News @ M-Media
Author: Ko Lay
  • ရော်နယ်ဒိုနှင့် မက်ဆီမှာ လက်ရှိအချိန်တွင် အကောင်းဆုံးဖြစ်သည်ဟု ဖာဂူဆန်ပြော
    ရော်နယ်ဒိုနှင့် မက်ဆီမှာ လက်ရှိအချိန်တွင် အကောင်းဆုံးဖြစ်သည်ဟု ဖာဂူဆန်ပြော
    ဧပြီ ၃၊ ၂၀၁၅
    M-Media
    331095_heroa
    – ရော်နယ်ဒိုနှင့် မက်ဆီတို့မှာ ကမ္ဘာ့ဘောလုံးလောကတွင် လိုက်မမီသည့် ကစားသမားများ ဖြစ်နေဆဲဖြစ်ပြီး နေးမာ အနေဖြင့် ၎င်းတို့နှစ်ဦးအား ယှဉ်ရန်အတွက် ကြိုးစားရဦးမည်ဟု မန်ယူဂန္တ၀င်နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်က ပြောကြားလိုက်သည်။
    ရော်နယ်ဒိုမှာ ဖာဂူဆန်၏လက်အောက်တွင် ၆ နှစ်ကြာ ကစားခဲ့ဖူးပြီး ၂၀၀၉ ခုနှစ်က ရီးယဲလ်သို့ပြောင်းရွှေ့သွားပြီးနောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၂ ကြိမ် ရရှိခဲ့သည်။ မက်ဆီမှာလည်း ချန်ပီယံလိဂ် ဖိုင်နယ် ၂ ပွဲအပါအ၀င် ပွဲအတော်များများတွင် ဖာဂူဆန်နှင့် ဆုံးဖူးပြီး ဖာဂူဆန်ကမူ ၎င်းတို့ ၂ ဦးမှာ ကစားသမားအားလုံး၏ အပေါ်တွင် ရှိနေသည်ဟု
    ဆိုသည်။
    “ခင်ဗျားတို့ပြောပြောနေတဲ့ ဒီလိုကစားသမားတွေ ထွက်လာဖို့ဆိုရင်တော့ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတွေကို အမြဲတမ်းစောင့်ကြည်ရပါမယ်။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် အခုအချိန်မှာ
    (ရော်နယ်ဒိုနဲ့ မက်ဆီတို့ကြားထဲက) တစ်ယောက်ယောက်များ ထိုးထွက်လာမလားဆိုတာ ကျွန်တော် မပြောတတ်ပါဘူး။ နေးမာဟာ သူ့ရဲ့ ရှေ့အလားအလာအတွက် လူတွေရဲ့ အာရုံစိုက်မှု အများအပြားကို ရရှိနေပါတယ်။ ဒါပေမယ့် စောင့်ကြည့်ရအုံးမှာဖြစ်ပြီး (နေးမာအနေနဲ့) ဖြည့်ဆည်းပေးစရာတွေလည်း လိုနေတုန်းပါပဲ” ဟု ဖာဂူဆန်က ပြောကြားခဲ့သည်။
    ထို့ပြင် နေးမာမှာ မက်ဆီနှင့် ရော်နယ်ဒိုတို့တွင် မြင်ရသည့် ပါရမီမျိုးကို ထုတ်ပြမည့် နောက်ထပ်ကစားသမားတစ်ဦး ဖြစ်မည်ဟု မျှော်လင့်ကြောင့် ထည့်သွင်းပြောကြားခဲ့ကာ ၂၀၁၅ ခုနှစ် အတွင်း ရလဒ်ဆိုးရွားမှုများကြောင့် အနာဂတ်အတွက် မတည်မငြိမ်ဖြစ်နေသည့် ရီးယဲလ်နည်းပြ အန်ဆယ်လော့တီကိုလည်း ဖာဂူဆန်က ထောက်ခံအားပေးခဲ့သည်။
    “ကျွန်တော်ဖြတ်သန်းလာတဲ့ တစ်လျှောက်လုံးမှာ ကာလိုဟာ အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်ပြီး ကျွန်တော့်ရဲ့
    အကြီးဆုံးပြိုင်ဘက်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ မစိုးရိမ်ပါဘူး။ (သူ့ရဲ့ အနာဂတ်ဟာ)
    သေချာနေပါတယ်”
    Ref: Goal.com
  • ငါးလုပ်ငန်းတွင် ကျွန်ပြုခံနေရသူများအား အင်ဒိုနီးရှား ပြောင်းရွှေ့ပေးနေ
