News @ M-Media

Author: Ko Lay

  • ဂါဇာအား အစ္စရေးက ရေလမ်းကြောင်း ပိတ်ဆို့ထားမှုကို တက်ကြွ လှုပ်ရှားသူများက သင်္ဘောများဖြင့်  ဖျက်ပစ်မည်

    ဂါဇာအား အစ္စရေးက ရေလမ်းကြောင်း ပိတ်ဆို့ထားမှုကို တက်ကြွ လှုပ်ရှားသူများက သင်္ဘောများဖြင့် ဖျက်ပစ်မည်

    ဇွန် ၂၀၊ ၂၀၁၅
    M-Media

    pal

    – ဂါဇာကမ်းမြှောင်ဒေသ ရေလမ်းကြောင်းထွက်ပေါက်အား အစ္စရေး၏ ပိတ်ဆို့ထားမှုကို ဖျက်ပစ်ရန် ရည်ရွယ်၍ ပါလက်စတိုင်း ထောက်ခံသော တက်ကြွလှုပ်ရှားသူများမှာ သင်္ဘောငယ် ၃ စီးဖြင့် ဂါဇာသို့ သွားရောက်ရန် စီစဉ်နေသည်ဟု သိရသည်။

    အဆိုပါလှုပ်ရှားမှုကို အီတလီနိုင်ငံ စစ္စလီကျွန်းရှိ ပါလာမိုမြို့တွင် အခြေစိုက်သော Freedom Flotilla Coalition အဖွဲ့က စီစဉ်ခြင်းဖြစ်ပြီး ၎င်းတို့မှာ နောက်ဆုံး ပြင်ဆင်မှုများကို ပြုလုပ်နေကာ ဇွန်လမကုန်ခင် ဂါဇာသို့ ရောက်ရှိရန် ရည်ရွယ်ထားသည်ဟု အလ်ဂျာဇီးရား သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အဆိုပါသင်္ဘောအုပ်စုမှာ ဂါဇာသို့ အကူအညီများ ယူဆောင်သွားရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ ဂါဇာဆိပ်ကမ်းကို လွတ်လပ်စွာလှုပ်ရှားမှုနှင့် ကုန်သွယ်ရေးအတွက် လမ်းပွင့်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူ ကဲလ်လီ အိုဟစ်ဆန်က ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဂါဇာကိုပိတ်ဆို့ထားမှု အဆုံးသတ်ဖို့ပါပဲ။ သူတို့ကို ကျွန်တော်တို့ မမေ့ဘူးဆိုတာ ပါလက်စတိုင်းတွေကို သိစေချင်ပါတယ်။ ကမ္ဘာကြီးမှာ ပြဿပေါင်း သောင်းခြောက်ထောင် ရှိပါတယ်။ ဒါပေမယ့် ဂါဇာက အခြေအနေကတော့ တကယ့်ကို ဆိုးရွားပါတယ်။ ကျွန်တော်တို့ သူတို့ကို လုံးဝ သတိရနေပါတယ်” ဟု အိုဟစ်ဆန်က ပြောကြားခဲ့သည်။

    ဆွီဒင်အလံ လွှင့်တင်ထားပြီး Marianne ဟု အမည်ရသည့် သင်္ဘောမှာ ယခုလက်ရှိတွင် စစ္စလီရှိ ဆိပ်ကမ်းများအကြား လှည့်လည်သွားလာနေပြီး အဆိုပါသင်္ဘောတွင် ကုန်တင်ရန် နေရာအကန့်အသတ် ရှိနေသ်ာလည်း ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် ဆိုလာပြားအနည်းငယ်ကို တင်ဆောင်သွားမည်ဖြစ်သည်။

    အဖျက်အမှောင့်လုပ်ငန်းများမှ ရှောင်ရှားရန်အတွက် သင်္ဘောအုပ်စုမှ အခြားသောသင်္ဘောများ၏ အသေးစိတ်အချက်အလက်များ၊ နောက်ဆုံးခရီးထွက်မည့်နေရာတို့ကို လျှို့ဝှက်ထားမည်ဟု ထိုလှုပ်ရှားမှုကို စီစဉ်သူများက ပြောကြားခဲ့သည်။

