News @ M-Media

Author: Ko Lay

  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၂၁၊ ၂၀၁၅)

    ဇူလိုင် ၂၁၊ ၂၀၁၅
    M-Media

    နျူအရေး အီရန်၏လမ်းကို မြောက်ကိုရီးယား လိုက်မည်မဟုတ်
    ……………………………………….
    နျူအရေးအတွက် အီရန်က ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် သဘောတူညီချက် ရယူသကဲ့သို့ မိမိတို့အနေဖြင့် လုပ်ဆောင်သွားမည်မဟုတ်ဟု မြောက်ကိုရီးယားက ယနေ့တွင် ပြောကြားလိုက်သည်။ ထို့ပြင် မိမိတို့၏ နျူးကလီယားအစီအစဉ်မှာ အမေရိကန်၏ မြောက်ကိုရီးယားအပေါ် ထားရှိသော ရန်လိုသည့် နိုင်ငံခြားရေးပေါ်လစီအတွက် အရေးပါသည့် အဟန့်အတားဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားပြီး နျူကလီးယားအစီအစဉ်ကို ရပ်တန့်သွားမည်မဟုတ်ဟု ဆိုသည်။

    သဘာဝကပ်ဘေးကြောင့် အိုးအိမ်စွန့်ရသူ ၂၀၁၄ တွင် သန်း ၂၀ ခန့်ရှိ
    ……………………………..
    ရေကြီးမှု၊ မုန်တိုင်းတိုက်ခတ်မှုနှင့် မြေငလျင်လှုပ်ခတ်မှုများကြောင့် ပြီးခဲ့သည့်နှစ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများမှာ သန်း ၂၀ နီးပါးရှိသည်ဟု နော်ဝေဒုက္ခသည်ကောင်စီမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုကဲ့သို့ အိုးအိမ်စွန့်ခွာရသူများတွင် အာရှမှ ၁၉.၃ သန်းရှိကာ တရုတ်နှင့် ဖိလစ်ပိုင်တို့တွင် ဖြစ်ပွားသော တိုင်ဖုန်းမုန်တိုင်းများနှင့် အိန္ဒိယ၌ ရေကြီးမှုများကြောင့် အိုးအိမ်စွန့်ခွာရသူများမှာ ထိပ်ဆုံး၌ ရှိနေသည်။ သဘာဝ ဘေးအန္တရာယ်များကြောင့် အိုးအိမ်စွန့်ခွာရသူများမှာ ၂၀၀၈ မှစ၍ တစ်နှစ်လျှင် ပျမ်းမျှ ၂၆.၅ သန်းခန့်ရှိနေသည်ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။

    မက်ဆီအားဝေဖန်မှုကို ဆွာရက်ဇ်က မယုံကြည်နိုင်အောင်ဖြစ်ရ
    ……………………………………….
    ကိုပါအမေရိကဖလား ခြေစွမ်းအတွက် အာဂျင်တိုင်းတိုက်စစ်မှူး မက်ဆီအား ဝေဖန်မှုကို မိမိအနေဖြင့် နားမလည်နိုင်အောင် ဖြစ်ရသည်ဟု ဘာစီလိုနာအသင်းဖော် ဆွာရက်ဇ်က ပြောကြားလိုက်သည်။ ချီလီအားရှုံး၍ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည့် အာဂျင်တီးနားအသင်းတွင် မက်ဆီမှာ ဝေဖန်မှုများကို အများဆုံး ခံခဲ့ရပြီး ဆွာရက်ဇ်ကမူ ထိုကဲ့သို့ ဝေဖန်နေခြင်းကို မယုံကြည်နိုင်အောင်ဖြစ်ရသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: News Agencies

  • သံတော်ဆင့်ဂျာနယ်၏ အယ်ဒီတာ ၂ ဦးကို သတင်းမီဒီယာဥပဒေချိုးဖောက်မှုဖြင့် ဒဏ်ငွေချမှတ်

