News @ M-Media
Author: Ko Lay
  • ဘရာဇီးလ်အား အားလုံးက ဆန့်ကျင်နေသည်ဟု နောက်ခံလူ အဲလ်ဗက်စ်ပြော
    ဘရာဇီးလ်အား အားလုံးက ဆန့်ကျင်နေသည်ဟု နောက်ခံလူ အဲလ်ဗက်စ်ပြော
    ဇွန် ၁၈၊ ၂၀၁၅
    M-Media
    brazil
    – ကိုလံဘီယာနှင့်ပွဲတွင် နေးမာအပေါ် ဒိုင်လူကြီးများ၏ ပြုမူပုံအတွက် ဘရာဇီးလ်နောက်ခံလူ ဒါနီ အဲလ်ဗက်စ်က ဝေဖန်ခဲ့ပြီး လူတိုင်းမှာ ဘရာဇီးလ်အသင်းအား ဆန့်ကျင်ကြသည်ဟု ပြောကြားလိုက်သည်။
    ကိုပါအမေရိကဖလား အုပ်စုဒုတိယပွဲအဖြစ် ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် ဘရာဇီးလ်မှာ ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ပွဲအပြီးတွင် နေးမာမှာ အနိုင်ဂိုးသွင်းယူသွားခဲ့သည့် ကိုလံဘီယာနောက်ခံလူ ဂျီဆန် မူရီလိုအား ခေါင်းဖြင့်တိုက်ခဲ့မှုအတွက် ကွင်းလယ်ဒိုင်က အနီကဒ်ဖြင့် နေးမာအား ထုတ်ပယ်ခဲ့သည်။
    နေးမာမှာ ပွဲအတွင်းကလည်း ဘောလုံးအား လက်ဖြင့်ပုတ်ခဲ့သောကြောင့် အ၀ါကဒ်ပြသခြင်း ခံခဲ့ရပြီး ကိုလံဘီယာအသင်းသားများ ၎င်းအား ပြစ်ဒဏ်ကျူးလွန်မှုအတွက်လည်း ဒိုင်လူကြီးက မည်သည့် အရေးယူမှုကိုမှ ပြုလုပ်ခဲ့ခြင်း မရှိချေ။
    အဲလ်ဗက်စ်ကမူ နေးမာအနေဖြင့် ထိုကဲ့သို့ ပြုမူရခြင်းက ဒိုင်လူကြီးများကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    “နေးမာဘာ့ကြောင့် မကျေမချမ်းဖြစ်ရတယ်ဆိုတာ ကျွန်တော်မသိပါဘူး။ အပြစ်တင်ရမှာကတော့ ဒိုင်လူကြီးတွေပါပဲ။ သူတို့က နေးမာဟာ ကျော်ကြားတယ်ဆိုတာ သိကြတယ်။ သူအ၀ါကဒ်ပြခံရတာလည်း မှားပါတယ်။ သူတို့ (ဒိုင်လူကြီးတွေ)ဟာ ရုပ်ရှင်ဇာတ်ကောင်လို့ ထင်နေတာကို ရပ်တန့်ရပါမယ်။ သူတို့ဟာ ပွဲကို ကြီးကြပ်ဖို့ ရှိနေတာပါ” ဟု ပွဲအပြီးတွင်
    အဲလ်ဗက်စ်က ပြောကြားခဲ့သည်။
    အဖွင့်ပွဲစဉ်တွင် ပီရူးအား နောက်ကျဂိုးဖြင့် အနိုင်ရခဲ့သည့် ဘရာဇီးလ်မှာ ယခုပွဲအရှုံးကြောင့် နောက်ဆင့်တက်ရေးအတွက် အုပ်စုနောက်ဆုံး ဗင်နီဇွဲလားနှင့်ပွဲကို မဖြစ်မနေ အနိုင်ကစားရမည်ဖြစ်ပြီး အဲလ်ဗက်စ်ကမူ အသင်းမှာ ထိုပြဿနာကို ကျော်ဖြတ်နိုင်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ဖို့အတွက် ခိုင်မာပြီး တည်တည်ငြိမ်ငြိမ်ရှိရပါမယ်။ အခုဆိုရင် အားလုံးကတစ်ဖက် ဘရာဇီးလ်က တစ်ဖက်ပါ။ ကျွန်တော်တို့ တည်ငြိမ်ဖို့ လိုပါတယ်”
    Ref: Goal
