News @ M-Media

Author: Ko Lay

  • မက္ကဆီကို ရဲယာဉ်တန်း ချုံခိုတိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး

    မက္ကဆီကို ရဲယာဉ်တန်း ချုံခိုတိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး

    ဧပြီ ၈၊ ၂၀၁၅
    M-Media

    mexico shooting

    – မက္ကဆီကို အနောက်ပိုင်း ပြည်နယ်တစ်ခုတွင် ရဲတပ်ဖွဲ့ယာဉ်တန်း ချုံခိုတိုက်ခိုက်ခံရမှုကြောင့် ပြည်နယ်ရဲတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးခဲ့ပြီး ထိုတိုက်ခိုက်မှုမှာ ပြီးခဲ့သည့်နှစ်များအတွင်း မက္ကဆီကိုရဲတပ်ဖွဲ့အား ပစ်မှတ်ထားသော အဆိုးရွားဆုံးတိုက်ခိုက်မှုလည်း ဖြစ်သည်။

    ဂျာလစ္စကိုပြည်နယ် ပူအာတို ဗာလာတာမြို့နှင့် ဂွာတာလာဂျာရာမြို့ အကြားရှိ ကျေးလက် အဝေးပြေးလမ်းမတစ်ခုတွင် ရဲတပ်ဖွဲ့ယာဉ်တန်းက မောင်းနှင်နေစဉ် တနင်္လာနေ့ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ် တရာသူကြီးက ပြောကြားခဲ့သည်။

    ယာဉ်တန်းတွင်ပါဝင်သော ကားများမှာ ဇကာပေါက်ဖြစ်သွားပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦးလည်း ဒဏ်ရာရခဲ့သည်။ ထိုတိုက်ခိုက်မှုမှာ ၂၀၁၀ ခုနှစ်က အနီးရှိ မီချိုအာကန်ပြည်နယ်တွင် ဖက်ဒရယ်ရဲတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့သော တိုက်ခိုက်မှုနောက်ပိုင်း ဥပဒေစိုးမိုးရေးအရာရှိများကို ပစ်မှတ်ထားသည့် အဆိုးဝါးဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။

    ဂျာလစ္စကိုပြည်နယ်မှာ Jalisco New Generation ဟုအမည်ရသည့် မူးယစ်ဂိုဏ်း ကျက်စားသည့်ဒေသဖြစ်ပြီး ထိုဂိုဏ်းမှာ မက္ကဆီကိုတွင် အင်အားအကြီးဆုံး ဂိုဏ်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ တရားသူကြီးများကမူ တနင်္လာနေ့က အဆိုပါတိုက်ခိုက်မှုတွင် မူးယစ်ဂိုဏ်းက ပါဝင်ပတ်သက်မှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးဟု ဆိုသော်လည်း ဂျာလစ္စကိုပိုင်နက်အတွင်း ထိုကဲ့သို့ တိုက်ခိုက်မှုကြီးကို အခြားသော မူးယစ်ဂိုဏ်းက ပြုလုပ်သည်ဟု ယူဆရန် ခက်ခဲသည်ဟု ဆိုသည်။

    ပြည်နယ်လုံခြုံရေးကော်မရှင်နာ အလက်ဂျန်ဒရို ဆိုလိုရီယိုကမူ တိုက်ခိုက်မှုများ မည်ကဲ့သို့ ဖြစ်ပွားသည်ကို ပြောကြားခဲ့ခြင်း မရှိဘဲ အဆိုပါတိုက်ခိုက်မှုမှာ သရဲဘောကြောင်သည့် တိုက်ခိုက်မှုဟု သမုတ်ခဲ့သည်။

    ဒေသတွင်းမီဒီယာများကမူ သေနတ်သမားများမှာ ရဲတပ်ဖွဲယာဉ်တန်း ရပ်တန့်သွားစေရန် ကားတစ်စီးအား ခိုးယူ၍ လမ်းမအလယ်တွင် မီးရှို့ခဲ့သည်ဟု ဆိုသည်။

    “ဒါဟာ စီစဉ်ထားတဲ့ တိုက်ခိုက်မှုပါ။ သေနတ်သမားအများကြီး ပါဝင်ခဲ့ပါတယ်။ သူတို့ဟာ အဝေးပြေးလမ်းမကို ပိတ်လိုက်ပြီး (ရဲတပ်ဖွဲ့ဝင်တွေကို) ၀ိုင်းပြီးပစ်ခတ်ခဲ့ကြတာပါ” ဟု လုံခြုံရေး ကျွမ်းကျင်သူ ရာအူးလ် ဘန်နီတက်ဇ်က ပြောကြားခဲ့သည်။

