News @ M-Media

Author: Ko Lay

  • ပြင်သစ်တွင် မွတ်စလင်အမျိုးသမီးတစ်ဦး စကတ်အရှည်ဝတ်၍ ကျောင်းခန်းထဲသို့ ၀င်ခွင့်မရ

    ပြင်သစ်တွင် မွတ်စလင်အမျိုးသမီးတစ်ဦး စကတ်အရှည်ဝတ်၍ ကျောင်းခန်းထဲသို့ ၀င်ခွင့်မရ

    ဧပြီ ၃၀၊ ၂၀၁၅
    M-Media

    france muslim

    – မွတ်စလင်အမျိုးသမီးများ စကတ်အရှည်ဝတ်ဆင်မှုမှာ ဘာသာရေးဆန်သည်ဟုဆိုကာ ပြင်သစ်ရှိ ကျောင်းတစ်ကျောင်းက ပိတ်ပင်ခဲ့မှုနှင့်ပတ်သက်၍ ပြစ်သစ် မွတ်စလင်လူ့အဖွဲ့အစည်းအတွင်း မကျေလည်မှုများ ဖြစ်ပေါ်ခဲ့ရသည်။

    “စကတ်ဆိုတာက ဘာမှ ထွေထွေထူးထူးမဟုတ်ပါဘူး။ အရမ်းကို ရိုးရှင်းပြီး ဆန်းပြားတာမျိုးလည်း မဟုတ်ပါဘူး” ဟု အဆိုပါ ကျောင်းမှ ကျောင်းသူတစ်ဦးဖြစ်သူ ဆာရာက AFP သတင်းဌာနသို့ ဧပြီ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

    နိုင်ငံအရှေ့မြောက်ပိုင်း Charleville-Mezieres မြို့တွင် ကျောင်းတက်နေသည့် ဆာရာမှာ စကတ်အရှည်ဝတ်သောကြောင့် ယခုလအတွင်း အတန်းထဲသို့ဝင်ရောက်ခြင်းကို ၂ ကြိမ်တိုင်တိုင် ပိတ်ပင်ခြင်းခံခဲ့ရပြီး ကျောင်းအုပ်ကြီးက သူမ၏ စကတ်အရှည်မှာ သိသိသာသာ ဘာသာရေးဆန်နေသည်ဟု ပြောကြားခဲ့သည်။

    “ဒီကောင်မလေးကို ပေးမ၀င်တာမဟုတ်ပါဘူး။ ရိုးရိုးဝတ်စုံဝတ်ပြီး ပြန်လာခိုင်းလိုက်တာပါ။ သူ့အဖေက သူ့သမီးကို ကျောင်းပြန်မပို့ချင်ပုံ ရပါတယ်” ဟု ဒေသတွင်း ပညာရေးဆိုင်ရာ တာဝန်ရှိသူ ပက်ထရစ် ဒူတော့က ပြောကြားခဲ့သည်။

    ကျောင်းတာဝန်ရှိသူများ၏ ပြောကြားချက်အရ ဆာရာမှာ ၎င်း၏ ဟီဂျဘ်ကို ကျောင်းအဆောက်အဦးအတွင်းသို့ မ၀င်ခင် ချွတ်လေ့ရှိသည်ဟု သိရသည်။

    အဆိုပါကျောင်း၏ ဆုံးဖြတ်ချက်က နိုင်ငံသားများအကြားတွင် မကျေလည်မှုကို ဖြစ်စေပြီး ဆိုရှယ်မီဒီယာတွင် #JePorteMaJupeCommeJeVeux (ကိုယ်နှစ်သက်၍ စကတ်ဝတ်သည်) ဟူသော ခေါင်းစဉ်ဖြင့် လှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး စတင်ပြီး သိပ်မကြာခင်မှာပင် လူသိများလာခဲ့သည်။

