News @ M-Media
Author: Ko Lay
  • ယခုနှစ်စီးရီးအေမှာ အကြိတ်အနယ်ပိုရှိမည်ဟု ဂျူဗီနည်းပြပြော
    ယခုနှစ်စီးရီးအေမှာ အကြိတ်အနယ်ပိုရှိမည်ဟု ဂျူဗီနည်းပြပြော
    ဇူလိုင် ၂၁၊ ၂၀၁၅
    M-Media
    juve
    – လာမည့်နှစ် စီးရီးအေချန်ပီယံဘွဲ့အတွက် မိမိတို့အသင်းသာ ရေပန်းစားနေသည်ဟု ဂျူဗင်တပ်စ်နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီက ပြောကြားခဲ့ပြီး ပိုမို၍ ခက်ခဲမည်ဟု ၀န်ခံခဲ့သည်။
    ဂျူဗင်တပ်စ်အသင်းမှာ ပြီးခဲ့သည့်ရာသီတွင် ဒုတိယနေရာမှ ရိုးမားအသင်းကို ၁၇ မှတ်ဖြတ်ကာ စီးရီးအေချန်ပီယံဘွဲ့ကို ၄ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သည်။
    အယ်လီဂရီကမူ ယခုနှစ်တွင် စိန်ခေါ်မှုများ ပိုမိုပြင်းထန်လာမည်ဟု မျှော်လင့်နေပြီး အထူးသဖြင့် အေစီမီလန်နှင့် အင်တာမီလန်အသင်းတို့၏ ငွေကြေးသုံးစွဲ ပြင်ဆင်မှုများကြောင့် ဖြစ်သည်။
    ဂျူဗင်တပ်စ်မှ အားထားရသည့် ကွင်းလယ်လူ အန်ဒရီယာ ပီယာလိုနှင့် တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်တို့မှာ ယခုနှစ်နွေရာသီတွင် ထွက်ခွာသွားသော်လည်း အယ်လီဂရီကမူ မိမိတို့အသင်းမှာ စီးရီးအေတွင် ထိပ်တန်းအသင်းဖြစ် ဆက်ရှိနေဦးမည်ဟု ယုံကြည်နေသည်။
    “ဂျူဗီက ဗိုလ်စွဲဖို့ ဆက်လက် ရေပန်းစားနေတုန်းပါပဲ။ ဒါပေမယ့် ဒီနှစ်မှာ မီလန်နှစ်သင်းကို သတိထားရပါမယ်။ သူတို့ဟာ အမြဲတမ်း အန္တရာယ်ရှိတဲ့ အသင်းတွေပါပဲ။ အင်တာနဲ့ မီလန်တို့ နှစ်သင်းစလုံးဟာ တောင့်တင်းကြပြီး ဖလားအတွက် စိန်ခေါ်နိုင်စွမ်းရှိပါတယ်။ ရိုးမားနဲ့ နာပိုလီတို့လည်း ဒီအတိုင်းပါပဲ။ လာမယ့်နှစ် စီးရီးအေ ဖလားပြေးလမ်းဟာ ပိုပြီး အကြိတ်အနယ် ရှိလာပါလိမ့်မယ်” ဟု အယ်လီဂရီက ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    လက်ရှိအချိန်တွင် ဂျူဗီမှာ ဆာမိ ခီဒီရာ၊ စီမွန်နီ ဇာဇာ၊ ပေါ်လို ဒိုင်ဘာလာနှင့် မာရီယို မန်ဇူကစ်တို့ကို ခေါ်ယူထားနိုင်သည်။ အယ်လီဂရီကမူ ကစားသမားအသစ်များ၏ စွမ်းဆောင်ရည်အတွက် ကျေနပ်နေပြီး အသင်းမှာ ပြည်တွင်းလွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းနိုင်သော လူစာရင်းကို တိုးမြှင့်နိုင်ခဲ့သည်ဟု ယုံကြည်နေသည်။
