News @ M-Media

Author: Ko Lay

  • လေကြောင်းကဏ္ဍမှာ သမိုင်းသစ်ရေးထိုးမယ့် Solar Impulse 2 လေယာဉ်၏ ကမ္ဘာပတ်ခရီးစဉ်

    လေကြောင်းကဏ္ဍမှာ သမိုင်းသစ်ရေးထိုးမယ့် Solar Impulse 2 လေယာဉ်၏ ကမ္ဘာပတ်ခရီးစဉ်

    မတ် ၉၊ ၂၀၁၅
    M-Media

    11034103_853992887976516_946450441821561564_n

    – ဆွဇ်ဇာလန်နိုင်ငံက ထုတ်လုပ်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ပျံဟာ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့ကနေ ပျံတက်ခဲ့ပြီး လောင်စာဆီတစ်စက်မှမသုံးဘဲ ကမ္ဘာတစ်ပတ်ပျံသန်းမယ့် ပထမဆုံး အားထုတ်မှုကို စတင်လိုက်ပါပြီ။

    The Solar Impulse 2 (Si2) လို့ အမည်ပေးထားတဲ့ အဲဒီလေယာဉ်ပျံကို ဆွဇ်လန်လေယာဉ်မှူး အန်ဒရေ ဘော့ရှ်ဘာဂ့်က ကိုင်တွယ်မောင်းနှင်တာဖြစ်ပြီး အလ်-ဘာသီန်းလေဆိပ်ကနေ မတ်လ ၉ ရက် (ယနေ့) ဒေသစံတော်ချိန် နံနက် ၇ နာရီ ၁၂ မိနစ်မှာ စတင် ပျံတက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလေယာဉ်ရဲ့ ပထမပိုင်းခရီးစဉ်ကိုတော့ အိုမန်နိုင်ငံက မူစကတ်မြို့ကို ဦးတည် မောင်းနှင်မှာ ဖြစ်ပါတယ်။

    ဒီလေယာဉ်ကို ဖန်တီးထုတ်လုပ်သူတွေက ဒါဟာ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ နည်းပညာအဟောင်းတွေကို သန့်ရှင်းပြီး အကျိုးရှိတဲ့ နည်းပညာအသစ်တွေနဲ့ အစားထိုးခြင်းနဲ့ပတ်သက်လို့ အသိပညာပေးဖို့ ရည်ရွယ် ဖန်တီးခဲ့တာလို့ ဆိုပါတယ်။

    10653316_853997794642692_5785889745435132192_n

    ဒီလေယာဉ်ကို ပူးတွဲတည်ဆောက်ခဲ့တဲ့ အန်ဒရေ ဘော့ရှ်ဘာ့ဂ်ဟာ တနင်္လာနေ့နံနက် ယူအေအီးက အလ်- ဘာသီန်းလေဆိပ်က ပျံတက်တဲ့အခါ တစ်ယောက်စီး ဒီလေယာဉ်ကို ထိန်းသိမ်းမောင်းနှင်သွားမှာ ဖြစ်ပါတယ်။

    ဒီလေယာဉ်ပျံသန်းဖို့ကို စနေနေ့မှာစဖို့ မူလက စီစဉ်ထားခဲ့ပေမယ့် လေတိုက်နှုန်းကြမ်းနေတာကြောင့် နောက်ကျခဲ့ရပါတယ်။ ဒီလေယာဉ် ဖြစ်မြောက်လာဖို့အတွက့် ဘော့ရှ်ဘာ့ဂ်နဲ့ မိတ်ဆွေ လေယာဉ်မှူး ဘာထရန် ပစ်ကာ့ဒ်တို့က ၁၃ နှစ်လောက် သုတေသနတွေ၊ စမ်းသပ်မှုတွေလုပ်ပြီး တီထွင်ခဲ့တာ ဖြစ်ပါတယ်။

    11045021_854003031308835_7680949359188586979_n

    သူတို့တွေဟာ ဒီလေယာဉ်ကို ကမ္ဘာတစ်ပတ် ပျံသန်းမှာဖြစ်ပြီး လမ်းမှာ တစ်ထောက်နားတဲ့အချိန်မှာ တစ်ယောက်တစ်လှည့်စီ အလှည့်ကျ လဲလှယ် မောင်းနှင်သွားမှာလည်း ဖြစ်ပါတယ်။

