News @ M-Media

Author: Ko Lay

  • ဘာကာပရိတ်သတ်များအား ဇာဗီ နှုတ်ဆက်

    ဘာကာပရိတ်သတ်များအား ဇာဗီ နှုတ်ဆက်

    မေ ၂၄၊ ၂၀၁၅
    M-Media

    xavi

    – မိမိ၏ ဘာကာကစားသမားဘ၀ တစ်လျှောက်တွင် အားပေးခဲ့ကြသည့် ပရိတ်သတ်များအား ကျေးဇူးတင်ပြီး ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတွင် ပါဝင်ကစားခဲ့ရသည့်အတွက် ဂုဏ်ယူမိသည်ဟု ဘာစီလိုနာအသင်း၏ ကွင်းလယ်လူ ဇာဗီက ပြောကြားလိုက်သည်။

    အသင်းမှထွက်ခွာတော့မည့် ဇာဗီက ယမန်နေ့တွင် ဒီပို့တီဗိုနှင့် လာလီဂါနောက်ဆုံးပွဲ၌ ပရိတ်သတ်များအား ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    အသက် ၃၅ နှစ်အရွယ်ရှိ ဇာဗီမှာ ဘာစီလိုနာအသင်း၏ ငယ်မွေးခြံပေါက်ကစားသမားဖြစ်ပြီး လာမည့်နွေရာသီတွင် ကာတာကလပ် အလ်ဆက်ဒ်အသင်းသို့ ပြောင်းရွှေ့တော့မည်ဟု ယခုသီတင်းပတ်တွင် အတည်ပြုခဲ့သည်။

    ယမန်နေ့ပွဲတွင် ဘာစီလိုနာမှာ လာလီဂါဖလားအား လက်ခံရယူခဲ့ပြီး ဇာဗီကလည်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

    “အားလုံးပဲ မင်္ဂလာနေ့လည်ခင်းပါ။ အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ်။ ဒီနေ့အတွက် ဒီရာသီတွေအတွက် ကျွန်တော် အရမ်းကျေးဇူးပါတယ်။ ဘာစီလိုနာ ကစားသမားတစ်ယောက် ဖြစ်ရတာကို ကျွန်တော် ဘယ်လောက် ဂုဏ်ယူရတယ်ဆိုတာ ခင်ဗျားတို့ မသိပါဘူး။ ဘယ်သူတွေ ဘာပဲပြောပြော ကျွန်တော်တို့ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းပါပဲ” ဟု ဇာဗီက ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်း၏ ဇနီး၊ မိဘ၊ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ဘုရင့်ဖလားနှင့် ချန်ပီယံလိဂ်တို့တွင် ပြန်လည်တွေ့ဆုံမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Gaol

  • ရီးယဲလ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးစံချိန်ကို လိုက်မီရန် ရော်နယ်ဒို ၁၀ ဂိုးသာလိုတော့

    ရီးယဲလ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးစံချိန်ကို လိုက်မီရန် ရော်နယ်ဒို ၁၀ ဂိုးသာလိုတော့

    မေ ၂၄၊ ၂၀၁၅
    M-Media

    ronaldo

    – ယမန်နေ့က ဂီတာဖေးနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူခဲ့သည့် ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ရီးယဲလ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးစံချိန်ကို လိုက်မီရန် ၁၀ ဂိုးသာ လိုတော့သည်။

    ရီးယဲလ်က ၇ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အဆိုပါပွဲတွင် ရော်နယ်ဒိုမှာ ပထမပိုင်း ၃၅ မိနစ်အတွင်းမှာပင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး လာလီဂါတွင် စုစုပေါင်း ၄၈ ဂိုးမြောက် ဖြစ်ကာ လာလီဂါရွှေဖိဆုရှင် ဖြစ်လာခဲ့သည်။ ၎င်း၏ ယခုဟက်ထရစ်မှာ လာလီဂါတွင် ၇ ကြိမ်မြောက် ဟက်ထရစ်လည်းဖြစ်သည်။

    ထို့ပြင် ယခုနှစ်အတွင်း ရီးယဲလ်အတွက် သွင်းပေးခဲ့သည့် စုစုပေါင်း ဂိုးအရေအတွက်မှာ ၆၁ ဂိုး ရှိခဲ့ပြီး ၂၀၁၁-၁၂ ဘောလုံးရာသီတွင် တစ်ရာသီ ဂိုး ၆၀ ဖြင့် ၎င်းတင်ထားသည့် စံချိန်ကို ချိုးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

