News @ M-Media

Author: Ko Lay

  • Facebook ရုံးခန်း အဆောက်အဦးသစ်သို့ ပြောင်းရွှေ့

    Facebook ရုံးခန်း အဆောက်အဦးသစ်သို့ ပြောင်းရွှေ့

    မတ် ၃၁၊ ၂၀၁၅
    M-Media

    10847763_10101999874192881_8686595160942918408_o

    – ကမ္ဘာတစ်ဝှမ်း လူသန်းပေါင်း ရာနဲ့ချီ အသုံးပြုနေကြတဲ့ Facebook ရဲ့ ရုံးကို ကယ်လီဖိုးနီးယား မန်လိုပါ့က်က အဆောက်အဦးကို ပြောင်းရွှေ့ခဲ့တယ်လို့ တည်ထောင်သူ မာ့က် ဇူကာဘာ့ဂ်က သူ့ရဲ့ Facebook စာမျက်နှာကတစ်ဆင့် ကြေညာလိုက်ပါတယ်။

    အဲဒီအဆောက်အဦးမှာ လူထောင်နဲ့ချီဆန့်တဲ့ ကမ္ဘာ့အကြီးဆုံး ဟောခန်းကြီးတစ်ခု ပါဝင်ပြီး၊ ၀န်ထမ်းတွေ လွယ်လွယ်ကူကူသွားလာနိုင်ကာ ကြိုက်တဲ့သူနဲ့ အတူတကွ ပူးပေါင်းအလုပ်လုပ်နိုင်မယ့် နေရာငယ်လေးတွေလည်း ဖန်တီးပေးထားပါတယ်။

    အဆောက်အဦးရဲ့ ခေါင်မိုးမှာတော့ ၉ ဧကလောက်ကျယ်တဲ့ ပန်းခြံတစ်ခုကို တည်ဆောက်ထားပြီး လျှောက်လမ်းတွေ၊ ထိုင်ပြီး အလုပ်လုပ်နိုင်တဲ့ နေရာတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

    ဇူကာဘာ့ဂ်ကတော့ အဆောက်အဦးအသစ်ကို ပြောင်းရွှေ့ရခြင်းဟာ သူတို့အဖွဲ့တွေ အတူတကွ အလုပ်လုပ်နိုင်ဖို့အတွက် ပြီးပြည့်စုံပြီး ဆန်းသစ်တဲ့ နေရာတစ်ခုကို ဖန်တီးပေးဖို့နဲ့ ကမ္ဘာတစ်ဝှမ်းကို ၀န်ဆောင်မှုတွေပေးနိုင်အောင် ကြိုးစားနေတဲ့ အဖွဲ့တွေအကြားမှာ တူညီတဲ့ လူ့အဖွဲ့အစည်းစိတ်ဓာတ်နဲ့ ဆက်သွယ်မှုတွေ ဖန်တီးပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။

    “ဒီအဆောက်အဦးကိုယ်တိုင်က တော်တော်လေးရိုးရှင်းပြီး ထူးခြားမှုလည်း မရှိပါဘူး။ အဲဒီလို ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့နေရာကို အလုပ်တွေ ဆက်လုပ်နေတဲ့ နေရာမျိုးအဖြစ် ခံစားရစေချင်ပါတယ်။ ကျွန်တော်တို့ အဆောက်အဦးထဲကို ၀င်လာတဲ့အခါ ကမ္ဘာကြီးကိုဆက်သွယ်ဖို့ ကျွန်တော်တို့ရဲ့ လုပ်ငန်း ဘယ်လောက်ကျန်နေသေးလဲဆိုတာ ခင်ဗျားတို့ကို ခံစားစေချင်ပါတယ်” လို့ ဇူကာဘာ့ဂ်က သူ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    နောက်ပြီး ဒီအဆောက်အဦးကို တရားဝင်ဖွင့်ပြီးတဲ့နောက်မှာ အဆောက်ဦးရဲ့ ဓာတ်ပုံနဲ့ အဆောက်အဦး အကြောင်းအရာတွေကို ထပ်ပြီး ဖော်ပြသွားမယ်လို့ သူက ဆိုပါတယ်။

