News @ M-Media

Author: Ko Lay

  • အာဆင်နယ်အား အသင်းတိုင်းက ကြောက်ရမည်ဟု အိုဇေးလ်ပြော

    အာဆင်နယ်အား အသင်းတိုင်းက ကြောက်ရမည်ဟု အိုဇေးလ်ပြော

    မေ ၂၉၊ ၂၀၁၅
    M-Media

    ozil

    – FA ဖလားရရန် ရည်မှန်းထားသည့် မိမိတို့၏ကစားပုံအား ပြိုင်အသင်းများက ကြောက်ရမည့်အဆင့်သို့ ရောက်ရှိနေသည်ဟု အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်က ပြောကြားလိုက်သည်။

    ဒဏ်ရာများကြောင့် အချိန်အတော်ကြာ ရုန်းကန်ခဲ့ရသည့် အိုဇေးလ်မှာ ဒုတိယရာသီဝက် အာဆင်နယ်၏ အကောင်းဆုံးခြေစွမ်းပြမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

    အာဆင်နယ်မှာ မနက်ဖြန်တွင် အက်စတွန်ဗီလာနှင့် FA ဖလားဗိုလ်လုပွဲ ကစားရမည်ဖြစ်ပြီး အိုဇေးလ်က ဗီလာမှာ အာဆင်နယ်အား ခက်ခဲအောင်လုပ်နိုင်မည်ဖြစ်ကာ မိမိတို့အသင်း၏ ကစားပုံကိုလည်း ပြိုင်ဘက်အသင်းတိုင်းက ကြောက်ရလိမ့်မည်ဟု ဆိုသည်။

    “လူတွေက ကျွန်တော်တို့ဟာ ရေပန်းစားတဲ့အသင်းလို့ ထင်ကြပါတယ်။ ဒါပေမယ့် ဒါက အသေအချာဖြစ်နိုင်တယ်လို့ မဆိုလိုပါဘူး။ တစ်ခါတစ်လေမှာ အောက်အသင်းတွေက ပိုခက်ပါတယ်။ ကောင်းကောင်းကစားရမှာဖြစ်ပြီး သူတို့ကလည်း ၃ ဂိုးပြတ်နေတာတောင်မှ ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြိုင်ဘက်တိုင်းက ကျွန်တော်တို့ကို ကြောက်ရမယ်ဆိုတာ ကျွန်တော်သိနေပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ကစားပုံ ကောင်းလို့ပါ” ဟု အိုဇေးလ်က SID သို့ ပြောကြားခဲ့သည်။

    ရာသီအစက ကြံ့ခိုင်မှုပြဿနာ ရင်ဆိုင်ခဲ့ရခြင်းမှာ အိုဇေးလ်အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် ရာသီကြိုပြင်ဆင်မှု လုံလုံလောက်လောက် မလုပ်ခဲ့ဘဲ အချိန်အတော်ကြာ အနားယူခဲ့ခြင်းကြောင့် ဖြစ်သည်ဟု အပြစ်တင်ခံခဲ့ရသည်။ သို့သော်လည်း ၎င်းကမူ မိမိအနေဖြင့် အားလပ်ရပ်ကို ပျော်ရွှင်မိသော်လည်း ရှည်ကြာသည့်အားလပ်ရပ် မလိုအပ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ရက်အနည်းငယ် အနားရတာကို ကျွန်တော် နှစ်သက်ပါတယ်။ ဒါပေမယ့် တစ်ပတ်၊ နှစ်ပတ်လောက်ပြီးတာနဲ့ ဘောလုံးကစားချင်တဲ့စိတ်က ပြန်ရောက်လာတာပါပဲ”

    Ref: Goal

  • နိုက်ဂျီးရီးယားသမ္မတသစ် ကျမ်းကျိန်

    နိုက်ဂျီးရီးယားသမ္မတသစ် ကျမ်းကျိန်

    မေ ၂၉၊ ၂၀၁၅
    M-Media

    buhari

    – မတ်လ ၂၈ ရက်နေ့ ရွေးကောက်ပွဲတွင် သမ္မတ ဂွဒ်လက်ဂျိုနသန်အား အနိုင်ရရှိခဲ့သည့် နိုက်ဂျီးရီးယား သမ္မတသစ် မိုဟာမာဒူ ဘူဟာရီမှာ ယနေ့တွင် မြို့တော်အဘူဂျာ၌ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်ဟု သိရသည်။