    ရီးယဲလ်အသင်း၏ ဂန္တ၀င်တိုက်စစ်မှူးဟောင်း ရာအူးလ်မှာ အသင်းအတွက် ၇၄၁ ပွဲကစားပြီး ၃၂၃ ဂိုးသွင်းကာ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားသည့် ကစားသမားဖြစ်သည်။ ရော်နယ်ဒိုကမူ ယခုဂိုးများကြောင့် အသင်းအတွက် ပွဲပေါင်း ၃၀၀ ကစားထားပြီး ၃၁၃ ဂိုးရရှိထားကာ ရာအူးလ်၏စံချိန်ကို လိုက်မီရန် ၁၀ ဂိုးသာ လိုတော့သည်။

    ပွဲအပြီးနောက် ရော်နယ်ဒိုမှာ အန်ဆယ်လော့တီနှင့်တွဲ့၍ ရိုက်ထားသော ဓာတ်ပုံကို Twitter စာမျက်နှာတွင် လွှင့်တင်ခဲ့ပြီး အန်ဆယ်လော့တီမှ ကြီးကျယ်သော နည်းပြဖြစ်ကာ အံ့သြစရာပုဂ္ဂိုလ်ဖြစ်ကြောင်း၊ လာမည့်နှစ်တွက် ဆက်လက် လက်တွဲလိုကြောင်း ရေးသားခဲ့သည်။

    အန်ဆယ်လော့တီမှာ ယခုရာသီကုန်လျှင် အသင်းမှထွက်ခွာတော့မည်ဟု သတင်းများထွက်ပေါ်နေပြီး ရီးယဲလ်ကစားသမားအချို့နှင့် ပရိတ်သတ်များက ၎င်းအား ထောက်ခံသည့် မှတ်ချက်များကို ရေးသားခဲ့ကြသည်။

    Ref: Dailymail

  • ရိုဟင်ဂျာဒုက္ခသည်များအတွက် စင်ကာပူက ကန်ဒေါ်လာ ၂ သိန်း လှူဒါန်းမည်

    ရိုဟင်ဂျာဒုက္ခသည်များအတွက် စင်ကာပူက ကန်ဒေါ်လာ ၂ သိန်း လှူဒါန်းမည်

    မေ ၂၄၊ ၂၀၁၅
    M-Media

    rohingyas-in-aceh
    အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ရှိ လန်ဆာတွင် ကယ်တင်ထားသည့် ရိုဟင်ဂျာများကို မေလ ၁၉ ရက်နေ့က တွေ့ရစဉ်

    – ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့က ရိုဟင်ဂျာဒုက္ခသည်များအား ကူညီမှုတွင် သုံးစွဲရန်အတွက် စင်ကာပူနိုင်ငံက အဆီယံအဖွဲ့ကြီးမှတစ်ဆင့် ကန်ဒေါ်လာ ၂ သိန်း ကူညီသွားမည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ကေ ရှန်မူဂန်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    လှေစီးဒုက္ခသည်များ၏ အခြေအနေနှင့်ပတ်သက်၍ စင်ကာပူက စိုးရိမ်မိပြီး အထူးသဖြင့် ရိုဟင်ဂျာများအတွက် ယာယီနေရာထိုင်ခင်းပေးမည်ဟု သဘောတူညီထားသည့် မလေးရှားနှင့် အင်ဒိုနီးရှားတို့၏ အားထုတ်မှုများကိုလည်း ကြိုဆိုသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    စင်ကာပူ၏ ယခုကဲ့သို့ ထောက်ပံ့မှုမှာ အာဆီယံအဖွဲ့ကြီးမှ ဆောင်ရွက်ပေးမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မိမိတို့နိုင်ငံအား သီးသန့် မေတ္တာရပ်ခံမှုများ ရှိလာပါက အကူအညီများ ထပ်မံပေးအပ်သွားရန် စီစဉ်နေသည်ဟု ရှန်မူဂန်က ဆိုသည်။

    ထို့ပြင် ရိုဟင်ဂျာကိစ္စအတွက် အဓိကပြဿနာ နှစ်ခုရှိပြီး တစ်ခုမှာ လှေများပေါ်တွင်ရှိနေကာ ပင်လယ်ထဲတွင် သောင်တင်နေသူများအား မည်ကဲ့သို့ ကူညီမည်ဆိုသည်နှင့် ရိုဟင်ဂျာများ၏ မူလနေထိုင်ရာ ရင်းမြစ်တွင် ပြဿနာကို ဖြေရှင်းရန် လိုအပ်ချက်တို့ဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ထိုပြဿနာကို ဖြေရှင်းရာတွင် ၎င်းတို့နေထိုင်ရာနိုင်ငံမှ ဖန်တီးပေးသော အသက်ရှင်သန်မှု အခြေအနေများ၊ ထိုနည်းတူစွာ ၎င်းတို့အား ဆိုးရွားသောခြေအနေမျိုး ခံရနိုင်သော လှေများပေါ်တွင် တင်ပေးသည့် ရာဇ၀တ်အဖွဲ့အစည်းများကို ဆန်းစစ်ရန်လိုအပ်ဟု နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

