News @ M-Media

Author: Ko Lay

  • မစ်ဇူရီရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး အစ္စလာမ်နှင့် ပတ်သက်သည့် ယူဆချက်အမှားများ ရှင်းလင်း

    မစ်ဇူရီရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး အစ္စလာမ်နှင့် ပတ်သက်သည့် ယူဆချက်အမှားများ ရှင်းလင်း

    ဧပြီ ၂၉၊ ၂၀၁၅
    M-Media

    us

    – အစ္စလာမ်၏ စစ်မှန်သော အနေအထားကို ပြသရန်၊ တင်ပြမှုများ၊ ဆွေးနွေးမှုများနှင့် အခြားသော လှုပ်ရှားမှုများမှ တစ်ဆင့် အစ္စလာမ်အပေါ် ရှိနေသည့် ယူဆချက်အမှားများကို ချေဖျက်ရန်တို့အတွက် အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် အခမ်းအနားတစ်ခု ကျင်းပခဲ့သည်ဟု သိရသည်။

    မစ်ဇူရီအလယ်ပိုင်း အစ္စလာမ့်စင်တာ ICCM ဗလီဝတ်ကျောင်းတော်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တက်လောက်ကြသူများအား ဟောပြောတင်ပြမှုများ ပြုလုပ်ခဲ့ကာ ဗလီဝတ်ကျောင်းတော်အတွင်းသို့ လေ့လာခွင့်၊ ၀တ်ပြုမှုများ ကြည့်ရှုခွင့်တို့ကိုလည်း ပေးအပ်ခဲ့သည်။

    “ဒါဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး မသိနားမလည်တာတွေ၊ မသေချာမရေရာတာတွေကို ရှင်လင်းသွားစေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ လူတွေက မေးခွန်းတွေမေးဖို့ ကြောက်နေကြတယ်။ ဒါမှမဟုတ်ရင် သတင်းတွေက ပြောတာကိုပဲ သူတို့ သိကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီအခမ်းအနားက လူတွေကို စကားပြောခွင့်ရစေတယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ပိုသိလာစေပြီး အဟန့်အတားတွေကို ဖျက်ဆီးပစ်ပါတယ်” ဟု အဆိုပါ အခမ်းအနားတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ပြီး၊ ဟောပြောတင်ပြမှုများ
    ပြုလုပ်ခဲ့သူ တာဟူရာ လော့ဒ်ဟီက ပြောကြားခဲ့သည်။

    မွတ်စလင်အမျိုးသမီးများအပေါ် ရှိနေသော အနုတ်လက္ခဏာဆောင်သည့် သမရိုးကျအမြင်များကို ဖြေရှင်းရန်အတွက် အဆိုပါအခမ်းအနားတွင် အစ္စလာမ့် အမျိုးသမီးကဏ္ဍအကြောင်းကိုလည်း ရှင်းလင်းတင်ပြခဲ့သည်။

    “သမရိုးကျအဖြစ်ဆုံး အမြင်က အမျိုးသမီးတွေကို ဖိနှိပ်ခြင်း၊ သူတို့ကို သီးခြားထားခြင်း ဒါမှမဟုတ် အရာမသွင်းခြင်းတို့နဲ့ တွဲမြင်ကြတဲ့ ဟီဂျဘ်ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ တကယ့်လက်တွေမှာတော့ အစ္စလာမ်ဟာ အသိပညာပေးခြင်း၊ ခွန်အားပေးခြင်းပါပဲ” ဟု လော့ဒ်ဟီက ထပ်လောင်းပြောကြားခဲ့သည်။

    ဗလီဝတ်ကျောင်းတော်အတွင်း လေ့လာခွင့်နှင့် ၀တ်ပြုမှုအား ကြည့်ရှုခြင်းတို့အပြင် တက်ရောက်လာသူများကို ဟင်းလျာများနှင့် တည့်ခင်းဧည့်ခံခြင်း၊ အစ္စလာမ်နှင့်နွယ်သည့် ရိုးရာဝတ်စုံများကို ပြသခြင်းတို့ကိုလည်း ပြုလုပ်ခဲ့သည်။

    ထို့ပြင် မိမိတို့၏ အမည်များကို အာရဗီဘာသာစကားဖြင့် ရေးသားထားမှုကို မြင်ချင်သူများအတွက် ဗလီဝတ်ကျောင်းတော်ရှိ စေတနာ့ဝန်ထမ်းများက ရေးသားပေးခဲ့ပြီး၊ လက်ချောင်းကလေးများဖြင့် တက်ရောက်လာသူများကိုယ်တိုယ် အနုပညာ ဖန်တီးခြင်းတို့ကိုလည်း ပြုလုပ်ပေးခဲ့ကာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အထူး စိတ်ဝင်စားခဲ့သည်။