    ၎င်းတို့ သင်္ဘောအုပ်စုအား နိုင်ငံတကာရေပိုင်နက်တွင် နောက်ထပ်တစ်ကြိမ် အစ္စရေးစစ်တပ်က မည်ကဲ့သို့ စီးနင်းပစ်ခတ်မည်ဆိုသည်နှင့် ပတ်သက်၍ စိုးရိမ်မိသည်ဟု ကဲလ်လီကပြောကြားခဲ့သည်။

    “အန္တရာယ်ကင်းဖို့အတွက်တော့ ကျွန်တော်တို့ တော်တော်လေး စိုးရိမ်ပါတယ်။ အကြမ်းမဖက်ရေး ပေါ်လစီကို ကျွန်တော်တို့ ဆုပ်ကိုင်သွားမှာပါ။ အစ္စရေးက ကျွန်တော်တို့ကို အကြမ်းဖက်မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်”

    ၂၀၁၀ ခုနှစ်ကလည်း ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူများမှာ အစ္စရေး၏ ပိတ်ဆို့မှုကြောင့် အတိဒုက္ခရောက်နေကြသည့် ပါလက်စတိုင်းပြည်သူများအား အကူအညီများပေးရန် သင်္ဘောများဖြင့် ပထမဆုံးအကြိမ် သွားရောက်စဉ် နိုင်ငံတကာရေပိုင်နက်၌ ထိုအုပ်စုထဲမှ Mavi Marmara သင်္ဘောပေါ်သို့ အစ္စရေးစစ်သားများက ၀င်ရောက်စီးနင်းခဲ့ပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် လူ ၉ ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့သည်။ အခြားတစ်ဦးမှာ ထိုပစ်ခတ်မှုမှရသော ဒဏ်ရာကြောင့် နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။

    အစ္စရေးမှာ ဂါဇာဒေသအား ကုန်းတွင်းပိုင်းတွင် ပိတ်ဆို့ထားသည်သာမက တံငါလုပ်ငန်းဖြင့် အသက်မွေးရသည့် ဂါဇာပြည်သူများအတွက် ရေးပါသော ပင်လယ်ပြင်အသုံးပြုမှုကို ကန့်သတ်ထားကာ ဆိပ်ကမ်းများကိုလည်း အသုံးပြုခွင့်မပေးပေ။

    Ref: Aljazeera

  • ကိုလံဘီယာနှင့်ပွဲ အပြုအမူအတွက် နေးမာ ၄ ပွဲပယ်ခံရ

    ကိုလံဘီယာနှင့်ပွဲ အပြုအမူအတွက် နေးမာ ၄ ပွဲပယ်ခံရ

    ဇွန် ၂၀၊ ၂၀၁၅
    M-Media

    neymar

    – ကိုပါအမေရိကဖလား အုပ်စုပွဲစဉ်အဖြစ် ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် ကိုလံဘီယာနှင့်ပွဲတွင် ပြုလုပ်ခဲ့သည့် အပြုအမူအတွက် ဘရာဇီးလ်တိုက်စစ်မှူး နေးမာအား တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က လေးပွဲပယ် ပြစ်ဒဏ်ကို ယမန်နေ့က ချမှတ်ခဲ့သည်ဟု သိရသည်။

    ၁ ဂိုး ဂိုးမရှိဖြင့် ဘရာဇီးလ်က ရှုံးနိမ့်ခဲ့သည့် အဆိုပါပွဲ အပြီးတွင် နေးမာမှာ ကိုလံဘီယာကစားသမား ပါဘလို အာမီရိုကို ဘောလုံးဖြင့် တည်ကန်ခဲ့ပြီး နောက်ပိုင်းတွင် ဘရာဇီးလ်ကစားသမားများနှင့် ကိုလံဘီယာကစားသမားများမှာ အချင်းများခဲ့ ကြသည်။

    ထိုအဖြစ်အပျက်ကြောင့် ကွင်းလယ်ဒိုင်လူကြီး အန်းရစ်ခ်ျ အော့စ်ဆက်မှာ နေးမာကို တိုက်ရိုက်အနီကဒ် ပြခဲ့သည်။ နေးမာကမူ အ၀တ်လဲခန်းသို့ သွားရာလှိုဏ်ခေါင်းတွင် စောင့်နေကာ ဒိုင်လူကြီးအား နှုတ်ဖြင့် စော်ကားမှုများ ပြုလုပ်ခဲ့သည်ဟု ပြောကြားမှုများလည်း ရှိခဲ့သည်။

    တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် CONMEBOL မှာ စောစောပိုင်းက နေးမာအား တစ်ပွဲပယ်ပြစ်ဒဏ်သာ ချမှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ၄ ပွဲအထိ တိုးမြှင့်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ငွေ ကန်ဒေါ်လာ ၁၀၀၀၀ ပေးဆောင်ရန်လည်း သတ်မှတ်ခဲ့သည်။

    ထို့ကြောင့် နေးမာမှာ ကိုပါအမေရိကပြိုင်ပွဲဝင် ဘရာဇီးလ်အသင်း ဗိုလ်လုပွဲသို့ ရောက်ရှိပါကလည်း ပါဝင်ခွင့်ရတော့မည် မဟုတ်ချေ။

    CONMEBOL မှာ နေးမာအား တွန်းထိုးခဲ့သည့် ကိုလံဘီယာကစားမား ကားလို့စ်ဘက်ကာကိုလည်း ၂ ပွဲပယ်နှင့် ဒဏ်ငွေ ဒေါ်လာ ၅၀၀၀ ချမှတ်ခဲ့သည်။ နေးမာ၏ ပြစ်ဒဏ်အတွက် ဘရာဇီးလ်မှာ ယနေ့နောက်ဆုံးထား၍ အယူခံဝင်နိုင်မည်ဖြစ်သည်။

    လက်ရှိအချိန်တွင် ဘရာဇီးလ်မှာ အုပ်စု C ကို ဦးဆောင်ထားပြီး ယနေ့ညတွင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဗင်နီဇွဲလားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

    Ref: Dailymail

  • ကမ္ဘာ့ဒါဝါဟ်လှုပ်ရှားမှုနေ့ ယနေ့တွင် စမည်

    ကမ္ဘာ့ဒါဝါဟ်လှုပ်ရှားမှုနေ့ ယနေ့တွင် စမည်

    ဇွန် ၂၀၊ ၂၀၁၅
    M-Media

    FB-YFH-1

    – ပြီးခဲ့သည့်နှစ် ရမ်ဇာန်ဥပုသ်လက စတင်ခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့သည့် “ကမ္ဘာ့ဒါဝါဟ်နေ့” ကို ယခုနှစ်တွင်လည်း ကမ္ဘာတစ်ဝှမ်း၌ ပြုလုပ်မည်ဟု သိရသည်။

    “ “ကမ္ဘာ့ဒါဝါဟ်နေ့” ဟာ နိုင်ငံတကာ ဒါဝါဟ်လှုပ်ရှားမှုနေ့ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်မှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာ တိုက်ကြီး ၆ တိုက်တစ်ဝှမ်းမှာရှိတဲ့ နိုင်ငံတကာ အဖွဲ့တွေဟာ ဒါဝါဟ်လုပ်ငန်းကို အလ္လာဟ်အရှင်မြတ်အလိုတော်နဲ့ အတူအကွ ဆောင်ရွက်ကြပါလိမ့်မယ်” ဟု မြောက်အမေရိက အစ္စလာမ့်အ၀န်းအ၀ိုင်း ICNA အဖွဲ့က ၎င်းတို့၏ ၀ဘ်ဆိုက်တွင် ရေးသားဖော်ပြခဲ့သည်။

    ထို့ပြင် တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) အား လှောင်ပြောသရော်ကာ အကြမ်းဖက်မှုကို ဆွပေးသည့် ချာလီဟဘ်ဒိုနှင့် ဂါးလန်းတို့တွင် တိုက်ခိုက်မှုများပြီးနောက် မီးဒီယာများနှင့် နိုင်ငံရေးသမားများက ပင့်ပေးသည့် မွတ်စလင်များအပေါ် အဖျက်သဘောဆောင်သော ယူဆချက်များက အစ္စလာမ်ကြောက်ရောဂါတိုက်ခိုက်မှုများကို ဦးတည်ခဲ့သည်ဟု ထည့်သွင်းဖော်ပြထားသည်။