    ထို့ပြင် ဒုက္ခသည်များ၏ မူရင်းနိုင်ငံများကလည်း တာဝန်ယူသင့်ပြီး အဆီယံနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း အဆိုပါပြဿနာကို ဖြေရှင်းရန် လိုအပ်သည်ဟု အလေးထား ပြောကြားခဲ့သည်။

    စင်ကာပူမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိမိနိုင်ငံမှာ မြေနေရာအကန့်အသတ်ရှိပြီး နိုင်ငံသေးသောကြောင့် ဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံခွင့်တောင်းသူများကို လက်ခံ၍ မရဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် သီတင်းပတ်တွင် ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများက ၎င်းတို့၏ ကမ်းခြေသို့ ရောက်လာသော ရိုဟင်ဂျာဒုက္ခသည်များကို နေရာထိုင်ခင်းပေးခဲ့ပြီး အစားအသောက်နှင့် ဆေးဝါးကုသမှုများကိုလည်း ပြုလုပ်ပေးခဲ့သည်။

    ဘင်္ဂလားပင်လယ်အော်တွင် လှေစီးဒုက္ခသည် ၂၀၀၀ ခန့်မှာ သောင်တင်နေသည်ဟု ယူဆရပြီး အများစုမှာ လူကုန်ကူးသူများလက်တွင်းသို့ ကျရောက်မည့်အန္တရာယ် ရှိနေသည်။ အဆိုပါ ဒုက္ခသည်များမှ အများစုမှာ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ ဖြစ်သည်။

    ထိုဒုက္ခသည်များ၏ အသက်များကို ရှာဖွေကယ်တင်ရန်မှာ ထိပ်တန်းဦးစားပေး ဖြစ်ရမည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပြောကြားထားသည်။

    Ref: Chanelnewsasia

  • IS လက်မှ ရာမာဒီကို ပြန်သိမ်းရန် အီရတ်စစ်တပ် ထိုးစစ်ဆင်

    IS လက်မှ ရာမာဒီကို ပြန်သိမ်းရန် အီရတ်စစ်တပ် ထိုးစစ်ဆင်

    မေ ၂၄၊ ၂၀၁၅
    M-Media

    0

    – နိုင်ငံအနောက်ပိုင်း အန်ဘာရ်ပြည်နယ်ရှိ IS လက်ထဲ ကျရောက်သွားခဲ့သော ရာမာဒီမြို့အား ပြန်လည်ရရှိရန်အတွက် ရှီအာ ပြည်သူ့စစ်များ ကျောထောက်နောက်ခံပြုထားသည့် အီရတ်စစ်တပ်များမှာ ယမန်နေ့မှစတင်ကာ ထိုးစစ်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။

    အမေရိကန်ဦးဆောင်သည့် မဟာမိတ်စစ်တပ်များကလည်း လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ပေးနေသည်။ အစိုးရရုံးစိုက်ရာ ပြည်နယ်မြို့တော်ဖြစ်သော ရာမာဒီအား IS တပ်ဖွဲ့က ပြီးခဲ့သည့် တစ်ပတ်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး အီရတ်စစ်တပ်အတွက် ရှက်စရာဖြစ်ခဲ့သည်။

    အဆိုပါထိုးစစ်တွင် အီရတ်တပ်ဖွဲ့ဝင်များနှင့် ရှီအာတိုက်ခိုက်ရေးသမားများ၏ စစ်ဆင်ရေးစတင်ရာ စစ်စခန်းဖြစ်သည့် ဟာဘာနီယဟ် အခြေစိုက်စခန်း ၀န်းကျင်တွင် တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွားနေသည်။

    ရှီအာပြည်သူစစ်တပ်ဖွဲ့မှ လက်ခွဲအဖွဲ့တစ်ခုဖြစ်သော Popular Mobilisation Forces တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါ ထိုးစစ်တွင် ၎င်းတို့၏ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ပါဝင်သည်ဟု ပြောကြားခဲ့သည်။

