News @ M-Media

Author: Ko Lay

  • ကစားသမားသစ် ရှဝိုင်းစတိုင်ဂါကို ဗန်ဂါးလ်ဝေဖန်

    ကစားသမားသစ် ရှဝိုင်းစတိုင်ဂါကို ဗန်ဂါးလ်ဝေဖန်

    ဇူလိုင် ၂၂၊ ၂၀၁၅
    M-Media

    mu

    – မကြာမီကမှ အသင်းသို့ ရောက်ရှိလာသည့် ကွင်းလယ်လူ ရှဝိုင်းစတိုင်ဂါ၏ ခြေစမ်းပွဲတစ်ခု၌ ပြသခဲ့သော ခြေစွမ်းကို မန်ယူနည်းပြ ဗန်ဂါးလ်က ဝေဖန်ပြောကြားလိုက်သည်။

    နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲအဖြစ် အမေရိကန်နိုင်ငံတွင် ယမန်နေ့က San Jose Earthquakes အသင်းနှင့် ကစားခဲ့သည်ပွဲတွင် မန်ယူမှာ မာတာ၊ ဒီပေးနှင့် ပီရီရာတို့၏ သွင်းဂိုးများကြောင့် ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

    မန်ယူသို့ ဘိုင်ယန်မှ ပေါင် ၁၂ ဖြင့် ပြောင်းရွှေ့လာခဲ့သည့် ရှဝိုင်းစတိုင်ဂါမှာ ဒုတိယပိုင်း ဗန်းဂါးလ်၏ ၁၀ ယောက်တိတိ လူစားလဲ ကစားခိုင်းမှုတွင် ပါဝင်ခဲ့သော်လည်း ဗန်းဂါးလ်ကမူ ၎င်း၏ ခြေစွမ်းအား နှစ်သက်ခဲ့ခြင်းမရှိပေ။

    “သူလည်းမစွံပါဘူး။ ကောင်းတာဆိုလို့ တစ်ယောက်တည်း ပြစရာရှိပါတယ်။ အဲဒါက ပီရီရာပါပဲ။ ကစားသမားတွေက ၃ ရက်၊ ဒါမှမဟုတ် ၆ ရက်လောက်သာ လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်ရပြီး ၄၅ မိနစ်ကစားရတဲ့အခါ ဒီလိုပဲ ဆိုးတတ်ပါတယ်။ လူတိုင်းကတော့ အသင်းမှာ ပါဝင်ရတာ လွယ်တယ်လို့ ပြောကြပါတယ်။ တကယ်တော့ မလွယ်ပါဘူး။ ပထမပွဲမှာ သူ(ရှဝိုင်းစတိုင်ဂါ) ကစားတာဟာ တော်တော်ကောင်းပါတယ်။ အခုပွဲမှာတော့ တော့်တော့်ကို ဆိုးပါတယ်။ ဒါပေမယ့် ဒါက လေ့ကျင့်ခန်း တစ်ပတ်လောက်သာ ဆင်းရတဲ့အချိန်မျိုးမှာ သေချာပေါက်ဖြစ်တတ်တဲ့ ကိစ္စပါပဲ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    ထို့ပြင် အသင်း၏ ဒုတိယပိုင်းကစားပုံကိုလည်း ဝေဖန်ခဲ့ပြီး ကစားသမားများမှာ ဘောလုံးကို အလွယ်တကူ ဆုံးရှုံးစေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ပထမပိုင်းကိုတော့ ကျွန်တော် ကျေနပ်ပါတယ်။ ကစားသမားတွေဟာ ကျွန်တော်တို့လိုချင်သလို ကစားချင်ခဲ့၊ ကစားနိုင်ခဲ့ကြပါတယ်”

    Ref: Goal

  • စက်ရုပ်ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် အီရန် ဒုတိယဆွတ်ခူး

    စက်ရုပ်ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် အီရန် ဒုတိယဆွတ်ခူး

    ဇူလိုင် ၂၂၊ ၂၀၁၅
    M-Media

    robo

    – တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် ၁၉ ကြိမ်မြောက် စက်ရုပ်ဖလား ကမ္ဘာ့ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် အီရန်စက်ရုပ်အသင်းမှာ အံ့သြလောက်သည့် စွမ်းဆောင်ရည်များကို ပြသကာ ဒုတိယဆု ရရှိခဲ့သည်ဟု သိရသည်။