    ယမန်နှစ် ကမ္ဘာ့ဒါဝါဟ်နေ့ကို ဇူလိုင်လ ၅ ရက်နေ့က အစ္စလာမ့်ပညာရေးနှင့် လေ့လာရေးအကယ်ဒမီ IEFA မှ စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဒါဝါဟ်လှုပ်ရှားမှုခေါင်းစဉ်ကို “သင့်ရဲ့ပန်းတိုင်က ဘာလဲ” ဟု အမည်ပေးခဲ့ကာ မွတ်စလင်များ၊ အခြားသော အဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ အစ္စလာမ်၏ သတင်းစကားကို ဖြန့်ချီခဲ့ကြသည်။

    ယခုနှစ်လှုပ်ရှားမှုကို “သင်ဘယ်သူ့ကိုချစ်သလဲ” ဆိုသည့် ခေါင်းစဉ်အောက်တွင် ဆောင်ရွက်သွားရန် စီစဉ်ထားပြီး ကမ္ဘာပေါ်ရှိ အစ္စလာမ်ဘာသာဝင်များက တမန်တော်မုဟမ္မဒ်သခင်အား ချစ်မြတ်နိုးမှုကို မျှဝေရန် ဖြစ်သည်။

    အဆိုပါ ဒါဝါဟ်လှုပ်ရှားမှုတွင် ပါဝင်ရန် စာရင်းပေးသူများမှာ မွတ်စလင်များအနေဖြင့် တမန်တော် မုဟမ္မဒ်သခင်အား အဘယ့်ကြောင့် ချစ်မြတ်နိုးသည်ဆိုသည်နှင့် အဘယ့်ကြောင့် ချစ်မြတ်နိုးသင့်သည်ဆိုသည်တို့ကို အခြားသူများအား မည်ကဲ့သို့ မျှဝေရန်အတွက် တစ်ရက်တာ လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်သည်။

    ထိုလှုပ်ရှားမှုများကို လမ်းသွားရင်းဖြင့်လည်းကောင်း၊ ယာယီတဲထိုး၍လည်းကောင်း၊ အိမ်နီးချင်းကို ဗလီဝတ်ကျောင်းတော်အတွင်း ဖိတ်ကြားခြင်းဖြင့်လည်းကောင်း ပြုလုပ်သွားမည်ဖြစ်ကာ ပတ်ဝန်းကျင်တွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကြက်သားစွပ်ပြုတ်ဝေငှခြင်း စသည့် ပရဟိတလုပ်ငန်းများလည်း ပါဝင်မည်ဖြစ်သည်။

    “ဇွန်လ ၂၀ ရက်နေ့ကို အသင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အိမ်နီးချင်းတွေ၊ သူငယ်ချင်းတွေ၊ ပြီးတော့ အခြားသူတွေနဲ့ အစ္စလာမ်အကြောင်း စကားစမြည်စပြောတဲ့ မျိုစေ့လေး စိုက်လိုက်ပါ။ ကျွန်တော်တို့ ဘုရားသခင်ရဲ့ ကောင်းချီးနဲ့ ရရှိထားတဲ့ လက်ဆောင်ကို မျှဝေရာမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ကြရအောင်။ ဒါက အသင်ဘယ်သူလဲဆိုတာကို သတ်မှတ်သွားပါလိမ့်မယ်။ ဇွန် ၂၀ ရက်နေ့ဟာ တစ်ကမ္ဘာလုံးကလူတွေ အတူတကွ စုရုံးလာမယ့်နေ့ပါ။ တိုက်ကြီး ၆ တိုက်က၊ နိုင်ငံပေါင်းများစွာက အသင်းအဖွဲ့တွေဟာ လမ်းပေါ်မှာ ဒါဝါဟ်လုပ်ငန်းတွေ လုပ်ကြပါလိမ့်မယ်” ဟု အဆိုပါ ဒါဝါဟ်လှုပ်ရှားမှုတွင် ပါဝင်ရန်အတွက် ဖိတ်ခေါ်သည့် ဗီဒီယိုတွင် ဖော်ပြထားသည်။

    ဒါဝါဟ်ဆိုသည်မှာ အစ္စလာမ်ဘာသာဝင် အချင်းချင်းကိုသော်လည်းကောင်း၊ အစ္စလာမ်ဘာသာဝင် မဟုတ်သူများကိုသော်လည်းကောင်း အစ္စလာမ်နှင့်ပတ်သက်သည့် တရားစစ်၊ တရားမှန်များကို အသေအချာ မျှဝေရှင်းလင်းသည့် လှုပ်ရှားမှု ဖြစ်သည်။