    ဘော့ရှ်ဘာ့ဂ်ဟာ မူစကတ်ခရီးစဉ်ရဲ့ ၁၃ ရာခိုင်နှုန်းအဖြစ် ၂ နာရီ ၁၅ မိနစ် မောင်းနှင်မှာဖြစ်ပြီး နောက်ပိုင်းမှာ မီဒီယာနဲ့ အင်တာဗျူးလုပ်သွားမှာဖြစ်တယ်လို့ သူတို့ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေတဲ့ ၀ဘ်ဆိုက်တစ်ခုမှာ ဖော်ပြထားပါတယ်။

    လူသားရဲ့ စိန်ခေါ်မှု

    ဒီလေယာဉ် မပျံသန်းမီလေးမှာပဲ အသက် ၆၃ နှစ်အရွယ်ရှိတဲ့ ဘော့ရှ်ဘာ့ဂ်က သူ့ရဲ့ Twtter စာမျက်နှာမှာ ဒါဟာ သူနဲ့ သူ့ရဲ့လေယာဉ်ပျံအတွက် တကယ့်စိန်ခေါ်မှုကြီးပဲလို့ ရေးသားဖော်ပြခဲ့ပါတယ်။

    “ဒီစီမံကိန်းဟာ လူသားတွေရဲ့ စီမံကိန်းပါ။ ပြီးတော့ လူသားတွေရဲ့ စိန်ခေါ်မှုလည်း ဖြစ်ပါတယ်” လို့ သူက တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။

    ဒီလေယာဉ်ပျံရဲ့ တောင်ပံနှစ်ခု အကွာအဝေး (ဗြက်) က ဂျမ်ဘိုလေယာဉ်တွေထက် နည်းနည်းလေးပိုကြီးပေမယ့် အလေးချိန်ကတော့ မိသားစုစီးတဲ့ ကားလေးလောက်ပဲရှိပါတယ်။

    အိုမန်နိုင်ငံ မူစကတ်ကနေ နောက်ထပ် နေရာ ၁၂ ခုကို ၅ လအတွင်း သွားမှာဖြစ်ပြီး စုစုပေါင်း ပျံသန်းချိန်ကတော့ ၂၅ ရက် ကြာမှာဖြစ်ပါတယ်။

    အဲဒီလေယာဉ်လေးဟာ အာရေဘီးယားပင်လယ်ပြင်ကိုဖြတ်လို့ အိန္ဒိယကို သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ မြန်မာ၊ တရုတ်၊ ဟာဝိုင်ယီကျွန်းနဲ့ နယူးယောက်ကို ဆက်လက် ပျံသန်းမှာဖြစ်ပါတယ်။

    ဆင်းသက်ဖို့ကိုတော့ အမေရိကန်အလယ်ပိုင်း၊ ဥရောပတောင်ပိုင်း ဒါမှမဟုတ် မြောက်အာဖရိမှာ ဖြစ်လိ့မ်မယ်လို့ လျာထား ထားပြီး ရာသီဥတုအခြေအနေပေါ်မူတည်ကာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

    အပိုင်းလိုက်ပျံသန်းမယ့်ဒီခရီးစဉ်မှာ အရှည်ကြာဆုံးအပိုင်းကတော့ တရုတ်ပြည်နန်ကျင်းကနေ ဟာဝိုင်ယီအကြား ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပျံမယ့် ၅ ရက်တာ ကာလဖြစ်ပြီး လေယာဉ်မှူး အပြောင်းအလဲမလုပ်ဘဲ တစ်ဦးတည်းက တာဝန်ယူ ပျံသန်းမှာဖြစ်ပါတယ်။ လေယာဉ်မှူး အနားယူတဲ့အချိန်တော့ ရှိမှာဖြစ်ပြီး ဒီအချိန်မှာ အလိုအလျောက်မောင်းနှင်စနစ် (အော်တိုပိုက်လော့) ကနေ
    ထိန်းချုပ်မောင်းနှင်သွားမှာ ဖြစ်ပါတယ်။

    ဒီခရီးစဉ်အတွက် ယောဂနဲ့ စိတ်တည်ငြိမ်မှု ကျင့်စဉ်ဖြစ်တဲ့ self-hypnosis တွေ အပါအ၀င် လေယာဉ်မှူးတွေက သေသေချာချာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြရပါတယ်။ ဒီ self-hypnosis ကျင့်စဉ်ဟာ လေယာဉ်မှူးတွေအနေနဲ့ မိနစ် ၂၀ လောက်အိပ်စက်ပြီး လန်းလန်းဆန်းဆန်းနဲ့ ပြန်လည် နိုးထလာနိုင်မယ့် ကျင့်စဉ်လည်း ဖြစ်ပါတယ်။ဒီခရီးစဉ်တစ်ခုလုံးကို လောင်စာဆီ တစ်စက်မှ မသုံးဘဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

