News @ M-Media

Author: Ko Lay

  • တက္ကဆက်ရှိ အီမာမ်တစ်ဦး မွတ်စလင်လူ့အဖွဲ့အစည်းအတွင်း စွမ်းရည်မြှင့်

    တက္ကဆက်ရှိ အီမာမ်တစ်ဦး မွတ်စလင်လူ့အဖွဲ့အစည်းအတွင်း စွမ်းရည်မြှင့်

    မေ ၈၊ ၂၀၁၅
    M-Media

    texas

    – ပြည်သူများအကြား ပေါင်းကူးတံတားတည်ဆောက်ခြင်း၊ အခြားသော ဘာသာတရားများအား နားလည်မှုမြှင့်တင်ခြင်းနှင့် စင်ကြယ်သော သီလရှိသည့် အိမ်နီးချင်းအဖြစ် နေထိုင်းခြင်းတို့မှာ အစ္စလာမ်၏ အခြေခံ သွန်သင်ချက်များ ဖြစ်သည့်အလျေက် တက္ကဆက်ပြည်နယ်တောင်ပိုင်းမှ ရှေ့ဆောင်အီမာမ်ဖြစ်သူ ဒန်နီယဲလ် အဗ္ဗဒူလာ ဟာနန်ဒက်ဇ်က မွတ်စလင် လူ့အဖွဲအစည်းအနေဖြင့် ဗလီဝတ်ကျောင်းတော်၏ အပြင်ဘက်ကို အာရုံစိုက်ရန်၊ အခြားသောလူ့အဖွဲ့အစည်းများနှင့် ဆက်သွယ်ရန် တိုက်တွန်းပြောကြားခဲ့သည်။

    ဟာနန်ဒက်ဇ်မှာ နောက်လိုက် မွတ်စလင်များအား လမ်းပြရန်အတွက် ဥပမာဖြင့် ပြောကြားခဲ့ပြီး သနားညှာတာမှုကိုလည်း မီးမောင်းထိုးပြခဲ့သည်။

    “သနားညှာတာမှုနဲ့ ပတ်သက်ပြီး တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ရဲ့ လှပတဲ့ သင်ကြားချက်တွေ ကျွန်တော်တို့မှာ ရှိနေပါတယ်။ “လူတွေကို သာနားညှာတာတဲ့သူကို သနားညှာတာမှုအရှိဆုံးဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်ကလည်း သနားညှာတာပါလိမ့်မယ်” ဆိုတာပါပဲ” ဟု ၁၉၉၉ ခုနှစ်က အစ္စလာမ်သို့ သက်ဝင်ယုံကြည်ခဲ့သူ ဟာနန်ဒက်ဇ်က ပြောကြားခဲ့သည်။ ၎င်းမှာ လက်ရှိအချိန်တွက် တက္ကဆက်မြောက်ပိုင်း ပီယာလန်းမြို့ရှိ ပီယာလန်း အစ္စလာမ့်စင်တာတွင် ရှေ့ဆောင်အီမာမ်အဖြစ် ဆောင်ရွက်နေသည်။

    မွတ်စလင်များအနေဖြင့် အနောက်တိုင်းလူ့အဖွဲ့အစည်းတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားရတော့မည်ဖြစ်ပြီး မိမိတို့၏ အခြေအနေကိုလည်း မြှင့်တင်ရတော့မည်ဟု ဟာနန်ဒက်ဇက်က ထည့်သွင်း ပြောကြားခဲ့သည်။