  • ပိုင်ဆိုင်သည့်ငွေကြေးများ ခိုးယူခံလိုက်ရသည့် ပရိတ်သတ် အဘိုးအိုအတွက် ရုရှားကလပ် ငွေကြးအကူအညီပေး

    ပိုင်ဆိုင်သည့်ငွေကြေးများ ခိုးယူခံလိုက်ရသည့် ပရိတ်သတ် အဘိုးအိုအတွက် ရုရှားကလပ် ငွေကြးအကူအညီပေး

    မတ် ၃၁၊ ၂၀၁၅
    M-Media

    Untitled

    – တစ်သက်တာလုံး စုဆောင်းလာခဲ့သည့် ငွေကြေးများ ဖောက်ထွင်းမှုအတွင်း အခိုးခံခဲ့ရသည့် ပရိတ်သတ်တစ်ဦးအတွက် ရုရှားကလပ် စပါးတက် မော်စကိုအသင်းက ရန်ပုံငွေ ပြန်လည်ရှာဖွေ အကူအညီပေးခဲ့သည်ဟု သိရသည်။

    အဆိုပါ ပရိတ်သတ်မှာ အသက် ၁၀၂ နှစ်အရွယ်ရှိ အော့တို ဖစ်ချာဆိုသူဖြစ်ပြီး ဒိုင်နမိုမော်စကိုနှင့် ဒါဘီပွဲသို့ကြည့်ရန် လာရောက်ခဲ့ပြီးနောက် ၎င်း၏ အခက်အခဲကို ပရိတ်သတ်များက သိသွားခဲ့ကာ နောက်ပိုင်းတွင် ရန်ပုံငွေထောက်ပံ့ပေးသည့် လှုပ်ရှားမှုကို စတင်ပေးခဲ့သည်။

    ဖောက်ထွင်းမှုအတွင်း ယူရို ၁၁၀၀၀ ဆုံးရှုံးခဲ့ရသည့် ဖစ်ချာအတွက် ပရိတ်သတ်များက စုပေါင်းလှူဒါန်းငွေမှာ ယူရို ၇၀၀၀ ကျော်ရရှိခဲ့ပြီး စပါးတက်အသင်း၏ ကစားသမားများကလည်း ငွေကြေး အကူအညီ ပေးခဲ့ကြသည်။ ထို့ပြင် လာမည့်အိမ်ကွင်းပွဲစဉ်တွင် လက်မှတ်ရောင်းချမှုမှ ရရှိသည့် ပမာဏ၏ ၅၀ ရာခိုင်နှုန်းကိုလည်း စပါးတက်အသင်းက ဖစ်ချာအား ပေးအပ်သွားမည်ဟု Russia Today သတင်းစာတွင်
    ဖော်ပြခဲ့သည်။

    ဒုတိယကမ္ဘာစစ် တပ်သားဟောင်း ဖစ်ချာမှာ စပါးတက် ကစားသမားတစ်ဦးနှင့်အတူ Russian TV ၏ ရုပ်သံအစီအစဉ်တွင် ပါဝင်ခဲ့ပြီး ၎င်းအား ထိုကဲ့သို့ ကူညီခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    “ဒီလိုအကူအညီရတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော့်ကို ကူညီတဲ့သူတိုင်းကို ကျွန်တော် ဦးညွှတ်ပါတယ်။ နောက်ထပ်တစ်ပွဲ ကြည့်ခွင့်ရမယ်ဆိုရင်လည်း ကျွန်တော် အတိုင်းမသိ ၀မ်းသာမှာပါ” ဟု ပြောကြားခဲ့သည်။

    Ref: Goal

  • NSA အဆောက်အဦးသို့ လူနှစ်ယောက်က ကားဖြင့် အတင်းဝင်ရောက်မှု ဖြစ်ပွား

    NSA အဆောက်အဦးသို့ လူနှစ်ယောက်က ကားဖြင့် အတင်းဝင်ရောက်မှု ဖြစ်ပွား

    မတ် ၃၁၊ ၂၀၁၅
    M-Media

    74c43148b53e4835be4a7f3450926209_18

    – အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ NSA သို့ဝင်ရာ ဂိတ်ပေါက်ဝတွင် လူ ၂ ဦးမှာ ကားတစ်စီးကို အတင်းမောင်းနှင် ၀င်ရောက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကာ အခြားတစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု အမေရိကန် အာဏာပိုင်များက ပြောကြားလိုက်သည်။