    “လူဖြူတစ်ယောက် ဒါကိုဝတ်ရင် ခေတ်မှီတာပါပဲ။ တကယ်လို့ မွတ်စလင်တစ်ယောက်က ၀တ်ရင်တော့ အဲဒါဟာ မျက်စိစပါးမွှေးစူးစရာ ဖြစ်လာပါတယ်” ဟု Twitter အသုံးပြုသူတစ်ဦးက ရေးသားခဲ့သည်။

    သို့သော်လည်း ဒေသတွင် ပညာရေးရုံးက အဆိုပါကျောင်း၏ စကတ်အရှည် ပိတ်ပင်မှုအား ထောက်ခံခဲ့ပြီး ထိုဝတ်စုံက ရန်စမှုအစိတ်အပိုင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျောင်းသားတွေက စုပေါင်းပြီး ဆန့်ကျင်လာတဲ့အခါ ဥပမာအားဖြင့် မျက်နှာကို ဖုံးအုပ်တာမျိုးလို ထင်သာမြင်သာရှိတဲ့ ကိစ္စရပ်မျိုးတွေလည်း ပိုပြီး ပါလာမှာပါ။ ပညာရေးအတွက် လောကီသီးသန့်မူဘောင်ကို အသေအချာ သတိထားရမှာဖြစ်ပြီး အာမခံပေးရပါမယ်” ဟု ဒေသတွင်း ပညာရေးရုံးမှထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ဆာရာ၏ ထိုပြဿနာမှာ ပြင်သစ်နိုင်ငံတွင် ပထမဆုံးမဟုတ်ချေ။ ပြီခဲ့သည့်နှစ်က နိုင်ငံတစ်ဝှမ်းရှိ ကျောင်းသား ၁၃၀ ခန့်မှာ ဘာသာရေးနွယ်သည့် ၀တ်စားဆင်ယင်မှုများကြောင့် စာသင်ခန်းအတွင်းသို့ ၀င်ရောက်မှုအား တားဆီးခြင်းခံခဲ့ရသည်ဟု CCIF အစ္စလာမ်ကြောက်ရောဂါ စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။

    “စကတ်အရှည်ဝတ်တာက ဘာမှ နေမထိထိုင်မသာ ဖြစ်စရာကိစ္စ မဟုတ်ပါဘူး။ စိတ်ကစဥ့်ကလျားရောဂါ ကြီးနေလို့သာ ဒါမျိုးဖြစ်နေတာပါ” ဟု နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ကြောက်ရောဂါ စောင့်ကြည့်ရေးအဖွဲ့မှ ဥက္ကဌဖြစ်သူ အဗ္ဗဒူလာ ဇက်ရီက ပြောကြားခဲ့သည်။

    ပြင်သစ်နိုင်ငံတွင် အစ္စလာမ်ဘာသာဝင်ဦးရေမှာ ၆ သန်းခန့်ရှိပြီး ဥရောပ၌ အများဆုံးဖြစ်သည်။ ပြင်သစ်မွတ်စလင်များမှာ မကြာသေးမီကာလအတွင်း ၎င်းတို့၏ ဘာသာရေးဆိုင်ရာ ကျင့်သုံးမှုများအား ကန့်သတ်ခြင်းခံရမှုနှင့် ပတ်သက်၍ စောဒကတက်မှုများ ရှိနေသည်။

    ၂၀၀၄ ခုနှစ်က ပြင်သစ်မှာ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ဟီဂျဘ်ဝတ်ဆင်ခြင်းကို တားမြစ်ခဲ့ပြီး အခြားဥရောပနိုင်ငံများကလည်း ထိုကဲ့သို့ လိုက်လံ လုပ်ဆောင်ခဲ့ကြသည်။

    Ref: Onislam

  • နီပေါငလျင်အတွက် စင်ကာပူ မွတ်စလင်လူ့အဖွဲ့အစည်း ကူညီမည်

    နီပေါငလျင်အတွက် စင်ကာပူ မွတ်စလင်လူ့အဖွဲ့အစည်း ကူညီမည်

    ဧပြီ ၂၉၊ ၂၀၁၅
    M-Media

    al-muttaqin-mosque

    – နီပေါနိုင်ငံရှိ ငလျင်ဒဏ်သင့်သူများအား ကူညီရန်အတွက် စင်ကာပူနိုင်ငံရှိ ဗလီဝတ်ကျောင်းတော်ပေါင်း ၆၈ လုံးတွင် အလှူငွေများ လက်ခံသွားမည်ဟု ရဟ်မာတန် လီလ် အလာမင် ဖောင်ဒေးရှင်း RLAF က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