    “အခုအချိန်အထိ ကျွန်တော်တို့ ရရှိခဲ့တဲ့ အရာတိုင်းဟာ သမိုင်းစာမျက်နှာမှာ ရောက်သွားပါပြီ။ ကျွန်တော်တို့ အခု အစက ပြန်စရမှာပါ။ အပြောင်းအရွှေ့ဈေးကွက် ပိတ်တဲ့အချိန်မှာ ၁၉၉၁ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အကြားမှာ မွေးဖွားတဲ့ ကစားသမား ၁၀ ယောက်လောက် ရှိမှာပါ။ ဒါဟာ အနာဂတ်အတွက် ပညာသားပါတဲ့ ဆောင်ရွက်ချက်ပါပဲ”
    Ref: Goal
  • ဘိုင်ယန်နည်းပြ ဂွါဒီယိုလာ မွေးရပ်မြေလွတ်လပ်ရေးအတွက် အားပေးသွားမည်
    ဘိုင်ယန်နည်းပြ ဂွါဒီယိုလာ မွေးရပ်မြေလွတ်လပ်ရေးအတွက် အားပေးသွားမည်
    ဇူလိုင် ၂၁၊ ၂၀၁၅
    M-Media
    gua
    – ဘိုင်ယန်မြူးနစ်အသင်း၏ စပိန်နည်းပြဖြစ်သူ ဂွါဒီယိုလာမှာ နိုင်ငံရေး လောကထဲသို့ ၀င်ရောက်ကာ စပိန်နိုင်ငံရှိ ကာတာလိုနီယာဒေသ ခွဲထွက်ရေးအတွက် အားပေးထောက်ခံသွားမည်ဟု သိရသည်။
    ဘာစီလိုနာအသင်း၏ နည်းပြဟောင်းဖြစ်သူ ဂွာဒီယိုလာမှာ ၎င်း၏ မွေးရပ်ဇာတိဖြစ်သော ကတာလိုနီယာဒေသ လွတ်လပ်ရေးအတွက် အမာခံ ထောက်ခံသူဖြစ်သည်။ ထို့ပြင် ခွဲထွက်ရေးလိုလားသော Convergencia i Esquerra ပါတီသို့ ၎င်း၏အမည် တင်သွင်းကာ
    လာမည့်စက်တင်ဘာတွင်ပြုလုပ်မည့် ကာတာလိုနီယာဒေသ ပါလီမန် ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
    ဂွါဒီယိုလာကမူ အဆိုပါ ပါတီသို့ ၎င်း၏ အားပေးမှုက ကာတာလိုနီယာဒေသ စပိန်မှ ခွဲထွက်မှုအတွက် မျှော်လင့်ချက်ကို တိုးမြှင့်လာမည်ဟု ယုံကြည်နေသည်။ ဂွါဒီယိုလာမှာ ပါလီမန်အမတ် ဖြစ်လာရန် ဆန္ဒမရှိသော်လည်း လာမည့်ရွေးကောက်ပွဲများတွင် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန် ပံ့ပိုးခြင်းဖြစ်သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
    အသက် ၄၄ နှစ်အရွယ်ရှိ ဂွါဒီယိုလာ ပါလီမန်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဆိုခြင်းကို ယမန်နေ့က Twitter စာမျက်နှာတွင် ကြေညာခဲ့ပြီး ညပိုင်းတွင် ဘာစီလိုနာ၌ အမတ်လောင်း အမည်စာရင်းကို တရာဝင်ကြေညာခဲ့သည်။
    ဂွါဒီယိုလာမှာ ကာတာလိုနီယာဒေသ အမျိုးသားနေ့တွင် ပြီးခဲ့သည့် ၃ နှစ်ဆက်တိုက် ပါဝင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်နိုဝင်ဘာ ခွဲထွက်ရေးအတွက် ပြည်သူဆန္ဒခံယူပွဲတွင်လည်း ပြန်လာ၍ မဲပေးခဲ့သည်။
    Ref : Goal
  • မိုးခေါင်သည့်ဒေသများ အတွက် သောက်ရေ လှူဒါန်းရန် ထိုင်းအစိုးရက ပြည်သူများအား တိုက်တွန်း
    မိုးခေါင်သည့်ဒေသများ အတွက် သောက်ရေ လှူဒါန်းရန် ထိုင်းအစိုးရက ပြည်သူများအား တိုက်တွန်း