    နိုက်ဂျီးရီးယားသမိုင်းတွင် သမ္မတအား ရွေးကောက်ပွဲဖြင့် ပထမဆုံး ဖြုတ်ချနိုင်ခဲ့သည့် စစ်တပ်အကြီးအကဲဟောင်း ဘူဟာရီမှာ နိုက်ဂျီးရီးယား ရိုးရာဝတ်စုံကိုဝတ်၍ ကုရ်အာန်ကျမ်းကိုကိုင်ကာ ကျမ်းကျိန်ခဲ့ခြင်းဖြစ်ပြီး နိုက်ဂျီးရီးယားဖွဲ့စည်းပုံနှင့် ဥပဒေများကို
    လိုက်နာစောင့်ထိန်းပါမည်ဟု ကတိပြုခဲ့သည်။

    နိုက်ဂျီးရီးယားမှာ အာဖရိကတွင် စီးပွားရေးအတောင့်တင်းဆုံးနှင့် ထိပ်တန်းရေနံထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း အစိုးရအတွင်း ချစားမှု၊ စီမံခန့်ခွဲရေး ညံ့ဖျင်းမှုများကြောင့် ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်နေရသည်။

    ဘူဟာရီကမူ နိုင်ငံ၏ နေရာတိုင်း၌ ပြန့်နှံနေသည့် ချစားမှုကို ပြင်းပြင်းထန်ထန် ကိုင်တွယ်သွားမည်ဟု ကတိပြုထားပြီး နိုင်ငံမြောက်ပိုင်းတွင် ခွဲထွက်ရေးလှုပ်ရှားနေသည့် ဘိုကိုဟရမ် စစ်သွေးကြွအဖွဲ့ကိုလည်း အမြစ်ပြတ်ချေမှုန်းသွားမည်ဟု ကြေညာထားသည်။

    ဘူဟာရီ၏ ကျမ်းကျိန်ပွဲသို့ အာဖရိက နိုင်ငံအများစု အပါအ၀င် နိုင်ငံပေါင်း ၃၀ ခန့်မှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြပြီး၊ နိုက်ဂျီးရီးယားနှင့် ဆက်ဆံရေးတင်းမာနေသည့် တောင်အာဖရိကသမ္မတ ဂျာကော့ဘ် ဇူးမားလည်း ပါဝင်ခဲ့သည်။

    အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြိး ဖိလစ် ဟမ်မွန်းနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လော့ရန် ဖာဘီယက်စ်တို့လည်း အဆိုပါ ကျမ်းကျိန်ပွဲသို့ တက်ရောက်ခဲ့ကြသည်။

    နိုက်ဂျီးရီးယားပြည်သူများကမူ ဘူဟာရီမှာ တိုင်းပြည်အား ယခင်သမ္မတများနှင့်မတူ ခြားနားစွာ အုပ်ချုပ်သွားနိုင်မည်ဟု မျှော်လင့်နေကြပြီး နိုင်ငံ၏ စိန်ခေါ်မှုများကိုလည်း ကျော်ဖြတ်သွားနိုင်မည်ဟု ယုံကြည်နေကြသည်။

    Ref: Aljazeera

  • အစ္စရေးအတွက် စစ်ရေးအထောက်အပံ့ အမေရိကန်တိုးမြှင့်မည်

    အစ္စရေးအတွက် စစ်ရေးအထောက်အပံ့ အမေရိကန်တိုးမြှင့်မည်

    မေ ၂၉၊ ၂၀၁၅
    M-Media

    – အစ္စရေးသို့ အမေရိကန်မှ ကာကွယ်ရေး အကူညီပေးအပ်နေခြင်းမှာ ၂၀၁၇ နောက်ပိုင်းတွင် တိုးမြှင့်သွားဖွယ်ရှိနေပြီး အီရန်နှင့် နျူအရေးနှင့်ပတ်သက်သည့် အမေရိကန်၏ သံခင်းတမန်ခင်းအပေါ် အစ္စရေး၏ စိုးရိမ်ကြောက်ရွံ့နေမှုကို နှစ်သိမ့်ရန် ဖြစ်နိုင်သည်ဟု
    နှစ်ဘက်စလုံးမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    လက်ရှိတွင် အမေရိကန်မှာ အစ္စရေးအား ကာကွယ်ရေးအတွက် နှစ်စဉ် ကန်ဒေါ်လာ ၃ ဘီလီယံ ထောက်ပံ့နေပြီး အဆိုပါ ထောက်ပံ့မှုသက်တမ်းမှာ ၂၀၁၇ ခုနှစ်တွင် ကုန်ဆုံးတော့မည်ဖြစ်ကာ နောက်ထပ်နှစ်များတွင် နှစ်စဉ် ကန်ဒေါ်လာ ၃.၆ ဘီလီယံမှ ၃.၇ တန်ဖိုးအထိ ထောက်ပံ့သွားရေး သဘောတူညီချက်ကို ဆွေးနွေးညှိနှိုင်းသူများအကြား ရရှိရန် နီးစပ်နေသည်ဟု အမည်မဖေါ်လိုသည့်
    အမေရိကန် တာဝန်ရှိသူတစ်ဦးက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အစ္စရေးဘက်မှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးကလည်း ထောက်ပံ့မှုမှာ ၃.၅ ဘီလီယံနှင့် ၄ ဘီလီယံအကြား ရှိမည်ဟုဆိုသည်။

