News @ M-Media
Author: Ko Lay
  • အာဆင်နယ် ပရီးမီးယားလိဂ်ဖလား လိုချင်လျှင် ကစားသမား ၄ ဦး ၀ယ်ရမည်ဟု ဟင်နရီပြော
    အာဆင်နယ် ပရီးမီးယားလိဂ်ဖလား လိုချင်လျှင် ကစားသမား ၄ ဦး ၀ယ်ရမည်ဟု ဟင်နရီပြော
    ဧပြီ ၂၈၊ ၂၀၁၅
    M-Media
    arsenal
    – လာမည့်နှစ် ပရီးမီးယားလိဂ်ဖလားကို ဗိုလ်စွဲချင်ပါက အာဆင်နယ်အသင်း အနေဖြင့် နောက်ထပ် ကစားသမား ၄ ဦး ၀ယ်ယူရမည်ဟု ယုံကြည်ကြောင်း အသင်း၏ ဂန္တ၀င်တိုက်စစ်မှူးဟောင်း သီယာရီ ဟင်နရီက ပြောကြား လိုက်သည်။
    တနင်္ဂနွေနေ့က ချယ်ဆီးနှင့် ဂိုးမရှိသရေ ကျသွားခဲ့ပြီးနောက် အာဆင်နယ်မှာ ထိပ်ဆုံးမှ ချယ်ဆီးအား လိုက်မီရေး မျှော်လင့်ချက် ပျက်သွားခဲ့သည်။ ဟင်နရီကမူ အာဆင်နယ်မှာ ချယ်ဆီးက ကျင့်သုံးနေသည့် လူသစ်ခေါ်ယူမှု ဗျူဟာကို ပုံတူ ကူးသင့်သည်ဟုဆိုသည်။
    “အာဆင်နယ်ဟာ ကစားသမား ၄ ယောက်လောက်ဝယ်ဖို့ လိုပါတယ်။ မဖြစ်မနေလိုတာပါ။ သူတို့မှာ ဂိုးသမားလိုတယ်၊ နောက်တန်းအလယ်လူတစ်ယောက် လိုတယ်၊ ကွင်းလယ် တစ်ယောက်လည်း လိုပါတယ်။ ပြီးတော့ ပရီးမီးယားလိဂ်ကို ထပ်ရဖို့ သုတို့ဟာ ထိပ်တန်းအရည်အသွေးရှိတဲ့ တိုက်စစ်မှူးတစ်ဦး လိုပါတယ်။
    ကျွန်တော့် အတွက် အကောင်းဆုံး ဥပမာကတော့ ချယ်ဆီးပါပဲ” ဟု ဟင်နရီက Sky Sports သို့ ပြောကြားခဲ့သည်။
    ထို့ပြင် ဟင်နရီက ချယ်ဆီးမှာ ပြီးခဲ့သည့်နှစ်က ရုန်းကန်ခဲ့ရသော်လည်း ယခုနှစ်တွင် ဂိုးသမားကော်တိုအစ်၊ မာတစ်၊ ဖာဘရီဂက်စ်နှင့် ဒီယေဂိုကော်စတာတို့ ရှိလာကာ ချန်ပီယဘွဲ့ကို စိန်ခေါ်နိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။
    အာဆင်နယ်မှာ ပြီးခဲ့သည့်နှစ်က အလက်ဇစ်ဆန်းချက်၊ ဒေးဗစ်အော့စ်ပီနာတို့ အပါအ၀င် ကစားသမား ၅ ဦး ခေါ်ယူခဲ့သည်။ ဟင်နရီကမူ ယခုနှစ်နွေရာသီတွင် အသင်း၏ အပြောင်းအရွှေ့ ရန်ပုံငွေ၌ ငွေပိုထည့်ရန် အတွက်လည်း ၀င်းဂါးအား တိုက်တွန်းခဲ့သည်။
    Ref: Goal.com
  • တရုတ်ပိုင်နက်အတွင်း ဗုံးဆံထပ်ကျ၍ တိုက်ခိုက်မှုရပ်ရန် မြန်မာအား တရုတ်သတိပေး
    တရုတ်ပိုင်နက်အတွင်း ဗုံးဆံထပ်ကျ၍ တိုက်ခိုက်မှုရပ်ရန် မြန်မာအား တရုတ်သတိပေး
    ဧပြီ ၂၈၊ ၂၀၁၅
    M-Media
    kokang
    – ကိုးကန့်လက်နက်ကိုင်များအား လတ်တလောတိုခိုက်မှုအတွင်း တရုတ်ပိုင်နက်ထဲသို့ ဗုံးဆံများ ကျရောက်ပြီးနောက် တိုက်ခိုက်မှုများကို ရပ်တန့်ရန်အတွက် မြန်မာအစိုးရအား တရုတ်က ယနေ့တွင် ထပ်မံ တောင်းဆိုလိုကသ်ည်။