    မေရီလန်းပြည်နယ်ရှိ NSA အဆောက်အဦးတွင် ဒေသစံတော်ချိန် ယမန်နေ့ နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားတစ်စီးမှာ ဂိတ်ပေါက်ဝသို့ အတင်း မောင်းနှင် ၀င်ရောက်လာသောကြောင့် တာဝန်ရှိသူများက ဟန့်တားခဲ့ကြပြီး သနေတ်ဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

    အဆိုပါပစ်ခတ်မှုအတွင်း ကားမောင်းလာသူထဲမှ တစ်ဦး သေဆုံခဲ့ပြီး ၎င်းတို့၏ ကားထဲတွင် မူးယစ်ဆေးဝါးများနှင့် သေနတ်တစ်လက်ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ကာကွယ်ရေးဌာနမှ အမည်မဖော်လိုသည့် အကြီးတန်းအရာရှိတစ်ဦးကမူ ကားမောင်းလာသူ ၂ ဦးမှာ အမျိုးသမီးကဲ့သို့ ၀တ်စားခဲ့ကြသည်ဟု AP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    NSA ထဲသို့ ၀င်ရောက်ခဲ့သည့် အဆိုပါကားမှာ ယမန်နေ့နံနက်အစောပိုင်းက အနီးအနားရှိ ဟိုတယ်တစ်ခုမှ ခိုးယူလာခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မေရီ ဖီလန်က ပြောကြားခဲ့သည်။

    နောက်ပိုင်းတွင် FBI က အဆိုပါ အဖြစ်အပျက်မှာ အကြမ်းဖက်မှုနှင့် ဆက်စက်မှုမရှိဟု ယုံကြည်ရပြီး အခြေအနေကိုလည်း ထိန်းသိမ်းပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    NSA ၀င်းအတွင်းမှ အဆောက်အဦးတစ်ခုမှာ ယခုလအစောပိုင်းတွင် ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပတ်ခတ်မှုအတွင်း ထိခိုက်ပျက်ဆီးခဲ့ရပြီး ပစ်ခတ်မှုအတွက် သံသယရှိသူ ဟွန်ယန်းဆိုသူကို ရဲတပ်ဖွဲ့က မတ်လ ၃ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

    Ref: Aljazeera

  • မုတ်ဆိတ်ထားခြင်းနှင့် ဟိဂျဘ်ဝတ်ဆင်သည့်  ဝီဂါလူမျိုး မွတ်စလင် ဇနီးမောင်နှံကို တရုတ်အစိုးရ ထောင်ချ

    မုတ်ဆိတ်ထားခြင်းနှင့် ဟိဂျဘ်ဝတ်ဆင်သည့် ဝီဂါလူမျိုး မွတ်စလင် ဇနီးမောင်နှံကို တရုတ်အစိုးရ ထောင်ချ

    မတ် ၃၁၊ ၂၀၁၅
    M-Media

    30-3-15_China-Jails-Muslim-Couple-for-Beard-Hijab

    – တရုတ်နိုင်ငံ ဇင်ဂျန်းပြည်နယ်ရှိ ဝီဂါ မွတ်စလင် အမျိုးသားတစ်ဦးကို မုတ်ဆိတ်ထားသည့်အတွက် တရုတ်အာဏာပိုင်များက ထောင်ဒဏ်ချမှတ်ခဲ့ပြီး မွတ်စလင်များကမူ ထိုလုပ်ရပ်အား ရှုတ်ချလိုက်ကာ အဓိပ္ပါယ်မရှိသည့်လုပ်ရပ် ဖြစ်သည်ဟု ပြောကြားလိုက်သည်။