    “သူတို့ (အမေရိကန်က) အီရန်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ မကျေနပ်မှုကို နှစ်သိမ့်ဖို့ ကြိုးစားနေတာပါ” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း အမေရိကန်နှင့် ထိုကဲ့သို့ ဆွေးနွေးမှုများရှိသည်ဟု အတည်ပြုခဲ့သော်လည်း မိမိအနေဖြင့် အီရန်နျူသဘောတူညီချက်အား ဆန့်ကျင်မှုကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ အလစ်စတဲရ် ဘတ်စကေးကမူ အဆိုပါသတင်းမှာ လုံးဝ မှန်ကန်မှုမရှိဟု ပြောကြားခဲ့သည်။ ပင်တဂွန်ကမူ မည်သည့်မှတ်ချက်မှ မပေးသေးပေ။

    ၂၀၀၇ ခုနှစ်က ချုပ်ဆိုထားသော စာချုပ်အရ အမေရိကန်က နှစ်စဉ်ထောက်ပံ့သော ကာကွယ်ရေးအကူအညီ ကန်ဒေါ်လာ ဘီလီယံ ၃၀ မှ အများစုကို အမေရိကန်ထံမှ လက်နက်များ ၀ယ်ယူန်အတွက် အစ္စရေးက သုံးစွဲရသည်။ ထို့ပြင် အမေရိကန်မှာ အစ္စရေး၏
    ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် ဒေါ်လာ သန်းရာနှင့်ချီ၍ သုံးစွဲရန် လျာထားထားသည်။

    Ref: Reuters

  • ဘာကာအား အကောင်းဆုံးထက်ပိုသည့် ပုံစံဖြင့် ရင်ဆိုင်ရမည်ဟု တီဗက်ဇ်ဆို

    ဘာကာအား အကောင်းဆုံးထက်ပိုသည့် ပုံစံဖြင့် ရင်ဆိုင်ရမည်ဟု တီဗက်ဇ်ဆို

    မေ ၂၉၊ ၂၀၁၅
    M-Media

    tevez

    – ဘာစီလိုနာအသင်း၏ တိုက်စစ်မှာ ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းတိုက်စစ်ဖြစ်ပြီး မိမိတို့အသင်းအနေဖြင့် ပြီးပြည့်စုံသည်ထက်ပိုသည့် ပုံစံမျိုးဖြင့် ရင်ဆိုင်ရမည်ဟု ဂျူဗင်တပ်စ်တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်က ပြောကြားလိုက်သည်။

    စီးရီးအေနှင့် ကိုပါအီတာလီယာချန်ပီယံ ဂျူဗင်တပ်စ်မှာ ဇွန်လ ၆ ရက်နေ့တွင် ကစားမည့် ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲတွင် ဘာစီလိုနာအသင်းနှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်ကာ ၎င်းတို့၏ ဖလား ၃ လုံး မျှော်လင့်ချက်ကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။

    လက်ရှိအချိန်တွင် ဗိုလ်စွဲရန်အတွက် ဘာစီလိုနာကသာ ရေပန်းစားနေသည်။ ဘာကာ၏ မက်ဆီ၊ နေးမာ၊ ဆွာရက်ဇ် ၃ ယောက်တွဲတိုက်စစ်မှာ ယခုရာသီတွင် ပြိုင်ပွဲအားလုံး၌ အသင်းအတွက် ဂိုးပေါင်း ၁၀၀ ကျော် သွင်းယူထားပြီး တီဗက်ဇ်ကမူ ၎င်းတို့က ဂျူဗီ၏ နောက်တန်းအတွက် ကြောက်မယ်ဖွယ်ကောင်းသည့် ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မည်ဟု ၀န်ခံခဲ့သည်။

    “သူတို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းလို့ ကျွန်တော်ထင်ပါတယ်။ သူတို့မှာ အကောင်းဆုံး တိုက်စစ်မှူး ၃ ယောက် ရှိပါတယ်။ ဒါ့ကြောင့် ပြီးပြည့်စုံတာထက်ကိုပိုတဲ့ စွမ်းဆောင်ရည်နဲ့ ရင်ဆိုင်ဖို့ တော်တော်လေး ကြိုးစားရပါလိမ့်မယ်” ဟု တီဗက်ဇ်ကပြောကြားခဲ့သည်။