    ငါးလုပ်ငန်းတွင် ကျွန်ပြုခံနေရသူများအား အင်ဒိုနီးရှား ပြောင်းရွှေ့ပေးနေ
    ဧပြီ ၃၊ ၂၀၁၅
    M-Media
    0629c3df686b4b4184707e06468156ee_18
    – အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်းရွာရှိ ငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခိုင်းစေခံနေရသည့် နိုင်ငံခြားသားများအား လုံခြုံရေး စိုးရိမ်ရသည့်အတွက်ကြောင့် အခြားကျွန်းသို့ ပို့ဆောင်ပေးနေသည်ဟု အင်ဒိုနီးရှား အစိုးရက ပြောကြားလိုက်သည်။
    အင်ဒိုနီးရှား ရေလုပ်ငန်းအရင်းအမြစ်နှင့် ငါးဖမ်းလုပ်ငန်းဆိုင်ရာ စောင့်ကြည့်အဖွဲ့မှ အထွေထွေဒါရိုက်တာဖြစ်သူက စောစောပိုင်းတွင် အယောက် ၂၀ ပါသော မြန်မာအလုပ်သမားအုပ်စုအား ၎င်းတို့လုံခြုံရေးအတွက် ဘန်ဂျီနာရွာမှာ အနီးရှိ တွာလ်ကျွန်းသို့ ပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့သည်။
    သို့သော်လည်း အခြားသူများ ကျွန်းအား စွန့်ခွာရတော့မည်ဆိုသော သတင်းကြောင့် မြန်မာနှင့် ကမ္ဘောဒီယားတို့အပါဝင် ရာနှင့်ချီသော အမျိုးသားများမှာ စုရုံးလာကြပြီး မြေပြင်တွင် ထိုင်နေကြသည်။ တာဝန်ရှိသူ အာဆက်ပ် ဘာရ်ဟန်ဒန်ကမူ တောထဲတွင် ပုန်းနေသူများပါ ထွက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
    “သူတို့အားလုံး ထွက်လာနိုင်ပါတယ်။ တစ်ယောက်မှ မကျန်စေချင်ပါဘူး” ဟု ဘာရ်ဟန်ဒန်က ဆိုသည်။
    ထိုင်းနိုင်ငံသား ငါးဖမ်းလုပ်သားများကမူ အဆိုပါကျွန်းတွင် ဆက်လက်ရှိနေမည်ဖြစ်ပြီး ငါးဖမ်းလှေများ၏ ကပ္ပတိန်အများစုမှာ ထိုင်းနိုင်ငံသားများ ဖြစ်ကြသည်။
    ဘန်ဂျီနာကျွန်းတွင် ကျွန်ပြုခိုင်းစေခံနေရသည့် နိုင်ငံခြားသားများအကြောင်းကို တစ်နှစ်တာလေ့လာမှုများပြီးနောက် AP သတင်းဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ဖော်ပြခဲ့ပြီး အဆိုပါ နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံမှ အများစုဖြစ်သည်။
    “သူတို့ဟာ (မြန်မာနိုင်ငံကနေ) ထိုင်းနိုင်ငံက စားသောက်ဆိုင်တွေမှာ အလုပ်ရမလားဆိုပြီး အလုပ်သွားရှာကြတာပါ။ ဒါပေမယ့် အင်ဒိုနီးရှားကို အပို့ခံလိုက်ရပြီး ဒီမှာပဲ အဆုံးသတ်ခဲ့ပါတယ်” ဟု အလ်ဂျာဇီးရားသတင်းထောက် စတက်ပ် ဗက်ဆန်က သတင်းပေးပို့ခဲ့သည်။
    ငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခိုင်းစေခံနေရသူများမှာ ထောင်ပေါင်းများစွာရှိနေပြီး နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အဖွဲ့ကမူ ဘန်ဂျီနာကျွန်းတစ်ဝိုက်တွင်ပင် ကျွန်ပြုခံနေရသူ ၄၀၀၀ ခန့်ရှိမည်ဟု ဆိုသည်။
    Ref: Aljazeera
  • ဟယ်ရီးကိန်းမှာ ဘာတစ္စတူတာနှင့်တူသည်ဟု စပါးနည်းပြပြော