    Ref: Onislam

  • ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုအတွက် ဖီဖာထံမှ နစ်နာကြေးတောင်းရန် ဘယ်လ်ဂျီယံ စီစဉ်

    ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုအတွက် ဖီဖာထံမှ နစ်နာကြေးတောင်းရန် ဘယ်လ်ဂျီယံ စီစဉ်

    ဇွန် ၁၉၊ ၂၀၁၅
    M-Media

    fifa

    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၌ ချစားမှုပြဿနာများဖြင့် ရှုပ်ထွေးနေသည့်အချိန်တွင် ၂၀၁၈ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လျှောက်ထားမှုအတွက် နစ်နာကြေး တောင်းဆိုသွားမည်ဟု ဘယ်လ်ဂျီယံ တော်ဝင်ဘောလုံးအဖွဲ့ချုပ် KBVB က ပြောကြားလိုက်သည်။

    ၂၀၁၈ ကမ္ဘာ့ဖလားအား အိမ်ရှင်အဖြစ် ပူးတွဲကျင်းပနိုင်ရေးအတွက် ဘယ်လ်ဂျီယံမှာ နယ်သာလန်နှင့်အတူ လွန်ခဲ့သည့် ၅ နှစ်က ပူးတွဲ လျှောက်ထားခဲ့သော်လည်း လျှောက်ထားသူ ၄ ဦးတွင် ၎င်းတို့မှာ တတိယနေရာသာ ရရှိကာ ရုရှားက ကျင်းပခွင့် ရရှိခဲ့သည်။

    ယခင်နှင့်ယခု တာဝန်ရှိသူ ၉ ဦး တရားစွဲဆိုခံရခြင်း၊ ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ရွေးချယ်မှုတွင် လာဘ်ယူသည်ဟု သံသယရှိခြင်းတို့ အပါအ၀င် ချစားမှုကိစ္စရပ်များအတွက် ဖီဖာမှာ အက်ဖ်ဘီအိုင်၏ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုများကို ခံနေရသည်။

    ထို့ပြင် ဆွစ်ဇာလန် အာဏာပိုင်များကလည်း လာဘ်ယူမှုအတွက် ဖီဖာအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကာ KBVB ဥက္ကဌ ဖရန်ကိုအစ် ဒီ ကီးရ်စ်မေကာက အကယ်၍ ဖီဖာ၏ ချစားမှုအထောက်အထားများ ထင်ရှားပါက နစ်နာကြေး ယူရို ၄.၃ သန်း တောင်းဆိုသွားရန် စီစဉ်နေသည်။

    “ဒီလိမ်လည်မှုကို သက်သေပြနိုင်ပြီဆိုရင် ကျွန်တော်တို့ ဆုံးရှုံးမှုကို တောင်းဆိုသင့်တယ်ဆိုတာ ကျွန်တော့်အတွက်တော့ ထင်ရှားသွားပါပြီ။ ဒီကိစ္စအတွက် ကျွန်တော်တို့ ဘောလုံးအဖွဲ့ချုပ်ဟာ ငွေကြေးတော်တော်များများကို သုံးစွဲခဲ့ပါတယ်” ဟု ကီးရ်စ်မေကာက ဘယ်လ်ဂျီယံ သတင်းစာ Het Nieuwsblad သို့ ပြောကြားခဲ့သည်။

    ဆွစ်ဇာလန် တရားသူကြီးချုပ် မိုက်ကယ်လောင်ဘာကမူ လာဘ်ယူမှုကိစ္စနှင့် ပတ်သက်၍ ဘဏ်ငွေလွှဲမှု ၅၃ ခုကို စစ်ဆေးနေသည်ဟု ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။ ဆွစ်ဇ်အာဏာပိုင်များမှာ ဖီဖာရုံးချုပ်မှ ၂၀၁၈၊ ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့မှုနှင့်ပတ်သက်၍ အချက်အလက်များကိုလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သိမ်းဆည်းခဲ့သည်။