    ICCM ကို ၁၉၈၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မစ်ဇူရီပြည်နယ်ရှိ ပထမဆုံး ဗလီဝတ်ကျောင်းတော်လည်း ဖြစ်သည်။ အဆိုပါဗလီဝတ်ကျောင်းတော်မှာ ဌာနေများ၊ နိုင်ငံတကာကျောင်းသားများနှင့် ပြောင်းရွှေ့အခြေချသူများဖြင့် ဖွဲ့စည်းထားသော မစ်ဇူရီရှိ မွတ်စလင်လူ့အဖွဲ့အစည်းအား သဟဇာတဖြစ်သည့် ၀န်းကျင်တစ်ခု ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိနေသည်။

    Ref: Onislam

  • DFB-Pokal ဖလားမှ ထွက်ခဲ့ရခြင်းက ရှက်စရာမဟုတ်ဟု ဘိုင်ယန်နည်းပြ ပြော

    DFB-Pokal ဖလားမှ ထွက်ခဲ့ရခြင်းက ရှက်စရာမဟုတ်ဟု ဘိုင်ယန်နည်းပြ ပြော

    ဧပြီ ၂၉၊ ၂၀၁၅
    M-Media

    byern

    – DFB-Pokal ဖလား ဆီမီးဖိုင်နယ်တွင် ဒေါ့မွန်အသင်းအား ရှုံးနိမ့်ကာ ထွက်ခဲ့ရခြင်းကို မိမိတို့အနေဖြင့် ရှက်ရွံ့မည်မဟုတ်ဘဲ အသင်းသားများကိုလည်း အပြစ်တင်သွားမည်မဟုတ်ဟု ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် ဘိုင်ယန်မှာ လီဝန်ဒေါ့စကီး၏ စောစောပိုင်းဂိုးဖြင့် ဦးဆာင်ခဲ့သော်လည်း ဒေါ့မွန်က ၇၅ မိနစ်တွင် ချေပဂိုး ပြန်သွင်းခဲ့သောကြောင့် အချိန်ပို၊ ပင်နယ်တီအထိ ရောက်ရှိခဲ့သည်။ ပင်နယ်တီတွင် ဘိုင်ယန်မှာ ၄ လုံးအထိ မ၀င်ခဲ့ဘဲ ဒေါ့မွန်က ၂ လုံးဝင်ခဲ့သောကြာင့် ဒေါ့မွန်မှာ နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။

    “အသင်းအတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ တကယ်တော့ ကစားသမားတွေအတွက် ဒီလိုမျိုး ဂုဏ်မယူခဲ့ဖူးပါဘူး။ ကျွန်တော်တို့ တော်တော်ကောင်းကောင်း ကစားခဲ့တယ်။ ဒီပွဲဟာ ကျွန်တော် ဘိုင်ယန်ကို ရောက်ပြီးကတည်းက ဒေါ့မွန်နဲ့ကစားရတဲ့ပွဲတွေထဲမှာ အကောင်းဆုံး ပွဲပါပဲ။ ဒါဟာ ဘာမှ ရှက်စရာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဘောလုံးပွဲတစ်ပွဲကို ရှုံးခဲ့တယ်။ ရှက်ဖို့ဆိုရင်တော့ ဒီထက်ပိုဆိုးတာမျိုး လိုအပ်မှာပါ” ဟု ဂွါဒီယိုလာက ပွဲအပြီးတွင် Sky သို့ ပြောကြားခဲ့သည်။

    ထိုပွဲတွင် ဒဏ်ရာကြောင့် ၁ လကြာ အနားယူနေရသည့် အာဂျန်ရော်ဘင် ပြန်လည်ပါဝင်လာခဲ့သော်လည်း ပွဲပြီးကာနီ ၁၅ မိနစ်အလိုတွင် ပေါင်ဒဏ်ရာကြောင့် လူစားလဲခဲ့ရကာ လီဝန်ဒေါ့စကီးမှာလည်း ခေါင်းဒဏ်ရာကြောင့် လူစားလဲခဲ့ရသည်။

    ဘွန်ဒစ်လီဂါဖလားကို လောလောလတ်လတ် ရရှိထားသည့် ဘိုင်ယန်မှာ DFB-Pokal ဖလားမှ ထွက်ခွာခဲ့ရခြင်းကြောင့် ဖလားသုံးလုံးမျှော်လင့်ချက် ပျက်ပြယ်ခဲ့ရပြီဖြစ်သည်။