    ဟယ်ရီးကိန်းမှာ ဘာတစ္စတူတာနှင့်တူသည်ဟု စပါးနည်းပြပြော
    ဧပြီ ၃၊ ၂၀၁၅
    M-Media
    273B7B8D00000578-0-image-a-16_1428011394355
    – မိမိအသင်း၏ အင်္ဂလန်လူငယ်တိုက်စစ်မှူး ဟယ်ရီကိန်းမှာ အာဂျင်တီးနား ဂန္တ၀င်တိုက်စစ်မှူး ဘာတစ္စတူနှင့်တူပြီး ၎င်းတိုးတက်ရေးအတွက် မိမိအနေဖြင့် ကူညီသွားမည်ဟု စပါးအသင်းနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။
    ယခုနှစ် စပါးအသင်းတွင် ခြေစွမ်းပြပြီး ဂိုးများသွင်းယူပေးခဲ့သည့် ဟယ်ရီကိန်းကို အင်္ဂလန်နည်းပြ ဟဒ်ဆန်က အင်္ဂလန်လက်ရွေးစင်အသင်းသို့ ခေါ်ယူခဲ့ပြီး ပြီးခဲ့သည့် တစ်သောကြာနေ့ လစ်သူယေးနီးယားနှင့် ယူရို ၂၀၁၆ ခြေစစ်ပွဲတွင်
    လူစားဝင်ကစားသမားအဖြစ် အသုံးပြုခဲ့သည်။ ထိုပွဲတွင် ဟယ်ရီကိန်းမှာ ကွင်းအတွင်းသို့ ၀င်ရောက်လာပြီး စက္ကန့် ၈၀
    အကြာမှာပင် ၎င်း၏ ပထမဆုံး နိုင်ငံတကာဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။
    “ဘာတစ္စတူတာအပါအ၀င် ထူးခြားတဲ့ကစားသမားတွေနဲ့ တူညီတဲ့ ကျွမ်းကျင်မှုမျိုး ဟယ်ရီကိန်းမှာ ရှိနေပါတယ်။
    အခုအချိန်ဟာ သူ့အပေါ်မှာ မူတည်နေပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည် တိုးတက်အောင်လုပ်ဖို့ နည်းလမ်းကိုလည်း
    သူသိပါတယ်။ အလုပ်ကိုကြိုးစားလုပ်ပြီး ပွဲတွေမှာ တိုးတက်အောက် ဆက်လုပ်ဖို့ သူဟာ အချိန်ကောင်းကို
    ရောက်နေပါတယ်” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။
    သို့သော်လည်း ကစားသမားတစ်ဦးအား တာဝန်ယူတတ်လာစေရန်အတွက် အချိန်ပေးရမည်ဖြစ်ကြောင်း၊ တစ်ခါတစ်ရံတွင်
    မိမိတို့က ကစားသမားတစ်ဦးမှာ အဆင်သင့်ဖြစ်ပြီဟု မြင်သော်လည်း တာဝန်ယူနိုင်စွမ်းနှင့် ရောက်ရှိနေသည့်အဆင့်တွင်
    ထိန်းထားနိုင်စွမ်းတို့မှာ ပြည့်စုံခြင်းမရှိသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    “လာမယ့်ရာသီမှာ သူ့နဲ့ပတ်သက်ပြီး လူတွေက သံသယရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သူ့ကိုနားလည်တဲ့သူတွေ၊
    ဟယ်ရီအနေနဲ့ သူ့ပြသနေခဲ့တဲ့ခြေစွမ်းကို ဆက်ထိန်းထားနိုင်တယ်ဆိုတာ သိတဲ့ ကျွန်တော်တို့လို လူတွေလည်း
    ရှိနေပါတယ်”
    ထို့ပြင် ပွဲများစွာ ကစားရခြင်းကြောင့် ဟယ်ရီကိန်း နွမ်းလျမှုမရှိစေရန် ကလပ်အသင်းနှင့် နိုင်ငံအသင်းအားလုံးတို့က
    အပြုသဘောဆောင်သည့် အဖြေတစ်ခုကို ရှာဖွေသွားရမည်ဟုလည်း ပိုချက်တီနိုက ထပ်လောင်း ပြောကြားခဲ့သည်။
    Ref: Dailymail
  • ကမ္ဘာ့ဟာလာလ်ညီလာခံကို မလေးရှားတွင်ပြုလုပ်
    ကမ္ဘာ့ဟာလာလ်ညီလာခံကို မလေးရှားတွင်ပြုလုပ်