  • မြို့တော်အတွင်း လူတစ်ဦး ကျားကိုက်ခံရမှုကြောင့် ဂျော်ဂျီယာအစိုးရ ဝေဖန်ခံနေရ
    မြို့တော်အတွင်း လူတစ်ဦး ကျားကိုက်ခံရမှုကြောင့် ဂျော်ဂျီယာအစိုးရ ဝေဖန်ခံနေရ
    ဇွန် ၁၈၊ ၂၀၁၅
    M-Media
    tiger
    – ဂျော်ဂျီယာမြို့တော် တီဘီလီစီရေကြီးမှုတွင် တိရိစ္ဆာန်ရုံမှ လွတ်မြောက်သွားသည့် ကျားတစ်ကောင်မှာ လူတစ်ဦးအား ကိုက်သတ်ခဲ့ပြီးနောက်ပိုင်း မြို့အတွင်း အန္တရာယ်ကင်းရှင်းသွားပြီဟု ကြောညာခဲ့သည့် ဂျော်ဂျီယာအစိုးရအား ပြည်သူများက ဝေဖန်မှုမျာ ပြုလုပ်ခဲ့ကြသည်။
    ကျားကိုက်မှုမှာ ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဂိုဒေါင်တစ်ခုသို့ ၀င်ရောက်သွားခဲ့သူ အလုပ်သမားအုပ်စုမှ တစ်ဦးကို ကျားက ခုန်ထွက် ကိုက်သတ်ခဲ့ခြင်းဖြစ်ကာ ထိုကျားအား ရဲတပ်ဖွဲ့ ကွန်မန်ဒိုများက ပစ်သတ်ခဲ့သည်။ အဆိုပါအဖြစ်အပျက်မှာ အစိုးရက မြို့တွင်း သားရဲများ၏အန္တရာယ် ကင်းစင်သွားပြီဟု ကြေညာခဲ့ပြီး ၂ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
    “ကျွန်တော်တို့ ဂိုဒေါင်ထဲ ၀င်သွားခဲ့ပြီး ရုတ်တရက်ဆိုသလိုပဲ ကျားဖြူတစ်ကောင်က ကပ်လျက်အခန်းထဲကနေ ထွက်လာကာ အလုပ်သမားတွေထဲက တစ်ယောက်ကို တိုက်ခိုက်ခဲ့တာပါ။ သူ့လည်ပင်းကို ခုန်အုပ် ကိုက်ဖြတ်ခဲ့ပါတယ်” ဟု သေဆုံးသွားသော အသက် ၄၀ အရွယ် အမျိုးသား၏ လုပ်ဖောင်ကိုင်ဖက်တစ်ဦးက ပြောကြားခဲ့သည်။
    တီဘီလီစီမြို့တွင် ပြီးခဲ့သည့် စနေနေ့ညပိုင်းနှင့် တနင်္ဂနွေနေ့ မနက်ပိုင်းတို့တွင် မိုးသက်မုန်တိုင်းများ ကျရောက်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့အတွင်း ရေကြီးရေလျှံခဲ့ပြီး တိရိစ္ဆာန်ရုံမှ အန္တရာယ်ရှိသားကောင်များ လွတ်မြောက်ခဲ့သည်။ သို့သော်လည်း အဆိုပါသားကောင်များမှ အချို့မှာ နေနစ်သေဆုံးခဲ့ပြီး အချို့ကို စနိုက်ပါဖြင့် သတ်ဖြတ်ခဲ့ပြီးဖြစ်ကာ မြို့မှာ အန္တရာယ်ကင်းသွားပြီဟု ဂျော်ဂျီယာဝန်ကြီးချုပ် အီရက်လီ ဂါရီဘက်ရှ်ဗီလီက တနင်္လာနေ့တွင် ကြေညာခဲ့သည်။
    သို့သော်လည်း အခုအဖြစ်အပျက်အတွက် ပြည်သူများက ဂျော်ဂျီယာအစိုးရကို အပြစ်တင်ခဲ့ကြသည်။
    “အသုံးမကျမှုနဲ့ တာဝန်မခံမှုအတွက် ဘာ့ကြောင့် ကျွန်တော်တို့က နောက်ထပ်လူတစ်ယောက် ဆုံးရှုံးခဲ့ရတာလဲ။ တိရစ္ဆာန်တွေကို သေသေချာချာ မရေတွက်ခဲ့ဘူးဆိုတာကို ဘာ့ကြောင့် သူတို့ မပြောခဲ့တာလဲ” ဟု အစိုးရကို ရည်ညွှန်း၍ တီဘီလီစီမြို့တွင် နေထိုင်သူ နီနို ဒန်နီယဲလ်လာက ပြောကြားခဲ့သည်။
