News @ M-Media

Author: Ko Lay

  • ဉာဏ်ရည်တု အကူအညီကြောင့် ကင်ဆာ ၁၃ မျိုးကို စောစီးစွာ ဖော်ထုတ် ကုသနိုင်တော့မည်

    ဉာဏ်ရည်တု အကူအညီကြောင့် ကင်ဆာ ၁၃ မျိုးကို စောစီးစွာ ဖော်ထုတ် ကုသနိုင်တော့မည်

    ဇွန် ၂၁၊ ၂၀၂၄

    M-Media 


    -ဉာဏ်ရည်တုနည်းပညာ AI ကို ကင်ဆာရောဂါ ရှာဖွေရေးမှာ အသုံးပြုရင် ရောဂါ ၁၃ မျိုးကို ၉၈ ရာခိုင်နှုန်း တိတိကျကျနဲ့ စောစောစီးစီး ဖော်ထုတ်နိုင်မယ်ဆိုတာ လေ့လာမှုတစ်ခု မှာတွေ့ခဲ့ရပါတယ်။ 

    ကင်ဆာရောဂါကို ရှာဖွေဖော်ထုတ်ရာမှာ မီသိုင်လေးရှင်း (methylation) နည်းလမ်းကို အခြေခံတာဖြစ်ပြီး AI နည်းပညာကို ပေါင်းစပ် အသုံးပြုမှာဖြစ်ပါတယ်။ 

    ကင်ဆာဟာ ကမ္ဘာပေါ်မှာ လူသေဆုံးမှုများတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး နှစ်စဥ် ကင်ဆာရောဂါသည် ၁၉ သန်း၊ သေဆုံးသူ ၁၀ သန်း ရှိနေပါတယ်။ ကင်ဆာရောဂါကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ရေးဟာ ဆေးပညာလောကရဲ့ စိန်ခေါ်တစ်ခုလည်း ဖြစ်နေပါတယ်။ 

    “ကင်ဆာရောဂါ တော်တော်များများကို စောစောစီးစီးသာသိရင် ပျောက်ကင်းအောင် ကုသလို့ရပါတယ်”လို့ အင်္ဂလန်က Cambridge တက္ကသိုလ်နဲ့ Imperial ကောလိပ်တို့ ပူးပေါင်းပြုလုပ်တဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

    လက်ရှိမှာ ကင်ဆာရောဂါ တော်တော်များများကို ကုသလို့မရနိုင်တဲ့ နောက်ဆုံးအဆင့်နားရောက်မှသာ ရှာဖွေဖော်ထုတ်နိုင်ပါတယ်။ 

    တက္ကသိုလ်နှစ်ခုရဲ့ လေ့လာမှုအတွင်း AI နည်းပညာကို ပေါင်းစပ်အသုံးပြုခဲ့ရာမှာ ကင်ဆာရောဂါ ၁၃ မျိုးကို မဖြစ်ခင်ကတည်းက ကြိုတင်ဖော်ထုတ်နိုင်ခဲ့ပြီး မှန်ကန်မှုကလည်း ၉၈ ဒဿမ ၂ ရာခိုင်နှုန်းရှိတာကို တွေ့ခဲ့ရပါတယ်။ 

    သွေးထဲက DNA အစိတ်အပိုင်းကို ဆန်းစစ်တဲ့ ပုံမှန်လုပ်ငန်းစဥ်မျိုးထက် AI နည်းပညာပေါင်းစပ်ပြီး တစ်ရှုးနမူနာတွေကို စစ်ဆေးတဲ့နည်းလမ်းကို အသုံးပြုခဲ့ခြင်းက အောင်မြင်မှုရဲ့ အဓိကသော့ချက်ဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ 

    လေ့လာမှုမှာ အသုံးပြုခဲ့တဲ့ AI မော်ဒယ်ကို ထပ်မံ လေ့ကျင့်၊ စမ်းသပ်ပေးဖို့ လိုအပ်နေပြီး၊ ကင်ဆာရှာဖွေရေးမှာ ရှိနေတဲ့ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တဲ့အတွက် အနာဂတ်မှာ ကင်ဆာရောဂါကို စောစီးစွာ ကုသနိုင်လိမ့်မယ််လို့လည်း အစီရင်ခံစာမှာ ဖော်ပြထာပါတယ်။ 

