News @ M-Media
Author: Ko Lay
  • ၾသစေတးလ် မူးယစ်မှောင်ခိုသမား ၂ ဦးအတွက် အယူခံကို အင်ဒိုပယ်ချ
    သြစတေးလျ မူးယစ်မှောင်ခိုသမား ၂ ဦးအတွက် အယူခံကို အင်ဒိုပယ်ချ
    ဧပြီ ၆၊ ၂၀၁၅
    M-Media
    andrew-chan-and-myuran
    – မူးယစ်မှောင်ခိုမှုဖြင့် သေဒဏ်ချမှတ်ခံထားရပြီး မကြာမီ ကွပ်မျက်ခံရတော့မည့် သြစတေးလျနိုင်ငံသား ၂ ဦးအတွက် အယူခံကို အင်ဒိုနီးရှားက ယနေ့တွင် ပယ်ချလိုက်သည်ဟု သိရသည်။
    အန်ဒရူးချန်နှင့် မြူရန် ဆူကူမာရန်တို့၏ သေဒဏ်ပြစ်ဒဏ်ကို လျော့ပေါ့ပေးရန် အယူခံဝင်ခဲ့ခြင်းဖြစ်ပြီး ဂျာကာတာရှိ အုပ်ချုပ်ရေးဆိုင်ရာတရားရုံးက သမ္မတ၀ီဒိုဒို လွတ်ငြိမ်းချမ်းသာခွင့် ပယ်ချထားသည့် ထိုအမှုကို မိမိတို့က ကြားနာရန် အခွင့်အာဏာမရှိဟုဆိုကာ ပယ်ချခဲ့ခြင်းဖြစ်သည်။
    တရားခံများ၏ ရှေ့နေအဖွဲ့ကမူ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ ဆက်လက်တက်ရောက်သွားမည်ဟုဆိုပြီး အင်ဒိုနီးရှား တရားသူကြီးချုပ်က ရှေ့နေအဖွဲ့မှာ တရားရေးနှင့်ကစားနေသည်ဟု ပြောကြားခဲ့ကာ ထိုသို့ဆောင်ရွက်မှုများက ကွပ်မျက်မည့်အစီအစဉ်ကို နှောင့်နှေးစေမည်မဟုတ်ဟု ပြောကြားခဲ့သည်။
    ချန်နှင့် ဆူကူမာရန်တို့မှာ “ဘာလီနိုင်း” ဟု ခေါ်သည့် မူးယစ်မှောင်ခိုဂိုဏ်း၏ ခေါင်းဆောင်များဖြစ်ပြီး အင်ဒိုနီးရှားတွင် ဘိန်းဖြူ မှောင်ခိုကုန်ကူးမှုဖြင့် ၂၀၀၆ ခုနှစ်က သေဒဏ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
    ကွပ်မျက်ခံရမှုမှ လွတ်မြောက်ရန် နောက်ဆုံးအခွင့်အရေးအဖြစ် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံမှုကို သမ္မတ ၀ီဒိုဒိုက မကြာသေးမီကပင် ပယ်ချခဲ့သည်။ ၎င်းတို့နှစ်ဦးမှာ အခြားသော ပြင်သစ်၊ ဘရာဇီးလ်၊ ဖိလစ်ပိုင်၊ နိုက်ဂျီးရီးယားနှင့် ဂါနာတို့မှ မူးယစ်မှောင်ခိုသမားများနှင့်အတူ မကြာခင် ကွပ်မျက်ခံရတော့မည်ဖြစ်သည်။
    အင်ဒိုအစိုးရကမူ ထိုအုပ်စုတွင် ပါဝင်သူများ၏ အယူခံဝင်မှုများအားလုံး ဖြေရှင်းပြီးမှသာ ကွပ်မျက်သွားမည်ဟု ပြောကြားထားပြီး အချို့သော တရားခံများမှာ တရားရုံးချုပ်သို့ အယူခံများ တင်ထားသောကြာင့် သီတင်းပတ်အနည်းငယ် ကြာမြင့်မည်ဖြစ်သည်။
    Ref: Channelnewsasia
  • အိုဘားမားထံပေးမည့် အသနားခံစာ ဗင်နီးဇွဲလားပြည်သူ ၈ သန်း လက်မှတ်ထိုး
    အိုဘားမားထံပေးမည့် အသနားခံစာ ဗင်နီးဇွဲလားပြည်သူ ၈ သန်း လက်မှတ်ထိုး