    ဇူလိုင် ၂၀၊ ၂၀၁၅
    M-Media
    thai
    ထိုင်းနိုင်ငံ ဆူပန်ဘူရီပြည်နယ်မှ တောင်သူတစ်ဦး
    – နိုင်ငံအတွင်းဖြစ်ပွားနေသော မိုးခေါင်မှုကို ခံစားနေရသည့် ဒေသများအတွက် သောက်ရေများလှူဒါန်းရန် ထိုင်းအစိုးရက ပြည်သူများအား မေတ္တာရပ်ခံခဲ့သည်ဟု သိရသည်။
    မိုးခေါင်ရေရှားဒေသများသို့ သောက်ရေများ လှူဒါန်းရေးနှင့်ပတ်သက်၍ ကတ်ဘိနတ်အစည်းဝေးကို မနက်ဖြန်တွင် ပြုလုပ်ရန်ရှိနေသည်။ အာဏာပိုင်များ၏အဆိုအရ အဆိုပါ သောက်ရေများကို ထိုင်းဘုရင့်ဖောင်ဒေးရှင်းက ရန်ပုံငွေ ထောက်ပံ့ပေးထားသည့် ဒေသတွင်း
    စာသင်ကျောင်းများမှတစ်ဆင့် ဖြန့်ဝေသွားမည်ဟုဆိုသည်။
    အဆိုပါကျောင်းများတွင် မြေအောက်ရေများ ရှိနေပြီး ပြည်သူများ ရေချိုးရန်နှင့် အ၀တ်အစားများ လျော်ဖွတ်ရန်အတွက် ဖြန့်ဝေသွားမည်ဖြစ်သည်။
    ထို့ပြင် ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ၎င်းတို့သိုလှောင်ထားသော အရန်ရေများကို အသုံးပြုရန် တိုက်တွန်းထားသည်။
    မိုးခေါင်ရေရှားနေသည့် နေရာများဖြစ်ကြသော နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသများအပါအ၀င် နိုင်ငံ၏ ဒေသအများအပြားတွင် ယမန်နေ့ညပိုင်းက မိုးသည်ထန်စွာ ရွာသွန်းခဲ့ပြီး အချို့သောဒေသများတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။
    အာဏာပိုင်များကမူ အဓိကဆည်တစ်ခုဖြစ်ပြီး အန္တရာယ်ရှိလောက်သည့်အနေအထားထိ ရေနည်းနေသာ ချာအို ဖရာယာဆည်တွင် ရေမှာ ၂၅ စင်တီမီတာ မြင့်တက်လာခဲ့ကာ ထိုသိုမြင့်တက်လာခြင်းကြောင့် ဒေသခံများသို့ ပေးပို့နိုင်မည်ဟု ပြောကြားခဲ့သည်။
    ထိုင်းနိုင်ငံ မိုးလေ၀သဌာနကမူ မြို့တော်ဘန်ကောက်အပါအ၀င် နိုင်ငံတစ်ဝှမ်း၌ လာမည့် ရက်ပိုင်းအတွင်း မိုးများ ရွာသွန်းမည်ဟု ခန့်မှန်းထားသည်။
    Ref: Channelnewsasia
  • ဗြိတိန်နိုင်ငံတော်သီချင်းကို မထိလေးစားပြုသည့် ၀က်စ်ဘရွန်းအလယ်တန်းလူ ဝေဖန်ခံနေရ
    ဗြိတိန်နိုင်ငံတော်သီချင်းကို မထိလေးစားပြုသည့် ၀က်စ်ဘရွန်းအလယ်တန်းလူ ဝေဖန်ခံနေရ
    ဇူလိုင် ၂၀၊ ၂၀၁၅
    M-Media
    wbr
    – ရာသီအကြို ခြေစမ်းပွဲ၌ ဗြိတိန်နိုင်ငံတော်သီချင်း ဆိုရာတွင် မထိလေးစားပြုခဲ့သည့် အိုင်ယာလန် ကွင်းလယ်လူ ဂျိမ်းစ် မက်လီန်းမှာ ဝေဖန်မှုများကို ခံနေရသည်ဟု သိရသည်။