    ပြီးခဲ့သည့်လက သူပုန်များနှင့် မြန်မာစစ်တပ်တို့ တိုက်ခိုက်မှုအတွင်း မြန်မာစစ်တပ်မှ ပစ်လိုက်သည့် ဗုံးဆံများမှာ လမ်းကြောင်းလွဲကာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ ကျရောက်ခဲ့ပြီး တရုတ်နိုင်ငံသား ၅ ဦး သေဆုံးခဲ့သောကြာင့် တရုတ်နိုင်ငံက ဒေါသထွက်ခဲ့သည်။
    “မကြာသေးခင်ကပဲ မြန်မာဘက်က ဗုံးဆံအချို့ တရုတ်နိုင်ငံထဲကို ကျရောက်ခဲ့ပြီး အဆောက်အဦး ပျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ သေဆုံး၊ ဒဏ်ရာရမှုတော့ မရှိပါဘူး” ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွန်လီက ဖြစ်ပွားသည့်ရက်အား အတိအကျ ဖော်ပြခြင်းမရှိဘဲ နေ့စဉ် သတင်းစာများသို့ ပြောကြားခဲ့သည်။
    “တရုတ်နိုင်ငံဟာ မြန်မာဘက်ကို ပြတ်သားတဲ့ တင်ပြမှုမျိုးတွေ ပြုလုပ်ပြီးပါပြီ။ ပြီးတော့ ဒါမျိုး နောက်ထပ်မဖြစ်ဖို့ ထိရောက်တဲ့ ဆောင်ရွက်မှုတွေကို စိတ်အားထက်သန်စွာ ပြုလုပ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ မြန်မာဘက်ကတော့ ဒါမျိုး နောက်ထပ်မဖြစ်ဖို့အတွက် သက်ဆိုင်ရာ အမှုထမ်းတွေကို ထိထိရောက်ရောက် ထိန်းချုပ်တာဆီးဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်” ဟု လီက ထပ်လောင်းပြောကြားခဲ့သည်။
    ထို့ပြင် တရုတ်သမ္မတ ဇီ ဂျင်ပင်းမှာ ယမန်နေ့က အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရဦးရွှေမန်းနှင့် ဘေဂျင်းတွင် တွေ့ဆုံခဲ့ပြီး နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးအတွက် ထပ်မံ တိုက်တွန်းခဲ့သည်ဟုလည်း လီက ဆိုသည်။
    “နယ်စပ်ဒေသကို ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ သက်ဆိုင်ရာအဖွဲ့တွေဟာ တတ်နိုင်သမျှ အခြေအနေကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်”
    မြန်မာအစိုးရတပ်များမှာ တရုတ်နိုင်ငံနယ်စပ်မှ မီတာ ၅၀၀ အကွာအဝေးတွင် ခြေကုပ်ယူထားသော သူပုန်များအား တိုက်ခိုက်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
    Ref: Reuters
  • ငလျင်ကြောင့်သေဆုံးသူ တစ်သောင်းအထိ ရှိလာနိုင်ဟု နီပေါဝန်ကြီးချုပ် ပြော
    ငလျင်ကြောင့်သေဆုံးသူ တစ်သောင်းအထိ ရှိလာနိုင်ဟု နီပေါဝန်ကြီးချုပ် ပြော
    ဧပြီ ၂၈၊ ၂၀၁၅
    M-Media
    nepal