    ဧပြီ ၆၊ ၂၀၁၅
    M-Media
    134127186_14282986849371n
    – ဗင်နီဇွဲလားနိုင်ငံအား လုံခြုံရေးခြိမ်းခြောက်နိုင်သည့် နိုင်ငံအဖြစ် ကြေညာထားမှုကို ဖယ်ရှာရေးအတွက် အမေရိကန်သမ္မတ အိုဘားမာထံ ပေးပို့မည့် အသနားခံစာကို ပြည်သူ ၈ သန်းကျော်က လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သမ္မတ နီကိုလက်စ် မာဒူရိုက ယမန်နေ့တွင် ပြောကြားလိုက်သည်။
    “တစ်နိုင်ငံလုံးကြောင့် ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးအောင်ပွဲဆီ သွားနေပါပြီ” ဟု အဆိုပါ လက်မှတ်ရေးထိုးရေး လှုပ်ရှားမှု၏ Twitter စာမျက်နှာတွင် မာဒူရိုက ပြောကြားခဲ့သည်။ အဆိုပါ လှုပ်ရှားမှုမှာ လက်မှတ် ၁၀ သန်းကောက်ခံ၍ ယခု သီတင်းပတ် နှောင်းပိုင်းတွင် အိုဘားမားထံသို့ ပို့ဆောင်ပေးရန်ုဖြစ်သည်။
    ရန်ဘက် ၂ နှစ်နိုင်ငံဖြစ်သော အမေရိကန်နှင့် ဗင်နီဇွဲလားတို့မှ သမ္မတများမှာ လာမည့် သောကြာနေ့မှ စနေနေ့အထိ ပနားမားနိုင်ငံတွင် ကျင်းပရန်ရှိနေသော အမေရိကနိုင်ငံများအဖွဲ့ အစည်းအဝေးသို့ တက်ရောက်ရန် ရှိနေသည်။
    အသနားခံစာ လက်မှတ်ထိုးရေးလှုပ်ရှားမှုမှာ ဗင်နီဇွဲလားနိုင်ငံမှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ပုံမှန်မဟုတ်ဘဲ၊ ထူးထူးခြားခြား ခြိမ်းခြောက်သည့်နိုင်ငံအဖြစ် ကြေညာထားသော အမိန့်ကို အမေရိကန်သမ္မတ အိုဘားမားက မတ်လ ၉ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း စတင်ခဲ့ခြင်းဖြစ်သည်။ ထိုကြေညာမှုအား တုံ့ပြန်သည့်အနေဖြင့် မာဒူရိုကလည်း မတ်လ ၉ ရက်နေ့ကို ဗင်နီဇွဲလားနိုင်ငံ၏ “နယ်ချဲ့ဝါဒ ဆန့်ကျင်ရေးနေ့” အဖြစ် သတ်မှတ်ခဲ့သည်။
    ဗင်နီဇွဲလား တာဝန်ရှိသူများကလည်း အဆိုပါလှုပ်ရှားမှုအတွင်း နိုင်ငံအပြင်ဘက်မှ လူများ၏ လက်မှတ်များလည်း ရရှိခဲ့ပြီး ဒေသတွင်းအဖွဲ့အစည်းများ၏ ထောက်ခံမှုများလည်း ရရှိခဲ့သည်ဟု ဆိုသည်။
    အမေရိကန်မှာ နိုင်ငံအတွင်းရှိ အတိုက်အခံများနှင့်ပေါင်း၍ မိမိအား ဖြုတ်ချရန် ကြံစည်နေသည်ဟု မာဒူရိုက စွပ်စွဲပြီးနောက်ပိုင်း ပြီးခဲ့သည့်လများတွင် အမေရိကန်နှင့် ဗင်နီဇွဲလားတို့၏ ဆက်ဆံရေးမှာ ပို၍ ဆိုးရွားသွားခဲ့ကာ အမေရိကန်ကမူ ထိုစွပ်စွဲချက်အား အဓိပ္ပါယ်မရှိဟု ပြောကြားခဲ့သည်။
