News @ M-Media

Author: Ko Lay

  • နိုင်ငံတကာ သတင်းတို (မေ ၁၅၊ ၂၀၁၅)

    မေ ၁၅၊ ၂၀၁၅
    M-Media

    နီပေါရှိ ပျောက်ဆုံး အမေရိကန်စစ်ဘက်ရဟတ်ယာဉ် ပြန်တွေ့
    …………………………………..
    နီပေါတွင် အခြေစိုက်၍ ငလျင်ဒဏ်သင့်ပြည်သူများအား စားနပ်ရိက္ခာများ သွားရောက်ပို့ဆောင်စဉ် အင်္ဂါနေ့က ပျောက်ဆုံးသွားခဲ့သည့် အမေရိကန် မရိန်းတပ်ဖွဲ့မှ ရဟတ်ယာဉ် ပျက်ကျခဲ့သည့်နေရာကို တွေ့ရှိခဲ့ပြီဟု နီပေါကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားခဲ့သည်။ ထိုရဟတ်ယာဉ်တွင် အမေရိကန်စစ်သည် ၆ ဦးနှင့် နီပေါစစ်သည် ၂ ဦး စုစုပေါင်း ၈ ဦး လိုက်ပါသွားပြီး
    မီးလောင်ကျွမ်းနေသော ရုပ်အလောင်း ၃ လောင်းကို တွေ့ရှိခဲ့ရကာ အသက်ရှင်ကျန်ရစ်သူ မရှိပေ။

    စာချုပ်ဖျက်သိမ်းမှုအတွက် ရုရှားက ပြင်သစ်ထံ လျော်ကြေးတောင်း
    ………………………….
    ရဟတ်ယာဉ်တင်ဆောင်သည့် Mistral သင်္ဘောနှစ်စီး ပို့ဆောင်ပေးရန် ချုပ်ဆိုထားသည့် စာချုပ်အား ပြင်သစ်က ဖောက်ဖျက်ခဲ့မှုအတွက် နစ်နာကြေး ယူရို ၁.၁၆၃ ဘီလီယံ လိုချင်သည်ဟု ရုရှားက ယနေ့တွင် ပြောကြားလိုက်သည်။ ၁.၁၉ သန်းတန်ဖိုးရှိ အဆိုပါ အရောင်းအ၀ယ်စာချုပ်ကို ၂၀၁၁ ခုနှစ်က ချုပ်ဆိုထားခြင်းဖြစ်ပြီး ယူကရိန်းအရေးတွင် ရုရှား၏ ပါဝင်ပက်သက်မှုအတွက် အဆိုပါ
    သင်္ဘောများအား မပို့ဆောင်ရေး အနောက်နိုင်ငံများက ဖိအားပေးသောကြောင့် ပြင်သစ်က ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ လျော်ကြေးတွင် သင်္ဘောနှင့်ပတ်သက်သည့် ဆက်စပ်အသုံးစားရိတ်များကိုပါ ရုရှားက ထည့်တွက်ထားသည်။

    အာဖရိကန်ဒုက္ခသည်များကို အီတလီ ကယ်တင်ရပြန်
    …………………………….
    ဒုက္ခသည်များ ပြွတ်သိပ်ကျပ်ညပ်စွာ တင်ဆောင်ကာ အာဖရိကမှ ဥရောပသို့ မောင်းနှင်လာသည့် သင်္ဘောများမှ လူပေါင်း ၃၆၀၀ ခန့်ကို နှစ်ရက်အတွင်း ကယ်တင်ခဲ့ရသည်ဟု အီတလီနိုင်ငံက ယနေ့တွင် ပြောကြားလိုက်သည်။

    Ref: News Agencies

  • လှေစီးဒုက္ခသည် ၈၀၀ ခန့်ကို အင်ဒိုနီးရှားကယ်တင်ခဲ့၊ ထိုင်းနှင့် အင်ဒိုရေတပ်တို့မှ အခြားစက်လှေများကို ပင်လယ်ထဲသို့ပြန်လည် ပို့ဆောင်မှုလည်းရှိ

