News @ M-Media
Author: Ko Lay
  • အစ္စရေး၏ ပါလက်စတိုင်းအား ကျူးကျော်မှုအသစ် ဘန်ကီမွန်ရှုတ်ချ
    အစ္စရေး၏ ပါလက်စတိုင်းအား ကျူးကျော်မှုအသစ် ဘန်ကီမွန်ရှုတ်ချ
    မေ ၉၊ ၂၀၁၅
    M-Media
    ban-ki-moon-6
    – ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်တွင် အစ္စရေးက အိမ်ယာ ၉၀၀ တည်ဆောက်ရန် စီစဉ်မှုအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ဝေဖန်လိုက်ပြီး ထိုဆောင်ရွက်မှုမှာ တရားမ၀င်ဟု ပြောကြားလိုက်သည်။
    “အစ္စရေးအာဏာပိုင်တွေက အရှေ့ဂျေရုစလင်မှာ အိမ်ယာ ၉၀၀ ဆောက်လုပ်မယ်လို့ မကြာသေးမီက ကြေညာမှုကို အထွေထွေအတွင်းရေးမှူးက အလွန်အမင်း စိုးရိမ်မိပါတယ်။ ပြီးတော့ ဒါဟာ နိုင်ငံတကာ ဥပဒေအောက်မှာ တရားမ၀င်ပါဘူး” ဟု ဘန်ကီမွန်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖိန်း ဒူဂျာရစ်က နယူးယောက်မြို့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    အစ္စရေး၏ ဂျေရုစလင်ခရိုင် တည်ဆောက်ရေးကော်မတီက ဂျေရုစလင်အရှေ့ပိုင်း ရာမတ် ရှော်လ်မိရပ်ကွက်တွင် အိမ်ရာ ၁၈၀၀ ဆောက်လုပ်ရန် စီစဉ်ထားရာမှ ၉၀၀ ဆောက်လုပ်ခွင့်ကို ပြီးခဲ့သည့် ရက်ပိုင်းက ခွင့်ပြုခဲ့သည်။
    အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက လက်ယာစွန်းရောက် Jewish Home ပါတီနှင့် ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းသည့်အချိန်၊ တိုက်ဆိုင်စွာ ပေါ်ထွက်လာသည့် အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဒူဂျာရစ်က “အစ္စရေးအစိုးရ ဖွဲ့စည်းခြင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်သွားမှာပါ။ ပြီးတော့ ဘန်ကီမွန်ဟာ နှစ်နိုင်ငံအဖြေကို အခြေခံပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ဖြစ်နိုင်တဲ့ရွေးချယ်မှုနဲ့ပတ်သက်လို့ ဘင်ဂျမန် နေတန်ယာဟုနဲ့ ဆွေးနွေးသွားမှာပါ” ဟု ပြောကြားခဲ့သည်။
    ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေနှင့် အရှေ့ဂျေရုစလင်တို့တွင် အစ္စရေးက ဂျူးအခြေချအိမ်ယာများ ဆောက်လုပ်နေခြင်းမှာ အစ္စရေးနှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အတားအဆီးဖြစ်နေသည်။
    ပါလက်စတိုင်းက အစ္စရေးအနေဖြင့် မိမိတို့ပိုင်နက်အတွင်း အိမ်ယာတည်ဆောက်မှုအားလုံးကို ရပ်တန့်ရန် တောင်းဆိုထားပြီး အစ္စရေးအစိုးရကမူ ငြင်းဆိုထားသည်။
    Ref: Middleeastmonitor
  • အမုန်းကို ဟာသဖြင့်တုံ့ပြန်တဲ့ အမေရိကန်မွတ်စလင်လူငယ်များ
    အမုန်းကို ဟာသဖြင့်တုံ့ပြန်တဲ့ အမေရိကန်မွတ်စလင်လူငယ်များ
    မေ ၉၊ ၂၀၁၅
    M-Media
    us 1
    – အွန်လိုင်းရှိ အစ္စလာမ်ကြောက်ရောဂါနှင့် ခွဲခြားမှုများကို ဟာသနည်းလမ်းဖြင့် တုံ့ပြန်ရည် ရွယ်၍ အမေရိကန်မွတ်စလင် လူငယ်အဖွဲ့တစ်ခုမှာ Facbook ရှိ မွတ်စလင်ဆန့်ကျင်ရေး မှတ်ချက်များအတွက် ဗီဒီယိုတစ်ခုကို ဖန်တီးခဲ့ကြသည်ဟု သိရသည်။