    အခြားပြည်သူတစ်ဦးဖြစ်သူ ဆိုဖို ဒါတူအက်ရှ်ဗီလီကလည်း အစိုးရ၏ အမှုမဲ့အမှတ်မဲ့နေမှုက လူသတ်ခြင်းနှင့် အတူတူပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော်တို့မှာ စွမ်းဆောင်ရည်မရှိတဲ့၊ လိမ်တတ်ပြီး လူသတ်တဲ့အစိုးရပဲ ရှိပါတယ်” ဟု အသက် ၃၂ နှစ်အရွယ် ၎င်းက ပြောကြားခဲ့သည်။
    အာဏာပိုင်များကမူ တိကျသည့် သတင်းပေးပို့မှု ပြုလုပ်ရန် ပျက်ကွက်ခဲ့သည့်အတွက် တိရစ္ဆာန်ရုံ တာဝန်ရှိသူများကို အပြစ်တင်ခဲ့သည်။
    “တိရစ္ဆာန်တွေကို ရေတွက်ရမယ့်တာဝန်ဟာ တကယ်တော့ တိရစ္ဆာန်ရုံ အုပ်ချုပ်သူတွေရဲ့ တာဝန်ပါပဲ” ဟု တီဘီလီစီမြို့ အုပ်ချုပ်ရေးမှူး ဒါဗစ် နာမာနီယာက ပြောကြားခဲ့သည်။
    တိရစ္ဆာန်ရုံ၏ ဒါရိုက်တာဖြစ်သူက လမ်းပေါ်တွင် တိရစ္ဆာန်တစ်ကောင်မှ မရှိတော့ဟု မီဒီယာများအား ပြောကြားခဲ့သော်လည်း အင်္ဂါနေ့တွင် တိရစ္ဆာန်ရုံ ပြန်ကြားရေးဌာက ကျားတစ်ကောင်၊ ခွေးအတစ်ကောင်နှင့် ၀က်ဝံတစ်ကောင်တို့ကို ထည့်တွက်ရခြင်း မရှိသေးဟု သတင်းထုတ်ပြန်ခဲ့သည်။
    ယခုအအဖြစ်အပျက်ကြောင့် ကျားတစ်ကောင် သေသွားသော်လည်း ခွေးအနှင့် ၀က်ဝံတို့မှာ ပြည်သူများအား အန္တရာယ်ပေးနိုင်သည့် အခြေအနေတွင် ရှိနေသေးသည်။
    Ref: Aljazeera
  • ထိုင်းအမျိုးသမီးကို လူမျိုးရေးစော်ကားသည့် ကစားသမား ၃ ဦးကို လက်စတာ ထုတ်ပယ်
    ထိုင်းအမျိုးသမီးကို လူမျိုးရေးစော်ကားသည့် ကစားသမား ၃ ဦးကို လက်စတာ ထုတ်ပယ်
    ဇွန် ၁၈၊ ၂၀၁၅
    M-Media
    les
    – ထိုင်းနိုင်ငံတွင် ချစ်ကြည်ရေးပွဲ သွားရောက် ကစားစဉ်အတွင်း ထိုင်းအမျိုးသမီးအား လူမျိုးရေးခွဲခြား စော်ကားခဲ့သည့် ကစားသမား ၃ ဦးကို ထုတ်ပယ်လိုက်ပြီဟု ပရီးမီးယားလိဂ် ကလပ် လက်စတာစီးသီးအသင်းက ကြေညာလိုက်သည်။
    ထုတ်ပယ်ခံရသူများမှာ တွမ်ဟော့ပါး၊ အဒမ်စမစ်နှင့် ဂျိမ်းစ်ပီယာဆန်တို့ဖြစ်ကြပြီး ၎င်းတို့ ၃ ဦး ထိုင်းအမျိုးသမီးတစ်စုနှင့် အချေအတင်စကားများနေကြသည့် ဗီဒီယိုကို The Sunday Mirror သတင်းစာက ပြီးခဲ့သည့် မေလတွင် ဖော်ပြခဲ့သည်။
    အဆိုပါဗီဒီယိုတွင် အမျိုးသမီး ၁ ဦးအား လူမျိုးရေးခွဲခြားသည့် စကားများဖြင့် ပြောဆိုခဲ့သည်ကို အတိုင်းသား ကြားခဲ့ရပြီး လက်စတာအသင်းကလည်း နောက်ပိုင်းတွင် အတည်ပြုခဲ့ကာ ၎င်းတို့ ၃ ဦးအား အိမ်ပြန်ပို့ခဲ့သည်ဟု ပြောကြားခဲ့သည်။ ကစားသမားများကလည်း ထိုလုပ်ရပ်အတွက် တောင်းပန်ခဲ့ကြသည်။