    လှေစီးဒုက္ခသည် ၈၀၀ ခန့်ကို အင်ဒိုနီးရှားကယ်တင်ခဲ့၊ ထိုင်းနှင့် အင်ဒိုရေတပ်တို့မှ အခြားစက်လှေများကို ပင်လယ်ထဲသို့ပြန်လည် ပို့ဆောင်မှုလည်းရှိ

    မေ ၁၅၊ ၂၀၁၅
    M-Media

    – ပင်လယ်ထဲတွင် မျောနေသော လှေစီးဒုက္ခသည်များမှ ၈၀၀ နီးပါးကို အင်ဒိုနီးရှားနိုင်ငံက ယနေ့တွင် ကယ်တင်လိုက်သော်လည်း ဒုက္ခသည်ရာပေါင်းများစွာပါဝင်သည့် အခြားလှေများကို ပင်လယ်ထဲသို့ ပြန်ပို့လိုက်သည်ဟု သိရသည်။

    အင်ဒိုနီးရှားနိုင်ငံ အနောက်စွန်းစွန်းရှိ အာချေးကမ်းရိုးတမ်းတွင် အင်ဒိုနီးရှား ငါးဖမ်းသမားများက ကယ်တင်ခဲ့ခြင်းဖြစ်ပြီး စက်လှေပေါ်ရှိ လူများက ၎င်းတို့၏လှေမှာ မြုပ်တော့မည်ဖြစ်ကာ သင်္ဘောပေါ်တွင်လည်း ရန်ဖြစ်မှုများရှိနေသည်ဟု ပြောကြားခဲ့သောကြောင့်
    ကယ်တင်ခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    သို့သော်လည်း အခြားစက်လှေတစ်စီးကိုမူ အင်ဒိုနီးရှား ရေတပ်က ပင်လယ်ထဲသို့ ပြန်ပို့ခဲ့ပြီး ထိုင်း ရေတပ်ကလည်း ကလေးငယ်များအပါအ၀င် လူရာပေါင်းများစွာပါဝင်သော လှေတစ်စီးကို အစားအသောက်များ၊ ဆေးဝါးများနှင့် လောင်စာများပေးကာ ပင်လယ်ထဲသို့ ပြန်လည်ဆွဲယူသွားခဲ့သည်။ ထိုင်းတာဝန်ရှိသူတစ်ဦးကမူ အဆိုပါလှေတွင် ကပ္ပတိန်မပါလာဘဲ လှေပေါ်မှ လူအချို့ကို ထိုင်းငါးဖမ်းသမားများက သင်္ဘောမောင်းနည်း နာရီအနည်းငယ် သင်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် လှေပေါ်မှလူများက ၎င်းတို့မှာ ရှေ့ဆက်သွားချင်သည်ဟု ပြောသောကြောင့် ပင်လယ်ထဲသို့ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    မြန်မာနိုင်ငံတွင် ငြှင်းပန်းနှိပ်စက်ခံရမှုကြောင့် ထွက်ပြေးလာရသည့် ရိုဟင်ဂျာ ထောင်ပေါင်းများစွာနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ရပ်တည်ချက်ခက်ထန်မှုကို ထောက်ပြကာ ထိုင်းဝန်ကြီးချုပ်က လှေစီးဒုက္ခသည်များ ပိုမိုရောက်ရှိလာပါက ၎င်းတို့မှာ ထိုင်းနိုင်ငံရှိ
    အလုပ်အကိုင်များကို ယူသွားနိုင်သည်ဟု သတိပေးလိုက်ပြီး အင်ဒိုနီးရှားစစ်တပ်အကြီးအကဲကလည်း အဆိုပါ ဒုက္ခသည်များက လူမှုရေးပြဿနာများ ဖြစ်ပွားလိမ့်မည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် သီတင်းပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းနှင့် မလေးရှားအနောက်မြောက်ပိုင်း ကမ်းရိုးတမ်းတို့တွင် လှေစီးဒုက္ခသည် ၂၅၀၀ ခန့် ရောက်ရှိခဲ့ကြသည်။

