News @ M-Media
Author: Ko Lay
  • ယခု အာဆင်နယ်မှာ ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်ပြီဟု ၀င်းဂါးပြော
    ယခု အာဆင်နယ်မှာ ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်ပြီဟု ၀င်းဂါးပြော
    ဇူလိုင် ၁၃၊ ၂၀၁၅
    M-Media
    winger
    – အတိတ်က အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ်ဖလားအား ရရှိရန် မဖြစ်နိုင်သော်လည်း လက်ရှိအာဆင်နယ်မှာ ချန်ပီယံမျှော်လင့်ချက်အတွက် ယုံကြည်ချက်ရှိနေပြီဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်နှစ်က ၀င်းဂါးသက်တမ်းတစ်လျှောက် ရာသီအစ အဆိုးဝါးဆုံးရလဒ်များကို ကြုံတွေ့ခဲ့ရသည့် အာဆင်နယ်အသင်းမှာ ၂၀၀၄ ခုနှစ်မှစ၍ ပရီးမီးယားလိဂ်ဖလားကို မရရှိခဲ့ဘဲ ချယ်ဆီး၊ မန်ယူနှင့် မန်စီးတီးအသင်းတို့၏ ချန်ပီယံဖလား ကိုင်မြှောက်မှုများကိုသာ ကြည့်ရှုခဲ့ရသည်။
    “ဟုတ်ပါတယ်။ အကောင်းဆုံးကစားသမားတွေကို ဆုံးရှုံးရတဲ့အချိန် ပြိုင်ဘက်တွေဟာ သူတို့ရဲ့ လူစာရင်းတွေကို တောင့်တင်းအောင်ကြိုးစားတာကို တွေ့ရတယ်။ ပြီးတော့ သူတို့ဟာ ကိုယ်တွေထက် တောင့်တင်းလာခဲ့ပြီး (ချန်ပီယံဖြစ်ဖို့) မဖြစ်နိုင်ပါဘူး” ဟု ၀င်းဂါးက The Telegraph သို့ ပြောကြားခဲ့သည်။
    သို့သော်လည်း နောက်ပိုင်းတွင် အာဆင်နယ်၏ပေါ်လစီမှာ ပြောင်းလဲလာခဲ့ပြီး ၂၀၁၃ ခုနှစ်က ဂျာမန်ကွင်းလယ်လူ အိုဇေးလ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်း ၄၂ သန်းဖြင့်လည်းကောင်း၊ ပြီးခဲ့သည့်နှစ်က တိုက်စစ်မှူးဆန်းချက်ဇ်ကို လည်းကောင်း၊ ခုနှစ်တွင် ဂိုးသမား ပီတာချက်ကိုလည်းကောင်း ခေါ်ယူခဲ့သည်။
    အာဆင်ဝင်းဂါးကမူ ယခုလက်ရှိတွင် အသင်း၏ အနေအထားမှာ ပြောင်းလဲသွားပြီဟု ဆိုသည်။
    “ကျွန်တော်တို့ ကွာဟချက်တွေကို လျှော့ချခဲ့ပြီး ရှေ့ဆက်လျှောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ပါတယ်။ အခု ကျွန်တော်တို့ တည်ငြိမ်နေပြီး ဒါက ကျွန်တော်တို့ကို တောင့်တင်းစေပါတယ်”
    ထို့ပြင် အပြောင်းအရွှေ့ဈေးကွက် မကုန်ဆုံးသေးသောကြောင့် မိမိတို့အသင်းမှာ ကစားသမားများကို ဆက်လက်ဝယ်နိုင်မည်ဖြစ်ကြောင်း၊ အသင်းမှ ကစားသမားများကို မရောင်းတော့ဘဲ မိမိတို့၏ ဈေးကွက်အပေါ် ရှုမြင်မှုမှာ ပြောင်းလဲသွားပြီဟု ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • ဂျာမနီတွင် အစ္စလာမ့်နည်းကျဘဏ်လုပ်ငန်း စတင်
    ဂျာမနီတွင် အစ္စလာမ့်နည်းကျဘဏ်လုပ်ငန်း စတင်
    ဇူလိုင် ၂၃၊ ၂၀၁၅
    M-Media
    german