    ယခုနှစ်နွေရာသီတွင် ၀ီဂန်အသင်းမှ ၀က်စ်ဘရွန်းအသင်းသို့ ပြောင်းရွှေ့ခဲ့သည့် မက်လီန်းမှာ ရာသီအကြိုခြေစမ်းပွဲအဖြစ် အမေရိကန်ကလပ် ချာလ်စတန် ဘတ္ထရီနှင့် သောကြာနေ့က ကစားခဲ့သည့်ပွဲတွင် ဗြိတိန်နိုင်ငံတော်သီချင်းဖြစ်သော God Save The Queen ဆိုရာ၌ ၎င်း၏ မျက်နှာကို တစ်ဖက်သို့ လှည့်ခဲ့ခြင်းဖြစ်သည်။
    ၎င်း၏ ထိုလုပ်ရပ်ကြောင့် ဆိုရှယ်မီဒီယာများတွင် ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီး ပရိတ်သတ်များက ၎င်းအား ချေးညော်အဖြစ် သမုတ်ခဲ့ကြသည်။ သို့သော်လည်း မက်လီန်းက ၎င်း၏ လုပ်ရပ်အတွက် ပြန်လည်တုံ့ပြန်ခဲ့သည်။
    “ကျွန်တော် ဘာမှပြောဖို့မလိုသလို၊ ပြောမှာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် “မက်လီန်းကို ကာကွယ်မှု” လို့ ခေါင်းစဉ်ပေးထားတဲ့ အွန်လိုင်း ဆောင်းပါတစ်ပုဒ်ကို ဖတ်ကြည့်ပါလို့ ကျွန်တော် ပရိတ်သတ်တွေကို တိုက်တွန်းချင်ပါတယ်” ဟု ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
    ၎င်း၏ ခံယူချက်အတွက် မက်လီန်းက အငြင်းပွားဖွယ်ကိစ္စကို ပြုလုပ်ခဲ့သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ဘဲ ကမ္ဘာစစ်များနှင့် နောက်ပိုင်းပဋိပက္ခများတွင် ပါဝင်တိုက်ခိုက်ခဲ့ရသည့် ဗြိတိန်နှင့် ဓနသဟာယနိုင်ငံများမှ စစ်တပ်များ၊ အရပ်သားများကို ဂုဏ်ပြုသည့် Remembrance Sunday အထိမ်းအမှတ်အဖြစ် ဘောလုံးဂျာစီတွင် ဘိန်းပန်းထိုးရန် ညွှန်ကြားမှုကို ဆန်းဒါးလန်း၌ကစားစဉ် ၂၀၁၂ ခုနှစ်က ကလီန်းမှာ ငြင်းဆန်ခဲ့ဖူးသည်။
    ၎င်း၏ ထိုလုပ်ရပ်ကြောင့် မက်လီန်းမှာ ဝေဖန်ခံခဲ့ရပြီး Twitter တွင် အသက်အန္တရာယ်ခြိမ်းခြောက်မှုပါ ခံခဲ့ရသည်။ မက်လီန်းကမူ ပြဿနာများတွင် သေဆုံးခဲ့သူများအား မလေးမစားပြုလုပ်သည့်သဘော သက်ရောက်မည်စိုးသောကြောင့် ထိုကဲ့သို့ ပန်းမထိုးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref: Dailymail
  • တရုတ်ရှိ ၀ီဂါမွတ်စလင်များ အီးဒ်ပွဲတော် ဆင်နွှဲ
    တရုတ်ရှိ ၀ီဂါမွတ်စလင်များ အီးဒ်ပွဲတော် ဆင်နွှဲ
    ဇူလိုင် ၂၀၊ ၂၀၁၅
    M-Media
    china
    – တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဇင်ဂျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ၀ီဂါလူမျိုး အစ္စလာမ်ဘာသာဝင်များမှာ ရမ်ဇာန်ဥပုသ်လအကုန်တွင် ကျရောက်သည့် အီဒွလ်ဖိသီရ် ၀ါကျွတ်အီးဒ်ပွဲတော်ကို စုပေါင်း ဆင်နွှဲခဲ့ကြသည်ဟု သိရသည်။
