News @ M-Media

Author: Ko Lay

  • အစွန်းရောက်ဝါဒနှင့် အစ္စလာမ်သာသနာအကြား ဆက်သွယ်မှုမရှိဟု ပြင်သစ်ဝန်ကြီးချုပ်ပြော

    အစွန်းရောက်ဝါဒနှင့် အစ္စလာမ်သာသနာအကြား ဆက်သွယ်မှုမရှိဟု ပြင်သစ်ဝန်ကြီးချုပ်ပြော

    ဇွန် ၁၈၊ ၂၀၁၅
    M-Media

    france

    – မွတ်စလင်လူ့အဖွဲ့အစည်းနှင့် တွေ့ဆုံဆွေးနွေးမှု တိုးတက်လာရေး ဆောင်ရွက်မှုအဖြစ် ပြစ်သစ်အစိုးရက အစ္စလာမ်မှာ ပြင်သစ်နိုင်ငံလူ့အဖွဲ့အစည်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ကို ပြသသည့် ညီလာခံတစ်ခုကို ကျင်းပပြုလုပ်ပေးခဲ့ပြီး နိုင်ငံအတွင်းရှိ ဒုတိယအကြီးဆုံး ဘာသာရေးအဖွဲ့အစည်းဖြစ်သော မွတ်စလင်လူ့အဖွဲ့အစည်းနှင့် ဆက်ဆံရေး တည်ဆောက်ခဲ့သည်။

    “အစ္စလာမ်ကို နားလည်မှုလွဲမှားတာတွေ၊ တင်ကူးမှန်းဆတာတွေ ရှိနေတုန်းဖြစ်ပြီး တစ်ချို့နိုင်ငံသားတွေက အစ္စလာမ်ကို ငြင်းဆန်ကြပါတယ်။ ဒါပေမယ့် အစ္စလာမ်ဟာ ပြင်သစ်မှာ ရှိရမှာပါ။ ဒါဟာ ကျွန်တော်တို့တိုင်းပြည်မှာ ဒုတိယအကြီးဆုံး ဘာသာရေးအုပ်စုလည်း ဖြစ်ပါတယ်” ဟု ပြင်သစ်ဝန်ကြီးချုပ် မန်နျူယဲလ် ဗားလက်စ်က အဆိုပါညီလာခံတွင် ပြောကြားခဲ့သည်ဟု AFP သတင်းဌာနက အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

    အခမ်းအနားကို ဇွန်လ ၁၅ ရက် တနင်္လာနေ့က ပြည်ထဲရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မွတ်စလင်လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အစိုးရထိပ်တန်းအရာရှိများ အပါအ၀င် လူပေါင်း ၁၂၀ ခန့် တက်ရောက်ခဲ့ကြသည်။

    အစိုးရတာဝန်ရှိသူများနှင့် မွတ်စလင်ခေါင်းဆောင်များ တွေ့ဆုံမှုတွင် အဆိုပါညီလာခံမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ၀န်ကြီးချုပ်ဗားလက်စ်က အဖွင့်မိန့်ခွန်းတွင် အစ္စလာမ်နှင့် အစွန်းရောက်ဝါဒတို့အကြား ချိတ်ဆက်မှု မရှိဟု ဆိုသည်။

    “ဒါတွေ(အစွန်းရောက်မှု) အားလုံးဟာ အစ္စလာမ်မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ ပြောကိုပြောရပါမယ်။ အမုန်းစကားတွေ၊ ဇီယွန်ဝါဒ ဆန့်ကျင်ရေးနောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ ဂျူးဆန့်ကျင်ရေးဝါဒတွေ၊ အစ္စရေးကိုမုန်းတာတွေ၊ ကျွန်တော်တို့ပတ်ဝန်းကျင်၊အကျဉ်းထောင်တွေထဲမှာ ကိုယ့်ဟာကိုယ် အီမာမ်လို့ ကြွေးကြော်ထားကြသူတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ အကြမ်းဖက်ဝါဒကို လှုံ့ဆော်ပေးနေကြပါတယ်” ဟု ဗားလက်စ်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်ဇန်န၀ါရီက ပဲရစ်မြို့ရှိ မဂ္ဂဇင်းတိုက် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံအတွင်းရှိ ၆ သန်းသော အစ္စလာမ်ဘာသာဝင်များမှာ အမုန်းတရားများနှင့် တိုးမြှင့်ရင်ဆိုင်လာရချိန်တွင် ယခုကဲ့သို့ အခမ်းအနားမျိုး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