    – ဂျာမနီနိုင်ငံ၏ ပထမဆုံး အစ္စလာမ့်နည်းကျဘဏ်တစ်ခုကို ဖရန့်ဖတ်မြို့၌ ဖွင့်လှစ်လိုက်ပြီး နိုင်ငံအတွင်း မွတ်စလင်လူ့အဖွဲ့အစည်းအား ဟာလာလ် ရင်းနှီးမြှုပ်နှံမှု ပိုမိုဆောင်ရွက်ခွင့်ရရန် လမ်းဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။
    “ဒီလိုင်စင်ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ရှရီအာဥပဒေနဲ့ ကိုက်ညီတဲ့ ဘဏ်လုပ်ငန်းကို အကောင်အထည်ဖော်ဖို့က ဂျာမနီရဲ့ ဘဏ္ဍာရေးအခြေအနေကို မြင့်တက်လာအောင် ဆောင်ရွက်လိုတဲ့ ဂျာမန်တွေအတွက်သာမကဘဲ ဂျာမနီရဲ့ မြို့ကြီး ၃ မြို့မှာရှိတဲ့ ဘဏ်တွေက ၀န်ဆောင်မှုတွေကို အသုံးပြုဖို့ ဆန္ဒရှိကြတဲ့ သန်းပေါင်းများစွာသော ဖောက်သည်တွေအတွက်လည်း
    တော်တော်လေး အရေးပါပါတယ်” ဟု ကူဝိတ်ဘဏ္ဍာရေးရိပ်မြုံ KFH မှ ဘုတ်အဖွဲ့ဥက္ကဌ ဟာမဒ် အလ် မာဇူက်က ကူဝိတ်သတင်းဌာနဖြစ်သော KUNA သို့ ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
    Kuveyt Turk (KT) ဟု အမည်ပေးထားသည့် အဆိုပါဘဏ် ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၁ ရက်နေ့က ဖရန့်ဖတ်မြို့ရှိ ရုံးချုပ်တွင် တရားဝင်ပြုလုပ်ခဲ့ပြီး မာဇူက်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
    ဘဏ်၏ အထွေထွေမန်နေဂျာဖြစ်သူ အူဂွါလူ ဆွိုင်လူက ယခုဖွင့်လှစ်လိုက်သည့် ဘဏ်အသစ်မှာ စစ်မှန်သည့် စီးပွားရေးကို တိုးမြှင့်ပေးရန် မျှော်လင့်ရသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းက အန္တရာယ်အလွန်နည်းပြီး ဘဏ်စနစ်တစ်ခုလုံး ပြိုလဲမှုမှာ မဖြစ်နိုင်သလောက်ဖြစ်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။
    ဖရန့်ဖတ်မြို့အား အခြေစိုက်အဖြစ် အသုံးပြုသော အဆိုပါဘဏ်သစ်မှာ ဥရောပ၏ ဒုတိယအကြီးဆုံးဖြစ်သော ဂျာမနီမွတ်စလင်လူ့အဖွဲ့အစည်းကို လှုပ်နှိုးရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။
    Kuveyt Turk ဘဏ်မှာ တူရကီနိုင်ငံတွင် အကြီးဆုံး အစ္စလာမ့်နည်းကျဘဏ်ဖြစ်ပြီး ရှယ်ယာ ၆၂ ရာခိုင်နှုန်းကို ကူဝိတ်ဘဏ္ဍာရေးရိပ်မြုံ KFH က ပိုင်ဆိုင်သည်။ ဂျာမနီနိုင်ငံတွင် စတင်ခဲ့သည့် အဆိုပါ ဘဏ်အတွက် ကနဦးအရင်းအနှီး ယူရို ၄၅ သန်း သုံးစွဲသွားရန် စီစဉ်ထားသည်။
    အစ္စလာမ်သာသနာမှာ ငွေတိုးပေးခြင်း၊ ချေးငွေများအတွက် အတိုးယူခြင်း၊ အတိုးပေးခြင်းတို့ကို မပြုလုပ်ရန် တားမြစ်ပိတ်ပင်ထားသည်။
    အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းများနှင့် ဘဏ္ဍာရေးလုပ်ငန်းများမှာ အရက်၊ လောင်းကစား၊ အပြာလုပ်ငန်း၊ ဆေးရွက်ကြီး၊ လက်နက်၊ ၀က်သားနှင့် ပတ်သက်သည့် လုပ်ငန်းများအတွက် ရန်ပုံငွေ ထောက်ပံ့ခြင်း၊ ရယူခြင်းမျိုး ဆောင်ရွက်၍မရပေ။