    သို့သော်လည်း ထိုင်းနှင့်မလေးရှားဘက်မှ မာလာကာရေလက်ကြားကိုဖြတ်၍ ရောက်လာသော စက်လှေ ၂ စီးကို အင်ဒိုနီးရှားရေတပ်က ပြန့်ပို့ခဲ့ပြီး ယနေ့တွင်လည်း အခြားတစ်စီးကို ထိုင်းရေတပ်က ပင်လယ်ထဲသို့ ဆွဲယူစွန့်ပစ်ခဲ့သည်။

    မလေးရှားနိုင်ငံကလည်း မိမိတို့အနေဖြင့် ဒုက္ခသည်စက်လှေများကို ပင်လယ်ထဲသို့ ပို့ဆောင်မည်ဟု ပြောကြားထားသည်။

    “သူတို့မှာ စားစရာမရှိဘူး။ သောက်ရေမရှိဘူး။ သူတို့ရဲ့ ကျင်ငယ်ရေကို သူတို့ ပြန်သောက်နေကြရပါတယ်” ဟု ဘန်ကောက်အခြေစိုက် ပြောင်းရွှေ့အခြေချသူများရေးရာ နိုင်ငံတကာအဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ဂျိုး လိုရီက ပြောကြားခဲ့သည်။

    “ဒါဟာ လူ့အသက်တွေကို ရေထဲမှာ ဘောလီဘောပုတ် ကစားနေကြတာပါပဲ။ ဒေသတွင်း အစိုးရတွေအနေနဲ့ အဖြေတစ်ခုအမြန်ရှာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါမှမဟုတ်ရင်တော့ လာမယ့်နေ့တွေမှာ အက်ဒမန် ပင်လယ်တစ်ဝိုက် အလောင်းခြောက်တွေနဲ့ ပြည့်နေတဲ့ စက်လှေတွေကို တွေ့လာရပါလိမ့်မယ်” ဟု လိုရီက ထည့်သွင်းပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံက လူကုန်ကူးမှုကို နှိမ်နင်းပြီးနောက်ပိုင်း အစာရေစာပြတ်လတ်နေပြီး နေထိုင်မကောင်းဖြစ်နေသည့် ဒုက္ခသည်များ အပြည့်တင်ဆောင်ထားသော စက်လှေများကို လူကုန်ကူးသူများက အက်ဒမန်ပင်လယ်ထဲတွင် စွန့်ပစ်ခဲ့သောကြောင့် အဆိုပါပြဿနာမှာ ပိုမို
    ကြီးထွားလာခြင်း ဖြစ်သည်။

    မျှော်လင့်ချက်မဲ့နေသော အဆိုပါ လှေစီးဒုက္ခသည်များကို ကယ်တင်မှုမရှိခြင်းအတွက် အချို့သော နိုင်ငံများမှာ ဖိအားပေးမှုနှင့် ရင်ဆိုင်နေရပြီး ကုလလူ့အခွင့်အရေး အကြီးအကဲ ဇီအစ် ရာအဒ် အလ်ဟူစိန်ကလည်း ဘင်္ဂလားပင်လယ်အော်ကိုဖြတ်၍ အန္တရာယ်ကြီးမားသော ပုံစံဖြင့် ထိုသို့ ပြောင်းရွှေ့မှုများမှာ မြန်မာနိုင်ငံက ခွဲခြားဆက်ဆံမှုကို အဆုံးမသတ်မချင်း ဆက်လက်ရှိနေမည်ဟု
    ပြောကြားခဲ့သည်။