    – ပြီးခဲ့သည့်စနေနေ့က လှုပ်ခတ်ခဲ့သော ငလျင်ပြီးနောက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်များမှာ ရုန်းကန်နေရပြီး သေဆုံးသူ အရေအတွက်မှာ ၁၀၀၀၀ အထိ ရောက်သွားနိုင်သည်ဟု နီပေါဝန်ကြီးချုပ်က သတိပေးလိုက်သည်။
    ရောဂါများ ပြန့်နှံ့မှုကို တားဆီးရန်အတွက် သေဆုံးသူများ၏ ရုပ်အလောင်းများကို ချက်ခြင်းမီးရှို့သင်္ဂြိုဟ်ရန် အာဏာပိုင်များက အမိန့်ပေးထားသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ လက်ဇ်မီ ပရာဆဒ် ဒါကဲလ်ကမူ တရားဝင်ရရှိသည့် သေဆုံးသူအရေအတွက်မှာ ၄၃၁၀ အထိ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာရသူ အရေအတွက်မှာ ၇၉၅၃ ဦး ရှိနေပြီဟု ယနေ့တွင် ပြောကြားခဲ့သည်။
    ခတ္တာမန်ဒူရှိ ဘာဆန်တာပူရ် ဒါဘာရ် ရင်ပြင်ကဲ့သို့ နေရာမျိုးတွင် ကယ်ဆယ်ရေးအဖွဲ့များမှာ အပျက်အဆီးများအောက်တွင် ပိတ်မိနေဖွယ်ရှိသည့် အသက်ရှင်သူများကို ရှာဖွေရန် အပျက်အဆီးများအား ခဲခဲယဉ်းယဉ်း ဖယ်ရှားရှင်းလင်းနေရသည်။
    ခတ္တာမန်ဒူတွင် မိုးသည်းထန်စွာရွာသွန်းမှု၊ ငလျင်ကြောင့် နေအိမ်ဆုံးရှုံးသွားသူများ၊ နောက်ဆက်တွဲ ငလျင်များကို ကြောက်ရွံ့သည့်အတွက် ဟင်းလင်းပြင်တွင် အိပ်စက်နေမှုများကလည်း ကယ်ဆယ်ရေးလုပ်ငန်းများကို အနှောက်အယှက်ဖြစ်စေသည်။
    အစားအသောက်များ ပြတ်လတ်မှုနှင့် ပတ်သက်၍လည်း စိုးရိမ်မှုများ ရှိနေပြီး ခတ္တာမန်ဒူရှိ လေယာဉ်ကွင်း အရွယ်အစားက အကူအညီများ ပေးပို့ရန်အတွက် အဟန့်အတားဖြစ်နေကာ ပြေးလမ်းတစ်ခုသာရှိသည့် အဆိုပါလေယာဉ်ကွင်းတွင် အရွယ်အစားသေးငယ်သည့် လေယာဉ်အချို့သာ ဆင်းသက်နိုင်သည်။
    ခတ္တာမန်ဒူမြို့ အနောက်ဘက် ၇၇ ကီလိုမီတာရှိ ငလျင်ဗဟိုချက်ဖြစ်ရာ လမ်ဂျန်းဒေသမှာ အဆိုးဝါးဆုံး ထိခိုက်ခဲ့သည့် နေရာဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှာ ထိုဒေသသို့ မရောက်ရှိကြသေးပေ။
    အဆိုပါ ငလျင်ကြောင့် အိန္ဒိယတွင် ၇၃ ဦးသေဆုံးခဲ့ပြီး နီပေါ၏ အိမ်နီးချင်းဖြစ်သည့် တိဘက်ဒေသတွင်လည်း သေဆုံးသူ အရေအတွက်မှာ ၂၅ ဦး ရှိပြီဖြစ်သည်။
    Ref: Aljazeera
  • ဖလော်ရီဒါမွတ်စလင်များ ချို့တဲ့သူများအား ကူညီ
    ဖလော်ရီဒါမွတ်စလင်များ ချို့တဲ့သူများအား ကူညီ
    ဧပြီ ၂၈၊ ၂၀၁၅
    M-Media
    florida muslim
