ဇူလိုင် ၂၃၊ ၂၀၁၅
M-Media
– အကြားအာရုံ ချို့တဲ့သူများအတွက် နေစွမ်းအင်သုံး နားကြားကိရိယာကို ဘရာဇီးလ်နိုင်ငံမှ ကုမ္ပဏီတစ်ခုက တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံး နားကြားကိရိယာလည်း ဖြစ်လာခဲ့သည်။
Solar Ear ဟု အမည်ပေးထားသည့် ကုမ္ပဏီက တီထွင်ထုတ်လုပ်လိုက်ခြင်းဖြစ်ပြီး အဆိုပါ နားကြားကိရိယာမှာ နေစွမ်းအင်ဖြင့် ဘတ္ထရီအား ပြန်လည်အားဖြည့်နိုင်မည် ဖြစ်သည်။
ထို့ပြင် နားကြားကိရိယာ လိုအပ်ချက်ရှိ၊ မရှိကို ဆေးရုံသွားရန်မလိုဘဲ မိမိ၏ အကြားအာရုံချို့တဲ့မှုအား တစ်ကိုယ်ရည် စမ်းသပ်နိုင်မည့် မိုဘိုင်း အက်ပလီကေးရှင်းတစ်ခုကိုလည်း ထိုကုမ္ပဏီက တီထွင်ထုတ်လုပ်ခဲ့သည်။
ကမ္ဘာတစ်ဝှမ်းတွင် အကြားအာရုံ ချို့တဲ့သူများမှာ သန်းပေါင်း ၃၆၀ ကျော် ရှိနေပြီး အများစုမှာ ၀င်ငွေ အလယ်အလတ်တန်းနှင့် ၀င်ငွေနိမ့်သော နိုင်ငံများမှ ဖြစ်သည်။ နားကြားကိရိယာမှာ ထိုကဲ့သို့သော သူများအတွက် အရေးပါသော ကိရိယာဖြစ်သော်လည်း အကြားအာရုံ ချို့တဲ့သူ စုစုပေါင်း ပမာဏ၏ ၁၀ ရာခိုင်နှုန်းသာ ထိုကိရိယာကို အသုံးပြုနိုင်ကြသည်။
ထို့ကြောင့် ယခုကဲ့သို့ နေစွမ်းအင်သုံး နားကြားကိရိယာကို တီထွင်နိုင်ခြင်းမှာ ၎င်းတို့အတွက် လက်တွေ့ကြပြီး ငွေရေးကြေးရေးအရ ပိုမိုအဆင်ပြေမည့် အဖြေတစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။
မသန်စွမ်းသူများမှာ လူ့အဖွဲ့အစည်းအတွင်း ဘေးဖယ်အခံရဆုံး အုပ်စုများဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်ဖြစ်သည်။ ၎င်းတို့မှာ အလုပ်ခန့်ထားမှုတွင် မကြာခဏ လစ်လျူရှုခံရပြီး၊ လူကောင်းများနှင့် တန်းတူပညာသင်ခွင့်ကိုလည်း ငြင်းပယ်ခြင်း ခံနေရသည်။ အကြားအာရုံ ချို့တဲ့သူ အများစုမှာ ၎င်းတို့ တတ်နိုင်လောက်သည့် နားကြားကိရိယာ အကူအညီကို ရရှိပါက ထိုအခြေအနေများကို အလွယ်တစ်ကူပင် ကျော်လွှားနိုင်ကြသည်။
Ref: Aljazeera