    သို့သော်လည်း အသင်းက စုံးစမ်းစစ်ဆေးမှုများကို ပြုလုပ်ပြီးနောက် တွမ်ဟော့ပါး၊ အဒမ်စမစ်နှင့် ဂျိမ်းစ် ပီယာဆန်တို့အား အသင်းမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
    “သူတို့ရဲ့ အသင်းနဲ့ဆက်သွယ်မှုဟာ အဆုံးသတ်သွားပြီလို့ ကျွန်တော်တို့ တွမ်ဟော့ပါး၊ အဒမ်စမစ်နဲ့ ဂျိမ်းစ်ပီယာဆန်တို့ကို အသိပေးပြီးပါပြီ။ အသင်းရဲ့ ထိုင်းကို ခြေစမ်းပွဲခရီး သွားတဲ့အချိန်အတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေရဲ့ နောက်ဆက်တွဲအဖြစ် အသင်းအတွင်း စုံစမ်းစစ်ဆေးမှုနဲ့ ကြားနာမှုတွေ ပြုလုပ်ပြီး အဆုံးသတ်မှာ ဒီဆုံးဖြတ်ချက် ထွက်လာတာပါ” ဟု လက်စတာစီးတီးအသင်း၏
    ဂျိစ်မ်းပီယာဆန်မှာ လက်စတာအသင်း၏ နည်းပြဖြစ်ပြီး လူမျိုးရေးခွဲခြားသည့် ကစားသမားများအား တိုက်ရိုက်အနီကဒ်ပြရေး လှုပ်ရှားမှုဖြစ်သည့် Show Racism the Red Card ကို စတင်ခဲ့သူ နီဂဲလ်ပီယာဆန်၏ သားဖြစ်ကာ ဂျိမ်းစ်၏လုပ်ရပ်က ဖခင်ဖြစ်သူအား အရှက်ရစေခဲ့သည်။
    Ref: Goal
  • ပါလက်စတိုင်းတို့၏ အမှတ်အသား ကာတွန်းရုပ်ပုံကို ဂျာမနီက တံဆိပ်ခေါင်းတွင် ရိုက်နှိပ်ဖြန့်ချီ
    ပါလက်စတိုင်းတို့၏ အမှတ်အသား ကာတွန်းရုပ်ပုံကို ဂျာမနီက တံဆိပ်ခေါင်းတွင် ရိုက်နှိပ်ဖြန့်ချီ
    ဇွန် ၁၈၊ ၂၀၁၅
    M-Media
    franc
    – ၁၉၇၀ ပြည့်နှစ်များက ပါလက်စတိုင်း၏ အမှတ်သညာနှင့် ခုခံကာကွယ်ရေးလှုပ်ရှားမှုများ၏ ထင်ရှားသည့်အမှတ်သားဖြစ်ခဲ့သော Handala ကာတွန်းရုပ်ပုံအား ဂျာမနီက တံဆိပ်ခေါင်းများတွင် ရိုက်နှိပ်ကာ ထုတ်ဝေဖြန့်ချီလိုက်သည်ဟု သိသည်။
    အစ္စရေး၏ တိုက်ခိုက်မှုကြောင့် မိဘမဲ့ဖြစ်သွားသော ကလေးငယ်တစ်ဦး၏ ပုံကို ရေးဆွဲထားသည့် အဆိုပါကာတွန်းမှာ ပါလက်စတိုင်း နာမည်ကြီးကာတွန်းဆရာ နာဂျီ အလ်-အလီ၏ လက်ရာဖြစ်ပြီး ပါလက်စတိုင်းပြည်သူများ၏ မနှစ်မြို့စရာကောင်းသည့် အခြေအနေများနှင့်ပတ်သက်၍ ကမ္ဘာကြီးက သတိမူမိစေရန် ဂျာမနီစာတိုက်ကြီး Deutsche post က တံဆိပ်ခေါင်းအဖြစ် ရိုက်နှိပ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
    တံဆိပ်ခေါင်းရောင်းချမှုမှ ရရှိသည့် အကျိုးအမြတ်ငွေများဖြင့် ဂျာမနီအစိုးရက ပါလက်စတိုင်း ဘီအစ်ဆာဟိုရ်မြို့ရှိ ဆေးရုံတစ်ရုံတွင် ကိရိယာတန်ဆာပလာများ တပ်ဆင်ပေးသွားမည်ဟု ပါလက်စတိုင်း ရုပ်သံ Paltoday.tv က အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။