    “ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း အဟ်မဒ်တို့က အဲဒီ မှတ်ချက်တွေကိုဖတ် ဟာသမြောက်ပါလားဆိုပြီး ထိုင်ရယ်ကြပါတယ်။ ဒီမှတ်ချက်တွေဟာ စိုးရိမ်စရာကောင်းသလောက် ရယ်စရာမျိုးလည်း ဖြစ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီလူတွေဟာ တကယ့်လက်တွေ့ကနေ သွေဖယ်နေလို့ပါ” ဟု ထိုဗီဒီကို ထုတ်လုပ်သူများထဲမှ တစ်ဦးဖြစ်သူ နီကိုလက်စ် အာမာရိုက ABC Action News သို့ မေလ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။
    အာမာရိုမှာ မတရားမှုနှင့် ခွဲခြားမှုတို့အား ငြိမ်းချမ်းသော သတင်းစကားဖြင့် တွန်းလှန်ရန် ဆုံးဖြတ်ထားသည့် မွတ်စလင်လူငယ်အဖွဲ့မှ တစ်ဦးလည်းဖြစ်သည်။
    ၎င်းတို့၏ ဗီဒီယိုကို Muslims Read Hate Comment ဟု အမည်ပေးထားပြီး ဖလော်ရီဒါပြည်နယ် တမ်ပါမြို့ရှိ အစ္စလာမ့်စင်တာတစ်ခု မီးရှို့ခံရပြီးနောက် အွန်လိုင်းစာမျက်နှာတွင် တက်လာသော အစ္စလာမ်ကြောက်မှတ်ချက်များကို မွတ်စလင်လူငယ်များက တုံ့ပြန်မှုများကို ရိုက်ကူးထားည်။
    အဆိုပါ မီးလောင်မှုအတွင်း စာသင်ခန်း ၄ ခန်း ပျက်ဆီးခဲ့ရပြီး စာသင်ကြားနေသော ကလေးငယ်များကိုလည်း အရေးပေါ် ကယ်ထုတ်ခဲ့ရသည်။
    ထိုဗီဒီယိုကို YouTube ၌ လွှင့်တင်ထားပြီး အမုန်းတရားကို အခြေခံသော မှတ်ချက်များကို ဟာသနှော၍ တုန့်ပြန်ထားသည်။
    “သူတို့အားလုံးကို မီးရှို့ပစ်။ အားလုံးကို မောင်းထုတ်ပစ်” ဟု စင်သီယာ ဂေါ်လဂါရ်ဆိုသူက ရေးသားမှုကို ဗီဒီယိုတွင် ပါဝင်သူတစ်ဦးက “ကျွန်တော်ဒီမှာမွေးတာလေ။ ကျွန်တော့်ကို ဘယ်ကို မောင်းထုတ်မလို့တုန်း” ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။
    ထို့ပြင် အခြားသော အမုန်းတရား မှတ်ချက်များအတွက် တုံ့ပြန်မှုအများအပြားလည်း အဆိုပါ ဗီဒီယိုတွင် ပါဝင်သည်။
    ငါတို့ဟာ အမေရိကန်တွေပါ
    အဆိုပါ ဗီဒီယိုမှာ အမုန်းတရားအား တုံ့ပြန်ခြင်းအပါအ၀င် အစ္စလာမ်နှင့်ပတ်သက်သည့် ယူဆချက်အလွဲများကို အရွှန်းဖောက်ခြင်းဖြင့် မွတ်စလင်တို့၏ သဘာဝအစစ်အမှန်ကို ဖော်ပြရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။
    “ကျွန်တော်တို့ဟာ တိရစ္ဆာန်တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ဗုံးထောင်သူတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ လူတွေပါ။ ကျွန်တော်တို့ဟာ အမေရိကန်တွေပါ။ ကျွန်တော်တို့ ကျောင်းတက်ကြတယ်။ အလုပ်လုပ်ကြပါတယ်” ဟု အဆိုပါ ဗီဒီယိုတွင် ပါဝင်ခဲ့သည်ဟု ဟာရှင် အာမက်ရှီက ပြောကြားခဲ့သည်။
    အာမာရိုကမူ ထိုဗီဒီယိုမှာ ငြိမ်းချမ်းမှု ဖြစ်တည်လာရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။