    IS အဖွဲ့ကမူ အန်ဘာရ်ပြည်နယ်တွင် အီရတ်အစိုးရ ထိန်းချုပ်ထားသည့် တစ်ခုတည်းသောမြို့ ဟာဒီသာအား သိမ်းပိုက်ရန်ကြိုးစားနေပြီး အစိုးရ စစ်ဆေးရေးစခန်းများကို ပစ်မှတ်ထား တိုက်ခိုက်နေသည်။

    Ref: Aljazeera

  • အလ်ဂီရီကိုအနိုင်ရလျှင် မေ၀ယ်သာနှင့် ထိုးနိုင်မည်ဟု အမီရ်းခန်းပြော

    အလ်ဂီရီကိုအနိုင်ရလျှင် မေ၀ယ်သာနှင့် ထိုးနိုင်မည်ဟု အမီရ်းခန်းပြော

    မေ ၂၄၊ ၂၀၁၅
    M-Media

    amir

    – လာမည့် သောကြာနေ့တွင် နယူးယောက်၌ ထိုးသတ်မည့် အလ်ဂီရီနှင့်ပွဲတွင် အနိုင်ရရှိပါက မိမိအနေဖြင့် မေ၀ယ်သာဖြင့် ထိုးသတ်ရန် အခွင့်အရေးရရှိမည်ဟု ယုံကြည်ကြောင်း ဗြိတိန်လက်ဝှေ့ကျော် အမီရ်းခန်းက ပြောကြားလိုက်သည်။

    အမီရ်းခန်မှာ မေ၀ယ်သာနှင့် ထိုးသတ်ရန် ၂ နှစ်တိုင်တိုင် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ပက်ကွီအိုအား အနိုင်ရရှိခဲ့ပြီးနောက် မေ၀ယ်သာက လာမည့်စက်တင်ဘာလတွင် ၎င်း၏ နောက်ဆုံးပွဲကို ထိုးသတ်သွားမည်ဟု ပြောကြားထားသောကြောင့် အမီရ်းခန်းက နောက်ဆုံးအခွင့်အရေးအဖြစ် မျှော်လင့်နေသည်။

    အယ်ဂီရီမှာ လွန်ခဲ့သည့် ၇ လက ပက်ကွီအိုနှင့် ထိုးသတ်ရာတွင် ရှုံးနိမ့်ခဲ့သူဖြစ်သည်။

    “အလ်ဂီရီနဲ့ပွဲမှာ ကျွန်တော် ဂရုစိုက်ရပါမယ်။ ဒါပေမယ့် သူ့ကို ကျွန်တော်နိုင်ရင် မေ၀ယ်သာနဲ့ ထိုးဖို့ ဖြစ်သွားမှာပါ။ အလ်ဂီရီကို ထိုးပြီး ပက်ကွီအိုက မေ၀ယ်သာနဲ့ ထိုးခဲ့ပါတယ်။ ကမ္ဘာကြီးက ဒီပွဲကို ကြည့်ချင်ပါတယ်။ ဒါပေမယ့် အလ်ဂီရီကသာ ပက်ကွီအိုကို မေ၀ယ်သာဆီ ပို့ပေးခဲ့တာပါ” ဟု ခန်းက ပြောကြားခဲ့သည်။

    ထို့ပြင် ကမ္ဘာကြီးက ကြည့်ချင်နေသည့် စိတ်လှုပ်ရှားစရာ ထိုးသတ်မှုကို မေ၀ယ်သာနှင့်ပွဲတွင် မိမိက ပေးနိုင်မည်ဟု အမီရ်းခန်းက ယုံကြည်နေပြီး ပက်ကွီအိုနှင့်မူ ထိုးသွားမည်မဟုတ်ဟု ဆိုသည်။

    “ပက်ကွီအိုနဲ့ မေ၀ယ်သာတို့ပွဲကို ကျွန်တော်သွားကြည့်ပါတယ်။ ပြီးတော့ ကျွန်တော်ဘယ်သွားသွား လူတွေက ကျွန်တော်ဟာ မေ၀ယ်သာနဲ့ ထိုးသင့်တယ်လို့ ပြောကြပါတယ်။ မေ၀ယ်သာရဲ့ ပရိတ်သတ်တွေတောင်မှ မန်နီ(ပက်ကွီအို)ထက် ကျွန်တော်က မေ၀ယ်သာကို ပိုပြီး ဒုက္ခပေးနိုင်တယ်လို့ ပြောကြပါတယ်”

    အမီရ်းခန်းမှာ နောက်ဆုံးပွဲအဖြစ် အမေရိကန်ဘောက်ဆာသမား ဒီဗွန် အလက်ဇန်းဒါနှင့် ထိုးသတ်ခဲ့ပြီး အမှတ်ဖြင့် အနိုင်ရခဲ့သည်။

    Ref: Dailymail