့်သွင်းမွေးမြူနိုင်တဲ့ နည်းလမ်းကို တရုတ်ပညာရှင်တွေက ဖော်ထုတ်အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။

    ဒီဆန်တွေကို ချက်လိုက်ရင် ထမင်းနံ့သာမကဘဲ အသားနံ့ပါ ရရှိစေတယ်လို့ သုတေသနကို ဦးဆောင်တဲ့ ၀မ်ရှိုး၀ေက ပြောပါတယ်။

    “အဲဒီထမင်းမှာ ဆန်ကနေ ရရှိတဲ့ အမျှင်ဓာတ်၊ ကာဘိုဟိုက်ဒရိတ်။ ဗိုင်တာမင်နဲ့ သတ္ထုဓာတ်တွေသာမကဘဲ အသားကနေရတဲ့ အမိုင်နိုအက်စစ်၊ ပရိုတိန်းဓာတ်တွေပါ ပါ၀င်ပါတယ်”


    စားသုံးဖို့အတွက် တိရိစ္ဆာန်တွေကို မွေးမြူတာဟာ ရေ၊ မြေနဲ့ စွမ်းအင်လို ရင်းမြစ်တွေ ဆုံးရှုံးတာသာမက၊ ဖန်လုံအိမ်ဓာတ်ငွေ့ကို ထုတ်လွှတ်ပေးပြီး ကမ္ဘာကြီးကို ပိုမိုပူနွေးလာစေပါတယ်။

    မွေးမြူရေးခြံတွေမှာ ပိုးသတ်ဆေးတွေ သုံးရတာကြောင့် ရောဂါပိုမွှားတွေဟာ ပိုးသတ်ဆေးယဥ်ပါးပြီး တိရိစ္ဆာန်တွေကနေ လူတွေထဲ ကူးစက်ပြန့်နှံ့နိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။

    ဒါ့ကြောင့် လူသားတွေဟာ အစာတစ်မျိုးထဲကနေ အဟာရပေါင်းစုံ ရရှိနိုင်မယ့် နည်းလမ်းမျိုးကို ရှာဖွေလာကြပါတယ်။ ဒီနည်းလမ်းတွေဟာ စစ်ပွဲတွေ၊ သဘာ၀ဘေးအန္တရာယ်တွေနဲ့ ကြုံလာရတဲ့အချိန် အစာရေစာ ပြတ်လတ်မှုပြဿနာကို တစ်ဖက်တစ်လမ်းကနေ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။

    ဒါ့အပြင် အာကာသအတွင်းပိုင်းထဲ ရှာဖွေစူးစမ်းမှုလို ခရီးရှည်တွေမှာလည်း ဒီလို ပြုပြင်ထားတဲ့ အစားအစာတွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

    ဆန်ထဲမှာ အသားဓာတ်တွေ ထည့်သွင်းတဲ့ နည်းလမ်းမျိုးကို တောင်ကိုရီးယား ပညာရှင်တွေကလည်း ကြိုးပမ်းလာကြပါတယ်။ အခုနှစ်ဖေဖော်၀ါရီလအတွင်း အမဲသားဓာတ်သွင်းထားတဲ့ ဆန်တစ်မျိုးကို တောင်ကိုရီးယားက ဖန်တီးနိုင်ခဲ့ပါတယ်။

    အခုလို ဆန်မျိုးတွေဟာ လက်ရှိ ဓာတ်ခွဲခန်းမှာ စမ်းသပ်ထုတ်လုပ်ဆဲအဆင့်သာ ရှိသေးပြီး ကျယ်ကျယ်ပြန့်ပြန့် စားသုံးနိုင်ဖို့အတွက် အချိန်ကြာမြင့်အုံးမှာ ဖြစ်ပါတယ်။