    ၎င်းတို့နှစ်နိုင်ငံမှာ စီးပွားရေးအရ တည်ငြိမ်သော ဆက်ဆံရေးများ ရှိနေသော်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ သံအဖွဲ့ မထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။
    Ref: Xinhua
  • ဒီစတီဖာနိုနှင့် မက်ဆီတို့၏ ဟက်ထရစ်စံချိန်ကို ရော်နယ်ဒိုလိုက်မီ
    ဒီစတီဖာနိုနှင့် မက်ဆီတို့၏ ဟက်ထရစ်စံချိန်ကို ရော်နယ်ဒိုလိုက်မီ
    ဧပြီ ၆၊ ၂၀၁၅
    M-Media
    cristianoronaldo-cropped_1kfkphfu3lowh1mm5mw25nm3hf
    – ပြီးခဲ့သည့် စနေနေ့က ဂရာနာဒါနှင့်ပွဲတွင် ၅ ဂိုး သွင်းယူနိုင်ခဲ့သည့် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ ဂန္တ၀င်တိုက်စစ်မှူးဟောင်း ဒီစတီဖာနိုနှင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့ ရရှိထားသည့် စံချိန်တို့ကို လိုက်မီသွားခဲ့ပြီဟု သိရသည်။
    ၉ ဂိုး ၁ ဂိုးဖြင့်အနိုင်ရခဲ့သည့် အဆိုပါ လာလီဂါပွဲတွင် ရော်နယ်ဒိုမှာ ၈ မိနစ်အတွင်းပင် ဟက်ထရစ် သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကာ ဘောလုံးလောကတွင် အမြန်ဆုံး ဟက်ထရစ်လည်း ဖြစ်ခဲ့သည်။ ထို့ပြင် တစ်ပွဲတည်း ၅ ဂိုးသွင်းယူနိုင်ခြင်းမှာ ၎င်း၏ ကစားသမားဘ၀တစ်လျှောက် ပထမဆုံးလည်း ဖြစ်သည်။
    အဆိုပါဟက်ထရစ်မှာ ရီးယဲလ်အတွက် ပြိုင်ပွဲအားလုံး၌ ရော်နယ်ဒို၏ ၂၈ ကြိမ်မြောက် ဟက်ထရစ်ဖြစ်ခဲ့ပြီး လာလီဂါသမိုင်းတစ်လျှောက် စပိန်နိုင်ငံသားမဟုတ်သည့် ကစားသမားများထဲတွင် ရီးယဲလ်အတွက် ဟက်ထရစ်အများဆုံး သွင်းယူထားသော ရီးယဲလ်တိုက်စစ်မှူးဟောင်း ဒီစတီဖာနို၏ စံချိန်နှင့် တူညီသွားပြီဖြစ်သည်။
    လာလီဂါတွင်မူ ရော်နယ်ဒို၏ ထိုဟက်ထရစ်မှာ ၂၄ ကြိမ်မြောက် ဟက်ထရစ်ဖြစ်ပြီး မက်ဆီ၏ စံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်သည်။ မက်ဆီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲအားလုံးတွင် ဟက်ထရစ် ၃၂ ကြိမ် သွင်းယူပေးထားနိုင်သည်။
    ရော်နယ်ဒိုမှာ ရီးယဲလ်အသင်း၏ နောက်ဆုံး ၄၁ ပွဲတွင် ၄၇ ဂိုး သွင်းပေးထားနိုင်ခဲ့ပြီး ကစားသမားတစ်သက်တမ်းတစ်လျှောက် အမှတ်ပေးပြိုင်ပွဲ ဂိုးပေါင်း ၃၀၀ ပြည့်သွားခဲ့ပြီလည်း ဖြစ်သည်။ ထိုဂိုးပေါင်း ၃၀၀ တွင် စပို့တင်းလစ္စဘွန်းအတွက် ၃ ဂိုး၊ မန်ယူအတွက် ၈၄ ဂိုးနှင့် ရီးယဲလ်အတွက် ၂၁၃ ဂိုး သွင်းယူပေးထားခြင်း ဖြစ်သည်။