    “အစ္စလာမ်ကပြောတဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေး သဘောထားကို နားလည်တာ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်အောင်လုပ်တာနဲ့ ကျွန်တော်တို့ရဲ့ ဘုံသဘောတရားတွေကို တည်ဆောက်တာဟာ အရေးကြီးပါတယ်။ ပြီးတော့ ကျွန်တော်တို့ဟာ တစ်ခုတည်းသော လူသားထုဖြစ်တယ်။ ကမ္ဘာကြီးပေါ်မှာ၊ ဗလီဝတ်ကျောင်းတော်ရဲ့ အပြင်ဘက်မှာ ကျွန်တော်တို့ ကျေပွန်ရမယ့် တာဝန်ဝတ္တရားတွေ ရှိနေတယ်ဆိုတာကို သိရှိနားလည်တာဟာလည်း အရေးပါပါတယ်။ ဒါဟာ အဆောက်အဦးဆောက်ပေးတာ ဒါမှမဟုတ် လမ်းခင်းပေးတာမျိုး စတဲ့ တာဝန်တွေသာမဟုတ်ဘဲ သနားညှာတာမှုရှိဖို့၊ သနားညှာတာမှုဆိုတာ လူသားအားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ဖို့ စတာတွေပါဝင်တဲ့ ဘုရားသခင်ထံကလာတဲ့ အရည်အချင်းတွေ ပြန့်နှံဖို့လည်း ဖြစ်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဟာနန်ဒက်ဇ်မှာ ၎င်း၏ သွန်သင်ဟောကြားမှုများအတိုင်း ကိုယ်တိုင်လည်း လိုက်နာဆောင်ရွက်ပြီး မွတ်စလင်ခေါင်းဆောင်ပိုင်းသို့ သွားရောက်ခြင်းသာမက တက္ကဆက်ရှိ လူမှုရေးခေါင်းဆောင်များထံသို့ သွားရောက်ကာ လိုအပ်သည်များကို ကူညီပံ့ပိုးပေးလေ့ရှိသည်။

    ယခုနှစ်အစောပိုင်းက ကျရောက်ခဲ့သည့် “မြေကမ္ဘာနေ့” အခမ်းအနားတွင်လည်း ဘာသာပေါင်းစုံ ပန်းဥယျာဉ်တစ်ခု ဆောက်လုပ်ရန် မွတ်စလင်မဟုတ်သူ လူ့အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

    “ကျွန်တော့်ရဲ့ ရည်ရွယ်ချက်တစ်ခုက ကျွန်တော်တို့လူ့အဖွဲ့အစည်းကို ဘုံလူ့အဖွဲ့အစည်းနဲ့ မိတ်ဆက်ပေးဖို့ဖြစ်ပြီး ပန်းဥယျာဉ် ဖန်တီးတာလိုမျိုး ပူးပေါင်းဆောင်ရွက်ရတဲ့ အစီအစဉ်တွေအတွက် ကျွန်တော်တို့ အခွင့်အရေးတွေရစေမယ့် အခြေအနေမျိုးရှိတဲ့ ဆက်ဆံရေးတစ်ခု ဖော်ဆောင်ပေးဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ သစ်ပင်လာစိုက်ဖို့ မြို့ခေါင်းဆောင်တွေရှိတယ်။ ဘာသာပေါင်းစုံက ဘာသာရေးဆရာတွေရှိတယ်။ အခုတော့ ကျွန်တော်တို့မှာ ဒီသစ်ပင်လေးတွေကို ဆက်လက်ရေလောင်းပေါင်းသင်ပေးရမယ့် တာဝန်တွေရှိတယ်၊ အဲဒီလိုပဲ အချင်းချင်း စကားပြောရမယ့် တာဝန်တွေရှိတယ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် သိကြပါတယ်”

    သဟဇာတဖြစ်မှု

    ပန်းဥယျာဉ်တစ်ခု ဖော်ဆောင်သည့် လှုပ်ရှားမှုက ဘာသာပေါင်းစုံ ချစ်ကျည်ရေး လှုပ်ရှားမှုအဖြစ် ပြောင်းလဲသွားပြီး လူ့အဖွဲ့အစည်းမှာလည်း ၎င်းတို့၏ မွတ်စလင်အိမ်နီးချင်းများဖြင့် ထိတွေ့ဆက်ဆံရန် အခွင့်အရေး ပိုရလာပြီဖြစ်သည်။

    “ဒါဟာ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံနေတာမျိုးတွေ၊ ရှုမြင်နေကြတာမျိုးတွေကို ပြောင်းလဲဖို့လိုပြီဆိုတာ ကျန်ကမ္ဘာကြီးတစ်ခုလုံးကို ပြသလိုက်တဲ့ အနေအထားမျိုးလို့ ကျွန်တော် ထင်ပါတယ်” ဟု ပန်းယျာဉ်ဖန်တီးမှု အခမ်းအနားကို တက်ရောက်ခဲ့သည့် ပီယာလန်း အုပ်ချုပ်ရေးမှူး တွမ် ရီဒ်က ပြောကြားခဲ့သည်။