    ရှရီအာနှင့် ကိုက်ညီသည့် ဘဏ္ဍာရေးလုပ်ငန်းများမှာ အရစ်ကျဝယ်ခြင်း၊ အချိန်ကာလတစ်ခုအထိ ငွေသွင်း၍ တန်ဖိုးပြည့်သည့်အချိန်မှ ပစ္စည်းယူခြင်း၊ အကျိုးတူးရင်းနှီးမြှုပ်နှံခြင်း စသည်တို့နှင့် ဆင်တူသည်။
    ရင်းနှီးမြှုပ်နှံ့သူများအနေဖြင့် ၎င်းတို့၏ ငွေကြေးများကို မည်သည့်နေရာတွင် အသုံးပြုသည်ကို သိရှိပိုင်ခွင့်လည်း ရှိသည်။
    လွန်ခဲ့သည့် နှစ်များအတွင်း အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းများမှာ ဥရောပတွင် ဖြည်းဖြည်းချင်း ခြေချနိုင်ခဲ့ပြီး ဗြိတိန်မှာ ဥရောပတွင် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်း အထွန်းကားဆုံး ဒေသဖြစ်သည်။
    Ref: Onislam
  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၂၂၊ ၂၀၁၅)
    ဇူလိုင် ၂၂၊ ၂၀၁၅
    M-Media
    ပိုမိုအားကောင်းသည့် ဒုံးကျည်ပစ်လွှတ်ရန် မြောက်ကိုရီးယား ကြိုးပမ်း
    ……………………………
    မြောက်ကိုရီးယားနိုင်ငံမှာ ၎င်းတို့၏ ဒုံးကျည်အခြေစိုက်စခန်းတွင် ၆၇ မီတာမြင့်သော ဒုံးကျည်လွှတ်တင်သည့် မျှော်စင်ကြီးတစ်ခုကို တည်ဆောက်နေပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက စမ်းသပ်ပစ်လွှတ်ခဲ့သော တာဝေးပစ်ဒုံးကျည်ထက် ပို၍ ဝေးဝေးရောက်နိုင်သည့် ဒုံးကျည်တစ်ခု ပစ်လွှတ်ရန် ပြင်ဆင်ဆောင်ရွက်နေခြင်းဟု ယူဆရကြောင်း တောင်ကိုရီးယား Yonhap သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ ၂၀၁၂ ခုနှစ်က ပစ်လွှတ်ခဲ့သည့် အဆိုပါ တာဝေးပစ်ဒုံးကျည်မှာ အာကာသပတ်လမ်းထဲသို့ အရာဝတ္ထုများ လွှတ်တင်နိုင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခဲ့ကြသည်။
    ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို ဖိလစ်ပိုင်က တိုးမြှင့်နှိမ်နှင်း
    ………………………………………
    နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုနှင့် အက်ဖ်ဘီအိုင်တို့က သတိပေးမှုများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံအတွင်းရှိ ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ဖြစ်ရပ်များအား ဖိလစ်ပိုင်အစိုးရက တိုးမြှင့်နှိမ်နှင်းမှုများ ပြုလုပ်လာခဲ့သည်။ ဖိလစ်ပိုင်မှာ ဆိုက်ဘာရာဇ၀တ်မှုများကို နှိမ်နှင်းရာတွင် နိုင်ငံတကာ၏ လေးစားမှုများ ခံခဲ့ရပြီး ယခုအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၂ ဆ
    တိုးကာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို နှိမ်နှင်းနေခြင်းဖြစ်သည်။
    နိုင်ငံအရှေ့ပိုင်းဒေသများမှာ မိမိတို့ပိုင်နက်သာဖြစ်သည်ဟု ယူကရိန်းပြော
    ……………………………….
    ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသော နိုင်ငံအရှေ့ပိုင်းမှ ဒွန်ဘတ်စ်ဒေသမှာ လက်ရှိတွင် ယူကရိန်း၏ အစိတ်အပိုင်းဖြစ်နေပြီး နောက်တွင်လည်း ဆက်ဖြစ်နေဦးမည်ဟု ယူကရိန်းသမ္မတ ပီထရို ပိုရိုရှန်ကိုက ယနေ့တွင် ပြောကြားခဲ့သည်။ ရုရှားလိုလားသည့် ခွဲထွက်ရေးသမားများနှင့် ယူကရိန်းစစ်တပ်တို့အကြား တစ်နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း အနည်းဆုံး
    လူပေါင်း ၆၅၀၀ ခန့် သေဆုံးခဲ့သည်။
    Ref: News Agencies
  • တရားမ၀င်သစ်ခုတ်သည့် တရုတ်နိုင်ငံသားများကို ထောင်ဒဏ် တစ်သက် တစ်ကျွန်းစီ  ချမှတ်
    တရားမ၀င်သစ်ခုတ်သည့် တရုတ်နိုင်ငံသားများကို ထောင်ဒဏ် တစ်သက် တစ်ကျွန်းစီ ချမှတ်
    ဇူလိုင် ၂၂၊ ၂၀၁၅
    M-Media
    kachin
    – မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ကာ တရားမ၀င် သစ်ခုတ်မှုအတွက် တရုတ်နိုင်ငံသား ၁၅၃ ဦးကို မြန်မာတရားရုံးက ယနေ့တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းစီ ချမှတ်လိုက်သည်ဟု တရားရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    တရားမ၀င်သစ်ခုတ်မှုအတွက် ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသား ၁၅၅ ဦးမှ ၁၅၃ ဦးကို နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ တရားရုံး၌ ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပြီး ၂ ဦးမှာ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခြင်း ခံခဲ့ရသည်။
    ပြစ်ဒဏ်ချမှတ်ခံရသူအားလုံးမှာ အယူခံလျှောက်ထားခွင့်ရှိသည်ဟု မီဒီယာများကို ပြောဆိုရန် အခွင့်အာဏာမရှိသဖြင့် အမည်ဖော်ပြခြင်း မပြုခဲ့သည့် တရားရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    ရန်ကုန်မြို့ရှိ တရုတ်သံရုံး တာဝန်ရှိသူများထံမှ ထိုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ရယူနိုင်ခြင်း မရှိသေးဘဲ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာကလည်း မှတ်ချက်ပေးရန် ပန်ကြားမှုကို ပြန်လည်တုံ့ပြန်ခဲ့ခြင်း မရှိချေ။
    အဆိုပါ တရုတ်နိုင်ငံသားများကို အကျိုးအမြတ်များသော တရားမ၀င်သစ်ခုတ်မှု၊ သစ်ရောင်းဝယ်မှုအပေါ် စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် သစ်တောရေးရာ ဌာနတို့ ပူးပေါင်းကာ ဆောင်ရွက်သော စစ်ဆင်ရေးအတွင်း ဇန်န၀ါရီလက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