    သံတော်ဆင့်ဂျာနယ်၏ အယ်ဒီတာ ၂ ဦးကို သတင်းမီဒီယာဥပဒေချိုးဖောက်မှုဖြင့် ဒဏ်ငွေချမှတ်

    ဇူလိုင် ၂၁၊ ၂၀၁၅
    M-Media

    my

    – နိုင်ငံတော်သမ္မတကို စော်ကားခြင်းဖြင့် မီဒီယာဥပဒေကို ချိုးဖောက်ကြောင်း တွေ့ရှိရ၍ သံတော်ဆင့်ဂျာနယ်၏ အယ်ဒီတာ ၂ ဦးကို ဒဏ်ငွေ ၁၀ သိန်းစီပေးဆောင်ရန် ယနေ့တွင် နေပြည်တော်ရှိ တရားရုံးက အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။

    သမ္မတဦးသိန်းစိန်အား စိတ်မနှံ့သူဟု ပြောကြားခဲ့သည့် နိုင်ငံရေးသမားတစ်ဦးနှင့် အင်တာဗျူးကို ထည့်သွင်းခဲ့သောကြောင့် သံတော်ဆင့်ဂျာနယ်မှ ၀န်ထန်း ၁၁ ဦးကို ပြန်ကြားရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် တရားစွဲဆိုခဲ့သည်။

    ထိုကဲ့သို့ တရားစွဲဆိုမှုမှာ နိုဝင်ဘာတွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်ခင် မီဒီယာအား ခြိမ်းခြောက်သည့်လုပ်ရပ်များမှ တစ်ခုဖြစ်သည်ဟု မီဒီယာလွတ်လပ်ခွင့် လှုပ်ရှားသူများက ရှုမြင်ကြသည်။

    ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသူများမျာ အယ်ဒီတာချုပ် ကျော်စွာဝင်းနှင့် လက်ထောက်အယ်ဒီတာချုပ် အံ့မင်းခေါင်တို့ ဖြစ်ကြပြီး တစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော ဆောင်းပါးများ ပုံနှိပ်ခြင်းဖြင့် မီဒီယာဥပဒေကို ချိုးဖောက်မှုအတွက် ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အခြား ၉ ဦးကိုမူ တရားသေလွှတ်ပေးခဲ့သည်။

    “ကျွန်တော်တို့ဟာ သမ္မတရဲ့ပုံရိပ်ကို ညှိုးနွမ်းစေမှုနဲ့ အပြစ်ရှိပြီး၊ ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ တရားစွဲခံရတယ်လို့ တရားသူကြီးက ပြောပါတယ်။ မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်မှု တိုးလာတဲ့အတွက်ကြောင့် ကျွန်တော်တို့တတွေ သတိရှိပါမယ်။ ဒါပေမယ့် ဒီလိုဖိနှိပ်မှုမျိုးကို ကျွန်တော်တို့ မကြောက်ပါဘူး” ဟု အံ့မင်းခေါင်မှ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

    လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International ကမူ မြန်မာနိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့်အပေါ် အစိုးရ၏ ကန့်သတ်မှုမှာ ပြီးခဲ့သည့်နှစ်မှစ၍ မြင့်တက်လာသည်ဟု ဇွန်လတွင် ပြောကြားခဲ့သည်။

    Ref: Abcnews

  • အမျိုးသမီးများအပေါ် အကြမ်းဖက်တိုက်ခိုက်မှု မြင့်တက်လာသည့်အတွက် မက္ကဆီကိုတွင် ဆန္ဒပြ

    အမျိုးသမီးများအပေါ် အကြမ်းဖက်တိုက်ခိုက်မှု မြင့်တက်လာသည့်အတွက် မက္ကဆီကိုတွင် ဆန္ဒပြ