    ဧပြီ ၃၊ ၂၀၁၅
    M-Media
    1-4-15_World-Halal-Summit-Kicks-Off-in-Malaysia_1
    – တန်ဖိုး ၁ ထရီလီယံသို့ ရောက်ရှိလာပြီး ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာသည့် ဟာလာလ် ထုတ်ကုန်ကဏ္ဍအတွက် ကမ္ဘာလုံးဆိုင်ရာ ဟာလာလ် စံချိန်စံညွှန်းများဖြစ်လာရေး ရည်ရွယ်၍ ၁၂ ကြိမ်မြောက် ဟာလာလ်ညီလာခံတစ်ခုကို မလေးရှားနိုင်ငံ၌ ဧပြီ ၁ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်ဟု သိရသည်။
    “နိုင်ငံတကာက ပိုမို ပူးပေါင်းဆောင်ရွက်ရေးကို ကျွန်တော်တို့လိုအပ်ပြီး ဟာလာလ် အသိအမှတ်ပြုရေးကဏ္ဍ တိုးတက်ရေးအတွက်လည်း လိုအပ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးက လက်ခံတဲ့ စံနှုန်းတွေကိုရဖို့အတွက် ကျွန်တော်တို့ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာ အားလုံး ၀ိုင်းထိုင်ပြီး အဖြေရှာဖို့ လိုအပ်ပါတယ်” ဟု မလေးရှား နိုင်ငံတကာကုန်သွယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီး ဒါတွတ်ဆရီ မွတ်စ်တာဖာ မိုဟာမက်က မလေးရှား သတင်းစာ The Rakyat Post သို့ ဧပြီ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
    အဆိုပါ ညီလာခံသို့ မွတ်စလင်နိုင်ငံအများအပြားမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ကမ္ဘာ့လုံးဆိုင်ရာ ဟာလာလ်စံနှုန်းများဖြစ်လာရေး တိုက်တွန်းခဲ့ကြကာ မတူညီသော ဟာလာလ်စံနှုန်းများက ဟာလာလ်ထုတ်ကုန်လုပ်ငန်း တိုးတက်လာရေးအတွက် အဟန့်အတားဖြစ်စေမည်ဟုလည်း သတိပေးခဲ့သည်။
    “ဒီပြဿနာကို ပူးပေါင်းဖြေရှင်းဖို့အတွက် ကောင်စီတစ်ခု ဖွဲ့စည်းဖို့ လုံလောက်တဲ့ အခြေအနေမျိုး ရှိနေပြီလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် “ငါတို့သတ်မှတ်ထားတဲ့ စည်းမျဉ်းကသာ နိုင်ငံတကာအဆင့်မှာ အကောင်းဆုံး” လို့ ပြောတဲ့နိုင်ငံမျိုး မရှိသင့်ဘူးလို့လည်း ကျွန်တော်ထင်ပါတယ်။ စည်းမျဉ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အစ္စလာမ့်အဖွဲ့အစည်းတွေက ကမကထပြု ဆောင်ရွက်ရမယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ ဒေသတွင်းအဆင့်မှာ ကျွန်တော်တို့ စတင်တည်ဆောက်ရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အဖြစ် ပြောင်းပစ်ရပါမယ်” ဟု တူရကီ ယဉ်ကျေးမှုနှင့် ကုန်သွယ်ရေးဝန်ကြီး နူရက်တင် ကာနစ်ကလီက ပြောကြားခဲ့သည်။
    ဟာလာလ်ထုတ်ကုန်လုပ်ငန်းမှာ ၂၀၁၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ထရီလီယံသို့ ရောက်ရှိခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် ၁.၆ ထရီလီယံအထိ ရောက်ရှိရန် မျှော်လင့်ရသည်ဟု မွတ်စလင်ဈေးကွက်များကို အထူးပြု သုတေသန ပြုလုပ်နေသည့် DinarStandard အဖွဲ့က ဆိုသည်။