    ဂရာနာဒါနှင့်ပွဲ ၉ ဂိုး သွင်းယူနိုင်ခြင်းမှာ လာလီဂါသမိုင်းတစ်လျှောက် ရီးယဲလ်၏ တတိယမြောက် ၉ ဂိုး သွင်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
    Ref: Goal.com
  • ဟောင်ကောင်မွတ်စလင်များ “ငြိမ်းချမ်းရေးစာစောင်” ဝေငှ
    ဟောင်ကောင်မွတ်စလင်များ “ငြိမ်းချမ်းရေးစာစောင်” ဝေငှ
    ဧပြီ ၆၊ ၂၀၁၅
    M-Media
    16
    – အစ္စလာမ်၏ စစ်မှန်သောသင်ကြားမှုများကို ဖော်ပြထားပြီး၊ အစ္စလာမ်နှင့်ပတ်သက်၍ အထင်မှားအမြင်မှားမှုများနှင့် မှန်းဆပြောကြားမှုများအား ဖြေရှင်းထားသည့် “ငြိမ်းချမ်းရေး စာစောင်” ဝေငှခြင်း လှုပ်ရှားမှုကို ဟောင်ကောင်မွတ်စလင်များက ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
    အဆိုပါ “ငြိမ်းချမ်းရေးစာစောင်” ဝေငှမှုကို ၁၂ ဦးပါဝင်သည့် မွတ်စလင်လူငယ်အဖွဲ့တစ်ခုက ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါစာစောင်တွင် အစ္စလာမ်၏သွန်သင်ချက် အစစ်အမှန်များ၊ အစ္စလာမ်အပေါ် အထင်အမြင်လွဲမှားမှုများကို ပြန်လည်ဖြေရှင်းထားချက်များ ပါဝင်ကာ အမည်ခံ မွတ်စလင်အချို့၏ လုပ်ရပ်ကိုကြည့်၍ အစ္စလာမ်အား ဆန်းစစ်ဝေဖန်ခြင်း မပြုကြရန်လည်း မေတ္တာရပ်ခံခဲ့သည်။
    “ဟောင်ကောင်က မွတ်စလင်တွေဟာ မွတ်စလင်မဟုတ်တဲ့ သူတို့ရဲ့ အိမ်နီးချင်းတွေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၅ နှစ်လုံးလုံး အကောင်းဆုံး အတူတကွ နေထိုင်ခဲ့ကြပါတယ်။ ဒီလို ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှု ဆက်လက်ရှိနေတာကလွဲလို့ ကျွန်တော်တို့ အခြား ဘာမှမလိုချင်ပါဘူး။ အစ္စလာမ်သာသနာကို ဘာသာသာဝင်အနည်းစုရဲ့ လုပ်ရပ်နဲ့ မဆုံးဖြတ်ဘဲ စစ်မှတ်တဲ့ ကျမ်းစာတွေ၊ ရင်းမြစ်တွေကနေတစ်ဆင့်သာ ဆန်းစစ် ဆုံးဖြတ်ကြဖို့ လူတိုင်းကို ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်။ လှေတိုင်းမှာ ငါခုံးမတွေ ရှိနေပါတယ်” ဟု အဆိုပါ စာစောင်တွင် ရေးသားဖော်ပြထားသည်။
    ထိုစာစောင်ကို တရုတ်၊ အင်္ဂလိပ် ၂ ဘာသာဖြင့် ရိုပ်နှိပ် ဖြန့်ချီခြင်းဖြစ်သည်။
    IS အနေဖြင့် အင်ဒိုနီးရှားရှိ ရွှေ့ပြောင်းအလုပ်သမားများကို သိမ်းသွင်းရန် အဖွဲ့ခွဲများ ထပ်မံတိုးချဲ့နေသည်ဟု သတင်းများထွက်ပေါ်လာပြီး ထိုသတင်းများကြောင့် မွတ်စလင်ဆန့်ကျင်ရေး အမုန်းဖြင့် စော်ကားတိုက်ခိုက်မှုများ မြင့်တက်လာခဲ့သည်။ ထိုကဲ့သို့ တိုက်ခိုက်ခံရသည့် အမျိုးသမီးများက ၎င်းတို့မှာ အကြမ်းဖက်ဝါဒနှင့် ဆက်နွယ်သည့် စကားလုံးများနှင့် စော်ကားခြင်းခံရသည်ဟု ပြောကြားခဲ့သည်။