    မိုနာကိုနှင့် ချိတ်ဆက်ခြင်း

    ခရီးစဉ်တစ်လျှောက်လုံးမှာ ဒီလေယာဉ်ဟာ ပြင်သစ်နိုင်ငံ မိုနာကိုမှာရှိတဲ့ လေကြောင်းထိန်းသိမ်းရေးစင်တာနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမှာပါ။ အဲဒီစင်တာမှာ မိုးလေ၀သပညာရှင်၊ လေကြောင်းထိန်းသိမ်းရေး ပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေ စုစုပေါင်း ၆၅ ဦးလောက် ရှိမှာဖြစ်ပြီး လေယာဉ်မှူး ၂ ယောက်လုံးကို ကူညီ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

    လေယာဉ်မှူးအိပ်နေတဲ့အချိန်မှာ ပြဿနာတစ်ခုခု ဖြစ်ပြီဆိုရင်တော့ မြေပြင်က ဒီဝန်ထမ်းတွေဟာ လေယာဉ်မှူးကို နှိုးနိုင်မှာ ဖြစ်ပါတယ်။

    “သန့်ရှင်းတဲ့အနာဂတ်အတွက် ကျွန်တော်တို့ရဲ့ အမြင်တွေကို မျှဝေချင်ပါတယ်။ စွမ်းအင်တွေ၊ ကျွန်တော်တို့ဂြိုဟ်ကြီးက သဘာဝ သယံဇာတတွေကို ခြွေတာပေးတဲ့၊ အကျိုးမြတ်တွေ၊ အလုပ်အကိုင်တွေ ဖန်တီးပေးတဲ့၊ တည်ငြိမ်တဲ့တိုးတက်မှုတွေကို ရစေတဲ့ ဒီ အစိမ်းရောင်နည်းပညာတွေဟာ ဈေးကွက်ထဲရောက်လာဖို့ ရာသီဥတု ပြောင်းလဲမှုက သိပ်ကိုကောင်းတဲ့ အခွင့်အလမ်းတွေပါပဲ” လို့ Solar Impulse အဖွဲ့ရဲ့ ဥက္ကဌဖြစ်တဲ့ အသက် ၅၇ နှစ်အရွယ် ပစ်ကာ့ဒ်က ဆိုပါတယ်။

    ဒီစီမံကိန်းကို စတင်ထုတ်ဖော်ပြသခဲ့တဲ့အချိန်တုန်းက သူတို့ရဲ့ ဒီအယူအဆကို လေကြောင်းကဏ္ဍတစ်ခုလုံးက ပျက်ရယ်ပြုခဲ့ကြပါတယ်။

    ဒါပေမယ့် သိပ္ပံဆိုင်ရာ စွန့်စားမှုတွေကို မွေ့လျော်တဲ့ မိသားစုကနေ ဆင်းသက်ပေါက်ဖွားလာသူဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ မီးပုံးပျံနဲ့ ပထမဆုံး ကမ္ဘာပတ်ပြခဲ့တဲ့ ပစ်ကာ့ဒ်တစ်ယောက် သန့်ရှင်းတဲ့နည်းပညာနဲ့ ပြန်ပြည့်မြဲ စွမ်းအင်ဟာ မဖြစ်နိုင်တာကို အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတဲ့ သူ့ရဲ့ ယုံကြည်ချက်ကို ဆုပ်ကိုင်ထားခဲ့ပါတယ်။

    ဒီလေယာဉ်ကို ဂျမ်ဘိုလယာဉ်တွေရဲ့ တောင်ပံထက်ရှည်ပြီး ၂၃၆ ပေရှိတဲ့ တောင်ပံတွေမှာ တပ်ဆင်ထားတဲ့ ၁၇၀၀၀ သော ဆိုလာဆဲလ်တွေက ပါဝါပေးမှာ ဖြစ်ပါတယ်။ ဒီလေယာဉ်ရဲ့ တောင်ပံအရှည်ဟာ Airbus A380 ဆူပါဂျမ်ဘို အမျိုးအစား လေယာဉ်တွေလောက်နီးနီး ရှိနေပါတယ်။