    – လူ့အဖွဲ့အစည်းအား ပြန်လည်ပေးဆပ်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါရှိ မွတ်စလင်များက ၁၈ ကြိမ်မြောက် အစ္စလာမ့်အလူပွဲတော်တစ်ခုကို ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပပြုလုပ်ခဲ့ပြီး တမ်ပါမြို့မှ ချို့တဲ့သောကလေးငယ်များအား လှူဒါန်းထောက်ပံ့ခဲ့ကြသည်ဟု သိရသည်။
    အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသူများကို Tampa Bay Muslim Alliance အဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူ တာလစ်ဘ်အလီက မိန့်ခွန်းပြောကြားခဲ့သည်။
    “အလ္လာဟ်အရှင်မြတ်ရဲ့ နာမတော်နဲ့ကျွန်တော်တို့ အလှူဒါနပြုကြတဲ့အခါ ကျွန်တော်တို့ရဲ့ ပြောစကားကို အကောင်အထည်ဖော်တာပါပဲ။ ဒါဟာ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ ရှိနေတဲ့ ရည်ရွယ်ချက် စိတ်သဘောထားတွေကို သက်သေပြတဲ့ နည်းလမ်းလည်းဖြစ်ပါတယ်။ မတူညီတဲ့ ကိုးကွယ်မှုပုံစံတွေကို ကျွန်တော်တို့ ကျင့်သုံးကြပေမယ့် ဖြောင့်မတ်မှန်ကန်မှု အစစ်အမှန်ဟာ အလ္လာဟ်အရှင်မြတ်အပေါ်
    ယုံကြည်ခြင်းပါပဲ။ ပြီးတော့ ဒါဟာ ကျွန်တော်တို့ ရှုမြင်တာထက် ပိုပြီး ကောင်းမွန်တဲ့ စစ်မှန်မှုပါပဲ” ဟု အလီက ဆိုသည်။
    အဆိုပါ အခမ်းအနားကို Tampa Bay Muslim Alliance အဖွဲ့က စီစဉ်ကျင်းပခြင်ဖြစ်ပြီး တမ်ပါဒေသတစ်ဝိုက်ရှိ ချို့တဲ့သော ကလေးငယ်များအား အ၀တ်အစားများ၊ အရုပ်များနှင့် အစားအသောက်များ ဝေငှပေးခဲ့ကြသည်။ထို့ပြင် Muslim Alliance အဖွဲ့က ကြိုတင်စာရင်းကောက်ထားသည့် ကလေးငယ်များအတွက်လည်း စက်ဘီးအစီးရေ ၉၀ ခန့် လှူဒါန်းခဲ့သည်။
    ၆ နာရီတာကြာမြင့်သည့် အဆိုပါအခမ်းနားတွင် ဒေသတွင်း အီမာမ်များက မိန့်ခွန်းပြောကြားမှုလည်း ပါဝင်ခဲ့ပြီး လူပေါင်း ၂၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ ထို့ပြင် ကလေးများ၏ မျက်နှာတွင် ရောင်စုံများ ချယ်သပေးခြင်း၊ ကာတွန်းရုပ်ဘောလုံးများ ဝေငှပေးခြင်းတို့ကဲ့သို့ ပျော်စရာအစီအစဉ်များလည်း ပါဝင်ခဲ့ကာ အမျိုးသားနှင့် အမျိုးသမီးအ၀တ်အထည်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချသည့် ဈေးတန်းတစ်ခုကိုလည်း ဖန်တီးပေးခဲ့သည်။
    ချီးကျူးကြ
    မွတ်စလင်အဖွဲ့အစည်းက ဦးဆောင်ပြုလုပ်သည့် အဆိုပါအခမ်းအနားကို တမ်ပါမြို့ရှိ မြို့သူမြို့သားများနှင့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် တာဝန်ရှိသူများက ချီးကျူးခဲ့သည်။