    “တူညီတဲ့နိုင်ငံသားဖြစ်ခွင့် အပါအ၀င် ရိုဟင်ဂျာလူ့အဖွဲ့အစည်းအပေါ် အစီအစဉ်တကျ ခွဲခြားဆက်ဆံမှုကို မြန်အစိုးရက မဖြေရှင်းမချင်း စိတ်မချရတဲ့ ဒီပြောင်းရွှေ့အခြေချမှုဟာ ဆက်လက်ရှိနေမှာပါပဲ” ဟု ဇီအစ် ရာအဒ်က ပြောကြားခဲ့သည်။

    Ref: Reuters

  • နှစ်နိုင်ငံ ယုံကြည်မှုတည်ဆောက်ရမည်ဟု အိန္ဒိယ၀န်ကြီးချုပ်ကို တရုတ်သမ္မတပြော

    နှစ်နိုင်ငံ ယုံကြည်မှုတည်ဆောက်ရမည်ဟု အိန္ဒိယ၀န်ကြီးချုပ်ကို တရုတ်သမ္မတပြော

    မေ ၁၅၊ ၂၀၁၅
    M-Media

    modi

    – အာရှ၏ အင်အားကြီးနိုင်ငံများဖြစ်သည့် မိမိတို့ နှစ်နိုင်ငံအနေဖြင့် မတူညီမှုများကို ထိန်းချုပ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ခြင်းဖြင့် အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်ရမည်ဟု တရုတ် သမ္မတ ဇီဂျင်ပင်းက အိန္ဒိယ ၀န်ကြီးချုပ် မိုဒီအား ပြောကြားလိုက်သည်။

    မိုဒီ၏ ၃ ရက်ကြာ အလည်အပတ်ခရီးစဉ် ပထမဆုံးနေ့ဖြစ်သော ယမန်နေ့က တွေ့ဆုံဧည့်ခံမှုအတွင်း ဇီဂျင်ပင်းက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    “အပြန်အလှန် ယုံကြည်မှုတိုးတက်ဖို့အတွက် ကျွန်တော်တို့ဟာ အတူအကွ လုပ်ရပါမယ်။ ကျွန်တော်တို့ရဲ့ မတူညီမှုတွေ၊ ပြဿနာတွေက နှစ်နိုင်ငံဆက်ဆံရေးမှာ ၀င်ရောက်စွက်ဖက်တာ မရှိဖို့လည်း ထိန်းချုပ်ရပါမယ်” ဟု ဇီက မိုဒီအား ပြောကြားခဲ့ကြောင်း
    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယမန်နေ့တွင်ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

    တရုတ်နှင့် အိန္ဒိယတို့မှာ ဆယ်စုနှစ်နှင့်ချီ၍ မယုံကြည်မှုများ ရှိခဲ့သော်လည်း စီးပွားရေးတွင်မူ တိုးမြှင့်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးဖြစ်သော အဆိုပါ နှစ်နိုင်ငံ အချင်းချင်း ကြုံတွေ့နေရသည့် ပြဿနာများမှာ အရေးပါပြီး နယ်စပ်ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများမှ ခါးသီးသော ရန်ဘက်ဖြစ်သည့် ပါကစ္စတန်အား တရုတ်နိုင်ငံက ထောက်ပံ့ပေးမှုအထိ ပါဝင်သည်။

    ဇီကမူ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရေး ခိုင်မာစေရန်နှင့် နိုင်ငံတကာရေးရာများတွင် တရားမျှတမှု လမ်းကြောင်းကို ပိုမိုမြှင့်တင်ရေး အတူတကွလုပ်ဆောင်သွားရန် မိုဒီအား တိုက်တွန်းခဲ့သည်။

    ပူးဆောင်ရွက်ရေးတွင် ရထားပို့ဆောင်ရေးကဏ္ဍ၊ စက်မှုဇုန်၊ မြို့ပြတည်ထောင်ရေး၊ အိန္ဒိယနှင့်တရုတ် နှစ်နိုင်ငံစလုံးတွင် နိုင်ငံလုံးဆိုင်ရာအားသစ်လောင်းမှုကို တိုးမြှင့်ရန် လေ့ကျင့်သင်ကြားပေးရေးတို့တွင် ဆောင်ရွက်ရန်ဖြစ်သည်ဟု ဇီက တိုက်တွန်းခဲ့သည်။ ထို့ပြင် အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်ကုမ္ပဏီများကို တိုက်တွန်းသွားမည်ဟုလည်း ဇီက ကတိပြုခဲ့သည်။