    ဇူလိုင် ၂၁၊ ၂၀၁၅
    M-Media

    mx

    – နိုင်ငံအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ မြင့်တက်လာခြင်းကို ဆန့်ကျင်သည့်အနေဖြင့် မက္ကဆီကိုရှိ အမျိုးသမီးများက ယမန်နေ့တွင် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    မြို့တော် မက္ကဆီကိုစီးတီးရှိ ပြည်ထဲရေးဝန်ကြီးရုံးရှေ့တွင် ဒါဇင်နှင့်ချီသော အမျိုးသမီးများက ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး လွှတ်တော်မှ အမျိုးသမီးအမတ်များ၊ တက်ကြွလှုပ်ရှားသူများ ပါဝင်ခဲ့ကြသည်။ ၎င်းတို့မှာ ရုံးရှေ့တွင် လဲလျောင်းက ၎င်းတို့ ခန္ဓာကိုယ်တစ်ဝိုက် ရာဇ၀တ်မှုဖြစ်ပွားရာ နေရာများကဲ့သို့ မြေဖြူဖြင့်ဖန်တီး၍ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး “မက္ကဆီကိုပြည်နယ်တွင် ကျား၊ မဆိုင်ရာ
    သတိပေးခြင်း” ဟု ဟစ်အော်ခဲ့ကြသည်။

    အမျိုသမီးများအား အကြမ်းဖက်တိုက်ခိုက်မှု မြင့်တက်လာသည်ဟု အစီရင်ခံစာများ ထွက်ပေါ်လာပြီးနောက် အဆိုပါလှုပ်ရှားမှုကို စီအူဒက် ဂျွာရက်ဇ်မြို့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ခံစားရသူ အမျိုးသမီးများအတွက် ရန်ပုံငွေများ၊ ကာကွယ်မှုများ၊ အကူအညီများ ပိုမိုရရှိရန်
    ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။

    ဆန္ဒပြသူများမှာ နိုင်ငံ၏ ၃၁ ခုသော ပြည်နယ်များထဲမှ မက္ကဆီကိုစီးတီးပြည်နယ်ရှိ မြူနီစီပယ်ဒေသအားလုံးတွင် ကျားမဆိုင်ရာ သတိပေးခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်ရန် တိုက်တွန်းဆော်သြခဲ့ကြသည်။

    မက္ကဆီကိုနိုင်ငံမှာ ကမ္ဘာပေါ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆိုးဝါးဆုံး နိုင်ငံ ၂၀ ထဲမှ တစ်နိုင်ငံဖြစ်သည်ဟု ကုလ၏ မှတ်တမ်းများက ဆိုသည်။

    မက္ကဆီကို သတင်းစာများတွင် လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများ၊ ရေနှုတ်မြောင်းများတွင် မျောပါနေသော အမျိုးသမီးများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအကြောင်း သတင်းများမှာ အမြဲလိုလို ပါဝင်နေသည်။

    မက္ကဆီကိုပြည်နယ် အတွင်းမှာပင် လွန်ခဲ့သည့် ၉ နှစ်တာကလတွင်း အမျိုးသမီး ၂၃၀၀ ကျော် အသတ်ခံခဲ့ရသည်ဟု အမျိုးသမီးများရာဇ၀တ်မှုဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်သော National Citizen Femicide Observatory က ပြောကြားခဲ့သည်။

    “မက္ကဆီကိုပြည်နယ်ဟာ (နိုင်ငံအတွင်းမှာ) အမျိုးသမီးတွေကို အကြမ်းဖက်မှုအများဆုံး ပြည်နယ်ဖြစ်ပါတယ်” ဟု ဆန္ဒပြမှုအတွင်း ပါဝင်ခဲ့သည့် လွှတ်တော်အမတ် အမျိုးသမီး ဇိုချီတီ အာဇိုလာ ဗားဂက်စ်က ပြောကြားခဲ့သည်။

    အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ အချက်အလက်များ စုဆောင်းနေသည့် အဖွဲ့ပေါင်း ၄၃ ဖွဲ့ ပူးပေါင်းထားသော National Citizen Femicide Observatory ၏ အဆိုအရ မက္ကဆီကိုနိုင်ငံတွင် တစ်နေ့လျှင် အမျိုးသမီး ၆ ဦးမှာ အသတ်ခံနေရသည်ဟု သိရသည်။

    ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် ထိုအဖွဲ့မှ ဖော်ထုတ်ခဲ့သော အမှုပေါင်း ၃၈၉၂ မှုတွင် ၂၄ ရာခိုင်နှုန်းကိုသာ အာဏာပိုင်များက စုံစမ်းစစ်ဆေးခဲ့ပြီး ၁.၆ ရာခိုင်နှုန်းကိုသာ စီရင်ချက် ချနိုင်ခဲ့သည်။

    Ref: Aljazeera

  • ကျူးဘား-အမေရိကန် သံတမန်ဆက်ဆံရေး ပြန်စ

    ကျူးဘား-အမေရိကန် သံတမန်ဆက်ဆံရေး ပြန်စ

    ဇူလိုင် ၂၁၊ ၂၀၁၅
    M-Media

    cuba

    – ရာစုနှစ်တစ်ဝက်ကြာ သံတမန်အဆက်အသွယ် ဖြတ်တောက်ထားခဲ့သည့် ကျူးဘားနှင့် အမေရိကန်နိုင်ငံတို့မှာ ယမန်နေ့က တရားဝင်သံတမန်ဆက်ဆံရေးကို ပြန်လည်စတင်ခဲ့သည်ဟု သိရသည်။

    အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်တွင် ကျူးဘားသံရုံးဖွင့်ပွဲကို ယမန်နေ့က ကျင်းပခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများကလည်း ချီးကျူးသြဘာ ပေးခဲ့ကြသည်။ နာရီအနည်းငယ် ကြာပြီးနောက် အမေရိကန်အစိုးရရုံးတွင် ကျူးဘားအလံကို လွှင့်တင်ခဲ့သည်။

    ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရော်ဒရီ ဂက်ဇ်ကမူ သံရုံး အလံတင်ပွဲအခမ်းအနားကို ကြီးကြပ်ခဲ့ပြီး ယမန်နေ့ည သန်းခေါင်ယံအချိန်တွင် အမေရိကန်နှင့် ကျူးဘားတို့၏ သံတမန်ဆက်သွယ်ရေးကို သဘောတူညီချက်အတိုင်း ပြန်လည် စတင်ခဲ့သည်။

    အမေရိကန်နှင့် ကျူးဘားတို့ သံတမန်ဆက်သွယ်ရေး ပြန်လည်စတင်သည့် အခမ်းအနားသို့ ကာရစ်ဘီယံနိုင်ငံများက သံတမန်ကိုယ်စားလှယ်များ၊ ယဉ်ကျေးမှုဆိုင်ရာနှင့် အခြားသောခေါင်းဆောင် ၃၀ ခန့်အပါဝင် စုစုပေါင်း ဧည့်သည် ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကမူ အမေရိကန်အနေဖြင့် ကျူးဘားနှင့် အိမ်နီးချင်းကောင်းအဖြစ် နေထိုင်သွားရန် ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ပြည့်ဝသည့် သံတမန်ဆက်ဆံရေးအတွက် လမ်းကြောင်းမှာ ရှည်ကြာပြီး ရှုပ်ထွေးမည်ဟု သတိပေးခဲ့သည်။

    ကယ်ရီမှာ ကျူးဘားနိုင်ငံ ဟာဗားနားမြို့ရှိ အမေရိကန်သံရုံး အလံတင်အခမ်းအနားသို့ တက်ရောက်ရန် သြဂုတ်လ ၁၄ ရက်နေ့တွင် ကျူးဘားသို့ သွားရောက်မည်ဖြစ်သည်။