    Ref: Interesting Engineering

  • ပါလက်စတိုင်း ဓားစားခံတွေကို အစ္စရေးက ဘယ်လို နှိပ်စက်သတ်ဖြတ်သလဲ

    ပါလက်စတိုင်း ဓားစားခံတွေကို အစ္စရေးက ဘယ်လို နှိပ်စက်သတ်ဖြတ်သလဲ

    ဇူလိုင် ၁၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – အစ္စရေးလက်မှ လွတ်မြောက်လာကြသည့် ပါလက်စတိုင်း ဓားစားခံများ)

    – အစ္စရေးဟာ ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းပြည်သူတွေကို ဓားစားခံတွေအဖြစ် ဖမ်းဆီးချုပ်နှောင်ထားစဥ်အတွင်း ညှင်းဆဲတာ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာတဲ့ အလ်ရှီဖာဆေးရုံအုပ် မိုဟာမက် အဘူ ဆလ်မီယာက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

    အစ္စရေးဟာ ဓားစားခံအဖြစ် ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းတွေထဲက ၅၅ ဦးကို ဇူလိုင် ၁ ရက်နေ့ မနက်ပိုင်းမှာ လွှတ်ပေးခဲ့ပြီး အဲဒီအထဲမှာ အဘူ ဆလ်မီယာ ပါ၀င်လာပါတယ်။ ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းဓားစာခံတွေကို အစ္စရေးက စစ်ကြောရေးမှာ ညှင်းဆဲသတ်ဖြတ်တာ၊ နှိပ်စက်တာတွေအကြောင်းကို အဘူ ဆလ်မီယာနဲ့ ပြန်လည်လွတ်မြောက်လာသူတွေက ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ 

    “ပါလက်စတိုင်း ဓားစားခံတွေအားလုံး ညှင်းပမ်းနှိပ်စက်ခံနေရပါတယ်။ ကျွန်တော်ထွက်လာတဲ့အချိန် သူတို့အခြေအနေဟာ တော်တော်ဆိုးရွားနေပါတယ်”

    ဖမ်းဆီးခံထားရတဲ့ ပါလက်စတိုင်းအမြောက်အများ စစ်ကြောရေးမှာ အသတ်ခံခဲ့ရသလို၊ အလောင်းတွေကိုလည်း ရိုင်းရိုင်းဆိုင်းဆိုင်း ပြုမူလုပ်ဆောင်တာတွေ ရှိတယ်လို့ အဘူ ဆလ်မီယာက ပြောပါတယ်။ 

    အလ်ရှီဖာဆေးရုံက ဖမ်းဆီးသွားတဲ့ ဆရာ၀န်တွေ၊ သူနာပြုတွေကို အစ္စရေးတပ်ဖွဲ့တွေက ညှင်းဆဲကြပြီး၊ အစာရေစာ ဖြတ်တောက်တာတွေလည်း လုပ်ဆောင်တယ်လို့ သူက ဆိုပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ ဟားမက်စ်က အစ္စရေးထဲ ၀င်ရောက်တိုက်ခိုက်မှု မလုပ်ခင်ကတည်းက အစ္စရေးဟာ ပါလက်စတိုင်းထောင်ပေါင်းများစွာကို ဓားစားခံအဖြစ် ဖမ်းဆီးနှိပ်စက်ခဲ့တာ ဖြစ်ပါတယ်။ 

    အစ္စရေးတပ်ဖွဲ့တွေဟာ အချုပ်ခန်းတွေထဲကို နေ့စဥ်လိုလို ၀င်ရောက်စီးနင်း ရိုက်နှက် နှိပ်စက်တာတွေ ရှိကြောင်းလည်း အလ်ရှီဖာ ဆေးရုံအုပ်က ဖွင့်ဟခဲ့ပါတယ်။ ဓားစားခံတွေဟာ တစ်နေ့ကို ပါမုန့်တစ်လုံးသာ စားရပြီး၊ ဓားစားခံတိုင်းဟာ တစ်ယောက်ကို အနည်းဆုံး ၆၆ ပေါင်လောက် ကိုယ်အလေးချိန် ကျဆင်းသွားကြတယ်လို့ အဘူ ဆလ်မီယာက ဆိုပါတယ်။ 