    Ref: Goal

  • ဆီးရီးယားဒုက္ခသည်အရေအတွက် ကမ္ဘာ့အများဆုံး ဖြစ်လာ

    ဆီးရီးယားဒုက္ခသည်အရေအတွက် ကမ္ဘာ့အများဆုံး ဖြစ်လာ

    ဇွန် ၁၉၊ ၂၀၁၅
    M-Media

    syria

    – ပြီးခဲ့သည့်နှစ် ဒုက္ခသည်အများဆုံးထွက်ပေါ်ရာ နိုင်ငံများစာရင်းတွင် ဆီးရီးယားနိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံကို ဖြတ်ကျော်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် နေအိမ်များမှ စွန်ခွာထွက်ပြေးခဲ့ရသူများမှာ ၅၉.၅ သန်း ရှိလာပြီဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောကြားလိုက်သည်။

    ယမန်နေ့ကထုတ်ပြန်သော အစီရင်ခံစာတွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး ကုလ၏ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်တိုနီယို ဂူတာရက်စ်က ဆီးရီးယား၊ အီရတ်၊ ယီမင်၊ ဘူရန်ဒီနှင့် အခြားသောနေရာများတွင် ဖြစ်ပွားသော ပြဿနာများကို ထောက်ပြကာ ယခု ၂၀၁၅ ခုနှစ်တွင် ဒုက္ခသည်အရေအတွက် တိုးလာရန် မျှော်လင့်မထားဟု ဆိုသည်။

    ပြီးခဲ့သည့်နှစ်ကုန်ပိုင်းအထိ ကမ္ဘာ့တစ်ဝှမ်း ပြဿနာများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများမှာ ၅၉.၅ သန်းရှိနေပြီဟု ကုလက ပြောကြားခဲ့ပြီး ၃၈.၂ သန်းမှာ နိုင်ငံအတွင်း ရွှေ့ပြောင်းထွက်ပြေးရခြင်းဖြစ်သည်ဟု ဆိုသည်။

    ထို့ပြင် ၂၀၁၃ ခုနှစ်က ဒုက္ခသည်အရေအတွက် စံချိန်တင်ပမာဏဖြစ်သော ၅၁.၂ သန်းမှ ပြီးခဲ့သည့်နှစ်တွင် တိုးလာခြင်းလည်း ဖြစ်သည်။

    ဆီးရီးယားနိုင်ငံတွင်ပင် ဒုက္ခသည်အရေအတွက်မှာ ၁၁.၅ သန်းရှိပြီး ကမ္ဘာ့အများဆုံး ဖြစ်လာခဲ့ကာ နှစ်ပေါင်း ၃၀ ကြာ ဒုက္ခသည်အများဆုံး နိုင်ငံအဖြစ် ရှိခဲ့သည့် အာဖဂန်နစ္စတန်ကို ကျော်သွားခဲ့ခြင်းလည်း ဖြစ်သည်။ ဆီးရီးယားဒုက္ခသည်များမှ ၃.၉ သန်းမှာ ပြီးခဲ့သည့်နှစ်က နိုင်ငံပေါင်း ၁၀၇ နိုင်ငံတွင် ရှိနေကြသည်။

    ဆီးရီးယား၏ မြောက်ဘက် အိမ်နီးချင်းနိုင်ငံဖြစ်သော တူရကီနိုင်ငံမှာ ကမ္ဘာပေါ်တွင် ဒုက္ခသည်အများဆုံးကို လက်ခံထားသည့် နိုင်ငံဖြစ်ပြီး ဒုက္ခသည်စုစုပေါင်း ၁.၅၉ သန်းကို လက်ခံထားသည်။ ပါကစ္စတန်ကမူ ၁.၅၁ သန်းဖြင့် ဒုက္ခသည် ဒုတိယအများဆုံး လက်ခံထားရာ နိုင်ငံဖြစ်နေသည်။

    ပြီးခဲ့သည့်နှစ်အတွင်း အိမ်ပြန်နိုင်သည့် ဒုက္ခသည်ဦးရေမှာ ၁၂၆၈၀၀ ရှိပြီး ၁၉၈၃ ခုနှစ်နောက်ပိုင်း တစ်နှစ်အတွင်း အနည်းဆုံးပမာဏလည်း ဖြစ်သည်။ အိမ်ပြန်နိုင်သည့် ဒုက္ခသည်များမှာ ကွန်ဂို၊ မာလီနှင့် အာဖဂန်နစ္စတန်တို့မှ ဖြစ်သည်။

    Ref: Aljazeera