News @ M-Media

Author: Ko Lay

  • ပျက်ကျ ဂျာမန်လေယာဉ်၏ နောက်ဆုံးအချိန် ဆဲလ်ဖုန်းဗီဒီယို ထွက်ပေါ်

    ပျက်ကျ ဂျာမန်လေယာဉ်၏ နောက်ဆုံးအချိန် ဆဲလ်ဖုန်းဗီဒီယို ထွက်ပေါ်

    ဧပြီ ၁၊ ၂၀၁၅
    M-Media

    france-crash

    – မတ်လ ၂၆ ရက်နေ့က ပြင်သစ်နိုင်ငံ အဲလ်ပ်စ်တောင်တန်းပေါ်မှာ ပျက်ကျသွားခဲ့တဲ့ ဂျာမန်လေကြောင်းလိုင်း Germanwigs က Airbus A320 ရဲ့ နောက်ဆုံး အချိန်တွေကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

    လေယာဉ် အပျက်အစီးတွေကြားမှာ တွေ့ရတဲ့ ဆဲလ်ဖုန်းကနေ ရရှိခဲ့တဲ့ အဲဒီ ဗီဒီယိုမှာ လူတွေဟာ တော်တော်လေး ၀ရုန်းသုန်းကားဖြစ်နေပြီး ခရီးသည်တွေ အော်ဟစ်နေတဲ့အသံတွေကို ကြည့်ခြင်းအားဖြင့် သူတို့ဘာဖြစ်တော့မယ်ဆိုတာ သိနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်တယ်လို့ ပြင်သစ်သတင်းစာ တစ်စောင်ဖြစ်တဲ့ Paris Match က ဖော်ပြခဲ့ပါတယ်။

    အဲဒီအော်သံတွေထဲမှာ “ဘုရားရေ” လို ဘာသာစကားပေါင်းစုံနဲ့ အော်သံတွေကိုလည်း ကြားရပြီး သော့ပိတ်ထားတဲ့ လေယာဉ်မောင်းအခန်းတံခါးကို အတင်းဖျက်ဝင်ဖို့ လေယာဉ်မှူးက ကြိုးစားရာကနေ ထွက်ပေါ်လာတယ်လို့ ယူဆရတဲ့ တစ်ဒုန်းဒုန်းအသံတွေကိုလည်း ကြားရတယ်လို့ ဆိုပါတယ်။

    တစ်ကြိမ်မှာ ကင်မရာဟာ အရမ်း လှုပ်ခါသွားခဲ့ပြီး လေယာဉ် ပျက်မကျခင် တောင်ပံက တောင်တန်းတွေကို ၀င်စောင့်တဲ့အချိန်ဖြစ်တယ်လို့ ယူဆရပါတယ်။

    ဒီဗီဒီယိုက တွဲဘက်လေယာဉ်မှူးဟာ လေယာဉ်မှူးအခန်းတံခါးကို ပိတ်ပြီး လေယာဉ်ကို အောက်ထိုးစိုက်ချတဲ့အချိန်မှာ အပြင်ရောက်နေတဲ့ လေယာဉ်မှူးက အခန်းတံခါးကို ဖျက်ဝင်ဖို့ ကြိုးစားတယ်ဆိုတဲ့ လေယာဉ်မှူးအခန်းရဲ့ အသံမှတ်တမ်းနဲ့လည်း ကိုက်ညီနေပါတယ်။

    အဲဒီအသံမှတ်တမ်းဟာ အခုသီတင်းပတ် အစောပိုင်းမှာ မီဒီယာတွေကို ပေါက်ကြားခဲ့ပြီး ခရီးစဉ်တစ်လျှောက်လုံးမှာ မိမိကို လေယာဉ်ပေးမောင်းဖို့ တွဲဘက်လေယာဉ်မှူး အန်ဒရီယက်စ် လူဘစ်ဇ်က လေယာဉ်မှူး ပက်ထရစ် ဆောင်ဒ်ဟိုင်မာကို စည်းရုံးတဲ့အကြောင်း၊ လေယာဉ်အမြင့်ဆုံးကို ရောက်သွားတဲ့အခါမှာ လေယာဉ်မှူး ပက်ထရစ်က ဆင်းသက်ရမယ့်နေရာအကြောင်း တွဲဖက်လေယာဉ်မှူး အန်ဒရီယက်စ်ကို အသေးစိတ်ပြောပြပြီး သန့်စင်ခန်းသွားတဲ့အကြောင်း စတဲ့ အသံမှတ်တမ်းတွေ
    ပါဝင်ခဲ့ပါတယ်။