    အဆိုပါတိုက်ခိုက်မှုနောက်ပိုင်း တစ်လအတွင်း ပြင်သစ်နိုင်ငံတစ်ဝှမ်းတွင် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ၂၂၀ ကျော်ခန့် ဖြစ်ပွားခဲ့ပြီး မွတ်စလင်များအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများမှာလည်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သည်။

    အရေးယူဖို့လိုပြီ

    နိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေးလှုပ်ရှာမှုများကို ရပ်တန့်ရန် ပြင်သစ် လက်ယာစွန်းရောက်ခေါင်းဆောင်များ၏ ဆော်သြမှုကို ထောက်ပြ၍ အစိုးရအနေဖြင့် ထိုကဲ့သို့သော ကိစ္စများကို အရေးယူရန် မွတ်စလင်ခေါင်းဆောင်များက အဆိုပါညီလာခံတွင် တိုက်တွန်းခဲ့သည်။

    “အစွန်းရောက်တွေ၊ ရောကြိတ်ခံရတာတွေကို ကျွန်တော်တို့ မနှစ်မြို့ဘူးဆိုတာပြသဖို့ ဒီလိုညီလာခံက အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေဟာ အခြားနေရာကဖြစ်ပြီး ကျွန်တော်တို့ မဟုတ်ပါဘူး” ဟု ပြင်သစ်မွတ်စလင်ကောင်စီမှ ဥက္ကဌဖြစ်သူ ဒါလီလ် ဘောက်ဘက်ကွာက ပြောကြားခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။

    ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဘားနက် ကာဇီနျူဗီကမူ မွတ်စလင်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ အာမခံခဲ့ပြီး ဗလီဝတ်ကျောင်းတော်များ လုံခြုံရေးကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။

    “ခြိမ်းခြောက်မှုတွေ ရှိနေသမျှ ကာလပတ်လုံး ခင်ဗျားတို့ရဲ့ ၀တ်ပြုရာနေရာတွေကို ကာကွယ်ပေးမယ်လို့ ကျွန်တော်ရဲ့ အလုံးစုံသော ကတိက၀တ်ကို ခင်ဗျားတို့ကို ပေးချင်ပါတယ်” ဟု ၀န်ကြီးက ပြောကြားခဲ့သည်။

    ယခုအချိန်တွင် ပြင်သစ်နိုင်ငံအတွင်းရှိ ဗလီဝတ်ကျောင်းတော်များ၏ ၄၀ ရာခိုင်နှုန်းမှာ ရဲတပ်ဖွဲ့၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် ရှိနေသည်။ ပြည်ထဲရေးဝန်ကြီးကမူ အစ္စလာမ်ကြောက်ရောဂါမှ ဖြစ်လာသည့် တိုက်ခိုက်မှုများမှာ မြင့်တက်လာသည်ဟု ခန့်မှန်းခဲ့ပြီး တိုက်ခိုက်ခံရသူအများစုမှာ ရဲတပ်ဖွဲ့သို့ လာရောက်တိုင်ကြားခြင်းမပြုရန် ရွေးချယ်ကြသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထိုကဲ့သို့ တိုင်ကြားမှု မပြုခြင်းမှာ နိုင်ငံအတွင်း ယေဘူယျအားဖြင့် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုများကို လျော့တွက်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

    “ဒီလိုကြိတ်မှိတ်သည်းခံတာမျိုးကို ကျွန်တော်တို့ အတူတကွ တိုက်ထုတ်ချင်ပါတယ်။ တိုက်ခိုက်ခံရသူတွေဟာ တိုက်ခိုက်မှုတွေကို မဖြစ်မနေတိုင်ကြားရမှာပါ” ဟု ကာဇီနျူဗီက ထည့်သွင်းပြောကြားခဲ့သည်။