    ထို့ပြင် ပီယာလန်း အစ္စလာမ့်စင်တာမှ ဦးစီးဆောင်ရွက်သော ယခုကဲ့သို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနားက ဘာသာလူမျိုးပေါင်းစုံ၊ အသားအရောင်ပေါင်းစုံ မှီတင်းနေထိုင်ကြသည့် မိမိတို့မြို့တွင် သဟဇာတဖြစ်မှုကို တည်ဆောက်ထိန်းသိမ်းရေးအတွက် အလွန်ရေးပါကြောင်း ရီဒ်က ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့အားလုံးဟာ ဘုရားသခင်တစ်ပါးတည်းကို ကိုးကွယ်ကြတယ်။ နာမည်တွေသာ မတူကြတာပါ”

    ဟာနန်ဒက်ဇ်ကမူ ထိုကဲ့သို့ ချစ်ကြည်ရေးဆောင်ရွက်ခြင်း၊ လူ့အဖွဲ့အစည်းအတွင်း ကူညီဆောင်ရွက်ပေးခြင်းတို့မှာ ဘာသာတရားက သွန်သင်ထားသည့်အတွက်ကြောင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Onislam

  • နိုင်ငံတကာသတင်းတို (မေ ၇၊ ၂၀၁၅)

    နိုင်ငံတကာသတင်းတို (မေ ၇၊ ၂၀၁၅)

    မေ ၇၊ ၂၀၁၅
    M-Media

    AK-47 ရိုင်ဖယ်အသစ် လာတော့မည်
    …………………………………….

    ရုရှားရှိ ထိပ်တန်းရိုင်ဖယ်ထုတ်လုပ်သည့် ကာလာရှင်ကော့ဗ် ကုမ္ပဏီက ခေတ်မီ AK-47 ရိုင်ဖယ်အသစ်ကို မေလ ၉ ရက်နေ့တွင် ပြုလုပ်မည့် စစ်ရေးပြအခမ်းအနား၌ ထုတ်ပြသွားမည်ဟု ပြောကြားလိုက်သည်။ အဆိုပါ ရိုင်ဖယ်တွင် ခေတ်မှီ မှန်ပြောင်း၊ လေဆာပစ်မှတ်ချိန် စနစ်နှင့် မြင်နိုင်စွမ်းနည်းပါသည့်နေရာတွင် အသုံးပြုနိုင်ရန် ဖလက်ရှ်မီးလည်း ပါဝင်မည်ဖြစ်ကာ ယခင် ရိုင်ဖယ်များထက် ၅၀ ရာခိုင်နှုန်း ပိုမိုတိကျသည်ဟု ဆိုသည်။ ထိုရိုင်ဖယ်အသစ်မှာ အသံတိတ်ပစ်ခတ်နိုင်မည့် ကိရိယာလည်း ပါဝင်ပြီး ၄၀ မမ ဗုံးလောင်ချာနှင့် လှံစွပ်လည်း ပါဝင်မည်ဖြစ်ကာ မည်သည့် ရာသီဥတုအခြေအနေမျိုး၌မဆို အသုံးပြုနိုင်မည်ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။

    အိန္ဒိယ၏ ငလျင်သတင်းတင်ပြမှု နီပေါပြည်သူများ ဝေဖန်
    …………………………………….
    လက်ရှိအချိန်အထိ လူပေါင်း ၈ ထောင်ကျော် သေဆုံးခဲ့သည့် နီပေါငလျင်နှင့် ပတ်သက်၍ အိန္ဒိယမီဒီယာများ၏ သတင်းထုတ်ပြန်မှုများမှာ နီပေါပြည်သူများ ကြုံတွေ့နေရသည့် ဒုက္ခများထက် အိန္ဒိယစစ်တပ်နှင့် မိုဒီအစိုးရ၏ ကောင်းကြောင်းများကိုသာ ကြေညာနေခြင်းဖြစ်သည်ဟု နီပေါပြည်သူများက ယခုရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာများ၌ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့သည်။ အိန္ဒိယမှာ နီပေါငလျင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကယ်ဆယ်ရေးလုပ်သား ၇၀၀၀ ကျော်နှင့် လေယာဉ်များကို ပို့လွှတ်ပေးထားသည်။