    “ကျွန်တော်ပျော်ပါတယ်။ ဒီရက်တွေမှာ ဒါက ကျွန်တော်တို့ရဲ့ပွဲတော် ဖြစ်ပါတယ်။ ဒီဝတ်ပြုဆုတောင်းမှုမှာ လာရတာကို ကျွန်တော် ပျော်ပါတယ်။ ဒီပွဲတော်အတွက် ကျွန်တော် ပြင်ဆင်ခဲ့တာပါ။ အိမ်ကိုသန့်ရှင်းတယ်။ ပြီးတော့ အစားကောင်းအသောက်ကောင်းတွေနဲ့ အ၀တ်အစားအသစ်တွေကိုလည်း ၀ယ်ခဲ့ပါတယ်” ဟု ၀ီဂါမွတ်စလင်တစ်ဦးက CCTV.CN သို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။
    အီဒွလ်ဖိသီရ်မှာ အစ္စလာမ်ဘာသာဝင်တို့၏ အဓိက ဘာသာရေးပွဲတော် ၂ ခုအနက်မှ တစ်ခုဖြစ်ပြီး ၀တ်ပြုဆုတောင်းခြင်း၊ အလှူဒါနပြုခြင်း၊ မုန့်များလုပ်၍ ပတ်ဝန်းကျင်၊ ဆွေမျိုး မိတ်သင်္ဂဟများသို့ ဝေငှခြင်း၊ လူကြီးသူမများအား သွားရောက်တွေ့ဆုံ ဂါရ၀ပြုခြင်းတို့ကို ဆောင်ရွက်ရသည်။
    ဇင်ဂျန်းပြည်နယ်မြို့တော် အူရွမ်ကီတွင် ၀ီဂါမွတ်စလင် ထောင်ပေါင်းများစွာမှာ အီးဒ်နေ့မနက်တွင် ၀တ်ပြုဆုတောင်းရန်အတွက် ဗလီဝတ်ကျောင်းတော်များသို့ သွားရောက် စုရုံးခဲ့ကြသည်။
    အူရွမ်ကီရှိ သက်တမ်း နှစ် ၁၂၀ ရှိပြီဖြစ်သော ယန်ဟန် ဗလီဝတ်ကျောင်းတော်တွင် ၀တ်ပြုသူ ၁၁၀၀၀ ကျော် လာရောက်ခဲ့ကြပြီး ‘အီးဒ်မုဘာရက်’ ဟု ကျွေးကြော်ခဲ့ကြသည်။ အီးဒ်နေ့ ၀တ်ပြုဆုတောင်းမှုမှာ မိနစ် ၃၀ ခန့် ကြာမြင့်ပြီး အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်များပါ တက်ရောက်ခဲ့ကြသည်။
    နွေခေါင်ခေါင်တွင် ကျရောက်ခဲ့သည့် ရမ်ဇာန်ဥပုသ်လအား အဆုံးသတ်သော အဆိုပါအီးဒ်နေ့တွင် ဟန်ယန်ဗလီဝတ်ကျောင်းတော်က ၀တ်ပြုရန် လာရောက်ကြသူများအား သစ်သီးနှင့် ဖျော်ရည်များကို ဝေငှခဲ့သည်။
    “ရမ်ဇာန်ဟာ ကျွန်တော့်အတွက် မလွယ်ပါဘူး။ ရာသီဥတုက သိပ်ပူပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ အဆုံးသတ်သွားတာပါပဲ” ဟု ၀တ်ပြုရန်လာရောက်သူတစ်ဦးက ပြောကြားခဲ့သည်။
    တရုတ်အာဏာပိုင်များမှာ ဇင်ဂျန်းပြည်နယ်ရှိ ၀ီဂါလူမျိုး အစ္စလာမ်ဘာသာဝင်များအား နှစ်စဉ် ရမ်ဇာန်ဥပုသ်လရောက်တိုင်း ဘာသာရေးဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှုများကို ပြုလုပ်လေ့ရှိသည်။
    ထို့ကြောင့် ကမ္ဘာတစ်ဝှမ်းမှ လူ့အခွင့်အရေးအဖွဲ့များနှင့် မွတ်စလင်အသင်းအဖွဲ့များက တရုတ်အစိုးရ၏ ထိုလုပ်ရပ်အား ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။
    Ref: Onislam