    မိုဒီမှာ သောကြာနေ့တွင် တရုတ်ဝန်ကြီးချုပ် လီကီကွီယန်နှင့် ဘေဂျင်း၌ တွေ့ဆုံမည်ဖြစ်ပြီး၊ ရှန်ဟိုင်းတွင်လည်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

    Ref: Channelnewsasia

  • ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်အတွက် မန်ယူအား အနိုင်ကစားရမည်ဟု ၀င်းဂါးပြော

    ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်အတွက် မန်ယူအား အနိုင်ကစားရမည်ဟု ၀င်းဂါးပြော

    မေ ၁၅၊ ၂၀၁၅
    M-Media

    winger

    – ချန်ပီယံလိဂ် ပလေးအော့ဖ်ပွဲကို ရှောင်ရှားရန်အတွက် မိမိတို့အသင်းမှာ မန်ယူကို အနိုင်ကစားရမည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ ပြီးခဲ့သည့် ၉ ရာသီ၌ ၆ ရာသီတွင် အဆင့် ၄ နေရာသာ ရရှိခဲ့သောကြောင့် ချန်ပီယံလိဂ်ကို တိုက်ရိုက်ဝင်ခွင့်မရဘဲ ပလေးအော့ဖ် ယှဉ်ပြိုင်ကစားခဲ့ရသည်။

    မနက်ဖြန်၌ အိုးထရက်ဖို့ဒ်တွင် မန်ယူအသင်းနှင့် ကစားရမည်ဖြစ်ပြီး ထိုပွဲအနိုင်ရပါက အာဆင်နယ်မှာ ပရီးမီးယားလိဂ် တတိယနေရာအတွက် သေချာမည်ဖြစ်ကာ ချန်ပီယံလိဂ်အတွက် ပလေးအော့ဖ် ကစားရန် မလိုအပ်တော့ဘဲ တိုက်ရိုက်ဝင်ခွင့်ရမည် ဖြစ်သည်။ ၀င်းဂါးကမူ မန်ယူအား အနိုင်ရအောင် ကစားရမည်ဟု ဆိုသည်။

    “အိုးထရက်ဖို့ဒ်မှာ အနိုင်ရတာဟာ ကျွန်တော်တို့မှာ အင်အားရှိတယ်ဆိုတာကို ယုံကြည်လာစေမှာဖြစ်ပြီး လာမယ့်နှစ်မှာ ပိုပြီးတောင့်တင်းလာဖို့ အကူအညီလည်း ဖြစ်စေပါလိမ့်မယ်။ ကျွန်တော်တို့ဟာ တိုးတက်အောင်လုပ်နိုင်ခဲ့ပြီလို့ ခံစားရပါတယ်။ ဒီလိုအနိုင်ဟာ တိုးတက်အောင်လုပ်နိုင်ပြီလို့ ပြတဲ့ တစ်ခုတည်းသောအရာဖြစ်ပြီး စွမ်းဆောင်ရည်မှာလည်း ဆက်လက်သက်ရောက် သွားမှာပါ” ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ပြီးခဲ့သည့်တစ်ပတ် ဆွမ်ဆီးအား ရှုံးနိမ့်မှုမှ ပြန်ရုန်းထွက်ချင်ပြီး စွမ်းဆောင်ရည်ကောင်းကို ပြချင်ကြောင်း အနိုင် သို့မဟုတ် သရေပင်လျှင် ကောင်းမွန်မည်ဖြစ်ကြောင်း ၀င်းဂါက ထပ်လောင်းပြောကြားခဲ့သည်။