    တီဗက်ဇ်မှာ အာဂျင်တိုင်းအသင်းဖော် မက်ဆီနှင့် ပြန်တွေ့ရမည်ဖြစ်ပြီး တီဗက်ဇ်ကမူ မက်ဆီထက်သာအောင် ခြေစွမ်းပြနိုင်ခြင်းထက် ချန်ပီယံလိဂ်ဖာလားကိုသာ ရရှိချင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    တီဗက်ဇ်မှာ ဂျူဗင်တပ်စ်အသင်းတွင် အကောင်းဆုံး ပုံစံကို ရရှိနေပြီး အသင်းအတွက် ပြိုင်ပွဲအားလုံးတွင် ၂၉ ဂိုး သွင်းယူပေးထားကာ စီးရီးအေနှင့် ကိုပါအီတာလီယာဖလားတို့ကိုလည်း ကိုင်မြှောက်နိုင်ခဲ့သည်။

    Ref: Goal

  • ဖိအားများရှိနေသော်လည်း ဖီဖာဥက္ကဌအဖြစ် ဘလတ္တာ အရွေးခံမည်

    ဖိအားများရှိနေသော်လည်း ဖီဖာဥက္ကဌအဖြစ် ဘလတ္တာ အရွေးခံမည်

    မေ ၂၉၊ ၂၀၁၅
    M-Media

    fifa

    – ပြီးခဲ့သည့်ရက်အတွင်းက ပြဿနာများကြောင့် ဖီဖာမှ နှုတ်ထွက်ရန် ဖိအားပေးနေမှုကို ဥက္ကဌ ဆပ်ဘလတ္တာက အာခံလိုက်ပြီး မိမိနေဖြင့် လာမည့် ၅ ကြိမ်မြောက် သက်တမ်းအတွက် ၀င်ရောက်အရွေးခံရန် ဆုံးဖြတ်ချက်ကို ပြင်သွားမည်မဟုတ်ဟု ဆိုသည်။

    ယမန်နေ့က ဇူးရစ်ခ်ျတွင် ပြုလုပ်ခဲ့သည့် ဖီဖာ၏ ညီလာခံတွင် ဆပ်ဘလတ္တာက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဖီဖာ၏ ယခုကြုံတွေ့နေရသည့် ပြဿနာမှာ မကြုံစဖူး၊ ခက်ခဲသည့် ပြဿနာဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဘလတ္တာ၏ အဆိုပါမှတ်ချက်မှာ ညီလာခံသို့ တက်ရောက်ရန်အတွက် ဇူးရစ်ခ်ျတွင်ရောက်နေကြသည့် ဒုဥက္ကဌအပါအ၀င် ဖီဖာအကြီးတန်းအရာရှိများကို ဗုဒ္ဓဟူးနေ့က ဆွဇ်ဇာလန် ရဲတပ်ဖွဲ့က ချစားမှုဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ပထမဆုံး ထွက်ပေါ်လာသည့် မှတ်ချက်လည်းဖြစ်သည်။

    “ဒါတွေက ဖီဖာအတွက် မကြုံစဖူး ခက်ခဲတဲ့အချိန်တွေပါပဲ။ ဒီလူတွေရဲ့ လုပ်ရပ်တွေက ဘောလုံးလောကနဲ့ပတ်သက်ပြီး အရှက်ရစရာတွေကို ယူဆောင်လာတယ်ဆိုတာ သက်သေပြလိုက်တာဖြစ်ပြီး၊ အရေးယူမှုနဲ့ ကျွန်တော်တို့အားလုံးဆီက ပြောင်းလဲမှုကို
    တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်” ဟု ဘလတ္တာက ပြောကြားခဲ့သည်။

    ထိုပြဿနာကြောင့် ဘလတ္တာအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြပြီး ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီကမူ ဘလတ္တာအား နှုတ်ထွက်ရန် တောင်းဆိုထားကာ အပြောင်းအလဲကို မမြင်ရပါက ယူအီးအက်ဖ်အေတစ်ခုလုံး ဖီဖာအောက်မှ နှုတ်ထွက်သွားမည်ဟု သတိပေးခဲ့သည်။

    ဖီဖာ၏ ဥက္ကဌရွေးပွဲကို ယနေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ဆပ်ဘလတ္တာနှင့် ဂျော်ဒန်အိမ်ရှေ့မင်းသား အလ်ဟူစိန်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

    Ref: Aljazeera