    Ref: Aljazeera

  • နေးမာအတွက် စိတ်မပူဟု ဘာစီလိုနာနည်းပြ ပြော

    နေးမာအတွက် စိတ်မပူဟု ဘာစီလိုနာနည်းပြ ပြော

    ဧပြီ ၈၊ ၂၀၁၅
    M-Media

    naymar

    – ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ခြေစွမ်းကောင်းများ ပြသနိုင်ခြင်းမရှိဘဲ ဂိုးပေါက်ပျောက်ဆုံးနေသည့် တိုက်စစ်မှူး နေးမာအတွက် မိမိအနေဖြင့် စိုးရိမ်မှုမရှိဟု ဘာစီလိုနာနည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။

    အသက် ၂၃ နှစ်အရွယ် နေးမာမှာ ရာသီအစမှ စတင်ကစားခဲ့သည့် လာလီဂါ ပွဲ ၂၀ အတွင်း ၁၇ ဂိုးသွင်းယူနိုင်ကာ ခြေစွမ်းကောင်းများ ပြသနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ၅ ပတ်အတွင်း ဂိုးပေါက်ပျောက်ခဲ့သည်။ အန်းရစ်ကမူ နေးမာမှာ ဂိုးမသွင်းနိုင်သော်လည်း အသင်းအတွက် ကူညီပေးခဲ့သည်ဟု ဆိုသည်။

    “နေးမာရဲ့ပုံစံနဲ့ပတ်သက်ပြီး ကျွန်တော်မစိုးရိမ်ပါဘူး။ ကျွန်တော်တို့ဟာ အဆင့်မြင့်ကစားသမား တစ်ယောက်အကြောင်း ပြောနေတာပါ။ သူ့ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ပြီး ဂိုးတွေပြန်သွင်းနိုင်လိမ့်မယ်ဆိုတာ ကျွန်တော် သံသယမရှိပါဘူး။ ပြီးတော့ သူဂိုးမသွင်းနိုင်ပေမယ့် အသင်းအတွက်တော့ အများကြီး ကူညီပေးပါတယ်” ဟု အန်းရစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ဝေဖန်ခံနေရသည့် ၀ါရင့်ကွင်းလယ်လူ အင်နီယေစတာကိုလည်း အန်းရစ်က ကာကွယ်ခဲ့သည်။

    “အင်နီယေစတာရဲ့ စွမ်းဆောင်ရည်အတွက်လည်း ကျွန်တော်တို့ ကျေနပ်နေပါတယ်။ သူဟာ ပွဲရဲ့အခြေအနေအားလုံးမှာ အသင်းအတွက် အများကြီး ပေးဆပ်လေ့ရှိသူပါ။ ပြီးတော့ သူဟာ ပွဲစောင့်ကြည့်ရတာကိုလည်း ပျော်ရွှင်တဲ့သူပါ။ ကျွန်တော့်အနေနဲ့ ကစားသမားအားလုံးကို တိုးတက်စေချင်ပြီး ပိုလည်း ကောင်းစေချင်ပါတယ်” ဟု အန်းရစ်က ထပ်လောင်းပြောကြားခဲ့သည်။

    လာလီဂါတွင် ဒုတိယနေရာမှ ရီးယဲလ်ကို ၄ မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်မှုနှင့်ပတ်သက်၍ အန်းရစ်က မိမိတို့မှာ လက်ရှိအချိန်တွင် တစ်ပန်းသာသည့် အနေအထား၌ ရှိနေသော်လည်း ချန်ပီယံဘွဲ့အား ရှရှိထားခြင်းမဟုတ်ကြောင်း၊ မိမိတို့ ကစားပုံ တိုးတက်အောင် ဆောင်ရွက်နိုင်သည့်တစ်လျှောက်လုံး ဇယားတွင် ထိပ်ဆုံး၌ ရှိနေမည်ဖြစ်သော်လည်း ကစားရန် ပွဲများစွာ ကျန်ရှိနေသေးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • ဖီအိုရင်တီးနားတိုက်စစ်မှူး ဆာလာဟ် ဒေသတွင်း မွတ်စလင်လူ့အဖွဲ့အစည်းအတွက် ငွေကြေးလှူဒါန်း