    RLAF မှာ စင်ကာပူမွတ်စလင် လူ့အဖွဲ့အစည်းအနေဖြင့် ဆင်းရဲနွမ်းပါးသူများ၊ ချို့တဲ့သူများနှင့် သဘာဝဘေးအန္တရာယ်ကို ခံစားရသူများအား ကူညီဖေးမ မေတ္တာမျှဝေရန် ရည်ရွယ်၍ ၂၀၀၅ ခုနှစ်က စင်ကာပူ အစ္စလာမ်သာသနာရေးကောင်စီ MUIS မှ တည်ထောင်ထားသည့် ဖောင်ဒေးရှင်းဖြစ်သည်။

    အဆိုပါ ဖောင်ဒေးရှင်း၏ အဆိုအရ စင်ကာပူရှိ ဗလီဝတ်ကျောင်းတော်များမှာ မွတ်စလင်လူ့အဖွဲ့အစည်းမှ မည်သည့်ပုံစံမျိုးဖြင့် လှူဒါန်းမှုဖြစ်စေ လက်ခံသွားမည်ဖြစ်ပြီး၊ MUIS ၀ဘ်ဆိုက်သို့ဝင်ရောက်ကာ အွန်လိုင်းမှလည်း လှူဒါန်းမှုများကို ပြုလုပ်နိုင်သည်ဟု ဆိုသည်။

    “နီပေါနိုင်ငံအတွက် အထူးကောက်ခံမှု” ဟု စာတမ်းကပ်ထားသည့် အလှူခံပုံးများကို မေလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ အဆိုပါ ဗလီဝတ်ကျောင်းတော် ၆၈ လုံးတွင် RLAF က ထားရှိသွားမည်ဖြစ်သည်။

    “ကောက်ခံမှုက ရရှိတာတွေကို ငလျင်ကြောင့် ထိခိုက်သူတွေကို သွားရောက်ကူညီပေးဖို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့တဲ့ Mercy Relief ကို လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်ပါတယ်။ နီပေါက ငလျင်ဒဏ်ခံ ပြည်သူတွေ စိတ်ဓာတ်ခွန်အားရှိဖို့၊ ၀မ်းနည်းစရာကောင်းပြီး စိန်ခေါ်မှုတွေရှိနေတဲ့ ဒီအဖြစ်အပျက်တွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိဖို့ စင်ကာပူ မွတ်စလင်လူ့အဖွဲ့အစည်းက ဆုမွန်ကောင်း တောင်းပါတယ်” ဟု RLAF က ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • လာမည့်နှစ်တွင် လီဗာပူးလ်အား ရော်ဂျာ လူသစ်ဖြည့်တင်းမည်

    လာမည့်နှစ်တွင် လီဗာပူးလ်အား ရော်ဂျာ လူသစ်ဖြည့်တင်းမည်

    ဧပြီ ၂၉၊ ၂၀၁၅
    M-Media

    Roger

    – အသင်း၏ ချန်ပီယံလိဂ် မျှော်လင့်ချက် ပျက်ပြယ်သလောက် ဖြစ်သွားခဲ့ရသော်လည်း လာမည့်နွေရာသီတွင် အသင်းအား အင်အားဖြည့်တင်းသွားမည်ဖြစ်ပြီး အသင်းပိုင်ရှင်များကလည်း ထောက်ပံ့မည်ဟု မျှော်လင့်ကြောင်း လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။