    “လူအဖွဲ့အစည်းအတွက် ခင်ဗျားတို့က စိတ်နှစ်မြှုပ်မှု မရှိဘူဆိုရင် ဘာသာစုံ၊ အသားအရောင်စုံတဲ့ ကျွန်တော်တို့တွေလည်း ဒီမှာရှိမှာ မဟုတ်ပါဘူး” ဟု ဟီလ်စ်ဘိုရက်ဖ် ကောင်တီ၏ ကော်မရှင်နာမင်းကြီးဖြစ်သူ ကီဗင် ဘက်နာက ပြောကြားခဲ့သည်။
    ထို့ပြင် တရားမျှတသော၊ ငြိမ်းချမ်းသော၊ သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးသည့် အဆိုပါ လှုပ်ရှားမှုမျိုးကို စီစဉ်ကျင်းပသည့်အတွက် Tampa Bay Muslim Alliance အဖွဲ့ကိုလည်း ချီးကျူးခဲ့သည်။
    အလီက မိမိတို့၏ ဘ၀သက်တမ်းတွင် ဆောင်ရွက်မှုတိုင်းအတွက် ဂုဏ်ပြုခံရမည်ဟု ဆိုသည်။
    “ကျွန်တော်တို့ လုပ်ခဲ့တာတွေအတွက် ကျွန်တော်တို့ တာဝန်ယူရမှာဖြစ်ပါတယ်” ဟု ကုရ်အာန်ကျမ်းတော်မြတ်မှ ပါဒတော်ကို ကိုးကား၍ ၎င်းက ပြောကြားခဲ့သည်။
    တမ်ပါမြို့တွင် နေထိုင်သူဖြစ်ပြီး အဆိုပါအခမ်းအနားတွင် စေတနာ့ဝန်ထမ်းအဖြစ် အချိန်ကြာမြင့်စွာ ဆောင်ရွက်ခဲ့သည့် မာလစ်အဗ္ဗဒူလာကမူ အမေရိကန်တွင် အစ္စလာမ်နှင့် မွတ်စလင်တို့အပေါ် အဖျက်သဘောဆောင်သည့် ပုံသေကားကျ အမြင်များဖြင့် ရှုမြင်နေမှုအကြောင်းကို ပြောကြားခဲ့သည်။ ထို့ပြင် အစ္စလာမ်မှာ လူသားများအတွက် ချစ်ခြင်းမေတ္တာ၊ အလ္လာဟ်အရှင်မြတ်အတွက် အမိန့်နာခံခြင်းနှင့် လူ့အဖွဲ့အစည်းအား ဖြည့်ဆည်းပေးရန်အတွက် သွန်သင်ထားခြင်းသာဖြစ်သည်ဟု ၎င်းက ဆိုသည်။
    “ကျွန်တော်တို့ ကောင်းတာတွေလုပ်တယ်၊ အမှန်တရားကိုပြောတယ်၊ ဘုရားသခင်ရဲ့အမိန့်ကို နာခံတယ်။ ကျွန်တော်တို့ သာသနာဟာ ငြိမ်းချမ်းရေး သာသနာပါ။ ကျွန်တော်တို့ဟာ ဘုရားအများကြီးကို ကိုးကွယ်နေတယ်လို့ ယူဆချက်အမှားတွေ ရှိနေပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကို ဂုဏ်ပေးလေးစားဖို့ ကျွန်တော်တို့အားလုံးကို ဖန်ဆင်းထားတဲ့ တစ်ဆူတည်းသော ဘုရားသခင်ကိုသာလျှင် ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ဟာ အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။
    ကုရ်အာန်ကျမ်းတော်မြတ်ဟာ အကြမ်းဖက်ဝါဒ၊ လောဘ၊ ဒေါသတွေကို မဖြန့်ဖြူးပါဘူး” ဟု အဗ္ဗဒူလာက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Onislam
  • တောင်အာဖရိကရှိ နိုင်ငံခြားသားကြောက်ရောဂါ သံတမန်ရေးကိုပါ ထိခိုက်
    တောင်အာဖရိကရှိ နိုင်ငံခြားသားကြောက်ရောဂါ သံတမန်ရေးကိုပါ ထိခိုက်
    ဧပြီ ၂၇၊ ၂၀၁၅
    M-Media
    south africa