    ဒီဇိုင်းကို တီထွင်ဆန်းသစ်နိုင်ခဲ့တာကြောင့် ကာဘွန်ဖိုက်ဘာနဲ့ ပြုလုပ်ထားတဲ့ ဒီလေယာဉ်ရဲ့ အလေးချိန်ဟာ ၂.၃ တန်သာရှိပြီး လေဘီးမောင်း မိသားစုကားလေးရဲ့ အလေးချိန်လောက်သာရှိကာ A380 လေယာဉ်ထက် ၁ ရာခိုင်နှုန်း ပိုပေါ့ပါတယ်။

    ဒီ Si2 လေယာဉ်ဟာ လေထဲမှာ ရက်အတော်ကြာ လွင့်မျော ပျံသန်းနိုင်တဲ့ ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်လည်း ဖြစ်ပါတယ်။

    လစ်သီယံ ဘက်ထရီများ

    လေယာဉ်ရဲ့ ပန်ကာကတော့ မြင်းကောင်ရေ ၁၇.၅ အားရှိတဲ့ အင်ဂျင်ဖြစ်ပြီး ပြန်လည်အားသွင်းနိုင်နဲ့ လစ်သီယံ ဘက်ထရီကို အသုံးပြုထားပါတယ်။

    ဒီအင်ဂျင်ကြောင့် တစ်နာရီကို ၅၀ကီလိုမီတာကနေ ၁၀၀ ကီလိုမီတာအထိ သွားနိုင်ပြီး ဘက်ထရီ အလျင်အမြန် အားကုန်သွားမှာ စိုးရိမ်ရတာကြောင့် ညဘက်တွေမှာတော့ ဒီထက်ပိုနည်းတဲ့ အရှိန်နဲ့ သွားမှာဖြစ်ပါတယ်။

    ဒီ Si2 လေယာဉ်ဟာ ၂၀၁၀ ခုနှစ်က ၂၆ နာရီလောက် ပျံသန်းခဲ့တဲ့ Solar Impulse လေယာဉ်နေရာကို ဆက်ခံတဲ့ လေယာဉ်လည်းဖြစ်ပါတယ်။ Solar Impulse လေယာဉ်က အခုလေယာဉ်ထက် ပိုသေးပါတယ်။ Si2 လေယာဉ်ကတော့ ညဘက်ပျံသန်းဖို့အတွက် နေ့ဘက်မှာ ဘက်ထရီကို လုံလုံလောက်လောက် အားဖြည့်နိုင်တဲ့ စွမ်းရည်ရှိတဲ့ လေယာဉ်လည်း ဖြစ်ပါတယ်။

    ဒီလေယာဉ်ရဲ့ နောက်ဆုံးပျံသန်းမှုကို မတ်လ ၂ ရက်နေ့က ယူအေအီးနိုင်ငံမှာ ပြုလုပ်ခဲ့ပြီး အောင်မြင်ခဲ့ကာ စီမံကိန်းအကြီးအကဲတွေက ဒီလေယာဉ်မှာ ဘာချို့ယွင်းချက်မှ မရှိဘူးလို့ ပြောခဲ့ပါတယ်။

    ဒီလေယာဉ်ခရီးစဉ်ကို ဇူလိုင်လမှာ အဘူဒါဘီမှာပဲ အဆုံးသတ်ဖို့ သတ်မှတ်ထားပြီး ပစ်ကာ့ဒ်က နောက်ဆုံး မောင်းနှင်းမှာ ဖြစ်ပါတယ်။

    သူ့အတွက်တော့ ဒီစီမံကိန်းဟာ ဇူလိုင်လမှာ အဆုံးသတ်မှာမဟုတ်ဘဲ အဲဒီအချိန်ကျမှ စတင်မှာဖြစ်ပါတယ်။

    သန့်ရှင်းတဲ့ စွမ်းအင်အသုံးပြုဖို့အတွက် မဲဆွယ်မှုတွေလုပ်ဖို့ တိုက်တွန်းစာတစ်စောင်ကို futureisclean.org မှာ လွှင့်တင်ထားပြီး Si2 ရဲ့ ပျံသန်းမှုတွေကိုတော့ www.solarimpulse.com မှာ တိုက်ရိုက်ကြည့်ရှုနိုင်ပါလိမ့်မယ်။

    Ref: Aljazeera

  • မွတ်စလင်များမှာ ပတ်ဝန်းကျင်နှင့် ပိုမိုထိတွေ့ရမည်ဟု သြစတေးလျ မွတ်စလင်ခေါင်းဆောင်တစ်ဦး ပြောကြား

    မွတ်စလင်များမှာ ပတ်ဝန်းကျင်နှင့် ပိုမိုထိတွေ့ရမည်ဟု သြစတေးလျ မွတ်စလင်ခေါင်းဆောင်တစ်ဦး ပြောကြား

    မတ် ၁၀၊ ၂၀၁၅
    M-Media

    ausie

    – အစ္စလာမ်၊ မွတ်စလင်တို့နှင့်ပတ်သက်၍ နားလည်မှုလွဲမှားခြင်းများ မြင့်တက်လာသည့် ယခုအချိန်တွင် လူနည်းစု မွတ်စလင်များ အနေဖြင့် လူ့အဖွဲ့အစည်းနှင့် ပိုမိုဆက်သွယ်ရမည်ဖြစ်ပြီး သို့မှသာ အဆိုပါနားလည်မှု လွဲမှားခြင်းများကို ချေဖျက်နိုင်မည်ဟု သြစတေးလျရှိ ထင်ရှားသော မွတ်စလင်ခေါင်းဆောင် ၀ါစီမ်း ရာဇ်ဗီက ပြောကြားလိုက်သည်။

    “တစ်ယောက်နဲ့တစ်ယောက် တွေ့ကြဆုံကြမယ်၊ ခေါ်ကြပြောကြမယ်ဆိုရင် မြင့်တက်လာနိုင်တဲ့ ကြောက်ရွံ့မှုတွေဟာ လျော့ကျသွားမှာပါ။ ဒီလှုပ်ရှားမှုကို အစပျိုးနေတယ်လို့ ကျွန်တော်ထင်ပေမယ့် ဗလီထဲမှာပဲ အချိန်ကုန်မနေဘဲ အပြင်ထွက်ပြီး ခရစ်ယာန်ဘုရားကျောင်းမှာ ပြုလုပ်တဲ့ ပွဲတွေကို သွားရောက်လေ့လာတာ၊ မက်ကေးမှာလုပ်နေတဲ့ ယဉ်ကျေးမှုပေါင်းစုံပွဲတွေကို တက်ရောက်တာမျိုးတွေလည်း ဒီလှုပ်ရှားမှုတွေထဲမှာ ပေါင်းထည့်ရပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

    ရာဇ်ဗီမှာ အစ္စလာမ့်သုတေသနနှင့် ပညာရေးအကယ်ဒမီ၏ ဥက္ကဌဖြစ်ပြီး မက်ကေး ဗလီဝတ်ကျောင်းတော်တွင် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော လူထုတွေ့ဆုံပွဲ အခမ်းအနားတွင် အထက်ပါစကားများကို ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မက်ကေးလူ့အဖွဲ့အစည်း၏ ဆက်ဆံရေး ပို၍နက်ရှိုင်းသည်ကို တွေ့မြင်ချင်သည်ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

    အဆိုပါ လူထုတွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်သူများ၊ တာဝန်ရှိသူများနှင့် ၎င်းတို့၏ မိသားစုများ တက်ရောက်ခဲ့ကြကာ ဗလီဝတ်ကျောင်းတော်ကို လှည့်လည် ကြည့်ရှုခဲ့ကြပြီး အစ္စလာမ်၊ မွတ်စလင်တို့နှင့် ပတ်သက်၍ သိလိုသည်များကိုလည်း မေးမြန်းခဲ့ကြသည်။

    “ကျွန်တော်တို့ဟာ ရဲတပ်ဖွဲ့နဲ့ ပုံမှန်တွေ့ဆုံလေ့ ရှိပါတယ်။ ပတ္တယောင်ကားတွေကလည်း ဒီနားတစ်ဝိုက်မှာ တစ်ချိန်လုံးလှည့်နေပြီး ကျွန်တော်တို့ လုံခြုံတယ်လို့ ခံစားရစေပါတယ်။ တကယ်လို့ ကျွန်တော်တို့ အကူအညီတစ်ခုခု လိုပြီဆိုရင် သူတို့ကို ဖုန်းထိုးလိုက်တာပါပဲ” ဟု မက်ကေး ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ဖြစ်သူ အက်ရှ်ဖက် အက်ဘာရ်က ပြောကြားခဲ့သည်။

    ချီးကျူးမှု

    မက်ကေးဗလီဝတ်ကျောင်းတော်မှ ပြုလုပ်သည့် အဆိုပါ လူထုတွေ့ဆုံပွဲကို ရဲတပ်ဖွဲ့ဝင်များကလည်း ချီးကျူးခဲ့ပြီး ဗလီဝတ်ကျောင်းတော်သို့ ရဲအရာရှိများ ပိုမိုလာရောက်လည်ပတ်မှု၊ လူထုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အတွက် တွန်းအားဖြစ်စေသည်ဟုလည်း ဆိုသည်။

    “အမြဲတမ်းပြောသလိုပါပဲ။ နားလည်မှုဟာ သည်းခံနိုင်စွမ်းကို ဖန်တီးပေးပါတယ်။ တစ်ခါတစ်လေမှာ လူတွေဟာ နားလည်မှု မရှိတော့ဘူးဆိုရင် သည်းမခံနိုင်မှုက ဖြစ်ထွန်းလာတာပါပဲ။ ဒါ့ကြောင့် ကျွန်တော်တို့လုပ်နိုင်တာက ဒီနားလည်မှုကို လူထုအတွင်းမှာ ဖန်တီးပေးပြီး ဒါကို အခြားသူတွေသိအောင် ပြုလုပ်ပေးဖို့ပါပဲ။ ဒါဟာ ပိုကောင်းပါတယ်” ဟု အင်စပက်တာ ခရေ့ဂ်ျ ဆန်ဒါဆန်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း ကွင်းစလန်းအလယ်ပိုင်းရှိ အစ္စလာမ်အသင်းမှာ ထိုကဲ့သို့ လူထုတွေ့ဆုံပွဲတစ်ခုကို ပြုလုပ်ခဲ့ပြီး အစ္စလာမ်အပေါ်ရှိနေသည့် မှန်းဆမှုများနှင့်ပတ်သက်၍ ဖြေရှင်းပြခဲ့ကာ၊ နားလည်မှုနှင့် သည်းခံမှုတို့ကိုလည်း မြှင့်တင်ပေးခဲ့သည်။

    အင်စပက်တာ ဆန်ဒါဆန်ကမူ ထိုကဲ့သို့သော အခမ်းအနားများက လူတစ်ဦးချင်းစီနှင့် စကားပြောဆိုနိုင်သည့် အခွင့်အလမ်းကို ရစေပြီး ၎င်းတို့၏ ဘာသာတရားနှင့် ပတ်သက်၍သော်လည်း အဆိုပါဘာသာတရားတွင်ရှိနေသည့် ဆက်သွယ်ချက်များနှင့် ပတ်သက်၍သော်လည်းကောင်း စစ်မှန်သည့် နားလည်မှုများကို ရရှိစေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ခန့်မှစ၍ သြစေတးလျတွင် ရှိနေခဲ့ပြီး ယခုအချိန်တွင် သြစတေးလျရှိ စုစုပေါင်း လူဦးရေ၏ ၁.၇ ရာခိုင်နှုန်း ရှိနေသည်။

    Ref: Onislam

  • ဂျပန်နိုင်ငံရှိ မြို့တစ်မြို့တွင် ဓားထိုးမှုကြောင့် လူ ၅ ဦးသေဆုံး

    ဂျပန်နိုင်ငံရှိ မြို့တစ်မြို့တွင် ဓားထိုးမှုကြောင့် လူ ၅ ဦးသေဆုံး

    မတ် ၉၊ ၂၀၁၅
    M-Media

    Untitled

    – ဂျပန်နိုင်ငံအနောက်ပိုင်း အာဝါဂျီရှီမာကျွန်းရှိ ရာဇ၀တ်မှုအဖြစ်နည်းသော ဆူမိုတိုမြို့ငယ်လေးတွင် လူတစ်ဦးက အိမ်နီးချင်းများအား ဓားဖြင့်ထိုးမှုကြောင့် လူ ၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ယနေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များမှာ အိမ်တစ်အိမ်တွင် သတိလစ်နေသော အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသမီးနှစ်ဦးနှင့် ဒဏ်ရာအပြင်းအထန်ရနေသည့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း ၃ ဦးတို့ကို တွေ့ရှိခဲ့ရသည်။

    ထိုနောက် ၎င်းတို့အား နီးစပ်ရာဆေးရုံသို့ တင်ပို့ခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။ ထို့ပြင် အနီးအနားရှိ အိမ်တွင်လည်း အသက် ၈၀ ကျော် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးကို သေဆုံးသည်ကို ထပ်မံတွေ့ရှိခဲ့ရသည်။

    တိုက်ခိုက်ခဲ့သူမှာ အသက် ၄၀ အရွယ်ရှိ အလုပ်လက်မဲ့တစ်ဦးဖြစ်သူ တာဆူဟီကို ဟီရာနိုဖြစ်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။ ဂျပန်မီဒီယာများကမူ ဟီရာနိုမှာ အခင်းဖြစ်ပွားရာ အနီးအနားတွင် အဘွားဖြစ်သူနှင့် နေထိုင်သူဖြစ်ပြီး သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည်ဟု ကနဦး ၀န်ခံထားသည်ဟု ဆိုသည်။

