News @ M-Media

အီရတ်နှင့် ဆီးရီးယားရှိ သမိုင်းအမွေအနှစ် ပစ္စည်းများကို IS က လုယက်ရောင်းချနေ

ဇူလိုင် ၃၊ ၂၀၁၅
M-Media

is

– အီရတ်နှင့် ဆီးရီးယားတစ်ဝှမ်းရှိ ရှေးဟောင်းနေရာများမှ သမိုင်းဝင်ပ္စည်းများကို IS က အကြီးအကျယ် လုယက်ယူငင်နေကြပြီး ငွေသားရရှိရန် ပွဲစားများမှ တစ်ဆင့် ပြန်လည်ရောင်းချနေကြသည်ဟု ကုလသမဂ္ဂ ယဉ်ကျေးမှုဆိုင်ရာ အေဂျင်စီဖြစ်သော ယူနက်စကို
အကြီးအကဲဖြစ်သူ ဘိုကိုဗာက ပြောကြားလိုက်သည်။

အီရတ်နိုင်ငံမှ ကမ္ဘာကျော် သမိုင်းဝင်နေရာများဟု တရားဝင်သတ်မှတ်ထားသည့် နေရာ ၁၀၀၀၀ ခန့်မှ ငါးပုံတစ်ပုံမှာ လက်ရှိအချိန်တွင် IS ၏ ထိန်းချုပ်မှုလက်သို့ ရောက်ရှိနေပြီး အများစုမှာ ကျယ်ကျယ်ပြန့်ပြန့် လုယက်ခံနေရကာ အခြားသော သမိုင်းဝင်နေရာများ၏ အခြေအနေမှာလည်း မည်ကဲ့သို့ ဖြစ်နေသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ယမန်နေ့က လန်ဒန်တွင်
ပြုလုပ်ခဲ့သော ကျွမ်းကျင်ပညာရှင်များ အစည်းအဝေး၌ ဘိုကိုဗာက ထည့်သွင်းပြောကြားခဲ့သည်။

ဆီးရီးယားရှိ အချို့နေရာများတွင် ဆိုးဆိုးဝါးဝါး လုယက်ခံခဲ့ရပြီး သမိုင်းဆိုင်ရာနှင့် ရှေးဟောင်း သုတေသနဆိုင်ရာ တန်ဖိုးရှိပစ္စည်းများ မရှိသလောက် ဖြစ်နေသည်။ ယူနက်စကိုမှာ လစ်ဗျားရှိ သမိုင်းဝင်နေရာများနှင့် ပတ်သက်၍လည်း စိုးရိမ်သည်ဟု သူမက ဆိုသည်။

IS မှ ထိန်းချုပ်ထားသည့် နယ်မြေတွင် ကမ္ဘာပေါ်ရှိ ရှေဟောင်းသုတေသနဆိုင်ရာ သမိုင်းဝင်နေရာများဖြစ်သော အက်ဆီရီယန်အင်ပါယာက တည်ဆောက်ခဲ့သည့် မြို့ကြီးများ၊ ဂရေကို- ရိုမန် လူ့အဖွဲ့အစည်း သန္ဓေတည်ရာဒေသများ၊ မွတ်စလင်နှင့် ခရစ်ယာန်အဖွဲ့များ ရာစုနှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သည့် နေရာများ ပါဝင်ပြီး တန်ဖိုးမဖြစ်နိုင်သည့် ရှေးဟောင်းပစ္စည်းများ ကြွယ်ဝသည့်နေရာများလည်း ဖြစ်သည်။

ထိုကဲ့သို့ သမိုင်းဆိုင်ရာအမွေအနှစ်များကို လုယက်ယူငင် ရောင်းချသည့်အပြင် IS မှာ အစ္စလာမ်၏ သမိုင်းဝင်နေရာများ အပါအ၀င် အချို့သော အမွေအနှစ်များကိုလည်း ဖျက်ဆီးခဲ့ကြသည်။

Ref: Aljazeera

Comments

Leave a Reply