    “ခွဲခြားဆက်ဆံမှုဆိုတာ လူ့အဖွဲ့အစည်းတိုင်းမှာ ရှိနေကြတာပါပဲ။ ဟောင်ကောင်မှာ ဒါမရှိဘူးလို့ ကျွန်တော်တို့ ပြောလို့ မရပါဘူး။ ဒီ (အကြမ်းဖက်) သတင်းတွေက သိစိတ်ကနေပဲဖြစ်ဖြစ်၊ မသိစိတ်ကနေပဲဖြစ်ဖြစ် ဒီပြဿနာတွေကို ယူဆောင်လာခဲ့ကြပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒါတွေက ကျွန်တော်တို့ရဲ့ တံခါးဝမှာ ဖြစ်နေတာကိုး” ဟု Discover Islam Hong Kong မှ ဒါရိုက်တာဖြစ်ပြီး အင်္ဂလိပ်စာ ဆရာတစ်ဦးဖြစ်သူ အဒီလ် မာလစ်က ပြောကြားခဲ့သည်။
    မာလစ်မှာ ဟောင်ကောင်တွင် မွေးဖွားကြီးပြင်းသူဖြစ်ပြီး ယခုဝေငှသည့် “ငြိမ်းချမ်းရေးစာစောင်” က ဒေသတွင်း လူ့အဖွဲ့အစည်းနှင့် တံတားထိုးခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
    စုစည်းမှု
    လွန်ခဲ့သည့် ၅ နှစ်ခန့်က ဂီနီမှ ဟောင်ကောင်သို့ ပြောင်းရွှေ့လာပြီး အစ္စလာမ်သာသနာဆိုင်ရာ သင်ကြားပို့ချမှုများပြုလုပ်နေသည့် စီးပွားရေးလုပ်ငန်းရှင် အလီ ဒီယာလိုကမူ အဆိုပါစာစောင်က မွတ်စလင်များမှာ ခြိမ်းခြောက်မှုများကို တစ်စုတစ်စည်းတည်း ရင်ဆိုင်နေသည်ကို ပြသနေသည်ဟု ဆိုသည်။
    “ကျွန်တော် ဟောင်ကောင်ကိုစရောက်ကတည်းက မွတ်စလင်လူ့အဖွဲ့အစည်းတွေ အတူတကွလုပ်ဆောင်တာကို ဒါ ပထမဆုံးအကြိမ် တွေ့ရတာပါ” ဟု ဒီယာလိုက ဆိုသည်။
    ဟောင်ကောင်၏ အကြီးဆုံးအီမာမ်ဖြစ်သူ မိုဟာမက် အာရှက်ကမူ ဒေသတွင်းမွတ်စလင်များမှာ IS အနေဖြင့် အာရှသို့ ရောက်နိုင်မည်ဆိုသည်ကို မျှော်လင့်မထားခြင်း၊ ယုံကြည်ခြင်းပင် မရှိသောကြောင့် ယခုသီတင်းများက ဟောင်ကောင် မွတ်စလင်များအတွက် တုန်လှုပ်စရာဖြစ်နေသည်ဟု ဆိုသည်။
    ထို့ပြင် အာရှက်က ထောက်လှမ်းရေးသတင်းများအရ အကြမ်းဖက်ခြိမ်းခြောက်မှု၊ IS နှင့် ဆက်နွယ်နိုင်မှုများနှင့်ပတ်သက်၍ ဟောင်ကောင်ရဲတပ်ဖွဲ့နှင့် အစိုးရတာဝန်ရှိသူများ၏ ပြောကြားမှုများကြောင့် မိမိတို့ မွတ်စလင်လူ့အဖွဲ့အစည်းအနေဖြင့် သတိဝီရိယထားပြီး အာဏာပိုင်များအား ပံ့ပိုးကူညီပေးကြရန် တိုက်တွန်းပြောဆိုခဲ့သည်။
    ဟောင်ကောင်ရှိ အစ္စလာမ်ဘာသာဝင်အရေအတွက်မှာ ၂ သိန်းမှ ၂ သိန်းခွဲကြားအထိ ရှိမည်ဟု ခန့်မှန်းရသည်။
    Ref: Onislam