    Ref: Goal.com

  • ဘိုကိုဟရမ်လက်မှ အမျိုးသမီး ၃၀၀ ခန့်ကို နိုက်ဂျီးရီးယား ကယ်တင်နိုင်

    ဘိုကိုဟရမ်လက်မှ အမျိုးသမီး ၃၀၀ ခန့်ကို နိုက်ဂျီးရီးယား ကယ်တင်နိုင်

    ဧပြီ ၂၉၊ ၂၀၁၅
    M-Media

    nigeria

    – နိုင်ငံအရှေ့မြောက်ပိုင်း ဆမ်ဘီဆာသစ်တောအတွင်းရှိ ဘိုကိုဟရမ်တပ်ဖွဲ့များအား ထိုးစစ်ဆင်မှုအတွင်း ၎င်းတို့ ဖမ်းထားသည့် မိန်းကလေးများနှင့် အမျိုးသမီး ၃၀၀ နီးပါးကို ယမန်နေ့ နေ့လည်ပိုင်းက ကယ်တင်နိုင်ခဲ့သည်ဟု နိုက်ဂျီးရီးယား စစ်တပ်က ပြောကြားလိုက်သည်။

    ကယ်ဆယ်ခဲ့သူများတွင် မိန်းကလေး ၂၀၀ နှင့် အမျိုးသမီး ၉၃ ဦး ပါဝင်ပြီး ထိုအထဲတွင် လွန်ခဲ့သည့် ၁ နှစ်ကျော်က ချီဘွတ်မြို့မှ ပြန်ပေးဆွဲခံခဲ့ရသည့် ကျောင်းသူများ ပါဝင်ခြင်း ရှိ၊ မရှိကိုပြောရန် အလွန်စောလွန်းကြောင်း ကာကွယ်ရေးသတင်းအချက်လက် ဒါရိုက်တာ ဗိုလ်ချုပ်ကြီး ခရစ် အိုလူကိုလာဒီက ယနေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် ဘိုကိုဟရမ်များ၏ စခန်းသုံးခုကိုလည်း စစ်တပ်က ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

    အဆိုပါ မိန်းကလေးများနှင့် အမျိုးသမီးများမှာ ပြန်ပေးဆွဲခံရခြင်း သို့မဟုတ် အတင်းအဓ္ဓမ လက်ထပ်ခံရခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ရန်အတွက် ယနေ့တွင် စစ်ဆေးသွားမည်ဟု ထောက်လှမ်းရေး သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

    “အခုအချိန်မှာ သူတို့ရဲ့ လွတ်မြောက်မှုအတွက် သူတို့ဟာ စိတ်လှုပ်ရှားနေကြပါတယ်။ မနက်ဖြန်မှာတော့ သူတို့ဟာ ဘိုကိုဟရမ်တွေရဲ့ ဇနီမယားဖြစ်ခဲ့လား၊ ဒါမှမဟုတ် သူတို့က ချီဘွတ်ကလား၊ ဘိုကိုဟရမ်စခန်းတွေမှာ ဘယ်လောက်ကြာနေပြီလဲ၊ သူတို့မှာ ကလေးတွေရှိလား ဆိုတာတွေကို မေးမြန်းစစ်ဆေးသွားမှာပါ”

    ဘိုကိုဟရမ်အဖွဲ့၏ နောက်ဆုံးစခန်းဖြစ်သည့် ဆမ်ဘီဆာ သစ်တောအတွင်းသို့ လေကြောင်းပစ်ကူများဖြင့် နိုက်ဂျီးရီးယားစစ်တပ်က ပြီးခဲ့သည့် သီတင်းပက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera, Reuters

  • သီရိလင်္ကာ အမျိုးသားရေးအစွန်းရောက်အဖွဲ့ကို တရားစွဲဖို့ တရားရုံးက ရဲဌာနကို ညွှန်ကြား

    သီရိလင်္ကာ အမျိုးသားရေးအစွန်းရောက်အဖွဲ့ကို တရားစွဲဖို့ တရားရုံးက ရဲဌာနကို ညွှန်ကြား

    ဧပြီ ၂၉၊ ၂၀၁၅
    M-Media

    IMG_5865~1.jpg-214092
    – သီရိလင်္ကာနိုင်ငံရှိ အမျိုးသားရေးဝါဒီဘုန်းကြီးများ တည်ထောင်ထားသည့် ဘီဘီအက်စ် ခေါ် Bodu Bala Sena အဖွဲ့ဝင်များကို တရားစွဲဆိုရန်အတွက် ကိုလံဘိုတရားရုံးက ရဲဌာနကို ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