    အခုထွက်ပေါ်လာတဲ့ ဆဲလ်ဖုန်းဗီဒီယိုရဲ့ ခိုင်မာမှုနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေတော့ ရှိနေပါတယ်။ အဲဒီလေယာဉ်ပျက်ကျမှုအတွင်းမှာ လူပေါင်း ၁၅၀ သေဆုံးခဲ့ပြီး လေယာဉ်ပျက်ကျမှုမှာ အဓိကတာဝန်ရှိသူလို့ ယူဆရတဲ့ တွဲဘက်လေယာဉ်မှူး အန်ဒရီယက်စ် လူဘစ်ဇ်ဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိနေတယ်လို့ စုံစမ်းစစ်ဆေးမှုတွေအရ သိရပါတယ်။

    Ref: businessinsider

  • အီတလီအငယ်တန်းလိဂ် အသင်း ၂ သင်းမှ ကစားသမားများ အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွား

    အီတလီအငယ်တန်းလိဂ် အသင်း ၂ သင်းမှ ကစားသမားများ အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွား

    ဧပြီ ၁၊ ၂၀၁၅
    M-Media

    272B0E4F00000578-3019808-As_more_players_charge_in_it_erupts_into_a_full_scale_brawl_with-a-60_1427817767515

    – အီတလီအငယ်တန်းလိဂ်ပြိုင်ပွဲ တစ်ပွဲတွင် အ၀တ်လဲခန်းသို့သွားရာ လှိုင်ခေါင်းအတွင်း၌ နှစ်ဖက်အသင်း ကစားသမားများ အချင်းများ၍ ခိုက်ရန်ဖြစ်ပွားရာမှ ၂ ဦးကို ဆေးရုံတင်ခဲ့ရပြီး ၁၃ ဦးမှာ ဘောလုံးအဖွဲ့ချုပ်၏ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်ဟု သိရသည်။

    ပဉ္စမတန်း ကလပ်အသင်းများဖြစ်ကြသော ဗစ်တိုရီးယားအသင်းနှင့် ပါတာနိုအသင်းတို့ ပြီးခဲ့သည့် တစ်ပတ်က ကစားခဲ့သည့်ပွဲ ပထမပိုင်းအပြီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကွင်းထဲ၌ မကျေမနပ်ဖြစ်နေကြသော ကစားသမားများမှာ ပထမပိုင်းအပြီး အ၀တ်လဲခန်းသို့ သွားရာ လှိုင်ခေါင်းတွင် အချင်းများကာ ထိုးကြိတ်ကန်ကြောက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

    ထို့ကြောင့် ပါတာနိုအသင်းမှ ကစားသမား အန်ဇို တော်နာတိုရီနှင့် အသင်း၏ ၀န်ထမ်းတစ်ယောက်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ပြဿနာဖြစ်ပွားရသည့်အကြောင်းအရင်းကို တိတိကျကျမသိရှိရေးဘဲ တာဝန်ရှိသူများက ကစားသမားလေးယောက်ကို ထုတ်ပယ်ကာ ဒုတိယပိုင်းကို ပြန်ကစားစေခဲ့သည်။

    သို့သော်လည်း နှစ်ဖက်အသင်းမှ ကစားသမားများမှာ ပြစ်ဒဏ်အများအပြားကို ကျူးလွန်ခဲ့ကြပြီး အနီကဒ်ဖြင့် ထွက်ခဲ့ရကာ နောက်ဆုံးတွင် ကွင်းအတွင်း၌ ကစားသမားအလုံအလောက် မရှိသောကြောင့် ပွဲကို ဖျက်သိမ်းခဲ့ရကာ နှစ်သင်းစလုံးကို ၃ ဂိုးပြတ်အရှုံးအဖြစ် သတ်မှတ်ပေးခဲ့သည်။