    ကက်ရှ်ဂါရ်မြို့တွင်ဖြစ်ပြီး အသက် ၃၈ နှစ်အရွယ် ဝီဂါ မွတ်စလင် အမျိုးသားတစ်ဦးကို မုတ်ဆိတ်ထားသည့်အတွက်ကြောင့် ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့ကာ ၎င်း၏ ဇနီးဖြစ်သူကိုလည်း မျက်နှာအုပ်ထားသည့် နီကဘ် ၀တ်ဆင်မှုအတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်ဟု
    ယခုတစ်ပတ်အစောပိုင်းက တရုတ်သတင်းစာများတွင် ဖော်ပြခဲ့ကြသည်။

    “ကမ္ဘာပေါ်က ဘယ်နိုင်ငံမျိုးမှာမှ မဖြစ်ဖူးတဲ့ ကိစ္စမျိုးပါ။ ဒါဟာ လက်မခံနိုင်စရာဖြစ်သလို အဓိပ္ပါယ်လည်း မရှိပါဘူး။ ပြီးတော့ တရုတ်နိုင်ငံရဲ့ ရန်လိုတဲ့လုပ်ရပ်ဖြစ်ပြီး အုပ်ချုပ်ရေး ပြဿနာလည်းဖြစ်ပါတယ်” ဟု ပြည်ပရောက် ကမ္ဘာ့ ဝီဂါ ကွန်ဂရက်မှ ပြောရေးဆိုခွင့်ရှိသူ ဒီလ်ဇက် ရာဇစ်က ပြောကြားလိုက်သည်။

    ထိုကိစ္စနှင့်ပတ်သက်၍ China Youth Daily သတင်းစာက ဖော်ပြရာတွင် အဆိုပါအမျိုးသားမှာ ၂၀၁၀ ခုနှစ်မှစ၍ မုတ်ဆိတ်ထားခဲ့ကြောင်း အမျိုးသမီးမှာလည်း ခန္ဓာကိုယ်လုံခြုံစေသည့် ဘုရ်ခါကို ၀တ်ဆင်ထားပြီး မျက်နှာကိုလည်း ဖုံးအုပ်ထားကြောင်း ဖော်ပြခဲ့သည်။

    ဇင်ဂျန်းအာဏာပိုင်များကမူ အဆိုပါ ဇနီးမောင်နှံနှစ်ဦးမှာ မုတ်ဆိတ်ထားခြင်းနှင့် လုံခြုံစွာဝတ်စားဆင်ယင်မှုကြောင့် ရန်စခြင်းနှင့် ပြဿနာများဖြစ်ပွားရန် လှုံ့ဆော်ခြင်းတို့ဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရ၍ ထိုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၄ ခုနှစ် ဧပြီလကတည်းက ဇင်ဂျန်း အာဏာပိုင်များမှာ မုတ်ဆိတ်ထားသူများအား လာရောက် သတင်းပေးနိုင်ပါက ဆုငွေချီးမြှင့်မည်ဟု စတင်ကြေညာခဲ့သည်။

    ယခုလအစောပိုင်းတွင် ကရှ်ဂါရ်မြို့ရှိ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်က အစ္စလာမ့်သွန်သင်ချက်အတိုင်း ပုဝါဆောင်းကာ လုံခြုံစွာဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ သတိပေးခဲ့ပြီး ၎င်းတို့မြို့မှာ အစွန်းရောက်ဝါဒကို တိုက်ထုတ်ရေး ရှေ့တန်း စစ်မြေပြင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဒီဇင်ဘာလအစောပိုင်းကလည်း ဇင်ဂျန်းပြည်နယ်မြို့တော် အူရုမ်ကွီတွင် မွတ်စလင်အမျိုးသမီးများ လုံခြုံသည့် ၀တ်ရုံရှည် ၀တ်ဆင်ခြင်းကို တားမြစ်ပိတ်ပင်ခဲ့သည်။

    အစ္စလာမ်တွင် အမျိုးသမီးများ လုံခြုံစွာဖြင့် ဟီဂျဘ်ဝတ်ဆင်ခြင်းကို မလုပ်မနေရအဖြစ် သတ်မှတ်ထားသော်လည်း မျက်နှာအား ဖုံးအုပ်ခြင်းမှာ ထိုကဲ့သို့မဟုတ်ဘဲ အမျိုးသမီး၏ ကိုယ်ပိုင်ရွေးချယ်မှုဖြင့် ဆောင်ရွက်နိုင်သည်ဟု အစ္စလာမ့်ဓမ္မပညာရှင်အများစုက သဘောတူ လက်ခံထားကြသည်။

    ခွဲခြားဆက်ဆံမှု

    ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်မှုကို ရှုတ်ချလျက် အူဂွါကွန်ဂရက်မှ ပြောရေးဆိုခွင့်ရှိသူက ထိုအဖြစ်အပျက်မှာ မွတ်စလင်အများစုရှိရာ ဇင်ဂျန်းပြည်နယ်တွင် မွတ်စလင်များ ရင်ဆိုင်နေရသော နိုင်ငံရေးဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှု၏ စံနမူနာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “တကယ်လို့ မွတ်စလင်မဟုတ်သူတစ်ယောက်က မုတ်ဆိတ်ထားမယ်ဆိုရင် ဒါဟာ ကိုယ်ပိုင်ဖက်ရှင်ဖြစ်ပြီး သူ့မှာ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိပါတယ်။ ဝီဂါ မွတ်စလင်တစ်ယောက်က မုတ်ဆိတ်ထားပြီဆိုရင်တော့ ဒါဟာ ဘာသာရေးအစွန်းရောက် ဖြစ်သွားတာပါပဲ။ တရုတ်ရဲ့ ရည်ရွယ်ချက်က အူဂွါတွေ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုကိုကို စွန့်လွှတ်ပြီး တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေကို လက်ခံဖို့အတွက် တရားစီရင်ရေးကို အသုံးချဖို့ပါပဲ” ဟု ရာဇစ်က ထပ်လောင်းပြောကြားခဲ့သည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာများတွင် ဝေဖန်မှုများလည်း ရှိခဲ့သည်။ ဝီဂါ လူမျိုးများမှာ တူရကီစကားပြောသူ လူနည်းစုများဖြစ်ကြပြီး နိုင်ငံအနောက်မြောက်ပိုင်း ဇင်ဂျန်းပြည်နယ်တွင် ၈ သန်းခန့် နေထိုင်ကြသည်။

    ဇင်ဂျန်းပြည်နယ်မှာ ၁၉၅၅ ခုနှစ်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ရေး ရခဲ့သော်လည်း တရုတ်အာဏာပိုင်များ၏ လုံခြုံရေးဆိုင်ရာ ၀င်ရောက်နှိမ်နင်းခြင်းများကို ဆက်လက် ခံစားနေရသည်။

    လူ့အခွင့်အရေးအဖွဲ့များကမူ တရုတ်အာဏာပိုင်များမှာ အကြမ်းဖက်ဝါဒဆန့်ကျင်ရေး ခေါင်းစဉ်တပ်၍ ဇင်ဂျန်းပြည်နယ်ရှိ မွတ်စလင်များအပေါ် ဘာသာရေးဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်နေသည်ဟု စွပ်စွဲခဲ့ကြသည်။

    ၂၀၁၄ ခုနှစ်အစောပိုင်းကလည်း တရုတ်အာဏာပိုင်များမှာ ဇင်ဂျန်းပြည်နယ်ရှိ အစိုးရအဆောက်အအုံများတွင် ဘာသာရေးဆိုင်ရာ ကျင့်သုံးမှုများ မပြုလုပ်ရဟု အမိန့်ထုတ်ခဲ့ပြီး ဘာသာရေးနှင့် သက်ဆိုင်သည့် အ၀တ်အစားများ၊ လိုဂိုများ ၀တ်ဆင်သုံးစွဲခြင်း မပြုရန်လည်း တားဆီးခဲ့သည်။

    သြဂုတ်လတွင် ဇင်ဂျန်းပြည်နယ်မြောက်ပိုင်း ကာရာမေးမြို့တွင် မုတ်ဆိတ်ထားသည့် အမျိုးသားများနှင့် ဟီဂျဘ်ဖြင့် လုံခြုံစွာ ၀တ်စားထားကြသည့် မွတ်စလင်အမျိုးသမီးများအား အများပြည်သူသုံးယာဉ်များ အသုံးပြုခြင်းကို ပိတ်ပင်ခဲ့သည်။