    ဖမ်းထားသည့် ကွန်တိန်နာသင်္ဘော အီရန်ပြန်လွှတ်ပေး
    ………………………………….
    ဧပြီ ၂၈ ရက်နေ့က ဟော်မုဇ်ရေလက်ကြားတွင် ဖမ်းဆီးခဲ့သည့် မာရှယ်ကျွန်းအလံလွှင့် ကွန်တိန်နာသင်္ဘော Maersk Tigris အား လွှတ်ပေးလိုက်ပြီဟု အီရန်က ယနေ့တွင် ကြေညာလိုက်သည်။ သင်္ဘောကုမ္ပဏီနှင့် ငွေရေကြေးရေးကိစ္စ ရှင်းစရာရှိသည်ဟု အီရန်ကုမ္ပဏီတစ်ခုက တိုင်ကြား ထားသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပြဿနာကို ဖြေရှင်းပြီးသွားပြီဟု ဆိုသည်။ သင်္ဘောကုမ္ပဏီကလည်း ၎င်းတို့သင်္ဘော ပြန်လည်လွတ်မြောက်လာကြောင်း အတည်ပြုခဲ့သည်။

    ပြင်သစ်စစ်တပ် လိင်ပိုင်းဆိုင်ရာစော်ကားမှု လူပုဂ္ဂိုလ်များကိုစစ်ဆေး
    ………………………………………
    ဗဟိုအာဖရိကတွင် ပြင်သစ်စစ်တပ်က ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည်ဟူသော သတင်းနှင့်ပတ်သက်၍ လူပုဂ္ဂိုလ်များအား စတင် စုံစမ်းမှုများ ပြုလုပ်နေသည်ဟု ပဲရစ်ရှိ တရားသူကြီးများက ပြောကြားလိုက်သည်။ သို့သော်လည်း မည်သူမည်ဝါများ ဖြစ်သည်ကို ထုတ်ပြန်ခဲ့ခြင်းမရှိချေ။

    Ref: News Agencies

  • ဦးရွှေမန်း၏ ပူးပေါင်းလိုသည့် စိတ်ဓာတ်ကို ဒေါ်စု ချီးကျူး

    ဦးရွှေမန်း၏ ပူးပေါင်းလိုသည့် စိတ်ဓာတ်ကို ဒေါ်စု ချီးကျူး

    မေ ၇၊ ၂၀၁၅
    M-Media

    aung-san-suu-kyi-1

    – နိုင်ငံရေးပြိုင်ဘက်ဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ သူရဦးရွှေမန်း၏ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်အား ချီးကျူးသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် ပြောကြားလိုက်သည်။

    ဦးရွှေမန်းမှာ ပြီးခဲ့သည့်တစ်ပတ်က သွားရောက်ခဲ့သည့် အမေရိကန်ခရီးစဉ်တွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မည်သူနှင့်မဆို တိုင်းပြည်အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။

    လာမည့် နိုဝင်ဘာရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်ကာ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်မှာ ဖွဲစည်းပုံ အခြေခံဥပဒေအရ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့် မရှိပေ။

    ရွေးကောက်ပွဲအပြီး လွှတ်တော်မှ ရွေးချယ်မည့် သမ္မတနေရာအတွက် လက်ရှိအချိန်တွင် အတိုက်အခံဘက်မှ မည်သူမှ ပေါ်ထွက်လာခြင်း မရှိသေးဘဲ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်ဥက္ကဌ ဦးရွှေမန်းနှင့် မဟာမိတ်ဖွဲ့မည်ဟုလည်း ကောလဟာလများ ထွက်ပေါ်နေသည်။