    ထိုအဖြစ်အပျက်အတွက် အီတလီဘောလုံးအဖွဲ့ချုပ်မှာ ဗစ်တိုးရီးယားအသင်းမှ ကစားသမားအချို့အား ၃ ပွဲမှ ၈ ပွဲပယ်ပြစ်ဒဏ်ကိုလည်းကောင်း ပါတာနို ကစားသမားများအား ၃ ပွဲမှ ၄ ပွဲပယ် ပြစ်ဒဏ်ကိုလည်းကောင်း အသီးသီးချမှတ်ခဲ့ပြီး ကစားသမား ၁၃ ဦးအတွက် စုစုပေါင်း ပွဲပယ်ပြစ်ဒဏ်မှာ ၅၉ ပွဲရှိခဲ့သည်။

    Ref: Dailymail

  • နိုက်ဂျီးရီးယား သမ္မတသစ်အဖြစ် မိုဟာမာဒူ ဘူဟာရီ ရွေးချယ်ခံရ

    နိုက်ဂျီးရီးယား သမ္မတသစ်အဖြစ် မိုဟာမာဒူ ဘူဟာရီ ရွေးချယ်ခံရ

    ဧပြီ ၁၊ ၂၀၁၅
    M-Media

    eb81c8a72a4840e3ad7553e9388d0e61_18

    – အာဖရိက၏ လူဦးရေအများဆုံးနှင့် စီးပွားရေးအကြီးဆုံး တိုင်းပြည်ဖြစ်သည့် နိုက်ဂျီးရီးယားနိုင်ငံ ရွေးကောက်ပွဲတွင် သမ္မတသစ်အဖြစ် စစ်ခေါင်းဆောင် မိုဟာမာဒူ ဘူဟာရီက ရွေးချယ်ခံလိုက်ရသည်ဟု သိရသည်။

    ပြိုင်ဘက်ဖြစ်သူ လက်ရှိသမ္မတ ဂွဒ်လက် ဂျိုနသန်ထက် မဲအရေအတွက် ၂.၇ သန်း ပိုမိုရရှိခဲ့ကာ အနိုင်ရခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲမှတစ်ဆင့် သမ္မတကို ဖြုတ်ချနိုင်ခဲ့သည့် ပထမဆုံး နိုက်ဂျီးရီးယား ခေါင်းဆောင်လည်း ဖြစ်လာခဲ့သည်။

    သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရရန်အတွက် နိုင်ငံတစ်ဝှမ်း မဲအရေအတွက် ၅၀ ရာခိုင်နှုန်းကျော်နှင့်ပြည်နယ် ၃ ပုံ ၂ ပုံတွင် မဲအရေအတွက် ၂၅ ရာခိုင်နှုန်းကျော် ရရှိရန် လိုအပ်ခဲ့ကာ ဘူဟာရီမှာ ထိုအရေအတွက်ထက် ကျော်လွန်ရရှိခဲ့သည်။
    လက်ရှိသမ္မတ ဂျိုနသန်ကလည်း အရှုံးကို လက်ခံခဲ့ပြီး ဘူဟာရီအတွက် အကောင်းဆုံး ဆန္ဒပြုပါကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းအား ထောက်ခံအားပေးသူများကိုလည်း နှစ်သိမ့်ခဲ့သည်။

    “ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ရည်မှန်းချက်ကမှ နိုက်ဂျီးရီးပြည်သူရဲ့ သွေးလောက် တန်ဖိုးမရှိပါဘူး။ ကျွန်တော်တို့ရဲ့ ချစ်လှစွာသောတိုင်းပြည်ကြီး စုစည်းညီညွတ်ဖို့၊ တည်ငြိမ်အေးချမ်းဖို့နဲ့ သာယာဝပြောဖို့သာလျှင် အခြားအရာတွေအားလုံးထက် ပိုအရေးကြီးပါတယ်” ဟု ရွေးကောက်ပွဲပြီးနောက် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဂျိုနသန်က ပြောကြားခဲ့သည်။