    ဖီအိုရင်တီးနားတိုက်စစ်မှူး ဆာလာဟ် ဒေသတွင်း မွတ်စလင်လူ့အဖွဲ့အစည်းအတွက် ငွေကြေးလှူဒါန်း

    ဧပြီ ၈၊ ၂၀၁၅
    M-Media

    7-4-15_Fiorentinas-Salah-Gives-60K-Euros-for-Mosque

    – အီတလီစီးရီးအေကလပ် ဖီအိုရင်တီးနားအသင်း၏ တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်မှာ ဖလော့ရင့်စ်ဒေသရှိ လီဝတ်ကျောင်းတော်များ ပြုပြင်နိုင်ရေးအတွက် ဖလော့ရင့်စ်မွတ်စလင်လူ့အဖွဲ့အစည်းအား ယူရို ၆၀၀၀၀ လှူဒါန်းခဲ့သည်ဟု သိရသည်။

    အသင်း၏ ရုံးခန်းတွင် ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု Calico Mercato ၀ဘ်ဆိုက်က ဖော်ပြခဲ့ခြင်းဖြစ်ပြီး အဆိုပါ ငွေပမာဏကို ဒေသအတွင်းရှိ ဗလီဝတ်ကျောင်းတော်များနှင့် အစ္စလာမ့်စင်တာများ ဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။

    အီဂျစ်ကစားသမားဖြစ်သူ ဆာလာဟ်မှာ ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းမှ ဖီအိုရင်တီးနားသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး အသင်အတွက် ၁၂ ပွဲကစားပြီးချိန်တွင် ၉ ဂိုးသွင်းယူပေးထားကာ ၂ ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီက စတင်ရောက်ရှိလာသည့်အချိန်တွင် ဆာလာဟ်မှာ ဗလီဝတ်ကျောင်းတော် တည်ရှိရာနေရာကို ပထမဆုံး မေးမြန်းခဲ့သည်ဟု အစ္စလာမ့်လူ့အဖွဲ့အစည်းနှင့် အသင်းအဖွဲ့များ သမဂ္ဂ အကြီးအကဲက ပြောကြားခဲ့သည်။

    ဆာလာဟ်မှ ဂိုးတစ်ကြိမ်သွင်းတိုင်း ဘုရားသခင်အား ကျေးဇူးတင်သည့်အနေဖြင့် စဂ်ျဒဟ်ဦးချမှုတစ်ကြိမ် ပြုလုပ်လေ့ရှိပြီး ဒေသတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းက ၎င်း၏လုပ်ရပ်အား ကြိုဆိုခဲ့ကာ မီဒီယာများက ဖြန့်ချီသည့် အကြမ်းဖက်ပုံရိပ်များမှ ဝေးကွာစေကာ အစ္စလာမ်၏ စစ်မှန်သော ပုံရိပ်ကို ကိုယ်စားပြုခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အီတလီတွင် သစ်လွင်မွတ်စလင် ၂၀၀၀၀ အပါအ၀င် အစ္စလာမ်ကို သက်ဝင်ယုံကြည်သူအရေအတွက်မှာ ၁.၇ သန်း ရှိသည်ဟု အမျိုးသား စာရင်းအင်းအေဂျင်စီ Istat မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

    Ref: Onislam

  • ဒုတိယကမ္ဘာစစ်က အကြွေး ဂျာမနီထံ ဂရိပြန်တောင်း

    ဒုတိယကမ္ဘာစစ်က အကြွေး ဂျာမနီထံ ဂရိပြန်တောင်း

    ဧပြီ ၇၊ ၂၀၁၅
    M-Media

    flag
    ဂရိအား သိမ်းပိုက်ပြီးနောက် အေသင်တွင် နာဇီများ အလံလွှင့်ထူနေစဉ်

     

    – ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတို့ ဂရိအား သိမ်းပိုက်သည့်အခါ နာဇီအာဏာပိုင်များက အတင်းအဓမ္မ တောင်းဆိုမှုကြောင့် ပေးခဲ့ရသည့် ယူရို ၂၇၉ ဘီလီယံကို ပြန်လည်ပေးအပ်ရန်အတွက် ဂရိအစိုးရက ဂျာမနီထံ တောင်းဆိုလိုက်သည်ဟု သိရသည်။