    ပြီးခဲ့သည့်လများအတွင်း မြောက်ကယ်ရိုလိုင်းနားရှိ မွတ်စလင်လူငယ် ၃ ဦး အသတ်ခံရမှု၊ တက္ကဆက်ပြည်နယ် ဟူစတန်ရှိ အစ္စလာမ့်စင်တာ မီးရှို့ခံရမှု၊ ဒါးလက်စ်မြို့မှ အသက် ၃၆ နှစ်အရွယ် မွတ်စလင်တစ်ဦး နှင်းများအား ဓာတ်ပုံရိုက်နေစဉ် အသတ်ခံရမှုနှင့် မွတ်စလင်များအပေါ် အခြားသော အရှက်ရစေမှုများကြောင့် အမေရိကန် မွတ်စလင်များက ၎င်းတို့မှာ နိုင်ငံအတွင်း ပစ်မှတ်ထားခြင်း ခံနေရသည်ဟု ခံစားနေရသည်။
    Ref: Onislam
  • နိုင်ငံတကာသတင်းတို (မေ ၈၊ ၂၀၁၅)
    မေ ၈၊ ၂၀၁၅
    M-Media
    တောင်တရုတ်ပင်လယ်တွင် ဗီယက်နမ်က စိုးမိုးရေးလုပ်နေ
    ……………………………………………
    တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်း ၂ ကျွန်းတွင် ဗီယက်နမ်နိုင်ငံက ၎င်းတို့ပိုင်ဆိုင်ရေး ဆောင်ရွက်နေမှုကို နောက်ဆုံးထွက်ပေါ်လာသည့် ဂြိုဟ်တု ဓာတ်ပုံများ၌ တွေ့ရှိခဲ့ရသည်။ စပရက်တလေကျွန်းစုရှိ ဆန်းကေးနှင့် ၀က်စ်လန်ဒန် ကျွန်းတို့တွင်ဖြစ်ပြီး အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အဆောက်အဦးများကို ဗီယက်နမ်က ဆောက်လုပ်နေခြင်း ဖြစ်သည်။ တရုတ်နိုင်ငံကမူ ဗီယက်နမ်၏ ထိုလုပ်ရပ်ကို ဆန့်ကျင်ခဲ့သည်။
    ပါကစ္စတန်စစ်တပ်ရဟတ်ယာဉ် ပျက်ကျ၊ သံတမန်များ သေဆုံး
    ………………………………………………
    ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို ပြသရန်အတွက် နိုင်ငံခြားသံတမန်များကို တင်ဆောင်လာသည့် ပါကစ္စတန်စစ်တပ်မှ ရဟတ်ယာဉ်တစ်ဦးမှာ နိုင်ငံမြောက်ပိုင်း ဂီလ်ဂစ်ဒေသရှိ စာသင်ကျောင်းတစ်ခုပေါ်သို့ ယနေ့တွင် ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ ၁၇ ဦးအနက် နော်ဝေနှင့် ဖိလစ်ပိုင်တို့မှ သံအမတ်များ၊ မလေးရှားနှင့် အင်ဒိုနီးရှားသံအမတ်များ၏ ဇနီးသည်များ အပါအ၀င် လူ
    ၇ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရသူများထဲတွင် ပိုလန်နှင့် နယ်သာလန်တို့မှ သံအမတ်များလည်း ပါဝင်သည်။ လေယာဉ်ပျက်ကျရခြင်းမှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်ဟု ကနဦး စစ်ဆေးမှုအရ သိရပြီး စုံးစမ်းမှုများကို လုပ်ဆောင်သည်ဟု ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။
    ရုရှားအာကာသယာဉ် မီးလောင်ပျက်ဆီး
    ………………………………………..
    လွှတ်တင်ပြီး သိပ်မကြာခင်မှာပင် ထိန်းချုပ်မှု ပျက်တောက်သွားပြီးနောက် အာကာသထဲမှ ပြန်ကျလာသည့် Progress M-27M လူမဲ့ အာကာသယာဉ်မှာ ကမ္ဘာ့လေထုထဲသို့ ၀င်ရောက်စဉ် မီးလောင်ပျက်ဆီးသွားခဲ့ပြီဟု ရုရှားအာကသ အေဂျင်ဆီက ပြောကြားခဲ့သည်။ အဆိုပါ အာကာသယာဉ်တွင် နိုင်ငံတကာအာကာသစခန်း၌ ရှိနေသူများအတွက် ရိက္ခာ၊ အောက်ဆီဂျင်၊ လောင်စာနှင့် သိပ္ပံဆိုင်ရာ ကိရိယာများကို တင်ဆောင်သွားပြီး ထိုသို့ ဆုံးရှုံးခဲ့ခြင်းက နိုင်ငံတကာ အာကာသစခန်းအား အန္တရာယ်ဖြစ်စေမည်မဟုတ်ဟု ၎င်းတို့က ထည့်သွင်းပြောကြားခဲ့သည်။
    အန်ဝါရ်အီဗရာဟင်၏ ဇနီး မလေးရှားတွင် အမတ်ဖြစ်
    ……………………………………….