    ပြင်သစ်နိုင်ငံတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူဦးရေမှာ ၆ သန်းနီးပါးရှိပြီး ဥရောပတွင် အများဆုံး ပမာဏလည်းဖြစ်သည်။

    Ref: Onislam

  • နိုင်ငံတကာသတင်းတို (ဇွန် ၁၇၊ ၂၀၁၅)

    ဇွန် ၁၇၊ ၂၀၁၅
    M-Media

    မားစ်ရောဂါအတွက် အရေးပေါ်အခြေအနေ ကြေညာရန် မလိုအပ်သေး
    ……………………….
    တောင်ကိုရီးယားနိုင်ငံတွင် ကူးစက်ပြန့်နှံ့နေသည့် မားစ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာရန် မလိုအပ်သေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ယနေ့တွင် ပြောကြားလိုက်သည်။ ထို့ပြင် ခရီးသွားလာမှု ကန့်သတ်ခြင်း မလိုအပ်သေးသော်လည်း ပြည်သူများအနေဖြင့် ဗိုင်းရပ်စ်ပိုး မကူးစက်ရန် သတိရှိရမည်ဟု ဆိုသည်။ မားစ်ကြောင့် သေဆုံးသူမှာ တောင်ကိုရီးယားတွင် ၂၀ အထိ ရှိလာပြီး ကူးစက်သူမှာလည်း ၂၀၀ နီးပါး ရှိလာပြီဖြစ်သည်။

    ရုရှား၏ နျူဖြင့်ခြိမ်းခြောက်မှု ဂျာမနီဝေဖန်
    ……………………………
    ရုရှားရှိ နျူးကလီးယား လက်နက်အင်အားတွင် တိုက်ချင်းပစ်ဒုံးကျည်များ ထပ်မံဖြည့်တင်းမည်ဟု သမ္မတပူတင်၏ ပြောကြားမှုကို ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ဝေဖန်လိုက်ပြီး ထိုဆောင်ရွက်မှုမှာ မလိုအပ်ဘဲ၊ တည်ငြိမ်ရေး၊ ဥရောပနှင့် တင်းမာမှုဖြေလျော့ရေးအတွက် အထောက်အကူမဖြစ်ဟု ပြောကြားခဲ့သည်။ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ရုရှားနယ်စပ်အနီးတွင်
    အမေရိကန်က လက်နက်ကြီးများထားရှိရန် စီစဉ်ပြီးနောက် ပူတင်က ယမန်နေ့တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    ကြံ့ခိုင်မှုဦးစားပေးအသင်းကို အာဂျင်တီးနား ကျော်ဖြတ်နိုင်သည်ဟု မက်ဆီပြော
    ………………………….
    ကြံ့ခိုင်မှုအသားပေးသည့် အသင်းအား ကျော်ဖြတ်နိုင်သည်ကို မိမိတို့အသင်းက ဥရုဂွေးနှင့်ပွဲတွင် သက်သေပြနိုင်ခဲ့သည်ဟု အာဂျင်တီးနားကွင်းလယ်လူ မက်ဆီက ပြောကြားလိုက်သည်။ ယနေ့မနက်က ကိုပါအမေရိက အုပ်စု ဒုတိယပွဲစဉ်အဖြစ် ကစားခဲ့သည့် ထိုပွဲတွင် အာဂျင်တီးနားမှာ ခက်ခက်ခဲခဲကစားခဲ့ရပြီး အဂူရို၏ တစ်လုံးတည်းသောဂိုးဖြင့် ဥရုဂွေးကို အနိုင်ရခဲ့သည်။

    Ref: News Agencies

  • မြန်မာအစိုးရ မီဒီယာများကို ခြိမ်းခြောက်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့ပြော

    မြန်မာအစိုးရ မီဒီယာများကို ခြိမ်းခြောက်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့ပြော