    Ref:Goal

  • ဗီတာမင် B က အဖြစ်များသော အရေပြားကင်ဆာအန္တရာယ်ကို လျှော့ချနိုင်

    ဗီတာမင် B က အဖြစ်များသော အရေပြားကင်ဆာအန္တရာယ်ကို လျှော့ချနိုင်

    မေ ၁၅၊ ၂၀၁၅
    M-Media

    Vitamins

    – မကြာသေးမီက ပြုလုပ်ခဲ့သော လေ့လာမှုများအရ နေ့စဉ် ဗီတာမင် B ဓာတ် စားသုံးပေးခြင်းဖြင့် အရေပြားကင်ဆာ ဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားသောသူများတွင် ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

    အဆိုပါ လေ့လာမှုကို ဆစ်ဒနီတက္ကသိုလ်မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗီတာမင် B3 ပုံစံတစ်မျိုးဖြစ်သည့် နီကိုတီနာမိုက်က လွန်ခဲသည့် ၅ နှစ်အတွင်း ကင်ဆာရောဂါ အနည်းဆုံး ၂ မျိုး ဖြစ်ပွားခဲ့သည့် သူများတွင် အရေပြားကင်ဆာ ဖြစ်ပွားမှုကို ၂၃ ရာခိုင်နှုန်း လျော့ချပေးနိုင်သည်ကို တွေ့ခဲ့ရသည်။ လေ့လာမှုတွင် လူနာအား တစ်နေ့လျှင် နီကိုတီနာမိုက် တစ်ကြိမ်လျှင် ၁ လုံးဖြင့် ၂ ကြိမ် ကျွေးခဲ့သည်။

    ထိုတွေ့ရှိချက်က အသားဖြူသူများတွင် များသောအားဖြင့် ဖြစ်ပွားလေ့ရှိသော အရေပြားကင်ဆာကို ကုသရာတွင် ကျန်းမာရေးဝန်ထုပ်ဝန်ပိုးနှင့် ကုန်ကျစားရိတ်ကို လျော့ချနိုင်မည့်နည်းလမ်း ဖြစ်လာမည်ဟု American Society of Clinical Oncology အဖွဲ့က ပြောကြားခဲ့သည်။

    အရေပြားကင်ဆာ ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းမှာ နေမှလာသော ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့်ဖြစ်ပြီး ထိုသို့ထိတွေ့မှုကြောင့် ကလပ်စည်း DNA ပျက်ဆီးခြင်း၊ ပုံမှန်မဟုတ်သော ဆဲလ်များကို ဖယ်ရှားရန် အရေပြား၏ ခုခံအားကို ကျဆင်းစေခြင်းတို့ကို ဖြစ်ပေါ်စေသည်။

    အရေပြားကင်ဆာတွင် အမျိုးအစား အမျိုးအမျိုးရှိပြီး အဖြစ်အများဆုံးမှာ basal cell နှင့် squamous cell carcinomas တို့ဖြစ်ကာ နီကိုတီနာမိုက်က အဆိုပါ ကင်ဆာရောဂါ ၂ ခုစလုံး၏ အန္တရာယ်အား လျှော့ချပေးနိုင်သည်ကို တွေ့ရှိခဲ့ရသည်။

    သုတေသနပညာရှင်များကမူ ကင်ဆာရောဂါ ဖြစ်နိုင်ချေအများဆုံးသူမှာ နေရောင်ကာပစ္စည်းများ အသုံးပြုခြင်း၊ အရေပြားအား စောင့်ကြည့်မှုများကို လုပ်ဆောင်ရန် လိုအပ်သည်ဟုဆိုသည်။

    ထို့ပြင် နီကိုတီနာမိုက်ကို မှီဝဲခြင်းမှာ လူတိုင်းအတွက်မဟုတ်ဘဲ အရေပြားကင်ဆာ ဖြစ်နိုင်ချေများသည့် သူများသာ ဆောင်ရွက်ရမည်ဟု ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia