News @ M-Media

Author: Ko Lay

  • ပြည်တွင်းရှုံးထွက်ဖလား ဟက်ထရစ်လိုချင်နေတဲ့ အလွန်ဆို

    ပြည်တွင်းရှုံးထွက်ဖလား ဟက်ထရစ်လိုချင်နေတဲ့ အလွန်ဆို

    ဧပြီ ၇၊ ၂၀၁၅
    M-Media

    xabialonso-cropped_1yo0kybpvhcs1qx21pbidnlyy

    – မိမိရရှိခဲ့သည့် ဆုတံဆိပ်များတွင် ဂျာမနီ၏ ရှုံးထွက်ဖလား ဆုတံဆိပ်ကို ထပ်မံထည့်သွင်းရန် မျှော်လင့်နေသည်ဟု ဘိုင်ယန်မြူးနစ်အသင်း၏ အားထားရသည့် ကွင်းလယ်သူ ဇာဗီအလွန်ဆိုက ပြောကြားလိုက်သည်။

    အလွန်ဆိုမှာ ၂၀၀၆ ခုနှစ်က လီဗာပူးလ်အသင်းနှင့် FA ဖလား ရရှိခဲ့ဖူးပြီး ရီးယဲလ်တွင်ကစားစဉ် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များ၌ စပိန်ဘုရင့်ဖလား ၂ ကြိမ် ရရှိဖူးသည်။ လက်ရှိအချိန်တွင် ဘိုင်ယန်မှာ ဂျာမန်ရှုံးထွက်ဖလားဖြစ်သည့် DFB- Pokal ဖလား ကွာတားဖိုင်နယ် ရောက်နေပြီး လေဗာကူဆင်နှင့် ကစားရမည်ဖြစ်သည်။ အလွန်ဆိုကမူ မတူညီသော နိုင်ငံသုံးနိုင်ငံမှ ရှုံးထွက်ဖလား ဟက်ထရစ်ရရှိရန် ရည်ရွယ်နေသည်။

    “(ပြည်တွင်း ရှုံးထွက်ဖလားကို) ကျွန်တော် အင်္ဂလန်နဲ့ စပိန်တို့မှာ ရခဲ့ဖူးပါတယ်။ ဒီမှာလည်း ကျွန်တော် ရချင်ပါတယ်။ လေဗာကူဆင်ဟာ အနိုင်ရဖို့ ခက်တဲ့အသင်းပါ။ သူတို့ဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး အမြဲတမ်း တိုက်စစ်ဆင်တတ်တဲ့ အသင်းပါ။ ကျွန်တော်တို့ ထိပ်တန်း စွမ်းဆောင်မှု လိုအပ်ပါတယ်။ ဖောင်ဖျက်ကစားရမှာပါပဲ” ဟု အလွန်ဆိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    တိုက်စစ်မှူး မူလာကမူ လေဗာကူဆင်မှာ မိမိတို့အသင်း အခက်တွေ့အောင် အဆုံးစွန်ဆုံး ဆောင်ရွက်သွားလိမ့်မည်ဟု သတိပေးခဲ့သည်။ သို့သော်လည်း မိမိတို့၏ လက်ရှိ မာကျောသည့် ခံစစ်ကစားပုံ အဆုံးသတ်ရန် အသင်းဖော်များအား စိန်ခေါ်ခဲ့သည်။

    “လေဗာကူဆင်ဟာ တော်တော်ကောင်းတဲ့အသင်းပါ။ ပြီးတော့ သူတို့ဟာ စတိုင်ကျကျ ကစားတတ်ပါတယ်။ အဲဒီကစားပုံမျိုးဟာ သူတို့ရဲ့ ပြိုင်ဘက်ကို သက်တောင့်သက်သာ ဖြစ်စေမှာ မဟုတ်ပါဘူး။ ဒါဟာ ရှုံးထွက်ဖလားပါ။ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအဆင့်ကိုဖြတ်သန်းဖို့ ကျွန်တော်တို့ဟာ ထိပ်တန်းစွမ်းဆောင်ရည်ရှိဖို့ လိုပါတယ်” ဟု မူလာက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • အစ္စရေးအား အီရန်က အသိအမှတ်ပြုရေး နျူသဘောတူညီချက်တွင် မပါဟု အိုဘားမား ပြော