    ဧပြီ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ယင်းညွှန်ကြားချက်ကို ပြင်းထန်သည့် ရာဇ၀တ်မှုများ ကိုင်တွယ်သည့် Colombo Fort Magistrate တရားရုံးက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ထုတ်ပြန်ချက်တွင် နိုင်ငံသား မွတ်စလင်များအပေါ် အကြမ်းဖက်မှုများ ကျူးလွန်ရာ၌ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဘီဘီအက်စ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးဖြစ်သည့် ဘုန်းကြီး Ven Galagodaaththe Gnanasara Thero ကို ဦးတည်ပြီး စွဲချက်တင်ရန် ဖော်ပြထားသည်။

    စွဲချက်များထဲတွင် ကိုလံဘိုမြို့ရှိ နိပွန်ဟိုတယ်ပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်မှု ၊ Jathika Bala Sena (JBS) မှ ကျင်းပသည့် မီဒီတွေ့ဆုံပွဲကို နှောင့်ယှက်ဖျက်ဆီးမှုများအပြင် ၊ ရဲဌာနတစ်ခု၏ မျက်နှာချင်းဆိုင်တွင် ကုရ်အာန်ကျမ်းကို ဆန့်ကျင်ရှုတ်ချသည့် မှတ်ချက်များ ဟောပြောတင်မှုတို့ ပါဝင်ကြောင်း သိရသည်။

    Ref: Colombopage

  • ချန်ပီယံလိဂ်ထက် စီးရီးအေကိုသာ အာရုံပိုထားသည်ဟု ဂျူဗင်တပ်စ်နည်းပြ ပြော

    ချန်ပီယံလိဂ်ထက် စီးရီးအေကိုသာ အာရုံပိုထားသည်ဟု ဂျူဗင်တပ်စ်နည်းပြ ပြော

    ဧပြီ ၂၈၊ ၂၀၁၅
    M-Media

    juventus

    – မိမိတို့အသင်းအနေဖြင့် ချန်ပီယံလိဂ်ဆီမီး ရီးယဲလ်နှင့်ပွဲအတွက် စဉ်းစားမည်မဟုတ်ဘဲ စီးရီးအေပြီးဆုံးရေးကိုသာ အာရုံစိုက်သွားမည်ဟု ဂျူဗင်တပ်စ်နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီက ပြောကြားလိုက်သည်။

    စီးရီးအေလက်ရှိချန်ပီယံ ဂျူဗင်တပ်စ်မှာ ပြိုင်ပွဲပြီးဆုံးရန် ၆ ပွဲလိုသေးချိန်တွင် ဒုတိယနေရာမှ လာဇီယိုအသင်းအား ၁၄ မှတ်ဖြတ်ထားပြီး လေးနှစ်ဆက်တိုက် စီးရီးအေချန်ပီယံဖြစ်ရေး နီးစပ်နေသည်။ ပြီးခဲ့သည့်တစ်ပတ်က တိုရီနိုနှင့် ကစားသည့်ပွဲတွင် ဂျူဗင်တပ်စ်မှာ ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အယ်လီဂရီကမူ အသင်း၏ စွမ်းဆောင်မှုအတွက် ပီတိဖြစ်မိသည်ဟုဆိုပြီး ရီးယဲလ်မက်ဒရစ်ဘက်သို့
    အာရုံမလှည့်ခင် စီးရီးအေ ဖလားအတွက် ခြေတစ်လှမ်း ပိုနီးချင်သည်ဟု ဆိုသည်။

    “ရီးယဲလ်အကြောင်းကို ကျွန်တော်တို့ မစဉ်းစားသေးပါဘူး။ ဖီအိုရင်တီးနားနဲ့ပွဲအတွက် တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ရပါမယ်။ အဲဒီပွဲက ခက်ခဲမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ၃ မှတ်လိုချင်ပါတယ်။ ဒါဆိုရင် ချန်ပီယံဖြစ်ဖို့ တစ်ပွဲသာ လိုတော့မှာပါ” ဟု အယ်လီဂရီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဖီအိုရင်တီးနားအသင်းမှာ ၃ ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီး အယ်လီဂရီကမူ ဖီအိုရင်တီးနားမှာ စီးရီးအေနှင့် ဥရောပတို့တွင် ကောင်းနေကြောင်း သို့သော်လည်း မိမိတို့မှာ ကိုယ့်အကြောင်းကိုသာ စဉ်းစားဖို့လိုပြီး လိုအပ်နေသည့် ၄ မှတ်ကို မြန်မြန်ယူရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal.com