    – တောင်အာဖရိကနိုင်ငံအတွင်း နိုင်ငံခြားသားများအား ဆန့်ကျင်တိုက်ခိုက်မှုကြောင့် နိုက်ဂျီးရီးယားက ၎င်းတို့၏ သံအဖွဲ့အား ပြန်လည်ခေါ်ယူခဲ့ခြင်းကို ရှုတ်ချကြောင်း တောင်အာဖရိက က ယမန်နေ့တွင် ပြောကြားလိုက်သည်။
    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တောင်အာဖရိကနိုင်ငံ မြို့တော် ဂျိုဟန်နစ္စဘတ်နှင့် ကမ်းရိုးတမ်းမြို့ ဒါဘန်တို့တွင် နိုင်ငံခြားသားများအား ပစ်မှတ်ထားသည့် ဆန့်ကျင်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် နိုက်ဂျီးရီးယားက တောင်အာဖရိကဆိုင်ရာ ၎င်းတို့၏ သံအမတ်အပါအ၀င် သံအဖွဲ့ကို စနေနေ့က ပြန်လည်ခေါ်ယူခဲ့သည်။
    သို့သော်လည်း တောင်အာဖရိက အစိုးရက နိုက်ဂျီးရီးယား၏ ထိုလုပ်ရပ်မှာ အကြောင်းမလှသည့်၊ နောက်တရဖွယ်ရှိနိုင်သည့် ခြေလှမ်းဖြစ်သည်ဟု ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် တိုင်းပြည်အတွင်းရှိ နိုင်ငံခြားသားများကို တိုက်ခိုက်ခြင်းအား အစိုးရနှင့် ပြည်သူ့အဖွဲ့အစည်းများအားလုံးမှ ပြတ်ပြတ်သားသားနှင့် အတိအလင်း ဆန့်ကျင်ရှုတ်ချသည်ဟုလည်း အဆိုပါ ကြေညာချက်၌ ဖော်ပြခဲ့သည်။
    တောင်အာဖရိက အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာနမှ ထုတ်ပြန်သော အဆိုပါ ကြေညာချက်တွင် ၂၀၁၄ ခုနှစ်က နိုက်ဂျီးရီးယားရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု ပြိုကျမှုအတွင်း တောင်အာဖရိကနိုင်ငံသား ၈၄ ဦးသေဆုံးခဲ့မှုတွင် မိမိတို့ဘက်မှ အပြစ်မတင်ခဲ့ဟုလည်း ဖော်ပြခဲ့သည်။
    Africa Report မဂ္ဂဇင်းမှ အနောက်အာဖရိကရေးရာ အယ်ဒီတာဖြစ်သူ တိုလူ အွန်လီစီကမူ ထိုကြေညာချက်၏ ရည်ရွယ်ချက်ကို ဝေဖန်ခဲ့ပြီး နိုက်ဂျီးရီးယားရှိ ခရစ်ယာန်ဘုရားကျောင်း ပြိုကျခြင်းနှင့် တောင်အာဖရိကတွင် လက်ရှိ ဖြစ်ပွားနေသည့် နိုင်ငံခြားသားများအား တိုက်ခိုက်မှုမှာ မတူညီကြောင်း၊ ထိုသို့ ရည်ညွှန်းခြင်းမှာ သံတမန်ရေးအရ ကိုင်တွယ်မှု မှားယွင်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
    နိုက်ဂျီးရီးယားနှင့် တောင်အာဖရိကတို့မှာ လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း နီးကပ်သောဆက်ဆံရေးရှိခဲ့ပြီး ယခုပြဿနာကြောင့် ၎င်းတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ ဆိုးဝါးလာနိုင်သည်ဟု လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။
    Ref: Aljazeera