    ဇွန် ၁၇၊ ၂၀၁၅
    M-Media

    media

    – ယခုနှစ်နှောင်းပိုင်းတွင် ပြုလုပ်ရန်ရှိနေသည့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာအစိုးရမှာ ခြိမ်းခြောက်ခြင်း၊ အရှက်တကွဲဖြစ်စေခြင်းနှင့် ထောင်သွင်းအကျဉ်းချခြင်းတို့ကို အသုံးပြု၍ မီဒီယာများအား ခြိမ်းခြောက်နေသည်ဟု နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Amnesty International က ယနေ့တွင် ပြောကြားလိုက်သည်။

    လန်ဒန်အခြေစိုက် အဆိုပါအဖွဲ့က မြန်မာအစိုးရမှာ လွတ်လပ်စွာဖော်ပြမှုကို ကန့်သတ်သည့် ဆောင်ရွက်မှုများအား ပြီးခဲ့သည့်နှစ်အတွင်း တိုးမြှင့်ပြုလုပ်လာခဲ့ပြီး လက်ရှိအချိန်တွင် ထောင်ထဲ၌ မီဒီယာသမား အနည်းဆုံး ၁၀ ဦးခန့်ရှိနေကာ ၎င်းတို့အားလုံးမှာ လွန်ခဲ့သည့် ၁၂ လအတွင်းတွင် ဖမ်ဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

    ထိုကဲ့သို့ အရေးယူမှုများက စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်မည်ဟု ကတိပြုခဲ့သော အရပ်သားအစိုးရအား ရွေးကောက်တင်မြှောက်ခဲ့သည့် ၂၀၁၁ ခုနှစ် ဒီမိုကရက်တစ် အသွင်ပြောင်းမှု စတင်ကတည်းက လစ်ဘရယ်ကျမှုကို သွေဖီသည့် ဆောင်ရွက်ချက်များ ဖြစ်သည်ဟုလည်း ၂၂ မျက်နှာရှိသော ၎င်းတို့၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    နိုင်ငံအား လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်သို့ သွားရာတွင် မြန်မာနိုင်ငံမှာ အရေးပါသည့် ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပြီး နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး ပါလီမန်လည်း ပေါ်ထွက်လာခဲ့သည်။ ထို့ပြင် ဆင်ဆာဖြတ်မှုကိုလည်း ဖျက်သိမ်းခဲ့ကာ အီလက်ထရောနစ်နှင့် ပုံနှိပ်မီဒီယာများကိုလည်း ယှဉ်ပြိုင်ခွင့်ပေးခဲ့သည်။ သို့သော်လည်း အစိုးရနေဖြင့် စော်ကားသည်ဟုတွေ့ရသော သတင်းဖော်ပြချက်များအတွက် ထုတ်လုပ်သူများနှင့် ဂျာနယ်လစ်များကို ရန်လိုစွာ တရားစွဲဆိုမှုများလည်း ရှိခဲ့သည်။

    “ဂျာနယ်လစ်တွေကို နှုတ်ပိတ်ဖို့ အာဏာပိုင်တွေဟာ အရင်နည်းလမ်းဟောင်းတွေဖြစ်တဲ့ ဖမ်းဆီးတာ၊ ထောက်လှမ်းတာ၊ ခြိမ်းခြောက်တာနဲ့ ထောင်ချတာတွေကို မှီခိုနေတုန်းပါပဲ” ဟု အရှေ့တောင်အာရှ သုတေသနဒါရိုက်တာဖြစ်သူ ရူပါ့တ် အက်ဘော့၏ ပြောကြားမှုကို အစီရင်ခံစာတွင် ရေးသားထားသည်။

    ပြန်ကြားရေးဝန်ကြီးဖြစ်ပြီး သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က Amnesty ၏ ဝေဖန်မှုကို ငြင်းဆန်ခဲ့သည်။

    “နိုင်ငံတကာအဖွဲ့အစည်းတွေကထုတ်တဲ့ ဒီလိုအစီရင်ခံစာမျိုးကို ကျွန်တော်တို့က များသောအားဖြင့် အာရုံမစိုက်ပါဘူး။ဘာ့ကြောင့်လည်းဆိုတော့ သူတို့က လွတ်လပ်စွာဖော်ပြမှု တစ်ခုတည်းကိုပဲ အသားပေးလို့ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

    ထိုပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ပြောင်းမှုကို လုပ်ဆောင်နေဆဲ ဖြစ်သည့်အတွက်ကြောင့် လွတ်လပ်မှုမှာ တိုင်းပြည်၏ နုနယ်သည့် လူမှုရေးနှင့် နိုင်ငံရေးအကြောင်းအရာများ၊ တာဝန်ခံမှုနှင့် မီဒီယာကျင့်ဝတ် လိုက်နာမှုများအပေါ် အခြေခံသည်ဟု ဦးရဲထွဋ်က ထည့်သွင်းပြောကြားခဲ့သည်။

    Amnesty မှာ အဆိုပါ အစီရင်ခံစာတွင် ရာဇ၀တ်မှုစွဲချက်နှင့် မပြတ်မသားဖြစ်နေသော ဥပဒေများဖြင့် ၂၀၁၄ ခုနှစ်အတွင်း ထောင်ဒဏ် ၂ နှစ်မှ ၇ နှစ် ချမှတ်ခံခဲ့ရသော ဂျာနယ်လစ်အနည်းဆုံး ၁၀ ဦး ကိစ္စ၊ စစ်တပ်၏ ထိန်းသိမ်းထားမှုအတွင်း အသတ်ခံခဲ့ရသော ဂျာနစ်လစ်တစ်ဦး၏ ကိစ္စတို့ကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။

    ထို့ပြင် အာဏာပိုင်များနေဖြင့် မီဒီယာများအား အချိန်ကြာမြင့်ပြီး ငွေကုန်ကြေးကျများသော တရားဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များသို့ ဆွဲခေါ်ခြင်း၊ သို့မဟုတ် မီဒီယာတစ်ခုလုံး ပိတ်ပစ်ရသည့်အထိ ဖြစ်ပွားအောင် အကြောင်းအရာတစ်ခုအတွက် ထိုမီဒီယာမှ လူအများအပြားကို တရားဆွဲဆိုကာ စုပေါင်း အပြစ်ပေးခြင်းတို့ကို ဆောင်ရွက်သည်ဟုလည်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    Ref: AP

  • တူရကီ၏ ထင်ရှားသည့် သမ္မတဟောင်း ကွယ်လွန်

    တူရကီ၏ ထင်ရှားသည့် သမ္မတဟောင်း ကွယ်လွန်

    ဇွန် ၁၇၊ ၂၀၁၅
    M-Media

    turkey

    – တူရကီနိုင်ငံ၏ သမ္မတောင်းဖြစ်ပြီး နိုင်ငံရေးတွင် ရာစုနှစ်ဝက်ကြာ ထင်ရှားကျော်ကြားခဲ့သော ဆူလေမန် ဒီမီရဲလ်မှာ ကွယ်လွန်သွားခဲ့ပြီဟု နိုင်ငံပိုင် Anatolia သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

    အသက် ၉၀ ရှိပြီဖြစ်သည့် ဒီမီရဲလ်မှာ ဒေသစံတော်ချိန် ယနေ့နံနက် ၂ နာရီ ၅ မိနစ်တွင် အန်ကာရာရှိ Guven ဆေးရုံ၌ နှလုံးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

    ဒီမီရဲလ်မှာ ၁၉၆၀ နှင့် ၁၉၇၀ ပြည့်နှစ်များတွင် ၀န်ကြီးချုပ်တာဝန်ကို အကြိမ်များစွာ ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၁၉၉၃ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့သည်။

    ဒီမီရဲလ်၏ အစိုးရများမှာ တိုင်းပြည်၏ စီးပွားရေးနှင့် လူအဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး စက်မှုလုပ်ငန်းများ၊ မြို့ပြစနစ်များကို အကောင်အထည်ဖော်ခဲ့ကာ တူရကီနိုင်ငံသားများ၏ လူနေမှုအဆင့်အတန်းကို မြင့်မားအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ သို့သော်လည်း ဝေဖန်သူများကမူ ဒီမီရဲလ်မှာ ချစားမှုကို အမြစ်တွယ်စေခဲ့သည်ဟု ဆိုသည်။