    အစ္စရေးက တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ အလ်ရှီဖာဆေးရုံကို ပြန်လည်တည်ဆောက် သွားမှာဖြစ်ကြောင်း သူက ကတိပြုခဲ့ပါတယ်။ 

    “အလ်ရှီဖာဆေးရုံကို ပြန်လည်တည်ဆောက်သွားမယ်။ ဂါဇာပြည်သူတွေသာမကဘဲ ပါလက်စတိုင်းပြည်သူအားလုံးအတွက် အားကိုးအားထားပြုရာ ပြန်ဖြစ်လာအောင် လုပ်ဆောင်သွားပါမယ်။ ကျွန်တော် နေပြန်ကောင်းတာနဲ့ တာ၀န်တွေကို အမြန်ဆုံး ထမ်းဆောင်သွားမှာပါ”

    ၉ လတာ ကြာမြင့်နေပြီဖြစ်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲအတွင်း ဆေးရုံ၊ ဆေးခန်းအားလုံးနီးပါးကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထားပါတယ်။ 

    Ref: Aljazeera 


  • ငွေသားအမြောက်အများနှင့် နိုင်ငံခြားလုပ်ငန်းရှင်တစ်ဦးကို မလေးရှားဖမ်းဆီး

    ငွေသားအမြောက်အများနှင့် နိုင်ငံခြားလုပ်ငန်းရှင်တစ်ဦးကို မလေးရှားဖမ်းဆီး


    ဇူလိုင် ၁၊ ၂၀၂၄

    M-Media 


    – မလေးရှားရင်းဂစ်နဲ့ စင်ကာပူဒေါ်လာ ငွေသား ၆ သိန်းကျော် ယူဆောင်လာတဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် KLIA မှာ အကောက်ခွန်ဌာနက ဖမ်းဆီးလိုက်ကြောင်း မလေးရှား ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

    အဲဒီအမျိုးသားဟာ နိုင်ငံခြားကုမ္ပဏီတစ်ခုက ဒါရိုက်တာဖြစ်ပြီး အရှေ့အလယ်ပိုင်း နိုင်ငံတစ်ခုကို ထွက်ခွာမယ့် သူဖြစ်တယ်လို့ အကောက်ခွန်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

    ငွေသား မလေးရှားရင်းဂစ် ၅၇၂၅၇၃၊ စင်ကာပူဒေါ်လာ ၂၄၅၀၀ တို့ကို ခရီးဆောင်အိတ်ထဲမှာ ထည့်ယူလာတာပါ။ 

    ငွေသားအမြောက်အများ ယူဆောင်လာတာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ အသိမပေးခဲ့တဲ့အတွက် အဲဒီသူကို ဖမ်းဆီးကာ ငွေကြေးခ၀ါချမှု၊ အအကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ အကောက်ခွန် အာဏာပိုင်တွေက ပြောပါတယ်။ 

    မလေးရှားဥပဒေအရ အမေရိကန်ဒေါ်လာ ၁ သောင်း တန်ဖိုးထက်ပိုတဲ့ ငွေသားတွေ ယူဆောင်မယ်ဆိုရင် အကောက်ခွန်ဖောင် (No. 7 Customs Form) ကို ဖြည့်သွင်းပြီး အာဏာပိုင်တွေကို အသိပေးရကာ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်ရမှ နိုင်ငံရပ်ခြားကို သယ်ဆောင်ခွင့်ရှိပါတယ်။ 

    ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ကွာလာလမ်ပူလေဆိပ်မှာ ငွေသားအမြောက်အများ ယူဆောင်ဖို့ ကြိုးစားမှု ၂ ခုကို မလေးရှားအကောက်ခွန်ဌာနက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ 

    Ref: The Star