    “ဟာလာလ်ထုတ်ကုန်လုပ်ငန်းဟာ ကမ္ဘာလုံးဆိုင်ရာကဏ္ဍ ဖြစ်လာပါပြီ။ ပြီးတော့ ဘေးကင်းမှုနဲ့ အရည်အသွေးကို အာမခံထားတာကြောင့် မွတ်စလင်မဟုတ်တဲ့ စားသုံးသူတွေကိုလည်း ဆွဲဆောင်လာနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့
    ဟာလာလ်စနစ်ကို ကမ္ဘာလုံးဆိုင်ရာဖြစ်လာဖို့ ပါဝင်သူတွေအားလုံး စေ့စပ်ဆွေးနွေးသင့်ပါတယ်။ အစ္စလာမ့်ညီလာခံအဖွဲ့မှာ ဒီလို စေ့စပ်ဆွေးနွေးပေးဖို့ စွမ်းရည် ရှိပါတယ်” ဟု ယူအေအီး ရေနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီး ဒေါက်တာ ရရှစ်ဒ် အဟ်မဒ် မိုဟာမက် ဖာဟဒ်က ဆိုသည်။
    ယခုနှစ် ကမ္ဘာ့ဟာလာလ်ညီလာခံမှာ မလေးရှားကွန်ဗန်းရှင်းစင်တာ KLCC တွင် ဧပြီလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ပြုလုပ်နေသည့် မလေးရှား နိုင်ငံတကာ ဟာလာလ်ပြပွဲ MIHAS နှင့်လည်း တိုက်ဆိုင်နေသည်။ အဆိုပါ ဟာလာလ်ပြပွဲသို့ နိုင်ငံပေါင်း ၇၀ မှ လူပေါင်း ၂ သိန်းခန့် လာရောက်ကြည့်ရှုကြသည်။
    ဟာလာလ်ထုတ်ကုန်လုပ်ငန်းမှာ ကြီးထွားလာသော်လည်း ၀ယ်လိုအားနှင့် ဖြည့်ဆည်းပေးနိုင်မှုတို့အကြား ကြီးမားသည့် ကွာဟမှုများ ရှိနေသည်ဟု မွတ်စ်တာဖာက ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ရဲ့ လေ့လာမှုအရ ၀ယ်လိုအားက အရမ်းများနေပြီး အခုချိန်မှာ ကျွန်တော်တို့ဟာ အစားသောက်ကဏ္ဍမှာ ဟာလာလ်ထုတ်ကုန်ဝယ်လိုအားရဲ့ ၂၀ ရာခိုင်နှုန်းကိုပဲ ဖြည့်ဆည်းပေးနိုင်ပါသေးတယ်။ အစားအသောက်အပြင် ဟာလာလ်ဆေးဝါးနဲ့ ခရီးသွားလာရေးကဏ္ဍတွေလည်း ရှိနေသေးပြီး ဒီကဏ္ဍတွေအားလုံးကို ပေါင်းစည်းဆောင်ရွက်နိုင်ပါတယ်”
    တစ်ဖြည်းဖြည်း တိုးတက်လာနေသည့် ဟာလာလ်ထုတ်ကုန်လုပ်ငန်းတွင် ထပ်မံဖော်ထုတ်နိုင်သည့် နေရာများလည်း
    ရှိနေသည်။
    “ဒေါ်လာဘီလီယံနဲ့ချီတဲ့ ဟာလာလ်ကဏ္ဍထဲကို ၀င်ရောက်ဖို့ ဖိလစ်ပိုင်ပြည်သူတွေအတွက် အခွင့်အရေးကောင်း တစ်ခု
    ရှိပါတယ်။ မင်ဒါနာအိုဒေသဟာ တူနာငါး၊ ငါးသေတ္တာ၊ ငှက်ပျောသီး၊ အုန်းသီးနဲ့ အသီးအနှံတွေကို ထုတ်လုပ်ဖို့ အလားအလာရှိတဲ့နေရာ ဖြစ်ပါတယ်။ ပြီးတော့ BIMP-EAGA (ဘရူးနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်တို့ ပါဝင်သော အရှေ့အာရှ ဖွံ့ဖြိုးမှုဧရိယာ) ဒေသဟာ ငှက်တုပ်ကွေးနဲ့ FMD ကင်းစင်တဲ့ကျွန်း ဖြစ်တယ်ဆိုတဲ့ အားသာချက် ရှိတာကြောင့် အထူးသဖြင့် ကြက်ဘဲနဲ့ အခြားသော အသားတွေထုတ်လုပ်ဖို့ အလားအလာရှိတဲ့ နေရာလည်း ဖြစ်ပါတယ်” ဟု ဖိလစ်ပိုင် ကုန်သွယ်ရေး လက်ထောက်အတွင်းရေးမှူး ပရူဒန်စီယို ရီယက်စ်က ပြောကြားခဲ့သည်။
    “ဟာလာလ်” ဆိုသည့် စကားလုံးမှာ အာရဘီဘာသာစကားအရ “ခွင့်ပြုထားသည့်အရာ” ဟု အဓိပ္ပါယ်ရပြီး ပုံမှန်အားဖြင့် အစ္စလာမ့်နည်းကျ လှီးဖြတ်ထားသည့် သွေးကင်းစင်သောအသားများနှင့် သန့်ရှင်းလတ်ဆတ်သော အစားသောက်များတွင် သတ်မှတ်သည်။ ယခုလက်ရှိတွင် အလှကုန်ပစ္စည်းများ၊ အ၀တ်အထည်၊ ဆေးဝါးနှင့် ဘဏ္ဍာရေးဆိုင်ရာ ၀န်ဆောင်မှုများကိုလည်း ဟာလာလ် အသိအမှတ်ပြုအဖြစ် သတ်မှတ်ကြသည်။
    Ref: Onislam
  • နိုင်ငံသားတိုင်းအပေါ် တရားမျှတရန် နိုက်ဂျီးယား မွတ်စလင်သမ္မတသစ်အား နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်း  တိုက်တွန်း
    နိုင်ငံသားတိုင်းအပေါ် တရားမျှတရန် နိုက်ဂျီးယား မွတ်စလင်သမ္မတသစ်အား နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်း တိုက်တွန်း
    ဧပြီ ၂၊ ၂၀၁၅
    M-Media
    2-4-15_Fear-Allah-&-Be-Fair-to-All-Muslims-Tell-Buhari
    – သမ္မတဟောင်း ဂျိုနသန် ဂွဒ်လက်ကို အနိုင်ရပြီး နိုက်ဂျီးရီးယားသမ္မတ သမိုင်းမှာ ရွေးကောက်ပွဲကနေတစ်ဆင့် ပထမဆုံး အာဏာလွှဲယူနိုင်ခဲ့တဲ့ မွတ်စလင်သမ္မသစ် ဗိုလ်ချုပ်ဟောင်း မိုဟာမာဒူ ဘူဟာရီအနေနဲ့ နိုင်ငံသားတိုင်းအပေါ်မှာ ကျောသားရင်သား မခွဲခြားဘဲ မျှမျှတတ အုပ်ချုပ်သွားဖို့ နိုက်ဂျီးရီးယားရဲ့ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ ဂျမာအတ်တူ နက်စ်ရုလ် အစ္စလာမ်အဖွဲ့ JNI အပါအ၀င် နိုင်ငံအတွင်းမှာရှိတဲ့ မွတ်စလင်လူ့အဖွဲ့အစည်းတစ်ခုလုံးက တိုက်တွန်း ပြောကြားလိုက်ပါတယ်။
    “သမ္မတအဖြစ် သူရွေးချယ်ခံရတာကို ကျွန်တော်တို့ ဂုဏ်ပြုသလို၊ ပျော်လည်းပျော်မိပါတယ်။ ဒါပေမယ့် တိုင်းပြည်က လူတိုင်းအပေါ်မှာ မျှမျှတတရှိပြီး တရားမျှစွာ အုပ်ချုပ်သွားဖို့ ကျွန်တော်တို့ ပိုအရေးတကြီး တိုက်တွန်းပါတယ်” လို့ JNI က ဒေါက်တာ ခါလစ် အလီယူက Onislam.net နဲ့ တယ်လီဖုန်းအင်တာဗျူးမှ ပြောကြားခဲ့ပါတယ်။
    JNI က ကြေညာချက်မှာတော့ “သူ့ရဲ့ ဦးဆောင်မှုအတွင်းမှာ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ဖို့၊ မျိုးနွယ်တွေ၊ ဘာသာတရားတွေကို ဂရုမထားဘဲ နိုက်ဂျီးရီးယားနိုင်ငံသားအားလုံးအပေါ် တရားသဖြင့် သမာသမတ်ကျဖို့ကိုလည်း ကျွန်တော်တို့က အလေးအနက် တောင်းဆိုပါတယ်။ သူ့ရဲ့အောင်မြင်မှုကိုလည်း နိုက်ဂျီးရီးယားရဲ့အောင်မြင်မှုလို့ မှတ်ယူသင့်ပါတယ်” လို့ ဖော်ပြထားပါတယ်။
    အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဘူဟာရီဟာ ဟူဆာ-ဖူလာနီမျိုးနွယ်စုဝင် စွန်နီမွတ်စလင်တစ်ဦးဖြစ်ပြီး နိုင်ငံမြောက်ပိုင်းမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ကာ ဗုဒ္ဓဟူးနေ့က ရွေးကောက်ပွဲမှာ အနိုင်ရကြောင်း ကြေညာခဲ့ပါတယ်။