    ဂရိမှာ ဂျာမနီမှ လျော်ကြေးငွေများ ရရှိရန် အချိန်အတော်ကြာကပင် တောင်းဆိုမှုများ ရှိခဲ့သော်လည်း ယမန်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွက် ဂရိ လက်ထောက်ဘဏ္ဍာရေးဝန်ကြီး ဒီမီထရစ် မာဒက်စ်က ဂျာမနီမှာ ဂရိအပေါ် အကြွေတင်ထားသည်ဟုဆိုသည့် ငွေကြေးပမာဏအတိအကျကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

    ထို့ပြင် မစ္စတာမာဒက်စ်မှာ ဂျာမနီက ဂရိအပေါ် မည်မျှ အကြွေးတင်ထားသည်ကို တွက်ချက်ရန် ဂရိအစိုးရက ဖွဲ့စည်းထားသည့် ကော်မတီတွင်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

    ဂရိဝန်ကြီးချုပ် အဲလက်စစ် တီစစ်ပ်ရက်စ်ကလည်း “တာဝန်ဝတ္တရားတွေအားလုံး ကျေပွန်အောင် အစိုးရက အလုပ်လုပ်သွားမှာပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဂရိနိုင်ငံနဲ့ ဂရိပြည်သူတွေအတွက် မပြည့်ဝသေးတဲ့ တာဝန်ဝတ္တရားတွေကိုလည်း တစ်ခါတည်း ဖြည့်ဆည်းပေးသွားမှာပါ” ဟု အဆိုပါကော်မတီ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ပြီးခဲ့သည့်လက လွှတ်တော်အတွင်း ဆွေးနွေးမှုတွင် ပြောကြားခဲ့သည်။

    နာဇီတို့က ဂရိအား သိမ်းပိုက်ရာတွင် ကုန်ကျသောငွေဟုဆိုကာ အတင်းအဓမ္မ တောင်းခံသောကြောင့် ဂရိမှာ ၁၉၄၂ ခုနှစ် ဒီဇင်ဘာတွင် ဂျာမန်ငွေ ၄၇၆ သန်းကို နာဇီအာဏာပိုင်များသို့ ကာလရှည် ချေးခဲ့ရသည်။ သို့သော်လည်း ဂျာမနီက ထိုငွေအား ပြန်ပေးခဲ့ခြင်းမရှိဟု ဆိုသည်။

    အဆိုပါငွေပမာဏကို လက်ရှိငွေကြေးဖြင့် တွက်ချက်ပါက ယူရို ၂၇၉ ဘီလီယံရှိပြီး ဂရိနိုင်ငံ၏ GDP ထက် ၁၂၅ ရာခိုင်နှုန်း ရှိနေကာ ထိုငွေအား ရရှိခဲ့ပါက တိုင်းပြည်၏ စီးပွားရေးမှာ လက်ရှိပမာဏ၏ ၂ ဆကျော် ဖြစ်လာမည်ဖြစ်သည်။ ဂျာမနီ၏ GDP နှင့် တွက်လျှင် ထိုငွေမှာ သုံးပုံတစ်ပုံခန့် ရှိသည်။

    ဂျာမနီကမူ အဆိုပါ တောင်းဆိုချက်အား လိုက်လျောမည့်အလားအလာ မရှိသော်လည်း ထိုသို့ဆောင်ရွက်ခြင်းက ဂရိအစိုးရအား ပြည်တွင်း၌ လူကြိုက်များလာနိုင်ပြီး ဂရိ၏အကြွေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ တစ်ကျော့ပြန် ဖြစ်ပေါ်လာစေရန် အကူအညီ ဖြစ်စေမည်ဖြစ်သည်။

    ပြီးခဲ့သည့်နှစ်က အနိုင်ရရှိခဲ့သည့် လက်ဝဲယိမ်း SYRIZA အစိုးရမှာ မမျှမတ ဆက်ဆံသည်ဟုဆိုသော ဂရိ၏ အကြွေးရှင်နိုင်ငံများကို ပြတ်ပြတ်သားသားသား တုံ့ပြန်သွားမည်ဟု ကတိပြုထားသည်။

    ဒုတိယကမ္ဘာစစ် နာဇီတို့၏ ဂရိအားသိမ်းပိုက်ခြင်းက နိုင်ငံ၏ စီးပွားရေးကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့ပြီး အစာရေစာ ငတ်မွတ်ခေါင်းပါးမှုကြောင့် ဂရိပြည်သူ သန်းနှင့်ချီ၍ သေကြေပျက်စီးခဲ့ရသည်။