    ယန့နံနက်က ဟားလ်စီးတီးအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ်မှာ ကစားရန် ၄ ပွဲသာ ကျန်ရှိတော့သည့်အချိန်တွင် အဆင့် ၄ နေရာမှ မန်ယူထက် ၇ မှတ်ကွာဟသွားခဲ့ကာ ထိပ်ဆုံးလေးသင်းဝင်ရေး မျှော်လင့်ချက်မှာ မှေးမှိန်ခဲ့ရသည်။ ရော်ဂျာကမူ လာမည့် နွေရာသီအပြောင်းအရွှေ့တွင် အသင်းအား အင်အားဖြည့်တင်းရန် ဆန္ဒရှိနေသည်ဟု ၀န်ခံခဲ့ပြီး မိမိ၏ ထိုဆန္ဒအတွက် အသင်းတာဝန်ရှိသူများကလည်း လိုအပ်သည့်ရန်ပုံငွေ ထုတ်ပေးမည်ဟု ယုံကြည်နေသည်။

    “အသင်းကြီးတိုင်းက လုပ်ကြမယ့် လူအင်အားတောင့်တင်းဖို့ ကျွန်တော်တို့လည်း လုပ်ရမှာပါ။ ပရိတ်သတ်တွေနဲ့ ကစားသမားတွေအတွက် အဓိက ကစားသမားတွေ ရောက်လာတာဟာ ကောင်းပါတယ်။ ပြီးတော့ တစ်ယောက်၊ နှစ်ယောက်လောက်တော့ ကျွန်တော်တို့ လိုမှာပါ။ အသင်းပိုင်ရှင်တွေကလည်း ထောက်ခံအားပေးမှာပါ” ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    လီဗာပူးလ်မှာ လက်ရှိအချိန်တွင် PSV မှ မမ်ဖစ် ဒီပေးအား မန်ယူထက်အရင် စာချုပ်ချုပ်နိုင်ရန် ဆောင်ရွက်နေပြီး ရော်ဂျာကလည်း ဒဏ်ရာရနေသည့် ဒန်နီယဲလ် စတားရစ်ခ်ျ၊ ဘာစီလိုနာသို့ ထွက်ခွာသွားသည့် လူးဝစ်ဆွာရက်ဇ်တို့ကြောင့် အားနည်းနေသည့် တိုက်စစ်ပြဿနာကို ဖြေရှင်းရန်အတွက် တိုက်စစ်အားသန်သည့် ကစားသမားများကို မဖြစ်မနေ ဖြည့်တင်းရမည်ဟု ၀န်ခံခဲ့သည်။

    “ဆွာရက်ဇ်နဲ့ စတားရစ်ခ်ျတို့ ရှိတာတောင်မှာ မနှစ်က ကျွန်တော်တို့ဟာ ထိပ်ဆုံး လေးသင်းဝင်မယ်လို့ တစ်ပေးခြင်း မခံရပါဘူး။ အခုတော့ စိန်ခေါ်မှုက ပိုပြီး ကြီးလာပါပြီ။ ကစားသမားတွေက စိန်ခေါ်မှုနဲ့ အသင်းရဲ့ စံချိန်ကို ဖြည့်ဆည်းဖို့ အကောင်းဆုံး ပေးဆပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မနှစ်ကအဆင့်တော့ မရောက်ခဲ့ပါဘူး။ ဒါဟာ နောက်နှစ် ကျွန်တော်တို့အတွက် စိန်ခေါ်မှုပါပဲ။ လှိုင်းကြမ်းလေကြမ်းကို ဖြတ်နိုင်မယ့် အသင်းတစ်သင်း တည်ဆောက်ဖို့ပေါ့ဗျာ”

    Ref: Goal.com

  • လက်တွင် ဆေးမင်ကြောင်ရှိသူများ ဝတ်ဆင်ပါက Apple Watch အပြည့်အ၀ အလုပ်မလုပ်

    လက်တွင် ဆေးမင်ကြောင်ရှိသူများ ဝတ်ဆင်ပါက Apple Watch အပြည့်အ၀ အလုပ်မလုပ်

    ဧပြီ ၂၉၊ ၂၀၁၅
    M-Media

    Apple CEO Tim Cook introduces the Apple Watch during an Apple event in San Francisco, California March 9, 2015.  REUTERS/Robert Galbraith (UNITED STATES  - Tags: SCIENCE TECHNOLOGY BUSINESS)   - RTR4SNIB