  • ထိပ်ဆုံးနဲ့ အောက်ဆုံးကအသင်းတွေ နိုင်ပြီး ချန်ပီယံလိဂ်နဲ့ တန်းဆင်းဇုန်အတွက် အကြိတ်အနယ်ရှိလာတဲ့ ပရီးမီးယားလိဂ်
    ထိပ်ဆုံးနဲ့ အောက်ဆုံးကအသင်းတွေ နိုင်ပြီး ချန်ပီယံလိဂ်နဲ့ တန်းဆင်းဇုန်အတွက် အကြိတ်အနယ်ရှိလာတဲ့ ပရီးမီးယားလိဂ်
    ဧပြီ ၆၊ ၂၀၁၅
    M-Media
    original
    – ဒီတစ်ပတ် စနေ၊ တနင်္ဂနွေမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ မှာတော့ လီဗာပူးကလွဲလို့ အသင်းကြီးတွေအားလုံး အနိုင်ရခဲ့ပြီး တန်းဆင်းဇုန်နားက အသင်းတစ်ချို့လည်း အနိုင်ရခဲ့ပါတယ်။
    စနေနေ့က အစောဆုံးကစားခဲ့တဲ့ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ရဲ့ပွဲမှာ အိမ်ရှင်အာဆင်နယ်တို့ အကောင်းဆုံးခြေစွမ်းနဲ့ ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာ အာဆင်နယ်က ပိုကောင်းခဲ့ပေမယ့် ဂိုးသွင်းခွင့်ရခဲ့တာကတော့ လီဗာပူးလ်ဖြစ်ပါတယ်။ ဒါပေမယ့် ဂိုးရအောင် မသွင်းနိုင်ခဲ့ဘဲ ပထမပိုင်း ၃၇ မိနစ်ကနေ ၄၅ မိနစ်အတွင်း ၈ မိနစ်ဆိုတဲ့ အချိန်လေးမှာ ဘယ်လာရင်၊ အိုဇေးလ်နဲ့ ဆန်းချက်ဇ်တို့ရဲ့ သွင်းဂိုး ၃ ဂိုးက လီဗာပူးလ်ရဲ့ အခြေအနေကို ဆိုးရွားစေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လီဗာပူးလ်တို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် စတားရစ်ခ်ျကြောင့်ရတဲ့ ပင်နယ်တီကို ဟန်ဒါဆင်က ကန်သွင်းနိုင်ခဲ့တာကြောင့် နှစ်သိမ့်ဂိုး ၁ ဂိုးသာ လီဗာပူးလ်တို့ ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ လီဗာပူးလ်နောက်ခံလူ အမ်ရီကန် ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရပြီး ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ ဂျရူးက အာဆင်နယ်အတွက် တစ်လုံး ထပ်သွင်းခဲ့ပါတယ်။ အာဆင်နယ်ရဲ့ ဒီနိုင်ပွဲဟာ နောက်ဆုံး ၁၁ ပွဲမှာ ၁၀
    ပွဲမြောက်အနိုင်ဖြစ်ပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို ရယူထားနိုင်ခဲ့ပါတယ်။ လီဗာပူးလ်နည်းပြ ရော်ဂျာကတော့ သူတို့အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ တော်တော်လေးခက်သွားပြီလို့ ပွဲအပြီးမှာ ၀န်ခံခဲ့ပါတယ်။