    ဘူဟာရီဟာ မဲအရေအတွက် ၁၅.၄ သန်း ရရှိခဲ့ပြီး တောင်ပိုင်းသား ခရစ်ယာန်ဘာသာဝင် ဂွဒ်လက် ဂျိုနသန်ကို ဖြုတ်ချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အရင်သမ္မတဟောင်း ဂျိုနသန်လက်ထက်က လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို မဖြေရှင်းနိုင်တာ၊ နိုင်ငံအတွင်း ချစားမှုကြီးမားလာတာတွေက ဘူဟာရီအနေနဲ့ ပြည်သူတွေထံက မဲရဖို့ အဓိကအကြောင်းအရင်း ဖြစ်ခဲ့ပါတယ်။
    JNI က ကြေညာချက်ထဲမှာ နိုင်ငံဟာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး တိမ်းစောင်းလို့မရတဲ့အချိန်မှာ ပြိုင်ဘက် ဘူဟာရီကို ရှုံးနိမ့်ကြောင်း ကြေညာခဲ့တဲ့ သမ္မတဟောင်း ဂျိုနသန်ကိုလည်း ချီးကျူးခဲ့ပါတယ်။
    “အားလုံးခြုံပြီးပြောရရင် သမ္မတ ဂွဒ်လက် အီဘီလီ ဂျိုနသန်ဟာ နိုင်ငံရေးအရ ၀ရုန်းသုန်းကားဖြစ်နေတဲ့အချိန်မှာ အရှုံးကို လက်ခံတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် ချီးကျူးမှုကို ခံထိုက်ပါတယ်” လို့ JNI က ပြောခဲ့ပါတယ်။
    ကတိက၀တ်များ ဖြည့်ဆည်းရမည်
    JNI လိုပဲ အခြားသော မွတ်စလင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မွတ်စလင်ပြည်သူ့ရေးရာစင်တာ MPAC ကလည်း ဘူဟာရီနဲ့ သူ့ရဲ့ပါတီကို ချီးကျူးခဲ့ပြီး မဲဆွဲမှုအတွင်းမှာ ပေးခဲ့တဲ့ ကတိက၀တ်တွေဟာ ကျွေးကြော်သံသက်သက်သာ မဖြစ်စေဖို့ သတိပေးလိုက်ပါတယ်။
    “အလ္လာဟ်အရှင်မြတ်အလိုတော်နဲ့ ရွေးချယ်ခံရတဲ့ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ ရွေးကောက်ပွဲမှာ ပေးခဲ့တဲ့ ကတိက၀တ်တွေကို မမေ့ဖို့ MPAC က သတိပေးလိုပါတယ်။ အဲဒီကတိတွေဟာ အခုဘ၀ကော၊ နောင်တမလွန်ဘ၀မှာပါ အလ္လာဟ်အရှင်မြတ်ရှေ့တော်မှောက်မှာ တာဝန်ယူရမှာ ဖြစ်ပါတယ်” လို့ MPAC ရဲ့ ဒါရိုက်တာဖြစ်သူ ဒီဆူ ကာမိုရ်က ဆိုပါတယ်။
    ဒါတင်မကသေးဘဲ ဘူဟာရီအစိုးရအနေနဲ့ ကျင့်ဝတ်တန်ဖိုးတွေရှိပြီး ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနဲ့ အလုံးစုံပါဝင်မှုကို ထင်ရှားစေကာ လုံခြုံ၊ ငြိမ်းချမ်း၊ ညီညွတ်ပြီး သာယာဝပြောတဲ့ နိုင်ငံအဖြစ် တည်ဆောက်ဖို့လည်း ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။