    မည်သူနှင့်မဆို မဟာမိတ်ဖွဲ့ရန် အဆင်သင့်ရှိသည်ဟူသော ဦးရွှေမန်း၏ စကားကို ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးခဲ့သည်။

    “ဒီလို ပူးပေါင်းဆောင်ရွက်ချင်တဲ့ စိတ်ဓာတ်ဟာ သိပ်ကောင်းပါတယ်။ ကျွန်မတို့ ဒါကို ကြိုဆိုပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် AFP သတင်းဌာနသို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

    ယခုနှစ်ရွေးကောက်ပွဲမှာ စစ်တပ်အုပ်ချုပ်မှုမှ တိုက်ရိုက်ဖြစ်လာသည့် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေအတွက် အဓိကစမ်းသပ်မှုအဖြစ် ရှုမြင်နေကြသည်။ ထို့ပြင် နိုင်ငံအား ဒီမိုကရေစီသို့ တစ်ဆင့်ပိုနီးလာစေရန်အတွက် ဆယ်စုနှစ်များတွင်း အကောင်းဆုံး အခွင့်အရေးလည်း ဖြစ်လာနိုင်သည်။

    ဦးရွှေမန်းက မဟာမိတ်အဖြစ် ပူးပေါင်းရန်အသင့်ဟု ပြောကြားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကမူ လက်ရှိအချိန်တွင် မဟာမိတ်ဖွဲ့ရန် အစီအစဉ်မရှိသေးကြောင်း ပြောကြားခဲ့ပြီး၊ ရွေးကောက်ပွဲအား သပိတ်မှောက်ကောင်းမှောင်နိုင်မည်ဆိုသည်ကိုလည်း
    ငြင်းဆိုခဲ့ခြင်းမရှိချေ။

    Ref: Channelnewsasia

  • ကွင်းလယ်လူ ယာယာတိုးယေး မန်စီးတီးမှ ထွက်ခွာရန် သေချာနေ

    ကွင်းလယ်လူ ယာယာတိုးယေး မန်စီးတီးမှ ထွက်ခွာရန် သေချာနေ

    မေ ၇၊ ၂၀၁၅
    M-Media

    toure

    – မန်စီးတီးအသင်း၏ အားထားရသည့် ကွင်းလယ်ဖန်တီးရှင် ယာယာတိုးယေးမှာ ရာသီကုန်လျှင် အသင်းမှထွက်ခွာရန် ၉၀ ရာခိုင်နှုန်း သေချာနေပြီဟု ၎င်း၏ အေးဂျင့်ဖြစ်သူက ပြောကြားလိုက်သည်။

    တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းရနေသည့် တိုးယေးမှာ မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်း ၂ နှစ်ကျန်သေးပြီး မကြာမီ ၎င်း၏ အနာဂတ်အတွက် မန်စီးတီး အကြီးအကဲများနှင့် ဆွေးနွေးမည်ဖြစ်သည်။

    မန်စီးတီးမှာ သက်ကြီးကစားသမားများ များပြားနေသည့် အသင်းမှ ကစားသမားများကို လာမည့် နွေရာသီတွင် လျှော့ချချင်နေပြီး တိုးယေးမှာလည်း ထိုအထဲတွင် ပါဝင်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။

    မေလ ၁၃ ရက်နေ့တွင် အသက် ၃၂ နှစ်ပြည့်မည့် တိုးယေးကို အင်တာကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကာ နည်းပြမန်စီိနီက တိုးယေးမှာ မိမိနှင့် သားကဲ့သို့ဖြစ်သည်ဟု ပြောကြားခဲ့ဖူးသည်။

    အေးဂျင့်ဖြစ်သူ ဒီမီထရီ ဆီလက်က်ကလည်း တိုးယေး၏ အနာဂတ်မှာ ပရီးမီးယားလိဂ်အပြင်ဘက်တွင် ဖြစ်မည်ဟုဆိုသည်။