    တီဟီရန် အခြေစိုက် အမီရ်ကာဘီရ် နည်းပညာတက္ကသိုလ်မှ ဆယ်ကျော်သက်အရွယ်စားရှိသော စက်ရုပ်ဘောလုံးအသင်း၏ ဒါရိုက်တာဖြစ်သူ ဆိုရက်ရှ် ဆာဒက်နီဂျဒ်က မိမိတို့ကိုယ်တိုင် ဒီဇိုင်းထုတ် တီထွင်ဖန်တီးထားသော စက်ရုပ်ဘောလုံးအသင်းမှာ ထိုပြိုင်ပွဲ၏ နည်းပညာပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုတွင် အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲ့ပြီး နောက်ဆုံးတွင် ဒုတိယနေရာဖြင့်
    အဆုံးသတ်နိုင်ခဲ့သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ၁၉ ကြိမ်မြောက် စက်ရုပ်ဖလား ကမ္ဘာ့ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို တရုတ်နိုင်ငံအရှေ့ပိုင်း ဟေဖီးမြို့တွင် ဇူလိုင် ၁၉ ရက်နေ့မှစတင်ကာ ကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုပြိုင်ပွဲသို့ ဂျာမနီ၊ အိန္ဒိယ၊ ထိုင်ဝမ်နှင့် အမေရိကန်တို့အပါဝင် နိုင်ငံပေါင်း ၄၇ နိုင်ငံမှ စက်ရုပ်ပညာရှင် ၂၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

    ထိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် စက်ရုပ်များမှာ ပြင်ပထိန်းချုပ်မှုမပါဘဲ အလိုအလျောက် တုံ့ပြန် လှုပ်ရှားနိုင်ရမည်ဖြစ်ပြီး လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ဘောလုံးကန်ခြင်း၊ ဟန်ချက်ကိုထိန်းနိုင်ခြင်း၊ အမြင်အာရုံကောင်းမွန်ခြင်းနှင့် ကိုယ်တိုင်ကိုယ်ကျ နေရာယူနိုင်ခြင်း စသည့် ကျွမ်းကျင်မှုများနှင့် ပတ်သက်၍လည်း စီမံနိုင်ရမည် ဖြစ်သည်။

    အဆိုပါ စက်ရုပ်ဖလား ဘောလုံးပြိုင်ပွဲကို ၁၉၉၃ ခုနှစ်က ဂျပန်သုတေသနပညာရှင်များက စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး စက်ရုပ်သိပ္ပံနှင့် နည်းပညာတို့ ဖွံ့ဖြိုးတိုးတက်လာစေရန် ဘောလုံးအားကစားနည်းအား အသုံးပြုခြင်း ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ၂၀၅၀ ခုနှစ်
    ကမ္ဘာ့ဖလားတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်မည့် စက်ရုပ်ဘောလုံးအသင်းတစ်ခု တည်ဆောက်ရေး ဖြစ်သည်။

    ထိုစီမံကိန်းက ဂျပန်နိုင်ငံအပြင်ဘက် နိုင်ငံများမှ သုတေသပညာရှင်များ၏ အာရုံစိုက်မှုကို မမျှော်လင့်ပဲ ရရှိခဲ့ပြီး ပြိုင်ပွဲကို နိုင်ငံတကာဆင့် ယှဉ်ပြိုင်ရန် တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် စက်ရုပ်ဖလား ကမ္ဘာ့ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို ၁၉၉၇ ခုနှစ်ကတည်းက နှစ်စဉ် ကျင်းပခဲ့ကြပြီး ထိုင်ပြိုင်ပွဲမှ အသိဥာဏ်အတု ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်ခဲ့သည်။

    Ref: Press TV

  • အာဖရိကတပ်များ ဆိုမာလီပြည်သူများကို သတ်ဖြတ်

    အာဖရိကတပ်များ ဆိုမာလီပြည်သူများကို သတ်ဖြတ်

    ဇူလိုင် ၂၂၊ ၂၀၁၅
    M-Media

    au

    – ဆိုမာလီတောင်ပိုင်း မာကာမြို့တွင် လက်နက်ကိုင်ဆောင်ထားခြင်းမရှိသော ဒေသခံများအား အာဖရိကသမဂ္ဂတပ်များ၏ ပစ်ခတ်မှုအတွင်း အနည်းဆုံး အရပ်သား ၂၄ ဦး သေဆုံးခဲ့ပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများနှင့် ကျန်းမာရေးလုပ်သားများက ပြောကြားခဲ့သည်။