    အစ္စရေးအား အီရန်က အသိအမှတ်ပြုရေး နျူသဘောတူညီချက်တွင် မပါဟု အိုဘားမား ပြော

    ဧပြီ ၇၊ ၂၀၁၅
    M-Media

    2b87e329789c49569ca1796ceb89df9b_18

    – အခြေတည်စ အီရန်နျူကလီးယား သဘောတူညီချက်တွင် အီရန်က အစ္စရေးအား အသိအမှတ်ပြုပေးရမည်ဟု တောင်းဆိုခြင်းမှာ အခြေခံ အယူအဆအမှား ဖြစ်သည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။

    အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ နျူအရေး မူဘောင်သဘောတူညီချက် ရရှိခဲ့ပြီဟု ကြေညာခဲ့ပြီးနောက်ပိုင်း အစ္စရေးက၀န်ကြီးချုပ် နေတန်ယာဟုက မကျေမနပ်ဖြစ်ခဲ့ကာ နျူအရေး နောက်ဆုံးသဘောတူညီချက်တွင် အီရန်အနေဖြင့် အစ္စရေးအား အသိအမှတ်ပြုပါသည်ဆိုသော ၀န်ခံချက်ကို ထည့်သွင်းပေးရမည်ဟု ပြီးခဲ့သည့် သောကြာနေ့က တောင်းဆိုခဲ့သည်။

    သို့သော်လည်း သမ္မတအိုဘားမားက အမေရိကန် ရေဒီယို NPR နှင့် ယမန်နေ့ အင်တာဗျူးတွင် ထိုတောင်းဆိုမှုအား ပယ်ချလိုက်ပြီး အစ္စရေးကို အသိအမှတ်ပြုရန် အီရန်အား တောင်းဆိုခြင်းမှာ သဘောတူညီချက်၏ အတိုင်းအတာထက် ကျော်လွန်နေသည်ဟု ဆိုသည်။

    “အီရန်ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ခြင်းမရှိဖို့ဆိုတဲ့ အတည်ပြုနိုင်နဲ့ သဘောတူညီချက်မှာ အစ္စရေးကို အသိအမှတ်ပြုဖို့ ချွင်းချက်ထားရမယ်ဆိုတဲ့ အယူအဆဟာ အီရန်အစိုးရဲ့ သဘောထား လုံးဝပြောင်းလဲမှုမရှိဘူဆိုရင် သဘောတူညီချက်ကို ကျွန်တော်တို့ လက်မှတ်ထိုးမှာမဟုတ်ဘူးဆိုတဲ့ သဘောသဘာဝမျိုး ဖြစ်နေပါတယ်။ ဒါမျိုးဟာ အခြေခံ အယူအဆ အမှားပါပဲ” ဟု အိုဘားမားက ပြောကြားခဲ့သည်။

    ထို့ပြင် အိုဘားမားက ကမ္ဘာ့အင်အားကြီးနိုင်ငံများက အီရန်အား နျူကလီးယားလက်နက် မရရှိစေချင်သည့် အကြောင်းအရင်းကိုလည်း ဖွင့်ဟခဲ့သည်။

    “ကျွန်တော် ဒီအချက်ကို ပြောချင်ပါတယ်။ အီရန်အစိုးရရဲ့ သဘောထား ပြောင်းလဲမယ်လို့ သဘောမထားနိုင်တဲ့အတွက် ကျွန်တော်တို့ အီရန်ကို နျူကလီးယားလက်နက်တွေ မရစေချင်တာပါ။ ဒါဟာ ဘာ့ကြောင့် ကျွန်တော်တို့ နျူကလီးယားလက်နက် မရစချေင်လဲဆိုတဲ့ တိကျတဲ့အချက်ပါပဲ။ တကယ်လို့ အီရန်ဟာ ဂျာမနီ ဒါမှမဟုတ် ဆွီဒင်၊ ဒါမှမဟုတ် ပြင်သစ်တို့လို ပြုပြင်ပြောင်းလဲမယ်ဆိုရင်တော့ သူတို့ရဲ့ နျူးကလီးယား အခြေခံအဆောက်အဦးအတွက် တခြားပြောစရာစကားတွေ ရှိလာမှာပါ” ဟု အိုဘားမားက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • ချက်ပဲဟေးလ် မွတ်စလင် ၃ ဦးအား သတ်ဖြတ်သည့် တရားခံ သေဒဏ်ကျခံရနိုင်ဟု တရားသူကြီးပြော