    အိုးထရက်ဖို့ဒ်က မန်ယူနဲ့ အက်စတွန်ဗီလာတို့ပွဲမှာတော့ အိမ်ရှင်တို့ ကစားပုံမကောင်းခဲ့ပေမယ့် ဟာရဲရားနဲ့ ရူနီတို့ရဲ့ သွင်းဂိုးတွေကြောင့် အနိုင် ၃ မှတ်တော့ ရယူနိုင်ခဲ့ပါတယ်။ ဂိုးသွင်းခွင့် ၅ ကြိမ်လောက်သာ ရတဲ့အချိန်မှာ ၃ ဂိုး သွင်းယူနိုင်ခဲ့တဲ့ မန်ယူကစားတွေရဲ့ အဆုံးသတ်ကောင်းမွန်မှုက အဆုံးအဖြတ်ပေးသွားတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၅ ပွဲဆက် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ မန်ယူဟာ နောက်တစ်ပတ်ကစပြီး ထိပ်ဆုံ ၃ သင်းနဲ့ တွေ့ရတော့မှာဖြစ်တာကြောင့် ဗန်ဂါးလ်က သူတို့အသင်း ထိပ်ဆုံး ၄ သင်းစာရင်းဝင်ဖို့ မလွယ်သေးဘူးလို့ ပြောခဲ့ပါတယ်။
    ထိပ်ဆုံးက ချယ်ဆီးကလည်း အိမ်ကွင်းမှာ အမှားအယွင်းမရှိခဲ့ပါဘူး။ ဟာဇာ့ဒ်ရဲ့ ပင်နယ်တီနဲ့ ၃၉ မိနစ်မှာ ဦးဆောင်နိုင်ခဲ့တဲ့ ချယ်ဆီး ၄၄ မိနစ်မှာတော့ ချယ်လီ အဒမ်ရဲ့ ချေပဂိုး ၁ ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ ဒီဂိုးဟာ စတုတ်ရဲ့ ၆ နှစ်အတွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျ ပထမဆုံးဂိုးလည်း ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဂိုးရဖို့ ကြိုးစားလာတဲ့ ချယ်ဆီးအတွက် တိုက်စစ်မှူး ရီမီက စတုတ်ဂိုးသမား အက်စ်မီရ် ဘီဂိုဗစ်ရဲ့ အမှားကို အကောင်းဆုံး အသုံးချပြီး ၆၂ မိနစ်မှာ အနိုင်ဂိုး သွင်းပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ချယ်ဆီးတို့ အပိုင် ဂိုးသွင်းခွင့် ၂ ကြိမ်လောက်ရခဲ့ပေမယ့် စတုတ်ဂိုးသမား အကောင်းဆုံး ကာကွယ်သွားနိုင်တာကြောင့် ၂ ဂိုးနဲ့သာ အနိုင် ၃ မှတ်ရခဲ့တာဖြစ်ပါတယ်။
    ထိပ်ဆုံး လေးသင်းဝင်ဖို့ ကြိုးစားနေတဲ့ စပါးကတော့ ဘန်လေကွင်းမှာ ဂိုးမရှိသရေနဲ့ သရေတစ်မှတ်သာ ရခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးသွင်းစက် ဟယ်ရီကိန်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပေမယ့် ဂိုးပေါက်တော့ ရှာမတွေ့ခဲ့ပါဘူး။
    ဇယားအောက်ခြေက ၂ သင်းဖြစ်တဲ့ ကျူပီအာရ်နဲ့ လက်စတာတို့လည်း နိုင်ပွဲတွေကိုယ်စီရခဲ့ပြီး တန်းဆင်းဇုန်တိုက်ပွဲမှာ အကြိတ်အနယ်ဖြစ်လာပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အနိုင်အရှုံးရလဒ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    အာဆင်နယ် ၄-၁ လီဗာပူးလ်
    အဲဗာတန် ၁-၀ ဆောက်သက်တမ်
    လက်စတာ ၂-၁ ၀က်စ်ဟမ်း
    မန်ယူ ၃-၁ အက်စတွန်ဗီလာ
    ဆွမ်ဆီး ၃-၁ ဟားလ်စီးတီး
    ချယ်ဆီး ၂-၁ စတုတ်
    ဘန်လေ ၀-၀ စပါး
    ဆန်းဒါးလန်း ၁-၀ နယူးကာဆယ်