    Ref: Indpendent

  • ရှုံးသော်လည်း ကစားပုံကောင်းခဲ့သည်ဟု မန်စီးတီးနည်းပြ ပြော

    ရှုံးသော်လည်း ကစားပုံကောင်းခဲ့သည်ဟု မန်စီးတီးနည်းပြ ပြော

    ဧပြီ ၇၊ ၂၀၁၅
    M-Media

    manuelpellegrini-cropped_13388l1ub0e2p1rmec1i2v0ube

    – ခရစ္စတယ်ပဲလေ့စ်အသင်းအား ရှုံးနိမ့်ခဲ့သော်လည်း မိမိတို့အသင်းမှာ ကစားပုံကောင်းခဲ့ပြီး ယခုရလဒ်ထက် ပို၍ ထိုက်တန်သည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    ယနေ့နံနက်က ကစားခဲ့သည်အဆိုပါပွဲတွင် မန်စီးတီးမှာ ကစားကွက် အသာရခဲ့သော်လည်း ဦးဆောင်ဂိုး ၂ ဂိုး အရင်ပေးခဲ့ရကာ ၁ ဂိုးသာ ပြန်သွင်းနိုင်ခဲ့သောကြောင့် အရှုံးပေးခဲ့ရပြီး ထိပ်ဆုံးမှ ချယ်ဆီးအား အမှီလိုက်ရေးမျှော်လင့်ချက်မှာ မှေးမှိန်ခဲ့ရသည်။

    “ကျွန်တော်တို့ ပွဲအစကနေ အဆုံးအထိ ကားပုံကောင်းခဲ့ပါတယ်။ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ သူတို့ရဲ့ လူကျွံဂိုး ၁ ဂိုးနဲ့ လှပတဲ့ ဖရီးကစ်တစ်ဂိုးကြောင့် ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရတာပါ။ ဒိုင်လူကြီးနဲ့ပတ်သက်လို့တော့ ကျွန်တော် ဘာမှ မပြောချင်ပါဘူး။ ဒိုင်လူကြီးကို ဝေဖန်ဆန်းစစ်ဖို့ဆိုတာ နည်းပြတစ်ယောက်အတွက် လုပ်ကောင်းတဲ့အလုပ် မဟုတ်ပါဘူး” ဟု ပယ်လီဂရီနီက ပွဲအပြီးတွင် Sky Sports သို့ ပြောကြားခဲ့သည်။

    ပဲလေ့စ်၏ ပထမဦးဆောင်ဂိုးမှာ လူကျွံဘောဖြစ်နေသည်ကို အနှေးပြကွက်များအရ တွေ့ရပြီး မိမိတို့အသင်း အဘယ့်ကြောင့် ရှုံးရသည်ဟု ဆိုလျှင် လူကျွံဘောနှင့် လှပသည့် ဖရီးကစ်ကြောင့် ဖြစ်သည်ဟု ထပ်ပြောချင်ကြောင်း ပယ်လီဂရီနီက ထပ်လောင်းပြောကြားခဲ့သည်။

    ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းရန် မျှော်လင့်ချက် မှေးမှိန်သွားပြီလားဟု မေးမြန်းရာ ပယ်လီဂရီနီက မိမိတို့အသင်းမှာ တစ်ပွဲချင်းစီ ဆက်လက်ကစားသွားမည်ဟု ဖြေကြားခဲ့သည်။

    “ဗိုလ်စွဲဖို့အတွက် ကျွန်တော် ပြောနေတာမဟုတ်ပါဘူး။ ပွဲတွေကို နိုင်ဖို့ပဲ ကြိုးစားနေတာပါ။ ရာသီအကုန်မှာ ကြည့်ကြတာပေါ့ဗျာ။ အမှတ်လျော့သွားတဲ့ အချိန်တိုင်းမှာ ရိုက်ခတ်မှုကြီးတွေကတော့ ရှိပါတယ်။ ဒါပေမယ့် ဒီနေ့ ကစားခဲ့သလိုမျိုး နောက်ပွဲတွေမှာ ထပ်ကစားဖို့ ကြိုးစားရပါမယ်။ ဘာ့ကြောင့်လည်းဆိုတော့ သာမန်ဆိုရင် ကျွန်တော်တို့ နိုင်လေ့ရှိလို့ပါ”

    မန်စီးတီးမှာ လက်ရှိအချိန်တွင် ဦးဆောင်သူချယ်ဆီးနှင့် တစ်ပွဲအသာ ၉ မှတ်လျော့ဖြင့် တတိယနေရတွင်ရှိနေသည်။

    Ref: Goal.com