    ချက်ပဲဟေးလ် မွတ်စလင် ၃ ဦးအား သတ်ဖြတ်သည့် တရားခံ သေဒဏ်ကျခံရနိုင်ဟု တရားသူကြီးပြော

    ဧပြီ ၇၊ ၂၀၁၅
    M-Media

    7998916412834b969ae0f54d23213230_18

    – မြောက်ကယ်ရိုလိုင်းနားရှိ ချက်ပဲလ်ဟေးလ်မြို့တွင် မွတ်စလင်လူငယ် ၃ ဦးအား သတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် ခရေ့ဂ်ျဟစ်က်မှာ သေဒဏ်ချမှတ်ခြင်း ခံရနိုင်သည်ဟု တရားသူကြီးက ပြောကြားလိုက်သည်။

    ယမန်နေ့က ကြားနာမှုအတွင်း ပြောကြားလိုက်ခြင်းဖြစ်ပြီး ဟစ်က်၏ အမှုမှာ သေဒဏ်အပြစ်ပေးမှု မြောက်နေသည်ဟု တရားသူကြီး အော်လန်ဒို ဟဒ်န် ဂျေအာရ်က ဆိုသည်။ တရားလိုရှေ့နေများကမူ သေဆုံးသွားသူများ၏ သွေးစများ ဟစ်က်၏ ဘောင်းဘီ၌ တွေ့ရှိရခြင်း အပါအ၀င် ခိုင်မာသော အထောက်အထား ရှိထားကြောင်း တရားသူကြီးအား ပြောကြားခဲ့သည်။

    အသက် ၄၆ နှစ်အရွယ်ရှိ ဟစ်ကစ်မှာ အသက် ၂၁ နှစ်အရွယ် ယူဆိုးရ်မိုဟာမက်၊ ယူဆိုးရ်၏ ခင်ပွန်း အသက် ၂၃ နှစ်အရွယ် ဒီယာ ရှက်ဒီဘရကသ်နှင့် သူမ၏ ညီမ အသက် ၁၉ နှစ်အရွယ် ရာဇန်မိုဟာမက် အဘူ ဆလ်ဟာတို့ အသတ်ခံရမှုဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ သေဆုံးသူများအနီးတွင် တွေ့ရသည့် ကျည်ခွံ ၈ ခုမှာ ဟစ်က်ပိုင်ဆိုင်သော ပစ္စတိုမှ ကျည်နှင့် ကိုက်ညီနေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

    ရဲတပ်ဖွဲ့ကမူ အဆိုပါ သေနတ်ပစ်မှု၏ နောက်ကွယ်မှ အကြောင်းအရင်းမှာ ကားပါကင်ပြဿနာကြောင့် ဖြစ်သည်ဟု ဆိုပြီး ကွယ်လွန်သွားသူများ၏ မိသားစုများကမူ အမုန်းတရားကြောင့် ဖြစ်သည်ဟု ယုံကြည်နေသည်။

    ဟစ်က်အသုံးပြုသည်ဟု ယုံကြည်ရသော Facebook ပေ့ခ်ျတွင် ဘာသာရေးဆိုင်ရာ စော်ကားသည့် ပို့စ်အများအပြား မျှဝေထားသည်ကို တွေ့ရှိခဲ့ရပြီး အမေရိကန် တရားရေးဌာနမှ သောကြာနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ၎င်း၏ လူ့အခွင့်အရေး ဌာနခွဲမှာ အခြားသော ဥပဒေရေးရာ အဖွဲ့များနှင့် ပူးပေါင်းကာ ထိုပစ်ခတ်မှုက အမုန်းတရားဆိုင်ရာ ဥပဒေများ အပါအ၀င် ဖက်ဒရယ်ဥပဒေများအား ချိုးဖောက်ခြင်း ရှိမရှိကို ဆုံးဖြတ်ရန် ကနီဦးစုံစမ်းစစ်ဆေးမှုများကို ပြိုင်တူ ပြုလုပ်နေသည်ဟု ဖော်ပြခဲ့သည်။