    အာဖရိကသမဂ္ဂ စစ်သားများမှာ စစ်ကားများဖြင့် မြို့တွင်းရှိ ဘောလုံးကွင်းထဲသို့ မောင်းဝင်လာကာ ဘောလုံးကစားနေသော လူငယ်များအား ပစ်ခတ်ခဲ့ပြီး ၉ ဦးသေဆုံးခဲ့ကာ ၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထိုအဖြစ်အပျက်ကို တွေ့မြင်ခဲ့ရသော ဟာဂျီ မူဆေ မဟ်မူဒ်က ပြောကြားခဲ့သည်။

    “အဲဒီနောက် သူတို့ဟာ အနီးအနားကအိမ်တွေကို သွားခဲ့ပြီး လူတွေကို ဆွဲထုတ်ကာ ၁၇ ဦးကို ပစ်သတ်လိုက်ပါတယ်။ ပြီးတော့ ဒဏ်ရာရနေတဲ့ လူ ၁၄ ယောက်ကိုလည်း သူတို့ ထားခဲ့ပါတယ်” ဟု ၎င်းက ဆိုပြီး ဆိုမာလီယာရှိ အာဖရိကသမဂ္ဂတပ်ဖွဲ့ AMISOM မှ အစိတ်အပိုင်းဖြစ်သော အဆိုပါစစ်သားများမှာ အမျိုးသမီး ၂ ဦးကိုလည်း အဓမ္မပြုကျင့်ခဲ့ကြသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    ဒဏ်ရာရရှိသူများမှ အများစုကို မြို့တော် မိုဂါဒစ်ရှူးရှိ ဆေးရုံသို့ ယူဆောင်သွားခဲ့ကြသည်။

    “ဒါဟာ အပြစ်မဲ့သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပါပဲ။ ဒဏ်ရာသူတွေကို ကျွန်တော်တို့ဟာ ကျောက်သယ်တဲ့ လက်တွန်းလှည်းနဲ့ ဆေးရုံကို ခေါ်သွားရပါတယ်။ ဒါပေမယ့် တော်တော်များများကို ကျွန်တော်တို့ မကုသနိုင်တဲ့အတွက် မိုဂါဒစ်ရှူးကို ပို့လိုက်ရပါတယ်” ဟု မာကာမြို့မှ ကျန်းမာရေး လုပ်သားဖြစ်သူ မိုဟာမက် အလီက ပြောကြားခဲ့သည်။

    “ဒီလူတွေက ဒါမျိုး အသတ်ခံရလောက်အောင် ဘာမှ မလုပ်ခဲ့ပါဘူး။ တကယ်လို့များ အာဖရိကသမဂ္ဂ တပ်တွေက အလ်-ရှာဘတ်ကို တိုက်ခိုက်ချင်တယ်ဆိုရင် သူတို့ဘယ်မှာလည်းဆိုတာကို သူတို့ သိပါတယ်။ အဲဒီကိုသွားပြီး တိုက်သင့်ပါတယ်။ အပြစ်မဲ့တဲ့သူတွေကိုတော့ မလုပ်သင့်ပါဘူး”

    သို့သော်လည်း AMISOM ကမူ အရပ်သားများအား သတ်ဖြတ်သည်ဆိုခြင်းကို ငြင်းဆိုခဲ့ပြီး အလ်ရှာဘတ်အဖွဲ့နှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ ၀ဘ်ဆိုက်တွင် လွှင့်တင်ထားသော ကြေညာချက်၌ ဖော်ပြထားသည်။

    ဆိုမာလီယာရှိ အာဖရိက သမဂ္ဂတပ်များမှာ ယခင်ကလည်း ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရမှုများရှိခဲ့သည်။