    ဒေသခံများက ဟီရာနိုမှာ အိမ်အပြင်သို့ထွက်ခဲပြီး ငယ်ရွယ်စဉ် ကျောင်းနေကတည်းက လူ့အဖွဲ့အစည်းနှင့် သီးသီးခြားခြားနေထိုင်သူဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထိုသို့ကျူးလွန်မှု၏ နောက်ကွယ်တွင် မည်သည့်အကြောင်းအရင်းရှိသည်ကို မသိရသေးသော်လည်း ရဲတပ်ဖွဲ့၏ မေးမြန်းမှုအရ ၎င်းမှာ ဟီကီကိုမိုရီ အခြေအနေတွင် နေထိုင်ခဲ့ရသည်ဟု ဟီရာနိုက ဆိုသည်။ ဟီကီကိုမိုရီ၏ အဓိပ္ပါယ်မှာ “ဖယ်ကျဉ်ခြင်း” ဖြစ်ပြီး မိဘများမှာ ၎င်းတို့၏ သားသမီးများအား ဆယ်ကျော်သက်နှောင်းပိုင်းနှင့် ၂၀ ကျော်အရွယ်များတွင် လူ့အဖွဲ့အစည်းနှင့် အဆက်အသွယ်ဖြတ်တောက်ကာ အိမ်ရှိ အခန်းကျဉ်းထဲတွင် နှစ်ပေါင်းများစွာ နေထိုင်စေသည့် အခြေအနေမျိုးဖြစ်သည်။

    Ref: abc

  • ရုရှားအတိုက်အခံခေါင်းဆောင် အသတ်ခံရမှုအတွက် ဖမ်းဆီးထားသူထဲမှ တစ်ဦး ဖြောင့်ချက်ပေး

    ရုရှားအတိုက်အခံခေါင်းဆောင် အသတ်ခံရမှုအတွက် ဖမ်းဆီးထားသူထဲမှ တစ်ဦး ဖြောင့်ချက်ပေး

    မတ် ၉၊ ၂၀၁၅
    M-Media

    rus

    – ရုရှား အတိုက်အခံခေါင်းဆောင် ဘောရစ် နမ်စတော့ဗ်ကို သတ်ဖြတ်မှုတွင် ပါဝင်သည်ဟု သံသယရှိသည့်အတွက် ဖမ်းဆီးထားသော ၅ ဦးတွင် တစ်ဦးမှာ ဖြောင့်ချက်ပေးခဲ့သည်ဟု မော်စကို တရားရုံးမှ တရားသူကြီးက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ဖြောင့်ချက်ပေးခဲ့သူမှာ ချေခြင်းညာဇာတိမှ ဇူးရ် ဒါဒါယက်ဗ်ဆိုသူဖြစ်ပြီး ယမန်နေ့က ဖြောင့်ချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကာ တရားသူကြီး နာတာလီယာ မက်ရှ်နီကိုဗာက ၎င်း၏ ချုပ်ရက်ကို ဧပြီလ ၂၈ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။

    ပူတင်အား ဝေဖန်မှုများ ပြုလုပ်ခဲ့သည့် အတိုက်အခံခေါင်းဆောင် နမ်စတော့ဗ်မှာ မော်စကိုမြို့လယ်ကောင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက်ပိုင်း ရုရှားရဲတပ်ဖွဲ့က သံသရှိသူ ၅ ဦးကို ဖမ်းဆီးခဲ့ကာ ထိုအထဲမှဒါဒါယက်ဗ်နှင့် အန်ဇာရ် ဂူဘာရှက်ဗ်တို့ကို ယမန်နေ့က တရားစွဲဆိုခဲ့သည်။

    ဂူဘာရှက်ဗ်ကမူ တရားစွဲဆိုမှုကို ငြင်းဆိုခဲ့ပြီး အခြားသုံးဦးကလည်း ၎င်းတို့မှာ အပြစ်မရှိဟု ပြောကြားခဲ့ကြသည်။ သို့သော်လည်း စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူကမူ ၎င်းတို့ ၃ ဦး ပါဝင်မှုအတွက် သက်သေရှိနေသည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း သတ်ဖြတ်ရသည့် အကြောင်းအရင်းကိုမူ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