    Ref: CNN

  • မုဟမ္မဒ်သခင်လက်ထက်က ကုရ်အာန်ကျမ်းတော်မြတ်အပိုင်းအစကို ဘာလင်တွင် ထိန်သိမ်းထား

    မုဟမ္မဒ်သခင်လက်ထက်က ကုရ်အာန်ကျမ်းတော်မြတ်အပိုင်းအစကို ဘာလင်တွင် ထိန်သိမ်းထား

    ဧပြီ ၇၊ ၂၀၁၅
    M-Media

    5-4-15_Quran-Prophet-Era

    – သိပ္ပံနည်းကျ စမ်းသပ်မှုများအရ တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) လက်ထက်က ရေးသားခဲ့သည်ဟု သိရှိရသော ကုရ်အာန်ကျမ်းတော်မြတ် အစိတ်ပိုင်းတစ်ခုကို ဘာလင်မြို့ရှိ ပြည်နယ်စာကြည့်တိုက်တွင် ထိန်းသိမ်းထားရှိသည်ဟု သိရသည်။

    စောစောပိုင်း အစ္စလာမ့်ခေတ်ကာလမှ တွေရခဲသော အဆိုပါ ကုရ်အာန်ကျမ်းတော်မြတ် အစိတ်အပိုင်းမှာ ၇ မျက်နှာရှိပြီး သားရေပေါ်တွင် ရေးသားထားခြင်း ဖြစ်သည်။ ဇူးရခ်ျမြို့ရှိ ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးမှုများအရ အေဒီ ၆၀၆ နှင့် ၆၅၂ အကြား ရေးသားထားခြင်းဖြစ်သည်ဟု တွေ့ရှိခဲ့ရသည်။

    ပြည်နယ်စာကြည့်တိုက်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ဥရောရှိ ကုရ်အာန်ကျမ်းတော်မြတ် မိတ္တူများကို စမ်းသပ်စစ်ဆေးသော စီမံကိန်း “Corpus Coranicusm” ၏ အစိတ်အပိုင်းအဖြစ် အဆိုပါ ကုရ်အာန်ကျမ်းတော်မြတ် အစိတ်အပိုင်းကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း Maerkischer Allgemeine Zeitung သတင်းစာက ဖော်ပြခဲ့သည်။

    ထို ကုရ်အာကျမ်းတော်မြတ် အစိတ်အပိုင်းကို ဘာလင်ပြည်နယ်စာကြည့်တိုက်တွင် သိမ်းဆည်းထားသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ရှိနေပြီဖြစ်ပြီး အီဂျစ်သိပ္ပံပညာရှင်တစ်ဦး၏ အမွေအနှစ်များထဲမှ တစ်ခုဖြစ်ကာ ၁၉ ရာစုအဆုံးပိုင်း၊ သို့မဟုတ် ၂၀ ရာစုအစပိုင်းတွင် ဂျာမနီသို့ ယူဆောင်လာသည့် ယူဆရသည်။

    ကုရ်အာန်ကျမ်းတော်မြတ်မှာ ဘုရားသခင်ထံက တမန်တော်မုဟမ္မဒ်ထံ ကောင်ကင်တမန်ကြီး ဂျီဘရာအီလ်မှ တဆင့် အချိန်အပိုင်းအခြားအလိုက် ချပေးခြင်းခံရသည့် ကျမ်းဖြစ်သည်ဟု အစ္စလာမ်ဘာသာဝင်များက ယုံကြည်ကြသည်။

    ကုရ်အာန်ကျမ်းတော်မြတ်၏ မူရင်းမှာ အာရဘီစာပေဖြင့်ဖြစ်ပြီး လက်ရှိအချိန်တွင် ဘာသာစကားမျိုးစုံဖြင့် ဘာသာပြန်ဆိုပြီး ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀၀ ကျော်က ကျရောက်ခဲ့ပြီးဖြစ်သည့် ကုရ်အာန်ကျမ်းတော်မြတ်မှာ ယခုအချိန်အထိ ဗျည်းတစ်လုံး၊ သရတစ်လုံးမှ ပြောင်းလဲခြင်းမရှိဘဲ မူရင်းအတိုင်း တည်ရှိနေသည်။

    Ref: Onislam

  • ရေငုပ်သင်္ဘောသစ် ၃ စီး တရုပ်ရေတပ် ရရှိတော့မည်

    ရေငုပ်သင်္ဘောသစ် ၃ စီး တရုပ်ရေတပ် ရရှိတော့မည်

    ဧပြီ ၆၊၂၀၁၅
    M-Media

    china-nuclear-attack-submarines.si

    – နျူကလီးယားစွမ်းအင် သုံးထားပြီး သင်္ဘောဖျက်ဒုံးများကို ဒေါင်လိုက်ပစ်ခတ်နိုင်သည့် အဆင့်မြင့် ရေငုပ်သင်္ဘော ၃ စင်းကို တရုတ်နိုင်ငံက ဆောက်လုပ်ပြီးစီးခဲ့ပြီဟု ဒေသတွင်းသတင်းစာများက ဖော်ပြခဲ့သည်။