    အဒ်နန် မန်ဒီရက်စ်အစိုးရအား ၁၉၆၀ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီမီရဲလ်မှာ နိုင်ငံရေးလောကထဲသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး အသက် ၄၀ အရွယ်တွင်ပင် Justice ပါတီ၏ ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။

    ထို့နောက် နိုင်ငံရေးလောကတွင် အချိန်တိုတိုအတွင်း တစ်ဆင့်တစ်ဆင့် တက်လှမ်းလာခဲ့ကာ ၁၉၆၅ ခုနှစ်တွင် ၀န်ကြီးချုပ်အဖြစ် အပြတ်အသတ် ရွေးချယ်ခြင်းခံခဲ့ရသည်။

    Ref: Aljazeera

  • ရော်နယ်ဒိုအား မှိခိုခြင်းမှာ မမှားဟု ပေါ်တူဂီနည်းပြပြော

    ရော်နယ်ဒိုအား မှိခိုခြင်းမှာ မမှားဟု ပေါ်တူဂီနည်းပြပြော

    ဇွန် ၁၇၊ ၂၀၁၅
    M-Media

    ronaldo

    – ကွင်းလယ်လူ ရော်နယ်ဒိုကို အသင်းက မှီခိုခြင်းမှာ မှားယွင်းသောကိစ္စမဟုတ်ဘဲ မည်သည့်အသင်းမဆို ရော်နယ်ဒိုကဲ့သို့ ကစားသမားမျိုးကို မှီခိုရမည်ဟု ပေါ်တူဂီအသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်သီတင်းပတ်က ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် အာမေးနီးယားအသင်းအား ၃ ဂိုး ၂ ဂိုးဖြင့် ပေါ်တူဂီက အနိုင်ရခဲ့ကာ အသင်းအတွက် ၃ ဂိုးစလုံးကို ရော်နယ်ဒိုက သွင်းယူပေးခဲ့သည်။ ထို့ကြောင့် ပေါ်တူဂီအသင်းမှာ ရော်နယ်ဒိုအပေါ် အလွန်အမင်း မှီခိုနေရသည်ဟု ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

    ယမန်နေ့က ကစာခဲ့သည့် အီတလီအသင်းနှင့် ခြေစမ်းပွဲတွင် ရော်နယ်ဒိုမပါသည့် ပေါ်တူဂီအသင်းမှာ ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ဝေဖန်မှုများကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့သည်။ ထိုနိုင်ပွဲမှာ အီတလီအား နှစ် ၄၀ နီးပါးအတွင်း ပထမဆုံး အနိုင်ရခဲ့သည့်ပွဲလည်း ဖြစ်သည်။

    သို့သော်လည်း ဆန်းတို့စ်ကမူ ကမ္ဘာပေါ်ရှိ မည်သည့်အသင်းမဆို ရော်နယ်ဒိုကဲ့သို့ ကစားသမားမျိုကို လိုအပ်မည်ဟု ပြောကြားခဲ့ပြီး အီတလီနှင့်ပွဲအတွက် တစ်သင်းလုံးကို ချီးကျူးခဲ့သည်။

    “ဘယ်အသင်းမဆို ရော်နယ်ဒိုသာရှိမယ်ဆိုရင် သူ့ကိုပဲ မှီခိုရမှာပါ။ ဒါပေမယ့် ပေါ်တူဂီအသင်းမှာ ကြီးမားတဲ့ အသင်းလိုက်စိတ်ဓာတ်ရှိပြီး အနိုင်နဲ့လည်း ထိုက်တန်ပါတယ်” ဟု အီတလီနှင့်ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါပွဲမှာ မျှတသည့်ပွဲဖြစ်ကြောင်း၊ ကစားသမားများမှာ နိုင်ရမည်ဆိုသည့် ယုံကြည်ချက်ရှိပြီး မိမိတို့အသင်းမှာ ကောင်းကောင်းကစားနိုင်ခဲ့ကာ ကြီးကျယ်သည့် နိုင်ပွဲဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ပေါ်တူဂီမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် အုပ်စု I တွင် ရမှတ် ၁၂ မှတ်ဖြင့် အုပ်စုအား ဦးဆောင်နေသည်။

    Ref: Goal