    ထောင်ဒဏ်ကျခံနေရသည့် မလေးရှားအတိုက်အခံခေါင်းဆောင် အန်ဝါရ်အီဗရာဟင်၏ ဇနီးဖြစ်သူ ၀မ် အဇီဇဟ် ၀မ် အစ္စမာအီလ်မှာ ကြာသာပတေးနေ့က ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံမြောက်ပိုင်း ပီနန်ပြည်နယ်၌ အမတ်တစ်နေရာ အနိုင်ရရှိခဲ့သည်။
    Ref: News Agencies
  • လူကုန်ကူးမှု ပြဿနာ မလေးရှား၊ မြန်မာတို့နှင့် ပူးပေါင်းဖြေရှင်းရန် ထိုင်း ဆန္ဒရှိ
    လူကုန်ကူးမှု ပြဿနာ မလေးရှား၊ မြန်မာတို့နှင့် ပူးပေါင်းဖြေရှင်းရန် ထိုင်း ဆန္ဒရှိ
    မေ ၈၊ ၂၀၁၅
    M-Media
    – ဒေသအတွင်း လူကုန်ကူးမှု ပြဿနာကို ဖြေရှင်းရန်အတွက် ၃ ပွင့်ဆိုင်ဆွေးနွေးမှုများ ပြုလုပ်သွားရန် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက မလေးရှားနှင့် မြန်မာနိုင်ငံတို့အား ယနေ့တွင် တိုက်တွန်းလိုက်သည်။
    ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်အနီးတွင် ပြီးခဲ့သည့်ရက်များအတွင်းက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ လူများအား မှောင်ခိုကုန်ကူးသည်ဟု ယူဆရသော လူကုန်ကူးစခန်း ၃ ခုကို တွေ့ရှိခဲ့ရပြီး အလောင်း ၃၆ လောင်းကိုလည်း တူးဖော်ရရှိခဲ့သည်။
    “ဒီပြဿနာကို ဖြေရှင်းဖို့နဲ့ပတ်သက်ပြီး အစည်းအဝေးတစ်ခု ကျင်းပဖို့အတွက် မလေးရှားနဲ့ မြန်မာတို့ကို ဆက်သွယ်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ကျွန်တော် အမိန့်ပေးထားပါတယ်။ ဒီအစည်းအဝေးကို ဒီလကုန်ပိုင်းလောက်မှာ ကျင်းပနိုင်မယ်လို့ ကျွန်တော်တို့ထင်ပါတယ်” ဟု ပရာယွတ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
    အဆိုပါ လူကုန်ကူးစခန်းများကို တွေ့ရှိခဲ့ပြီးနောက် လူကုန်ကူးကွန်ယက်နှင့် ဆက်နွယ်နေသည့် ထိုင်းနိုင်ငံသား ၇ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦး စုစုပေါင်း ၈ ဦးကို ဖမ်းဆီးထားသည်ဟု ထိုင်းတော်ဝင်ရဲတပ်ဖွဲ့မှ လက်ထောက် အထွေထွေကော်မရှင်နာမင်းကြီး ဗိုလ်ချုပ် အေ့က်
    အန်ဆန်အာနော့န်က ပြောကြားခဲ့သည်။
    ထို့ပြင် ဒေသအတွင်း လူကုန်ကူးကွန်ယက်၏ အဓိကတာဝန်ရှိသူတစ်ဦးကိုလည်း ဖမ်းဆီးပြီးပြီဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ကာ အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
    ယခုနှစ် ပထမ ၃ လတွင် ရိုဟင်ဂျာများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၅၀၀၀ ခန့်မှာ လူမှောင်ခို သင်္ဘောများဖြင့် ထွက်ခွာမှုများ ရှိနေပြီး ပြီးခဲ့သည့်နှစ်ကထက် ၂ ဆ ပိုများလာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ယနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။
    ၎င်းတို့မှာ ထိုင်းနိုင်ငံသို့ မကြာခဏ လူကုန်ကူးခြင်းခံရပြီး တောများအတွင်းသို့ ခေါ်ဆောင်ခြင်းခံရကာ လူကုန်ကူးသူများက ၎င်းတို့၏ မိသားစုများထံမှ ပြန်ပေးငွေတောင်းခြင်း၊ မလေးရှားအတွင်းသို့ လူကုန်ကူးခြင်း၊ ထိုင်းငါးဖမ်းလှေများသို့ ရောင်းစားခြင်းတို့ကို ပြုလုပ်ကြသည်။