    နမ်စတော့ဗ်မှာ ပူတင်အစိုးရကို ဝေဖန်မှုများရှိခဲ့ပြီး ယူကရိန်းအရှေ့ပိုင်း ပဋိပက္ခတွင် ရုရှား၏ ပါဝင်မှုနှင့်ပတ်သက်၍ အစီရင်ခံစာတစ်စောင် ရေးသားရန် ဆောင်ရွက်နေသောကြောင့် ၎င်းအား သတ်ဖြတ်မှုကို ကရင်မလင်မှ ဆောင်ရွက်သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။

    သို့သော်လည်း ရုရှား၏ ထိပ်တန်း စုံစမ်းစစ်ဆေးရေးအဖွဲ့ကမူ ပူတင်၏ ပုံရိပ်ကို ညှိုးနွမ်းအောင် လုပ်ဆောင်မှုကြောင့် အသတ်ခံရခြင်းဆိုသည့် ယူဆက်ချက်အပါအ၀င် ၎င်းတို့မှာ ဖြစ်နိုင်သော အကြောင်းအရင်းအားလုံးကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဟု ပြောကြားခဲ့သည်။ ထို့ပြင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်နွယ်မှု၊ နမ်စတော့ဗ်၏ ကိုယ်ပိုင်ဘ၀နှင့် ဆက်နွယ်မှုတို့အတွက်လည်း စုံစမ်းစစ်ဆေးနေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • မော်ရင်ဟိုမှာ မိမိအတွက် စပါယ်ရှယ်မဟုတ်ဟု ဒေးဗစ်လူဝစ်ဆို

    မော်ရင်ဟိုမှာ မိမိအတွက် စပါယ်ရှယ်မဟုတ်ဟု ဒေးဗစ်လူဝစ်ဆို

    မတ် ၉၊ ၂၀၁၅
    M-Media

    luis

    – မော်ရင်ဟိုမှာ စပါယ်ရှယ်တစ်ယောက် မဟုတ်ဘဲ မိမိတို့ ပီအက်စ်ဂျီအသင်းမှာလည်း နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခွင့် ရှိနေသည်ဟု နောက်ခံလူ ဒေးဗစ်လူးဝစ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ်က ပဲရစ်တွင် ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ချယ်ဆီးနှင့် ပီအက်စ်ဂျီတို့မှာ ၁ ဂိုးစီ သရေကျခဲ့သည်။ လူးဝစ်မှာ မော်ရင်ဟိုလက်ထက်တွင် ချယ်ဆီး၌ စိတ်ပျက်စရာများ ကြုံတွေ့ခဲ့ရပြီးနောက် ပြီးခဲ့သည့်နှစ် ဇွန်လက ပေါင် သန်း ၅၀ ဖြင့် ပီအက်စ်ဂျီသို့ပြောင်းရွှေ့ခဲ့ပြီး မော်ရင်ဟိုနှင့် အပြန်အလှန် စကားစစ်ထိုးမှုများ ရှိခဲ့သည်။

    ယခုတွင်လည်း လူးဝစ်က မော်ရင်ဟိုအား ထပ်မံ၍ စကားနာထိုးခဲ့သည်။

    “သူက ခင်ဗျားအတွက်တော့ စပါရှယ်ဖြစ်ရင် ဖြစ်မှာပေါ့။ ကျွန်တော့်အတွက်တော့ မဟုတ်ပါဘူး။ ချယ်ဆီးမှာ ကျွန်တော်ဟာ ကောင်းမွန်တဲ့အချိန်တွေကို ရခဲ့ပြီး ဖလားအများအပြားလည်း ရခဲ့ပါတယ်။ ကျွန်တော် ပျော်ပါတယ်” ဟု လူးဝစ်က L’Equipe သို့ ပြောကြားခဲ့သည်။

    အဝေးကွင်းတွင် သရေကျထားပြီး ၁ ဂိုးသွင်းထားနိုင်၍ ချန်ပီယံလိဂ် ဒုတိယအကျော့အတွက် ချယ်ဆီးက အသာရနေပြီး လူးဝစ်ကမူ မိမိတို့အနေဖြင့် ချယ်ဆီးအား မည်ကဲ့သို့ ကစားရမည်ကို သိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ စီမံကိန်းရှိပါလိမ့်မယ်။ ပြီးတော့ စွမ်းဆောင်မှုကောင်းရရှိဖို့အတွက် အကောင်းဆုံးနည်းလမ်းကို အကောင်အထည်ဖော်သွားမှာပါ။ ကျွန်တော်တို့ ၂ သင်းစလုံး နောက်တစ်ဆင့် တက်နိုင်ပါတယ်”

    Ref: Goal.com