    ယခုကဲ့သို့ ဘူဟာရီအနိုင်ရရှိမှုမှာ အတိုက်အခံပါတီက အာဏာရပါတီလက်ထဲမှာ တိုင်းပြည်အား ပထမဆုံး ဒီမိုကရေစီနည်းကျ လွှဲပြောင်းတာဝန်ယူနိုင်ခြင်းလည်း ဖြစ်သည်။

    ရွေးကောက်ပွဲရလဒ်အား ကြေညာခဲ့ပြီးနောက် ဘူဟာရီကို ထောက်ခံကြသူများက နိုင်ငံတစ်ဝှမ်းတွင် အောင်ပွဲခံခဲ့ကြပြီး အဘူဂျာရှိ ဘူဟာရီ၏ အိမ်ရှေ့တွင်လည်း ပြည်သူများမှာ ၎င်းအာဏာရပါက တိုင်းပြည်အတွင်း ချစားမှုများကို တိုက်ဖျက်သွားမည်ဟု ပြောကြားခဲ့မှုကို ဖော်ကျူးသည့်အနေဖြင့် တံမြက်စီးများကို ကိုင်ဆောင်ကာ အောင်ပွဲခံခဲ့ကြသည်။

    နိုင်ဂျီးရီးယား၏ ယခုရွေးကောက်ပွဲအတွက် နိုင်ငံတကာမှ လေ့လာဆန်းစစ်သူများကလည်း အပြုသဘောဆောင်သည့် တုံ့ပြန်မှုများကို ပြုလုပ်ခဲ့ကြသည်။

    Ref: Aljazeera

  • လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံဖြစ်လာရေး ရုရှားက တိုက်ပွဲဝင်သွားမည်

    လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံဖြစ်လာရေး ရုရှားက တိုက်ပွဲဝင်သွားမည်

    မတ် ၃၁၊ ၂၀၁၅
    M-Media

    vladimir-putin-closeup

    – ရုရှားအနေဖြင့် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံဖြစ်လာရေးအတွက် တိုက်ပွဲဝင်သွားမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပြီး အရှေ့အလယ်ပိုင်း ပြဿနာများကို ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဖြေရှင်းလည်း တိုက်တွန်းခဲ့သည်။

    စနေနေ့က ပြုလုပ်ခဲ့သည့် အာရပ်လိဂ် ထိပ်သီးအစည်းဝေး မိန့်ခွန်းတွင် ပူတင်က ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံများ၏ ပြည်တွင်းရေးရာများကို နိုင်ငံခြားတိုင်းပြည်များက ၀င်ရောက်စွက်ဖက်မှုကိုလည်း ဆန့်ကျင်ခဲ့သည်။ ထို့ပြင် ရုရှား၏ အခန်းကဏ္ဍမှာ သံတမန်ရေးရာ နည်းလမ်းများတွင် ပါဝင်နိုင်သည်ဟု ဆိုသည်။

    “ပါလက်စတိုင်းဟာ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်သတ်မှတ်ကာ လွတ်လပ်ပြီး နေထိုင်ဖို့သင့်တော်တဲ့ နိုင်ငံအဖြစ် တည်ထောင်ခွင့် ရှိပါတယ်။ ဒီရည်ရွယ်ချက်အောင်မြင်ဖို့ နှစ်နိုင်ငံလမ်းကြောင်းတွေ၊ နိုင်ငံပေါင်းစုံ လမ်းကြောင်းတွေကနေတစ်ဆင့် ရုရှားက ဆက်လက် ကူညီသွားမှာပါ” ဟု ပူတင်က ပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်ကျောထောက်နောက်ခံပြုထားသည့် အစ္စရေး၏ ဂါဇာပြဿနာနှင့် ပတ်သက်သည့် ရပ်တည်ချက်ကို ပူတင်က ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခဲ့ပြီး အစ္စရေးမှာ အရှေ့အလယ်ပိုင်းတွင် ခြေရှုပ်နေသည်ဟုလည်း ပြောကြားခဲ့သည်။ ထို့ပြင် လတ်တလော ဖြစ်ပွားနေသည့် ယီမင်ပြဿနာကိုလည်း ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။

    ပြီးခဲ့သည့်လက အမေရိကန်၊ ဥရောပ၊ ကုလနှင့် ရုရှားတို့ လေးဖွဲ့ပေါင်းကာ အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပျက်ပြယ်သွားခြင်းအတွက် စိတ်ပျက်မိသည်ဟု ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

    ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက တရားမ၀င် အခြေချအိမ်ရာများ ဆက်လက်ဆောက်လုပ်နေမှုကို မကျေနပ်သည့်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ပါလက်စတိုင်းက ထွက်သွားခဲ့ပြီး အစ္စရေးကလည်း ပါလက်စတိုင်းအစိုးရအတွင်း ဟားမက်စ်အဖွဲ့ ပါဝင်လာမှုကို လက်မခံပဲ ဆွေးနွေးပွဲကို ဖျက်သိမ်းခဲ့သည်။

    အဆိုပါ လေးဖွဲ့ပေါင်း ကြေညာချက်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ အစ္စရေး၏ လုံခြုံရေး စိုးရိမ်မှုနှင့် ပါလက်စတိုင်းတို့၏ နိုင်ငံတည်ထောင်ရေး တောင်းဆိုမှု နှစ်ခုစလုံးအပေါ် အလေးထားဆောင်ရွက်ရမည်ဟု ဆိုသည်။

    “ပါလက်စတိုင်းပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကိုဖြေရှင်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုရရှိရေး အရှိန်မြှင့်ဖို့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ လိုအပ်နေတဲ့ ဂါဇာက ခက်ခဲတဲ့အခြေအနေအပေါ်မှာ မိမိတို့ လေးဖွဲ့စလုံးက အလွန်အမင်း စိုးရိမ်ပူပန်မိပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

    Ref: Independent

  • စီးရီးသို့ ဘယ်တော့မှမပြောင်းဟု ရူနီပြော

    စီးရီးသို့ ဘယ်တော့မှမပြောင်းဟု ရူနီပြော

    မတ် ၃၁၊ ၂၀၁၅
    M-Media

    1063882_heroa

    – မိမိအနေဖြင့် ပရီးမီးယားလိဂ်တွင် ကစားရသည်ကို နှစ်သက်မိပြီး ကစားသမားသက်တမ်းတစ်လျှောက် စီးရီးအေသို့ ပြောင်းရွှေ့သွားမည်မဟုတ်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ စတင်ကတည်းက ၁၁ နှစ်ကျော်ကြာ ပရီးမီးယားလိဂ်တွင် ကစားလာခဲ့သည့် ရူနီမှာ အီတလီအသင်းနှင့် မနက်ဖြန် ခြေစမ်းပွဲအတွက် တူရင်မြို့သို့ ရောက်ရှိလာခဲ့သည်။

    သတင်းစာရှင်းလင်းပွဲတွင် စီးရီးအေသို့ ပြောင်းရွှေ့ကစားမည်လားဆိုသည့် အမေးကို

    “ပရီးမီးယားလိဂ်မှာကစားရတာကို ကျွန်တော် နှစ်သက်ပါတယ်။ ဖီအိုရင်တီးနားမှာ ဘာတစ်တူတာ ကစားတုန်းကတော့ ကျွန်တာ် (စီးရီးအေပွဲတွေကို) ကြည့်လေ့ရှိပါတယ်။ ဒါပေမယ့် အီတလီမှာ ကစားဖို့ကိုတော့ မစဉ်းစားပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ုထို့ပြင် မန်ယူအသင်း၏ အနာဂတ်နှင့် ပတ်သက်၍ ရေရေရာရာ ပြောဆိုခဲ့ခြင်း မရှိပေ။ မနက်ဖြန်နံနက်တွင် ကစားမည့် အီတလီအသင်းနှင့် ခြေစမ်းပွဲတွင် ရူနီနှင့် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းတို့ကို တိုက်စစ်တွင် တွဲဖက်ကစားစေမည်ဟု အင်္ဂလန်နည်းပြ ဟဒ်ဆန်က အတည်ပြုထားသည်။

    အီတလီ၏ ၀ါရင့်ဂိုးသမား ဘူဖွန်ကမူ ၎င်းအနေဖြင့် ဟယ်ရီကိန်း၏ ကစားပုံအား လေ့လာပြီးပြီဟု ပြောကြားခဲ့သည်။

    Ref: Goal.com