    “နိုက်ဂျီးရီးယားပြည်သူတွေက ရွေးကောက်ပွဲမဲဆွယ်မှုက ကျွေးကြော်သံတွေကို ဖြစ်နိုင်တဲ့အရာလို ပုံစံမျိုးနဲ့ လိုချင်တာ မဟုတ်ပါဘူး။ ပြိုင်ဆိုင်မှုပြင်းထန်ပြီး အရည်အချင်းကို အခြေခံတဲ့ ဒီကမ္ဘာကြီးမှာ ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုတွေကို အရေးပါပြီး ဖြစ်ဖြစ်မြောက်မြောက်ရှိတဲ့ အောင်မြင်မှုအဖြစ် ပြောင်းလာမယ့် ကျွန်တော်တို့ရဲ့ နိုင်ငံရေးတည်ဆောက်မှုအတွင်း အဆင့်ဆင့်ပြောင်းလဲတဲ့ သဘောထားတွေ၊ လားရာတွေနဲ့ ခိုင်မာတဲ့ လုပ်ငန်းစဉ်အဖြစ် လိုချင်တာပါ”
    နောက်ပြီး ကာမိုရ်က နိုင်ငံအရှေ့မြောက်ပိုင်းက ဘိုကိုဟရမ်ပြဿနာကို အဆုံးသတ်ရေး အာရုံစိုက်လုပ်ဆောင်ဖို့နဲ့ အဲဒီဒေသအတွင်းမှာ ပြန်လည်တည်ဆောက်ရေးနဲ့ ခံစားခဲ့ရသူတွေကို ပြန်လည်နှစ်သိမ့်ကုစားရေးတို့ကိုလည်း သေသေချာချာဆောင်ရွက်ဖို့ သမ္မတသစ် ဘူဟာရီကို တိုက်တွန်းခဲ့ပါတယ်။
    မွတ်စလင်အခွင့်အရေးအဖွဲ့ ဒါရိုက်တာဖြစ်သူ ပရော်ဖက်ဆာ အစ္စဟာက် အာကင်တိုလာကလည်း နိုင်ငံသားအားလုံးအပေါ်မှာ မျှမျှတတရှိဖို့နဲ့ အနိုင်ရရှိမှုအပေါ်မှာ သဘေထားကြီးဖို့ တိုက်တွန်းလိုက်ပါတယ်။
    “ဒီလိုအောင်မြင်မှုဟာ အလ္လာဟ်အရှင်မြတ်အလိုတော်ကြောင့်ဖြစ်တယ်ဆိုတာကို သိမြင်ဖို့၊ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပြီး နိုင်ငံကို ဆက်လက်အုပ်ချုပ်သွားဖို့ သူ့ကို ကျွန်တော်တို့ တိုက်တွန်းပါတယ်။ အဲဒီလို အုပ်ချုပ်တဲ့နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့မှ ခွဲခြားမှုမရှိဘဲ တရားမျှတဖို့ လိုအပ်ပါတယ်” လို့ အာကင်တိုလာက ဆိုပါတယ်။
    နိုင်ငံတောင်ပိုင်း ရှေ့ဆောင်အီမာမ်များလိဂ်က အကြီးအကဲဖြစ်သူ ရှိခ်အစ္စဟိုလာ အကီဝူဆိုလာကလည်း သမ္မသစ်အနေနဲ့ နိုက်ဂျီးရီးယားတစ်နိုင်ငံလုံးကို သူ့ရဲ့နယ်မြေအဖြစ် ထိတွေ့ဆက်ဆံသွားဖို့ တိုက်တွန်းလိုက်ပါတယ်။
    “ရွေးကောက်ပွဲကတော့ ပြီးဆုံးသွားပါပြီ။ ဒါ့ကြောင့် မဲဆွယ်ပွဲမှာ လွှမ်းမိုးခဲ့တဲ့ မပြေလည်မှုတွေကို ဖျောက်ကို ဖျောက်ပစ်ရပါမယ်။ ပြီးတော့ သမ္မတသစ်အနေနဲ့ သူ့ရဲ့အလုပ်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းရှိရပါမယ်။ အရေးကြီးတာက ဘုရားသခင်ကို ကြောက်ရွံ့ပြီး အုပ်ချုပ်ရမှာဖြစ်သလို နိုင်ငံရဲ့ အစိတ်အပိုင်းတိုင်းကိုလည်း မျှမျှတတ ဆက်ဆံရပါမယ်။ ပြီးတော့ အလုံးစုံပြည်ဝတဲ့ အစိုးအဖွဲ့တည်ဆောက်ခြင်း၊ ရွေးကောက်ပွဲက ကတိက၀တ်တွေကို ဖြည့်ဆည်းခြင်းအားဖြင့် အောက်ခြေအထိရောက်အောင် လုပ်သွားဖို့လည်း သူ့အတွက် အရေးကြီးပါတယ်”
    နိုက်ဂျီးရီးယားနိုင်ငံဟာ အာဖရိကရဲ့ လူဦးရေအများဆုံးနဲ့ စီးပွားရေးအကြီးမားဆုံး နိုင်ငံဖြစ်ပြီး နိုင်ငံရဲ့ ၁၇၄ သန်းသော လူဦးရေမှာ ၅၀ ရာခိုင်နှုန်းက အစ္စလာမ်ဘာသာဝင်တွေဖြစ်ကာ ၄၈ ရာခိုင်နှုန်းကတော့ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြပါတယ်။
    Ref: Onislam