    “ဒီနှစ်နွေရာသီမှာ သူဟာ မန်စီးတီးကို စွန့်ခွာမယ်ဆိုတာ ၉၀ ရာခိုင်နှုန်း သေချာပါတယ်။ ဘာမှတော့ မဆုံးဖြတ်ရသေးပါဘူး။ ရာသီကုန်တာကို ကျွန်တော်တို့ စောင့်နေတာပါ” ဟု Sky Sports သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • ရည်းစား၏ ဖမ်းဆီးခြင်းခံထားရသူ Pizza Hut မှ တစ်ဆင့် အကူအညီခေါ်ခဲ့

    ရည်းစား၏ ဖမ်းဆီးခြင်းခံထားရသူ Pizza Hut မှ တစ်ဆင့် အကူအညီခေါ်ခဲ့

    မေ ၇၊ ၂၀၁၅
    M-Media

    CEVPlFxW0AAVrB4

    – အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါမှ အမျိုးသမီးတစ်ဦးမှာ ကလေးငယ်များနှင့်အတူ ဖမ်းဆီးထားခြင်းခံရစဉ် ပီဇာအော်ဒါမှတစ်ဆင့် အကူအညီတောင်းခဲ့သည်ဟု သိရသည်။

    ချယ်ရီ ထရက်ဒ်ဝေးဆိုသူ အမျိုးသမီးဖြစ်ပြီး တနင်္လာနေ့တွင် ရည်းစားဖြစ်သူက ဓားဖြင့်ခြိမ်းခြောက်ကာ ကလေးငယ် ၃ ဦးနှင့်အတူ နေအိမ်တွင် ဖမ်းဆီးခံထားရခြင်းဖြစ်သည်။ ထို့နောက် ထရက်ဒ်ဝေးက ရည်းစားကို ဖျားယောင်းကာ Pizza Hut တွင် ဖုန်းဖြင့် အွန်လိုင်းမှ တစ်ဆင့် ပီဇာမှာမည်ဟု ပြောကြားခဲ့သည်။

    ထို့နောက် မိမိတို့မှာ အဖမ်းခံထားရပြီး အကူအညီလိုနေကာ၊ ရဲတပ်ဖွဲ့အား အကြောင်းကြားပေးရန် Pizza Hut ၏ အော်ဒါတွင် ရေးသားခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထရက်ဒ်ဝေးမှာ ဟိုက်လန်းကောင်တီ၏ Pizza Hut ဆိုင်ခွဲတွင် မကြာခဏ ၀ယ်စားနေသူဖြစ်ပြီး ဆိုင်ဝန်ထမ်းများကလည်း သိနေကာ အော်ဒါရောက်လာပြီးနောက် ဆိုင်ဝန်ထမ်းများအားလုံးမှာ ထိတ်ထိတ်ပြာပြာ ဖြစ်သွားခဲ့ကြသည်။

    “ကျွန်တော်တို့ ဒါမျိုး တစ်ခါမှ မမြင်ဖူးပါဘူး။ ဒီမှာ အလုပ်လုပ်နေတာ၂၈ နှစ်ရှိပါပြီ။ ဒါမျိုး ဘယ်တုန်းကမှ မမြင်ဖူးပါဘူး” ဟု အဆိုပါ Pizza Hut ဆိုင်ခွဲ၏ မန်နေဂျာ ကန်ဒီ ဟာမီလ်တန်က ပြောကြားခဲ့သည်။

    အော်ဒါရပြီးနောက် Pizza Hut က ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့က ထရက်ဒ်ဝေး အိမ်သို့ သွားရောက်ကာ အခြေအနေကို ထိန်းသိန်းနိုင်ခဲ့သည်။ ဓားဖြင့် ခြိမ်းခြောက်ကာ ထရက်ဒ်ဝေးတို့ မိသားစုအား ဖမ်းဆီးထားသည့် အီသန် နစ်ကာဆန်ဆိုသူကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။

    ရဲတပ်ဖွဲ့က နစ်ကာဆန်နှင့် ထရက်ဒ်ဝေးတို့မှာ အမြဲတမ်းလိုလို စကားများကြပြီး ထိုနေ့က ကလေးများအား ကျောင်းကြိုပြီးနောက် ထိုကဲ့သို့ အကြပ်ကိုင် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ လက်ရှိတွင် နစ်ကာဆန်ကို တရားစွဲဆိုထားသည်။

    Ref: CNN