    – မကြာသေးမီက ထွက်ရှိခဲ့သည့် Apple Watch မှာ လက်ကောက်ဝတ်တွင် ဆေးမင်ကြောင်ထိုးထားသူများ ၀တ်ဆင်ပါက ပုံမှန်အတိုင်း အလုပ်မလုပ်သည့် ပြဿနာများ ရှိနေသည်ဟု သုံးစွဲသူများထံမှ သိရသည်။

    လက်ကောက်ဝတ်တွင် ဆေးမင်ကြောင်ထိုးထားသည့် သုံးစွဲသူတစ်ယောက်က ၎င်း၏ Apple Watch မှာ ကွန်နက်ရှင် ပျောက်ပျောက်သွားပြီး နှလုံးခုန်နှုန်းကိုလည်း အတိအကျ မဖတ်ပေးနိုင်ဟု သတင်းနှင့် ဆိုရှယ်ဆိုက်တစ်ခုဖြစ်သည့် Reddit တွင် ပထမဆုံး ရေးသားခဲ့သည်။

    ထို့နောက် လက်ကောက်ဝတ်တွင် ဆေးမင်ကြောင်ထိုးထားသည့် သုံးစွဲသူအများအပြားကလည်း ၎င်းတို့မှာ ထိုကဲ့သို့ ပြဿနာမျိုးကို ရင်ဆိုင်နေရသည်ဟု ပြောဆိုမှုများ ရှိလာခဲ့သည်။ ဆေးမင်ကြောင် ဆေးထူသူများသည့် ဆေးပါးသူများထက် ထိုပြဿနာကို ပို၍ခံစားရပြီး ဆေးမင်ကြောင်မရှိသည့်လက်တွင် ပတ်လိုက်ပါက Apple Watch မှာ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်သည်ကိုလည်း တွေ့ရှိရသည်။

    Apple Watch တွင် လက်ကောက်ဝတ်အား စကန်ဖတ်သည့် လုပ်ငန်းစဉ် ပါရှိပြီး ထိုလုပ်ငန်းမှာ ဆေးမင်ကြောင်ကြောင့် အလုပ်မလုပ်ဘဲ နာရီကို လက်မှ ချွတ်လိုက်သည်ဟုဆိုကာ Lock ကျသွားတတ်ပြီး လုံခြုံရေး PIN နံပါတ်များကို တောင်းသောကြောင့် အသုံးပြုသူများမှာ နာရီအား လက်တွင် ပတ်ထားသော်လည်း PIN နံပါတ်များကို မကြာခဏရိုက်ထည့်နေရသည်။

    Apple Watch မှ နှလုံးခုန်နှုန်းကို တိုင်းတာရာတွင် အရေပြားသို့ဖြတ်၍ အလင်းစုတ်ယူမှုဖြင့် တိုင်းတာခြင်းဖြစ်သည်ဟု Apple မှ စောစောပိုင်းတွင် ရှင်းပြထားသည်။

    အဆိုပါ နာရီ၏ လက်ကောက်ဝတ်စကန်ဖတ်သည့် စနစ်ကို ပိတ်ထား၍ ရနိုင်သော်လည်း ထိုသို့ပိတ်ထားပါက Apple Pay ကို အသုံးပြုနိုင်တော့မည်မဟုတ်ချေ။ Apple ကမူ အဆိုပါ ပြဿနာနှင့် ပတ်သက်၍ မည်သည့် မှတ်ချက်မှ မပေးသေးပေ။