    Ref : Interesting Engineering 

  • အပြန်အလှန် စစ်ရေးဖြင့် ကာကွယ်ပေးရေး သဘောတူညီချက် ရခဲ့သည့် ရုရှားနှင့် မြောက်ကိုရီးယား

    အပြန်အလှန် စစ်ရေးဖြင့် ကာကွယ်ပေးရေး သဘောတူညီချက် ရခဲ့သည့် ရုရှားနှင့် မြောက်ကိုရီးယား

    ဇွန် ၂၁၊ ၂၀၂၄
    M-Media 

    -တိုက်ခိုက်မှုတွေနဲ့ ကြုံလာရတဲ့အခါ အပြန်အလှန် စစ်ရေးနဲ့ ကူညီပေးဖို့ ရုရှားနဲ့ မြောက်ကိုရီးယားတို့ သဘောတူညီခဲ့ကြပါတယ်။

    ရုရှားသမ္မတပူတင်ရဲ့ မြောက်ကိုရီးယား ခရီးစဥ်အတွင်း ဇွန်လ ၁၉ ရက်နေ့မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ 

    ရုရှားဟာ မြောက်ကိုရီးယားကို လက်နက်တွေ ထောက်ပံ့ပေးသွားနိုင်တယ်လို့လည်း သမ္မတပူတင်က ဇွန်လ ၂၀ ရက်နေ့ ဗီယက်နမ်နိုင်ငံမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

    အနောက်နိုင်ငံတွေက ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးပြီး ရုရှားကိုတိုက်ခိုက်ဖို့ ခွင့်ပြုတဲ့အတွက် တုန့်ပြန်တာလို့လည်း သူက ဆိုပါတယ်။ 

    အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ရန်ဖက်တိုင်းပြည်တွေကို လက်နက်တွေ ထောက်ပံ့ပေးသွားနိုင်တယ်လို့ ပူတင်က ဇွန်လအစောပိုင်းမှာ ပြောကြားထားပါတယ်။ 

    မြောက်ကိုရီးယားနဲ့ ရုရှားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အနောက်နိုင်ငံတွေကို တားဆီးရေး ဖြစ်လာမယ်လို့လည်း ပူတင်က ဆိုပါတယ်။ မြောက်ကိုရီးယားစစ်သားတွေကို ယူကရိန်းစစ်ပွဲမှာ အသုံးပြုမယ်ဆိုတဲ့ သတင်းတွေကိုတော့ ပူတင်က ငြင်းဆိုပါတယ်။ 

    ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ပွဲမှာ မြောက်ကိုရီးယားက ရုရှားကို လက်နက်ခဲယမ်းတွေ အမြောက်အများ ထောက်ပံ့ပေးထားတယ်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စွပ်စွဲထားကြပြီး ရုရှားနဲ့ မြောက်ကိုရီးယားက ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။

    Ref: Reuters 

  • ကားအခွန်အတွက် ဥရောပမှ၀က်သားတင်ပို့မှုကို အခွန်တန်ပြန်ကောက်မယ့် တရုတ်

    ကားအခွန်အတွက် ဥရောပမှ၀က်သားတင်ပို့မှုကို အခွန်တန်ပြန်ကောက်မယ့် တရုတ်

    ဇွန် ၁၈၊ ၂၀၂၄
    M-Media 

    -ဥရောပနိုင်ငံတွေက ၀က်သားတင်ပို့မှုကို အခွန်ကောက်ဖို့ တရုတ်နိုင်ငံက စီစဥ်နေပြီး၊ တရုတ်ထုတ်ကား တင်သွင်းမှုအပေါ် ဥရောပကော်မရှင်က အခွန်ကောက်တာကို တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။ 

    ဥရောပနိုင်ငံတွေဟာ သူတို့တင်သွင်းတဲ့ အေးခဲ၀က်သား၊ လတ်ဆတ်၀က်သား အပါအ၀င် ၀က်သားနဲ့ သက်ဆိုင်တဲ့ ထုတ်ကုန်အားလုံးရဲ့ တင်သွင်းစျေးကို တရုတ်ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချစျေးထက် လျော့နည်းအောင် တမင်လုပ်ထားတာသလားဆိုတာကို တရုတ်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။ 

    ဒီလို လုပ်ဆောင်ထားတာတွေ့ရင် တရုတ်က ၀က်သားတင်သွင်းမှုမှာ ‘စျေးကွက်ဖျက်အခွန်’ တပ်မှာ ဖြစ်ပါတယ်။ 

    တရုတ်ရဲ့ ၀က်သားတင်သွင်းမှုတန်ဖိုးဟာ ၂၀၂၃ ခုနှစ်မှာ ကန်ဒေါ်လာ ၆ ဘီလီယံ ရှိခဲ့ပြီး အဒီအထဲက ထက်၀က်ဟာ ဥရောပနိုင်ငံတွေက ဖြစ်ပါတယ်။

    စပိန်က တရုတ်ကို အဓိက ၀က်သားတင်ပို့တဲ့နိုင်ငံဖြစ်ပြီး ဒေါ်လာ ၁ ဘီလီယံ နီးပါးရှိပါတယ်။ နယ်သာလန်နဲ့ ဒိန်းမတ်တို့ရဲ့ ၀က်သားတင်သွင်းမှုက တစ်နှစ်ကို ဒေါ်လာ သန်း ၆၂၀ နဲ့ သန်း ၅၅၀ အသီးသီး ရှိပါတယ်။ 

    ဥရောပကော်မရှင်ဟာ တရုတ်ကတင်သွင်းလာတဲ့ကားတွေကို ဇူလိုင်လကနေစပြီး ၃၈ ရာခိုင်နှုန်း အခွန်ကောက်ဖို့ စီစဥ်တာကို တရုတ်က ၀က်သားအခွန်နဲ့ ပြန်ပြီးတုန့်ပြန်လိုက်တာပါ။  

    တရုတ်ကားလုပ်ငန်း၊ အထူးသဖြင့် လျှပ်စစ်ကားကုမ္ပဏီတွေကို တရုတ်အစိုးရက ငွေကြေးထောက်ပံ့ကာ ဥရောပလုပ်ငန်းတွေ စျေးကွက်မှာ နေရာမရအောင် လုပ်ဆောင်နေတယ်လို့ ဥရောပကော်မရှင်က စွပ်စွဲကာ အခွန်တပ်တာ ဖြစ်ပါတယ်။ 

    Ref: Reuters 

  • ဂါဇာက စာသင်ကျောင်းများ ဆက်လက်တိုက်ခိုက်ခံနေရ

    ဂါဇာက စာသင်ကျောင်းများ ဆက်လက်တိုက်ခိုက်ခံနေရ

    ဇွန် ၁၅၊ ၂၀၂၄
    M-Media 

    (စစ်ရှောင်စခန်းတစ်ခုအဖြစ် အသုံးပြုနေရသည့် ဂါဇာမှ စာသင်ကျောင်းတစ်ခု)

    -ဂါဇာကမ်းမြှောင်က စာသင်ကျောင်းတွေဟာ အစ္စရေးရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ဆက်လက်ခံစားနေရတယ်လို့ လေ့လာ ဆန်းစစ်မှုတွေမှာ တွေ့ရပါတယ်။ 

    ကုလရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(OCHA) ဟာ ပြီးခဲ့တဲ့လမှာ ဂါဇာက စာသင်ကျောင်းတွေနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတစ်ခုကို ဂြိုဟ်တုဓာတ်ပုံတွေကို အခြေခံကာ ပြုလုပ်ခဲ့ပါတယ်။ 

    လေ့လာမှုအတွင်း ဂါဇာကမ်းမြှောင်တစ်ခုလုံးက စာသင်ကျောင်းတွေရဲ့ ၇၆ ရာခိုင်နှုန်းကျော်ဟာ အစ္စရေးရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံး၀ ပြိုကျပျက်ဆီးနေတာကို တွေ့ခဲ့ရပါတယ်။ အနာဂတ်မှာ ဒီကျောင်းတွေကို အသုံးပြုဖို့ဆိုရင် ပြန်လည် တည်ဆောက်ရလိမ့်မယ်လို့ ကုလက ပြောပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစတင်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲနောက်ပိုင်း ဂါဇာက စာသင်ကျောင်းတွေကို စစ်ရှောင်စခန်းအဖြစ် အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။ 

    အဲဒီ စာသင်ကျောင်းတွေရဲ့ ၆၉ ရာခိုင်နှုန်းကို အစ္စရေးက တမင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်ဆိုတာ OCHA ရဲ့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။ 