    Ref: Aljazeera

  • ဘလတ္တာကို သရော်သည့် ဗြိတိန်လူရွှင်တော် တရားစွဲခံရ

    ဘလတ္တာကို သရော်သည့် ဗြိတိန်လူရွှင်တော် တရားစွဲခံရ

    ဇူလိုင် ၂၂၊ ၂၀၁၅
    M-Media

     

    fifa

    – သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဖီဖာဥက္ကဌဆပ်ဘလတ္တာအပေါ် ပိုက်ဆံအတုများ ကြဲချခဲ့သည့် ဗြိတိန်လူရွှင်တော် ဆိုင်မွန် ဘရော့ဒ်ကင်ကို ဆွစ်ဇာလန်တရားရုံးက ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ဖီဖာ၏ရုံးချုပ်တွင် သောကြာနေ့က ကျင်းပပြုလုပ်ခဲ့သော အဆိုပါသတင်းစာရှင်းလင်းပွဲတွင် အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ဘရော့ဒ်ကင်မှာ စင်ပေါ်သို့တက်၍ ဆပ်ဘလတ္တာ၏ ခေါင်းပေါ်သို့ ပိုက်ဆံအတုများ ကြဲချခဲ့ခြင်းဖြစ်ပြီး ဖီဖာက လတ်တလောရင်ဆိုင်နေရသည့် လာဘ်စားမှုပြဿနာကို သရော်ခြင်းလည်း ဖြစ်သည်။

    ရဲတပ်ဖွဲ့က ထုတ်ပြန်သောကြေညာချက်တွင် ဘရော့ဒ်ကင်မှာ အဆောက်အဦးအတွင်းသို့ ၀င်ရောက်ခွင့်မရှိသောကြောင့် ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    “ရုံးချိန်းခေါ်မလားဆိုတာကတော့ တရားသူကြီးက ဆုံးဖြတ်မှာပါ။ ဆွစ်ဇာလန်မှာ ပိုင်နက်ကျူးလွန်မှုကို အခြားသော အမှုအငယ်စားတွေလိုပဲ တရားစီရင်ပါတယ်” ဟု ထိုကြေညာချက်တွင် ထည့်သွင်းဖြော်ပထားသည်။

    ဘရော့ဒ်ကင်မှာ စင်ပေါ်တွင် လီနဲလ်ဆင်အမည်ဖြင့် ကျော်ကြားပြီး စတန့်များစွာကို ပြုလုပ်ခဲ့ဖူးသူ ဖြစ်သည်။

    ပြီးခဲ့သည့်မေလက ချစားမှု၊ လာဘ်ပေးလာဘ်ယူမှုတို့ဖြင့် ဖီဖာတာဝန်ရှိသူ ၁၄ ဦး ဖမ်းဆီး တရားစွဲဆိုခြင်း ခံရပြီးနောက်ပိုင်း မည်သည့်စွဲဆိုမှုမှ မခံခဲ့ရသော ဘလတ္တာမှာ ထိုပြဿနာ၏ အဓိက အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။

    ထို့နောက် ဥက္ကဌအဖြစ် ၅ ကြိမ်ဆက် အရွေးခံရသော်လည်း ၎င်းအနေဖြင့် နှုတ်ထွက်သွားမည်ဟု ကြေညာခဲ့သည်။ ဖီဖာ၏ ဥက္ကဌရွေးပွဲကို လာမည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ကျင်းပမည်ဟု တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။

    Ref: Goal

  • သြစတေးလျ အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှု တန်ပြန်ဆန္ဒပြခံရ

    သြစတေးလျ အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှု တန်ပြန်ဆန္ဒပြခံရ

    ဇူလိုင် ၂၂၊ ၂၀၁၅
    M-Media

    aus

    – သြစတေးလျနိုင်ငံတွင် အမုန်းအခြေပြု  အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြမှုကို လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားသူများက တန်ပြန်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    “ဆစ်ဒနီမှာ Reclaim Australia (အစ္စလာမ်ဆန့်ကျင်ရေး) လှုပ်ရှားသူ ၁၀၀ ၀န်းကျင်လောက် ရှိပါတယ်။ သူတို့ကို ဆန့်ကျင်တဲ့သူကတော့ ၆၀၀ လောက်ရှိပါတယ်” ဟု No Room for Racism (လူမျိုးရေးခွဲခြားမှုအတွက် နေရာမရှိ) လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ဘန်ကူးပါးက Anadolu Agency သို့ ဇူလိုင် ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