    Handala မှာ အသက် ၁၀ နှစ်အရွယ် ပါလက်စတိုင်းကလေးငယ်ကို အသွင်ယူရေးဆွဲထားခြင်းဖြစ်ပြီး လက်နှစ်ဖက်ကို နောက်ပစ်၍ ကျောပေးရပ်နေသည့် ပုံစံဖြစ်သည်။ အဆိုပါပုံစံမှာ ပါလက်စတိုင်းများအပေါ် အစ္စရေး၏ ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်သည့် သတင်းစကားပေးသော အမှတ်အသားလည်းဖြစ်သည်။
    “Handala ဟာ အသက် ၁၀ နှစ်ပဲ ရှိအုံးမှာပါ။ အဲဒီနောက်မှာ သူကြီးလာမှာပါ။ သဘာဝတရားရဲ့ နိယာမတွေက သူ့ကို ပျော်ရွှင်အောင် မလုပ်နိုင်ပါဘူး။ သူဟာ ထူးခြားပါတယ်။ အမိမြေ ပြန်ရတဲ့အခါ အရာရာတိုင်းဟာ ပုံမှန်ပြန်ဖြစ်လာပါလိမ့်မယ်” ဟု Handala ၏ တရားဝင်ဝဘ်ဆိုက်တွင် လွှင့်တင်ထားသော ကာတွန်းဆရာအလီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
    Handala ကာတွန်းရုပ်ကလေးမှာ စုတ်ပြဲနေသော အင်္ကျီကို ၀တ်ဆင်ထားပြီး ခြေထောက်တွင်လည်း ဖိနပ်မပါ ဗလာဖြစ်နေကာ ဆင်းရဲချို့တဲ့ကြသည့် ပါလက်စတိုင်း ဒုက္ခသည်ကလေးငယ်များနှင့် တစ်သားတည်းရှိနေကြာင်း ပြသခြင်းလည်း ဖြစ်သည်။
    ဂျာမနီ ဆေးဘက်ဆိုင်ရာ ပရဟိတအဖွဲ့တစ်ခုမှ ကိုယ်စားလှယ်အဖွဲ့မှာ ဘီအစ် ဆာဟိုရ်ရှိ ပစ္စည်းကိရိယာ ဆိုးဆိုးဝါးဝါး ချို့တဲ့နေသော Ahmad Maslamani ဆေးရုံသို့ သွားရောက်လည်ပတ်ပြီးနောက်ပိုင်း ထိုကဲ့သို့ လှုပ်ရှားမှုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
    သွားရောက်လည်ပတ်စဉ်အတွင်း အလီ၏ အဆိုပါကာတွန်းအား ဆေးရုံ၏နံရံတွင် ရေးဆွဲထားသည်ကို တွေ့ရှိခဲ့ရပြီးနောက် ကိုယ်စားလှယ်အဖွဲ့မှာ စိတ်ဝင်စားခဲ့ပြီး ပြင်သစ်သို့ ပြန်လည်ရောက်ရှိသည့်အခါတွင် ပါလက်စတိုင်းတို့၏ ဒုက္ခများကို ဂျာမနီ၏ စာတိုက်စနစ်မှတစ်ဆင့် အသိပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
    Ahmad Maslamani ဆေးရုံမှ တာဝန်ရှိသူတစ်ဦးကမူ ဂျာမနီ၏ ထိုဆောင်ရွက်ချက်ကို ချီးကျူးခဲ့ပြီး ဆေးရုံတွင် ဆေးဝါးများနှင့် ပစ္စည်းကိရိယာများ လိုအပ်နေဆဲဟု ထည့်သွင်းပြောကြားခဲ့သည်။
    Handala ကာတွန်းကို ရေးဆွဲခဲ့သည့် အလီမှာ အစ္စရေးနှင့် ဆော်ဒီတို့ကို ပြင်းပြင်းထန်ထန် ဝေဖန်သူဖြစ်ပြီး ၁၉၈၇ ခုနှစ်တွင် လန်ဒန်၌ လုပ်ကြံခြင်း ခံခဲ့ရသည်။
    Ref: PressTV