    Ref: news.sky

  • အလုပ်သမားတစ်ဦး မတော်တဆသေဆုံးမှုအတွက် အမေရိကန်အစားအသောက်ကုမ္ပဏီ တရားစွဲခံရ

    အလုပ်သမားတစ်ဦး မတော်တဆသေဆုံးမှုအတွက် အမေရိကန်အစားအသောက်ကုမ္ပဏီ တရားစွဲခံရ

    ဧပြီ ၂၉၊ ၂၀၁၅
    M-Media

    us food

    – အလုပ်သမားတစ်ဦးကို တူနာငါး ပေါင် ၁၂၀၀၀ နှင့်အတူ စက်ရုံ၏ မီးဖိုထဲတွင် အရှင်လတ်လတ် ချက်ပြုတ်မိခဲ့သည့် အဖြစ်အပျက် ဖြစ်ပွားခဲ့ပြီးနောက် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းကမ်းချက်များကို ချိုးဖောက်သည်ဟုဆိုကာ အမေရိကန်မှ Bumble Bee Foods အစားအသောက်ကုမ္ပဏီနှင့် ၎င်းတို့ မန်နေဂျာ ၂ ဦးအား လော့စ်အိန်ဂျလိစ် တရားရုံးက တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    အဆိုပါ အဖြစ်အပျက်မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် မတော်တဆ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၆၂ နှစ်အရွယ် အလုပ်သမား ဂျိုဆေး မီလီနာမှာ စက်ရုံရှိ ၃၂ ပေရှိသော မီးဖိုထဲတွင် သန့်ရှင်းရေးပြုလုပ်နေစဉ် လုပ်ဖော်ကိုင်ဖက်တစ်ဦက မီလီနာ အိမ်သာသွားနေသည်ဟု ထင်မှတ်ကာ မီးဖိုထဲတွင် တူနာငါးစည်းသွတ်ဘူးများကို ထည့်၍ မီးဖိုအား ဖွင့်ခဲ့ခြင်းဖြစ်သည်။

    အလုပ်သမားခေါင်းဆောင်က မီလီနာ ပျောက်ဆုံးနေသည်ကို သတိပြုမိခဲ့သောကြောင့် စက်ရုံနှင့် ကားပါကင်တို့တွင် ရှာဖွေခဲ့သော်လည်း နောက်ဆုံးတွင် အပူချိန် ၂၇၀ ဒီဂရီအထိ ရောက်သွားခဲ့သည့် မီးဖိုးထဲတွင် ၂ နာရီကြာပြီးနောက် မီလီနာ၏ အလောင်းကို တွေ့ရှိခဲ့ရသည်။

    တရားသူကြီးများကမူ ကုမ္ပဏီနှင့် မန်နေဂျာ ၂ ဦးတို့အား ကယ်လီဖိုးနီယား အလုပ်အကိုင်ရေးရာ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအဖွဲ့ OSHA မှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည်ဟုဆိုကာ စွဲချက် ၃ ခုဖြင့် တရားစွဲဆိုခဲ့သည်။

    ပြစ်မှုထင်ရှားပါက မန်နေဂျာ ၂ ဦးမှာ ၃ နှစ်အထိ ထောင်ဒဏ်ကို ကျခံရမည်ဖြစ်ပြီး၊ ဒဏ်ငွေ ကန်ဒေါ်လာ ၂၅၀၀၀၀ ကိုလည်း ပေးဆောင်ရမည်ဖြစ်သည်။ ကုမ္ပဏီမှာ အမြင့်ဆုံးဒဏ်ကြေး ကန်ဒေါ်လာ ၁.၅ သန်းကို ပေးဆောင်ရဖွယ်ရှိနေသည်။

    Bumble Bee Foods ကုမ္ပဏီကမူ ၎င်းတို့မှာ ထိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်ဟုဆိုကာ ဒဏ်ကြေးအတွက် အယူခံဝင်ခဲ့သည်။ အဆိုပါ ကုမ္ပဏီမှာ ယခင်ကလည်း OSHA ၏ စည်းကမ်းကို ချိုးဖောက်မှုကြောင့် ကန်ဒေါ်လာ ၇၄၀၀၀ ဒဏ်ငွေဆောင်ခဲ့ရဖူးသည်။

    Ref: RT