    အဆိုပါစစ်ဆင်ရေးအတွင်း ကားအစီးအရေ ၄၀၀ ကျော်နှင့် သစ်လုံး ၁၆၀၀ တို့ကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ထိုစဉ်က နိုင်ငံပိုင်သတင်းဌာနမှ ဖော်ပြခဲ့သည်။
    မြစ်ကြီးနားရှိ အကျဥ်းဌာန တာဝန်ရှိသူတစ်ဦးကလည်း အဆိုပါ ပြစ်ဒဏ်ချမှတ်မှုကို အတည်ပြုခဲ့သည်။
    တရုတ်နိုင်ငံနှင့် ကပ်လျက်ရှိသော မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒေသများမှာ တရုတ်နိုင်ငံ၏ သစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် တရားမ၀င်သစ်ရောင်းဝယ်မှု ဒုစရိုက်နယ်မြေများ အချိန်အတော်ကတည်းက ဖြစ်နေခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံမှ ကျောက်စိမ်းအများအပြားမှာလည်း တရုတ်နိုင်ငံအတွင်းသို့ တရားမ၀င် ကုန်ကူးခြင်း ခံနေရသည်ဟု ယုံကြည်ရသည်။
    ယခုနှစ် ဇန်န၀ါရီလမှစ၍ တရားမ၀င်ခုတ်လှဲထားသော သစ်တန်ချိန် တန်ပေါင်း ၁၀၀၀၀ ကို ဖမ်းဆီးရမိထားပြီး အများစုမှာ ကချင်ပြည်နယ်မှဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင်နှင့် သစ်တောထိန်းသိမ်းရေး ၀န်ကြီးဌာနမှ လက်ထောက်ဝန်ကြီး အေးမြင့်မောင်က ပြီးခဲ့သည့် ဇွန်လတွင် လွှတ်တော်၌ တင်ပြခဲ့သည်။
    Ref: Straitstimes
  • ကျူးကျော်သူများအား ခဲဖြင့်ပေါက်သည့် ပါလက်စတိုင်းများကို ထောင်ဒဏ်နှစ်ရှည်ချရန် အစ္စရေးစီစဉ်
    ကျူးကျော်သူများအား ခဲဖြင့်ပေါက်သည့် ပါလက်စတိုင်းများကို ထောင်ဒဏ်နှစ်ရှည်ချရန် အစ္စရေးစီစဉ်
    ဇူလိုင် ၂၂၊ ၂၀၁၅
    M-Media
    pas
    ပါလက်စတိုင်းပိုင်နက်အတွင်း ပါလက်စတိုင်းများကို ဂျူးများက ခဲဖြင့်ပေါက်နေစဉ်
    – ပါလက်စတိုင်းပိုင်နက်ရှိ တရားမ၀င် ၀င်ရောက်မောင်းနှင်ကြသော ကားများအား ခဲဖြင့်ပေါက်သူများကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်နိုင်သော ဥပဒေတစ်ခုအား အစ္စရေးပါလီမန်က အတည်ပြုလိုက်ပြီး ပါလက်စတိုင်းအာဏာပိုင်များနှင့် တက်ကြွလှုပ်ရှားသူများက ရှုတ်ချခဲ့ကြသည်။
    “ဒီဥပဒေက ခဲပေါက်တဲ့ကိစ္စအတွက် မဟုတ်ပါဘူး။ ပါလက်စတိုင်းရဲ့ ကာကွယ်မှု ဒါမှမဟုတ် အစ္စရေးရဲ့ ကိုလိုနီပြုမှု၊ နယ်မြေသိမ်းပိုက်မှုကို ဆန့်ကျင်ကြတဲ့ ဘယ်လိုပုံစံမျိုးကိုမဆို ဖိနှိပ်ချုပ်ချယ်တာသာ ဖြစ်ပါတယ်” ဟု ပါလက်စတိုင်းတို့၏ ဒုက္ခသုက္ခများအကြောင်း တင်ဆက်နေသော Electronic Intifada ၀ဘ်ဆိုက်ကို ပူးတွဲတည်ထောင်သူ အလီ အဘူနီမဟ်က ယမန်နေ့က ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