    ဂြိုဟ်တုမှ ရိုက်ကူးပြီး China Central Television မှ ပြီးခဲ့သည့်တစ်ပတ်က ဖော်ပြခဲ့မှုတွင် ရေငုပ်သင်္ဘော ၃ စီးကို အမည်မသိ ဆိပ်ကမ်းတစ်ခု၌ ရပ်နားထားသည်ကို တွေ့ရှိခဲ့သည်ဟု China Daily သတင်းစာက ဖော်ပြခဲ့သည်။ အဆိုပါ သင်္ဘောများမှာ Type-093G အမျိုးအစား ရေငုပ်သင်္ဘောများဖြစ်ပြီး သင်္ဘောကျင်းတစ်ခုက ဆောက်လုပ်ပေးခဲ့ကာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၏ ရေတပ်သို့ ပေးပို့ရန် အဆင်သင့်ဖြစ်နေပြီဟု ဆိုသည်။

    အဆိုပါ Type-093G အမျိုးအစားမှာ တရုတ်နိုင်ငံ၏ နျူစွမ်းအင်သုံး ဒုတိယမျိုးဆက် Type-093 အမျိုးအစား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများကို အဆင့်မြှင့်တင်ထားသည့် သင်္ဘောများဖြစ်သည်။ ထို့ပြင် ဒေါင်လိုက် ဒုံးကျည်ပစ်ခတ်နိုင်သည့် လောင်ချာများလည်း ပါဝင်သည်။

    အဆိုပါ လောင်ချာများမှာ တရုတ်၏ အသံထက်မြန်သော YJ-12 သင်္ဘောဖျက်ဒုံးကျည်များကို ဒေါင်လိုက်ပစ်၍ရရန် ပြောင်းလဲထားသော YJ-18 ဒုံးကျည်များကို ပစ်ခတ်နိုင်မည်ဟု ရေတပ်၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ထို ဒုံးကျည်မှာ ၃၀၀ ကီလိုဂရမ်အလေးချိန်ရှိသည့် ထိပ်ဖူးများကို ကီလိုမီတာ ၂၀၀အထိ ရောက်အောင် သယ်ဆောင်နိုင်မည်ဖြစ်သည်။

    Type-093G ရေငုပ်သင်္ဘောများမှာ အမြန်နှုန်းနှင့် ရွှေပြောင်းနိုင်စွမ်း တိုးတက်လာက ယခင်အမျိုးအစားထက် ဆူညံမှုကိုလည်း လျော့ကျစေသည်။

    တရုတ်ရေတပ်တွင် Type-093 အမျိုးအစား ရေငုပ်သင်္ဘော ၃ စီးအထိရှိနေသည်ဟု ယုံကြည်ရပြီး လက်ရှိတွင် Type- 091 အမျိုးအစား ရေငုပ်သင်္ဘော ၃ စီးနှင့်အတူ တာဝန်ထမ်းဆောင်နေသည်။ Type-095 ရေငုပ်သင်္ဘောသစ်များကို ယခုလက်ရှိတွင် ဆောက်လုပ်လျက် ရှိနေသည်။ ထို့ပြင် တာဝေးဒုံးကျည် ပစ်ခတ်နိုင်ပြီး JL-1 နှင့် JL-2 နျူကလီးယားဒုံးကျည်များ တပ်ဆင်ထားသော Type-094 ရေငုပ်သင်္ဘော ၄ စီးအထိ တရုတ်တွင်ရှိနေသည်ဟု ယုံကြည်ရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလက အမေရိကန်ရေတပ်၏ ဒုတိယဗိုလ်ချုပ် ဂျိုးဆက်ပ် မူလ်လွိုင်းက ရေငုပ်သင်္ဘောအရေအတွက်တွင် တရုတ်နိုင်ငံက မိမိတို့နိုင်ငံကို ကျော်တက်သွားပြီဟု ပြောကြားခဲ့သည်။

    Ref: RT