  • နေးမာအပြောင်းအရွှေ့ ပြဿနာတွင် ဘိုင်ယန်၊ ချယ်ဆီး၊ မန်စီးတီးနှင့် ရီးယဲလ်တို့ ပါဝင်လာ
    နေးမာအပြောင်းအရွှေ့ ပြဿနာတွင် ဘိုင်ယန်၊ ချယ်ဆီး၊ မန်စီးတီးနှင့် ရီးယဲလ်တို့ ပါဝင်လာ
    ဇွန် ၁၈၊ ၂၀၁၅
    M-Media
    naymer
    – ဘရာဇီးလ်တိုက်စစ်မှူးနေးမာ ဘာစီလိုနာသို့ မပြောင်းရွှေ့ခင် နေမားအားခေါ်ယူရန် ကမ်းလှမ်းခဲ့မှု အသေးစိတ် စာရွက်စာတမ်းများကို ပေးအပ်ရန်အတွက် စပိန်တရားရုံးက ဘိုင်ယန်၊ ချယ်ဆီး၊ မန်ချက်စတာစီးတီးနှင့် ရီးယဲလ်အသင်းတို့အား အမိန့်ပေးခဲ့သည်ဟု သိရသည်။
    နေးမာအား ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသော ဘရာဇီးလ်ကုမ္ပဏီ DIS ၏ တိုင်ကြားမှုကြောင့် တရားရုံးက ထိုကဲ့သို့ အမိန့်ပေးကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာသို့ နေးမာ၏အပြောင်းအရွှေ့တွင် ငွေကြေးဆိုင်ရာ အရှုပ်အထွေးများ ရှိနေပြီး DIS ကုမ္ပဏီကမူ ၎င်းတို့မှာ ထိုအပြောင်းအရွှေ့မှ ငွေကြေး ထပ်မံရပိုင်ခွင့်ရှိသည်ဟု ပြောကြားထားသည်။
    အပြောင်းအရွှေ့မတိုင်ခင် ၂ နှစ်အရင်က ဘာစီလိုနာမှ ယူရို ၁၀ သန်း ပေးအပ်မှုမှာ ကစားသမားအပြောင်းအရွှေ့တွင် ဈေးကွက်လွတ်လပ်မှု ဥပဒေများနှင့် ညီညွတ်ခြင်းမရှိဘဲ ဘာစီလိုနာနှင့် ဆန်းတို့စ်အသင်းများမှာ ချစားမှုနှင့် လိမ်လည်မှုများ ပြုလုပ်ခဲ့သည်ဟု DIS က စွပ်စွဲထားကြောင်း တရားရုံး စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။
    လက်ရှိပြုလုပ်နေသော စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရားသူကြီး ဂျိုဆေး ဒီ လာမာတာမှာ ဘိုင်ယန်၊ ချယ်ဆီး၊ မန်စီးတီးနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့အား နေးမာနှင့် ၎င်း၏ မိဘများထံ ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် ကမ်းလှမ်းမှု အချက်အလက်များကို လွှဲပြောင်းပေးအပ်ရန် တောင်းဆိုခဲ့သည်။ ထို့ပြင် နေးမာကိုယ်တိုယ်မှာလည်း ထိုကိစ္စအတွက်
    သက်သေအထောက်အထား ပြသရန် တရားရုံမှ အမိန့်ပေးခံရဖွယ် ရှိနေသည်။
    လက်ရှိအချိန်တွင် ဘာစီလိုနာဥက္ကဌ ဂျိုးဆက်ပ် မာရီယာ ဘာတိုမြူ၊ ဥက္ကဌဟောင်း ဆန်ဒရို ရိုဆဲလ်နှင့် နေးမာတို့မှာ အဆိုပါအပြောင်းအရွှေ့တွင် အခွန်ရှောင်ရန်အတွက် စာချုပ်များ မမှန်မကန် ပြုလုပ်မှုဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။
    Ref: Goal