    ထို့ပြင် အစ္စရေးက ပါလက်စတိုင်းတို့အား ဆက်လက်ပစ်မှတ်ထားနေစဉ်၊ ဆန္ဒပြသူ ပါလက်စတိုင်းများအား ပစ်ခတ်သတ်ဖြတ်မှုများကိုလည်း အစ္စရေးက စိမ်ပြေနပြေ ကျူးလွန်နေသည်ဟု ၎င်းက ဆိုသည်။
    ခဲဖြင့်ပေါက်သည့် ပါလက်စတိုင်းများအား တိုးမြှင့်အပြစ်ပေးရန် အဆိုပါဥပဒေကို တနင်္လာနေ့နှောင်းပိုင်းတွင် အစ္စရေးပါလီမန်၌ ထောက်ခံမဲ ၆၉ မဲ၊ ကန့်ကွက်မဲ ၁၇ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။
    ပါလက်စတိုင်းပိုင်နက်များအတွင်း အစ္စရေးက တရားမ၀င်အိမ်ယာများ ဆောက်လုပ်ခြင်းကို မကျေနပ်၍ အရှေ့ဂျေရုစလင်တွင် ပါလက်စတိုင်းတို့၏ ဆန္ဒပြမှုများ မြင့်တက်လာပြီးနောက် အဆိုပါဥပဒေကို အစ္စရေးက တင်သွင်းခဲ့ခြင်းဖြစ်သည်။
    အစ္စရေးထောင်များတွင် ဖမ်းဆီးခံထားရသည့် ပါလက်စတိုင်းအကျဉ်းသားများအရေး ဆောင်ရွက်ပေးနေသော ပါလက်စတိုင်းအကျဉ်းသားများကလပ်၏ ခေါင်းဆောင်ဖြစ်သူ ကွာဒူရာ ဖာရက်စ်ကမူ အဆိုပါ ဥပဒေသစ်မှာ လူမျိုးရေးခွဲခြားမှု ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    အာရပ်အမတ်ဖြစ်သူ ဂျမားလ် ဇာဟာလ်ကာက အစ္စရေးပါလီမန်မှာ သူတော်ကောင်းယောင်ဆောင်ခြင်းဖြစ်ပြီး ပါလက်စတိုင်းတို့၏ ခဲဖြင့်ပစ်ပေါက်မှုမှာ အစ္စရေးစစ်သားများ၏ စော်ကားမှုများကို ပြန်၍အဖြေပေးခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။
    “ထင်ရှားတဲ့ တရားမဲ့မှုတွေအတွက် တုံ့ပြန်သူတွေကို ခင်ဗျားတို့က အပြစ်ပေးဖို့လုပ်နေတာပါ” ဟု ဇာဟာလ်ကာက ဆိုသည်။
    အစ္စရေး၏ အဆိုပါ ဥပဒေသစ်အရ ပါလက်စတိုင်းပိုင်နက်များရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများ၌ နေထိုင်သူများ၏ ကားကို ခဲဖြင့်ပေါက်သည့် ပါလက်စတိုင်းများမှာ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရမည်ဖြစ်ပြီး၊ မောင်းနှင်သူအား နာကျင်စေရန် ထင်ရှားပါက ထောင်ဒဏ် နှစ် ၂၀ အထိ ကျခံရမည်ဖြစ်သည်။
    ပါလက်စတိုင်းပိုင်နက်များတွင် ကျူးကျော်အိမ်ယာများ အစ္စရေးက ဆောက်လုပ်မှုကို အမေရိကန်အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကန့်ကွက်ရှုတ်ချကာ ရပ်တန့်ရန် ပြောကြားထားသော်လည်း အစ္စရေးက ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ဆောက်လုပ်လျက်ရှိနေသည်။
    ပါလက်စတိုင်းပြည်သူများကမူ ထိုကဲ့သို့ ကျူးကျော်သိမ်းပိုက်မှုများကို ၎င်းတို့နည်း ၎င်းတို့ဟန်ဖြင့် ဆန့်ကျင်ရှုတ်ချနေကြသည်။
    Ref: Aljazeera