    Ref: Aljazeera

  • အငြင်းပွားဖွယ်ရေပိုင်နက်ရှိ တရုတ်၏ဆောက်လုပ်ရေးများ ရပ်တန့်ရန် ဂျပန်တောင်းဆို

    အငြင်းပွားဖွယ်ရေပိုင်နက်ရှိ တရုတ်၏ဆောက်လုပ်ရေးများ ရပ်တန့်ရန် ဂျပန်တောင်းဆို

    ဇူလိုင် ၂၁၊ ၂၀၁၅
    M-Media

    – နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်သည်ဟု ကြေညာထေားသော အရှေ့တရုတ်ပင်လယ်ရှိ ပိုင်နက်အချို့အနီး ရေနံနှင့် ဓာတ်ငွေ့ရှာဖွေရေးအတွက် စင်မြင့်များ ဆောက်လုပ်နေမှုကို ရပ်တန့်ရန် တရုတ်နိုင်ငံအား ဂျပန်က ယနေ့တွင် တောင်းဆိုလိုက်သည်။

    နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ ပြန်လှန်ဆန်းစစ်မှုအတွင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး သဘောထားတင်းမာသည့် အစိုးရအဖွဲ့ဝင်များကမူ တရုတ်နှင့်ပတ်သက်၍ ဂျပန်၏ပေါ်လစီမှာ ပျော့လွန်းသည်ဟု ဝေဖန်ခဲ့ကြကြောင်း ကာကွယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    အရှေ့တရုတ်ပင်လယ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းများကို တရုတ်နိုင်ငံက လွန်ခဲ့သည့် ၂ နှစ်မှစ၍ ပြန်လည်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ဂျပန်နိုင်ငံမှာ တရုတ်နိုင်ငံအား ဒေါသထွက်ခဲ့ကာ ပင်လယ်အတွင်းရှိ အငြင်းပွားနေသော ကျွန်းတစ်စုကို ၀ယ်ယူခဲ့သည်။

    ထိုအချိန်မတိုင်ခင်က တရုတ်နိုင်ငံမှာ ရေအောက်သယံဇာတရင်းမြစ် ထုတ်ယူသုံးစွဲရေး ဂျပန်နှင့် နှစ်နိုင်ငံ သဘောတူညီချက်အရ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နေရာများတွင် လုပ်ငန်းများကို လျော့ချခဲ့သည်။

    “တရုတ်နိုင်ငံဟာ ရှာဖွေရေး စင်မြင့်အသစ်တွေ စတင်ဆောက်လုပ်နေတယ်လို့ ကျွန်တော်တို့ အတည်ပြုနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ဒီလိုတစ်ဖက်သတ်ဆောင်ရွက်မှုတွေကို ကျွန်တော်တို့က ထပ်ပြီး ကန့်ကွက်သလို၊ ရပ်တန့်ဖို့လည်း တောင်းဆိုပါတယ်” ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါ စင်မြင့်များမှာ နှစ်နိုင်ငံစီးပွားရေးဇုန်များအဖြစ် ပိုင်းခြားထားသော စည်း၏ တရုတ်ဘက်ခြမ်းတွင် တည်ဆောက်နေခြင်းဖြစ်သည်။

    ဂျပန်ကမူ ထိုစင်မြင့်များက စည်းပေါ်တွင်တည်ရှိနေသော ဓာတ်ငွေ့သိုက်များပေါ်သို့ ရောက်ရှိမည်ကို စိုးရိမ်နေပြီး ရေဒါစခန်း သို့မဟုတ် ဒရုန်းအခြေစိုက်စခန်း သို့မဟုတ် ပိုင်နက်အငြင်းပွားနေသော ကျွန်းများအနီး လေကြောင်းနှင့် ရေကြောင်း လှုပ်ရှားမှုများကို စောင့်ကြည့်ရန် အခြားလေတပ်စခန်းအဖြစ် အသုံးပြုသွားနိုင်သည်ဟု ဆိုသည်။

    တရုတ် ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနများကမူ ထိုကိစ္စအတွက် မည်သည့်မှတ်ချက်မှ မပေးသေးပေ။

    Ref: Channelnewsasia