    “ကျွန်တော်ဟာ Reclaim Australia ရဲ့ အယူသည်းတဲ့၊ အစွန်းရောက်တဲ့ အမြင်တွေနဲ့ သြစတေးလျအစစ်ဆိုတာ လူဖြူဖြစ်တယ်၊ ကွန်ဆာဗေးတစ်ဖြစ်တယ်၊ ခရစ်ယာန်ဖြစ်တယ်၊ ဖြောင့်မတ်တယ်ဆိုတဲ့ သူတို့ရဲ့ ခံယူချက်ကိုလည်း စိုးရိမ်မိပါတယ်”

    အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို စနေ၊ တနင်္ဂနွေနေ့များတွင် သြစတေးလျရှိ မြို့ကြီးများတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြသူ ရာပေါင်းများစွာကလည်း ကန်ဘာရာ၊ ဆစ်ဒနီ၊ ပါ့သ်၊ ဘရစ္စဘိန်းနှင့် အခြားသော နေရာများတွင် တန်ပြန်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

    ၎င်းတို့မှာ “လူမျိုးရေးခွဲခြားသူတွေ အိမ်ပြန်တော့” “နာဇီတွေ လမ်းထဲကထွက်သွား” “အသိဥာဏ်မရှိသူတွေအတွက် နေရာမရှိ” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

    “လူမျိုးရေးခွဲခြားမှု၊ အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာမှုနဲ့အတူ တစ်နိုင်ငံလုံးကို သူတို့ (အစ္စလာမ်ဆန့်ကျင်သူတွေ) ပေးချင်တဲ့ သတင်းစကားက မွတ်စလင်တွေအတွက်သာ အန္တရာယ်ရှိတာမဟုတ်ဘဲ အခြားလူနည်းစုတွေအတွက်လည်း အန္တရာယ်ရှိပါတယ်” ဟု No Room for Racism လှုပ်ရှားမှုကို စီစဉ်သူ မဲလ် ဂရဂ်ဆန်က ပြောကြားခဲ့သည်။

    ထိပ်တိုက်တွေ့

    အစ္စလာမ်ဆန့်ကျင်ရေးအုပ်စုနှင့် ၎င်းတို့အား တန်ပြန်ဆန္ဒပြသူ အုပ်စုတို့အကြား ထိပ်တိုက်တွေ့ဆုံကာ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သောကြောင့် ရဲတပ်ဖွဲ့က ကြားဝင်ကာ အင်အားသုံး၍ ၎င်းတို့အုပ်စုနှစ်ခုကို သီးခြားစီဖြစ်အောင် ပြုလုပ်ပေးခဲ့ရသည်။

    ထို့ပြင် ငရုပ်ကောင်းစပေရေးကိုလည်း အသုံးပြုခဲ့ရပြီး ဆန္ဒပြသူ ၁၀၀ ကျော်မှာ အသက်ရှုကြပ်သည့် ဝေဒနာကို ခံစားခဲ့ရကာ ဆေးကုသမှုများ ခံယူခဲ့ရသည်။ စနေနှင့် တနင်္ဂနွေနေ့များတွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒပြမှုများမှ အနည်းဆုံး လူ ၉ ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့သည်။

    မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများကြောင့် ကမ္ဘာ့တစ်ဝှမ်းတွင် အခြားသော အစ္စလာမ်ဘာသာဝင်များအပေါ် အမြင်စောင်းမှုများ မြင့်တက်လာပြီး၊ နိုင်ငံရေးသမားများကလည်း ထိုအချက်ကို အခွင့်ကောင်းယူကာ ၎င်းတို့ သြဇာလွှမ်းမိုးရေးကို လုပ်ဆောင်နေကြသည်။

    ထိုအကြမ်းဖက်သမားများ၏ လုပ်ရပ်ကို ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်အသင်းအဖွဲ့များ၊ အစ္စလာမ့်ဓမ္မပညာရှင်များနှင့် ရှေ့ဆောင်အီမာမ်ကြီးများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ကြသည်။ ထို့ပြင် ၎င်းတို့အား မွတ်စလင်များကပင် အဓိက တွန်းလှန် တိုက်ထုတ်နေကြသည်။

    Ref: Onislam