    ကာတာအခြေစိုက် ပညာရေးဖောင်ဒေးရှင်း Education Above All က တာ၀န်ရှိသူ တာလာလ် အလ်-ဟာသာက အစ္စရေးရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ဂါဇာက ပညာရေးနယ်ပယ်ကို ဆိုးဆိုးရွားရွားထိခိုက်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ 

    “ကမ္ဘာတစ်၀ှမ်း ကလေးငယ် သန်း ၂၅၀ ကျော် ကျောင်းမတက်ရတဲ့ ကမ္ဘာ့ပညာရေးအကြပ်အတည်း ဖြစ်နေတဲ့အချိန် ဒီလိုတိုက်ခိုက်မှုတွေဟာ ရှက်စရာကောင်းပါတယ်”

    Ref: Aljazeera 

  • ၂၀၂၅ ခုနှစ်တွင် စက်ရုပ် ၁၀၀၀ ကျော်ကို အလုပ်ခန့်ထားမည့် အီလွန်မက်စ်

    ၂၀၂၅ ခုနှစ်တွင် စက်ရုပ် ၁၀၀၀ ကျော်ကို အလုပ်ခန့်ထားမည့် အီလွန်မက်စ်

    ဇွန် ၁၅၊ ၂၀၂၄

    M-Media 


    – လာမယ့်နှစ်အတွင်း သူ့ရဲ့ စက်ရုံတွေမှာ Optimus လူသားစက်ရုပ် ၁၀၀၀ ကျော်ကို အသုံးပြုသွားမယ်လို့ Tesla နဲ့ SpaceX စီအီးအို အီလွန်မက်စ်က ပြောကြားလိုက်ပါတယ်။ 

    Optimus စက်ရုပ်ဟာ Tesla ရဲ့ အရေးပါတဲ့ ထုတ်ကုန်တစ်ခုလို့ အီလွန်မက်စ်က ကြေငြာထားတာပါ။ လာမယ့်နှစ် စျေးကွက်မှာ ထုတ်ရောင်းမှာဖြစ်သလို၊ အီလွန်မက်စ်ရဲ့ စက်ရုံတွေမှာလည်း အသုံးပြုသွားမှာ ဖြစ်ပါတယ်။ 

    အခုနှစ်အစောပိုင်း Optimus စက်ရုပ်ကို Tesla က ထုတ်ပြခဲ့ရာမှာ လူနဲ့ ထိန်းချုပ်စရာမလိုဘဲ အော်တိုလုပ်ဆောင်နိုင်စွမ်း အများအပြားကို တွေ့ခဲ့ရပါတယ်။ 

    Optimus စက်ရုပ်တစ်ရုပ်ရဲ့ ထုတ်လုပ်စားရိတ်က ဒေါ်လာ တစ်သောင်းရှိမှာဖြစ်ပြီး စျေးကွက်မှာ ဒေါ်လာ ၂ သောင်းနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ 

    ပြီးခဲ့တဲ့တစ်ပတ် အော်စတင်မြို့မှာ ပြုလုပ်ခဲ့တဲ့ နှစ်ပတ်လည် အစည်းအ၀ေးအတွင်း အီလွန်မက်စ်က Optimus စက်ရုပ်နဲ့ ပတ်သက်တဲ့ သူ့ရဲ့ မျှော်မှန်းချက်တွေကို ပြောကြားခဲ့ပါတယ်။ 

    လာမယ့်နှစ်ကစပြီး ကမ္ဘာ့စက်ရုပ်စျေးကွက်မှာ စက်ရုပ်အရေအတွက် ၁ ဘီလီယံလောက် ရှိလာမှာဖြစ်ပြီး မိမိက စျေးကွက်ရဲ့ ၁၀ ရာခိုင်နှုန်းကို ရယူသွားနိုင်မယ်လို့ အီလွန်မက်စ်က ဆိုပါတယ်။ 

    Optimus လူသားစက်ရုပ်ကြောင့် Tesla ဟာ အနည်းဆုံး ကန်ဒေါ်လာ ၂၅ ထရီလီယံရှိကာ ကမ္ဘာ့ တန်ဖိုးအကြီးဆုံးလုပ်ငန်း ဖြစ်လာလိမ့်မယ်လို့လည်း အီလွန်မက်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: Interesting Engineering