    ရဲတပ်ဖွဲ့ဝင်များကလည်း အင်္ကျီအရောင်းဆိုင်များသို့ ၀င်ရောက်စီးနင်းခဲ့ကာ မွတ်စလင်အမျိုးသမီးများ ၀တ်ဆင်လေ့ရှိသည့် ၀တ်ရုံရှည်များကို သိမ်းဆည်းခဲ့ကြသည်။

    Ref: Onislam

  • အကြမ်းဖက်ဝါဒအား ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခု တူနီးရှားပြည်သူများ ပြုလုပ်

    အကြမ်းဖက်ဝါဒအား ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခု တူနီးရှားပြည်သူများ ပြုလုပ်

    မတ် ၃၀၊ ၂၀၁၅
    M-Media

    tunisia-protest

    – နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုနှင့် အစွန်းရောက်ဝါဒကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခုကို တူနီးရှားပြည်သူများက ယမန်နေ့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    မြို့တော်တူနစ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါဆန္ဒပြပွဲတွင် တူနီးရှားပြည်သူ ထောင်သောင်းချီ ပါဝင်ခဲ့ပြီး တူနီးရှားအလံများကို ကိုင်ဆောင်ကာ “တူနီးရှားက လွတ်လပ်ပြီ။ အကြမ်းဖက်ဝါဒ ထွက်သွား” ဟု ကျွေးကြော်ခဲ့ကြသည်။

    ဆန္ဒပြသူများမှာ မတ်လ ၁၈ ရက်နေ့ အကြမ်းဖက်သမားများက နိုင်ငံခြား ခရီးသွားများအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သော အမျိုးသားပြတိုက်သို့လည်း ချီတက်ခဲ့ကြသည်။ အဆိုပါ ချီတက်ဆန္ဒပြပွဲကို တူနီးရှားသမ္မတ၊ ပြင်သစ်သမ္မတ ဟော်လန်ဒေး၊ အီတလီဝန်ကြီးချုပ် မက်တီယို ရန်ဇီနှင့် ပါလက်စတိုင်း သမ္မတ မဟ်မူဒ်အဘတ်စ်တို့အပါအ၀င် နိုင်ငံရပ်ခြားမှ ခေါင်းဆောင်များလည်း ပါဝင်ခဲ့သည်။

    “တူနီးရှားပြည်သူတွေဟာ အကြမ်းဖက်ဝါဒမှာ ပါဝင်မှာ မဟုတ်ဘူးဆိုတာ သက်သေပြလိုက်ပါပြီ။ ပြည်သူတွေအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ တူနီးရှားပြည်သူတွေကို ကျွန်တော်ပြောချင်တာက ‘ရှေ့ဆက်သွားပါ’ ဆိုတာပါပဲ” ဟု တူနီးရှားသမ္မတ ဘီဂျီ ကာအစ်ဒ် အက်ဆက်ဘ်စီက ဆန္ဒပြပွဲပြီးနောက် ပြောကြားခဲ့သည်။

    ကမ္ဘာလှည့်ခရီးသွား အများစုအပါအ၀င် လူ ၂၂ ဦး သေဆုံးခဲ့သော တူနစ်ရှိ အမျိုးသားပြတိုက်အား တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သည်ဟု ယူဆရသူ အလ်ဂျီးရီးယားနိုင်ငံသား တစ်ဦးကို စနေနေ့ညက ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအတွင်း ချေမှုန်းနိုင်ခဲ့သည်ဟု တူနီးရှား အာဏာပိုင်များက ယမန်နေ့စောစာပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

    အဆိုပါ စစ်ဆင်ရေးအတွင်း အခြား အကြမ်းဖက်သမား ၉ ဦးကိုလည်း သုတ်သင်နိုင်ခဲ့သည်ဟု ဆိုသည်။ တူနီးရှားမှာ အာဏာရှင်များကို ဖြုတ်ချသည့် အာရပ်နွေဦးတော်လှန်ရေး အစပြုရာ နေရာလည်း ဖြစ်သည်။

    Ref: Channelnewsasia