    “ဒီပြဿနာကို စတင်ရာနေရာကနေ ဖြေရှင်းဖို့လိုပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်တို့ကို ဆိုလိုပါတယ်” ဟု ပရာယွတ်က ပြောကြားခဲ့သည်။
    မြန်မာ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ဦးမြင့်ကြိုင်ကမူ ဆွေးနွေးပွဲနှင့်ပတ်သက်၍ မိမိတို့အား အကြောင်းမကြားသေးဟု ဆိုသည်။
    “တကယ်လို့ တရားဝင်ဖိတ်ကြားလာရင်တော့ ဒီဆွေးနွေးပွဲမှာ ပါဝင်ဖို့ ကျွန်တော်တို့ စိတ်ဝင်စားမှာပါတယ်” ဟု လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ ဒုတိယအကြီးအကဲ ၀င်းနိုင်ထွန်းက ပြောကြားခဲ့သည်။
    လူကုန်ကူးမှုအား ထိရောက်စွာအရေးမယူမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံမှာ နိုင်ငံတကာ၏ ဝေဖန်မှုကို ခံနေရပြီး လူကုန်ကူးစခန်းများတွင် လူများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည်ကို တွေ့ရှိခဲ့ပြီးနောက် လျှင်လျှင်မြန်မြန်နှင့် ယုံကြည်စိတ်ချရသည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ပြီးခဲ့သည့် တနင်္လာနေ့က အမေရိကန်က ထိုင်းနိုင်ငံအား တိုက်တွန်းခဲ့သည်။
    Ref: Reuters
  • သက်တမ်းမတိုးလျှင်လည်း ဝေါလ်ကော့အား မရောင်းဟု ၀င်းဂါးဆို
    သက်တမ်းမတိုးလျှင်လည်း ဝေါလ်ကော့အား မရောင်းဟု ၀င်းဂါးဆို
    မေ ၈၊ ၂၀၁၅
    M-Media
    walcott
    – အာဆင်နယ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် မအောင်မြင်လျှင်လည်း တိုက်စစ်မှူး သီယိုဝေါလ်ကော့အား ရောင်းချမည်မဟုတ်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    လက်ရှိတစ်ပတ်လုပ်က ပေါင် ၁ သိန်း ရရှိနေသည့် ဝေါလ်ကော့၏ စာချုပ်မှာ လာမည့်နွေရာသီတွင် ကုန်ဆုံးတော့မည် ဖြစ်ပြီး အာဆင်နယ်မှာ ဝေါလ်ကော့၏ ကိုယ်စားလှယ်များနှင့် စာချုပ်သစ်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေသည်။
    အသက် ၂၆ နှစ်အရွယ်ရှိ ဝေါလ်ကော့မှာ ယခုနှစ်တွင် ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်တွင် ၁၀ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ကာ လက်ရှိအချိန်တွင် လီဗာပူးလ်အသင်းက ခေါ်ယူရန် ဆက်သွယ်နေသည်။
    “ဒီနေ့မှာ (ဝေါလ်ကော့ကိုရောင်းမယ်ဆိုတဲ့) ဆန္ဒမျိုး ကျွန်တော့်မှာ မရှိပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်က သူ့ကို နေစေချင်လို့ပါ။ ကျွန်တော်တို့ ဒီလိုလုပ်ဖို့ စိတ်အားထက်သန်ပါတယ်။ သူလည်း ဒီလိုပါပဲ” ဟု ၀င်းဂါးက သတင်းထောက်များအား
    ပြောကြားခဲ့သည်။
    ဝေါလ်ကော့နှင့် ၀င်းဂါးတို့၏ အကြားတွင် မကျေလည်မှုများ ရှိနေသည်ဟု ပြီးခဲ့သည့်မတ်လက သတင်းများ ထွက်ပေါ်ခဲ့ပြီး ဝေါလ်ကော့ကမူ ထိုသတင်းမှာ မဟုတ်ကြောင်း Twitter မှ တစ်ဆင့် ဖြေရှင်းခဲ့သည်။
    Ref: Goal