News @ M-Media

Author: Ko Lay

  • FA နိုင်ပွဲက စိတ်ဓာတ်မြှင့်တင်ပေးသည်ဟု အာဆင်နယ်နည်းပြ ၀င်းဂါးဆို

    FA နိုင်ပွဲက စိတ်ဓာတ်မြှင့်တင်ပေးသည်ဟု အာဆင်နယ်နည်းပြ ၀င်းဂါးဆို

    မတ် ၁၀၊ ၂၀၁၅
    M-Media

    ase

    – FA ဖလား ကွာတားဖိုင်နယ်တွင် မန်ယူအား အနိုင်ရရှိခဲ့ခြင်းမှာ အရှေ့တွင်ရှိနေသည့် အရေးပါသည့် ပွဲများအတွက် မိမိတို့အသင်း၏ စိတ်ဓာတ်အား မြှင့်တင်ပေးလိုက်ခြင်းဖြစ်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ယနေ့နံနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် အာဆင်နယ်မှာ နာချို မွန်ရီယဲလ်နှင့် ဒန်နီယဲလ်ဝဲလ်ဘတ်တို့၏ ဂိုးများဖြင့် အနိုင်ရခဲ့ပြီး ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ ၀င်းဂါးကမူ အိုးထရက်ဖို့ဒ်တွင် ရှားရှားပါးပါး အနိုင်ရခဲ့ခြင်းက နောက်တစ်ဆင့်တက်ရေး ခက်ခက်ခဲခဲရုန်းကန်ရမည့် ချန်ပီယံလိဂ် ဒုတိယအကျော့်အတွက် ယုံကြည်မှုများ ပိုလာခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ပြိုင်ပွဲတိုင်းမှာ ယှဉ်ပြိုင်ချင်ပါတယ်။ ပြီးတော့ ဒီကနေ့ရလဒ်ဟာ FA ဖလားအတွက်၊ ပရီးမီးယားလိဂ်အတွက်၊ အရမ်းအရေးပါတဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်အတွက် ကောင်းမွန်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ဖြစ်စေပါတယ်။ အဓိကအရေးအကြီးဆုံးက အသင်းဟာ ကောင်းမွန်တဲ့အဆင့်မျိုးမှာ ကစားနိုင်တာဖြစ်ပြီး ဒါကိုလည်း ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်” ဟု ပွဲအပြီးတွင် ၀င်းဂါးက BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထို့ပြင် ၀င်းဂါးမှာ အသင်းဟောင်းနှင့် ပထမဆုံး ပြန်တွေ့သည့်ပွဲတွင် ဂိုးသွင်းနိုင်ခဲ့သည့် တိုက်စစ်မှူး ၀ဲလ်ဘတ်ကိုလည်း ချီးကျူးခဲ့သည်။ FA ဖလား ဆီးမီးဖိုင်နယ် တက်ရောက်သွားခဲ့သည့် အာဆင်နယ်မှာ ရီးဒင်းနှင့် ဘရက်ဖို့ဒ်တို့ပွဲမှ အနိုင်ရသည့်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ၀င်းဂါးကမူ သတိထားနေသည်။

    “ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ဟာ ၀င်ဘလေကွင်းမှာ ခန့်မှန်းလို့မရတဲ့ ဆီမီးဖိုင်နယ်ပွဲကို ကစားခဲ့ရပါတယ်”

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ အိမ်ကွင်းတွင် မိုနာကိုအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အာဆင်နယ်မှာ ဒုတိယအကျော့အဖြစ် ယခုတစ်ပတ်တွင် ကစားရမည်ဖြစ်သည်။

    Ref: Goal.com

  • IS က ထိန်းချုပ်ထားသည့် တီကရစ်မြို့နှင့် အနီးဆုံးခရိုင်တစ်ခုအား အီရတ်စစ်တပ် ပြန်သိမ်းနိုင်

    IS က ထိန်းချုပ်ထားသည့် တီကရစ်မြို့နှင့် အနီးဆုံးခရိုင်တစ်ခုအား အီရတ်စစ်တပ် ပြန်သိမ်းနိုင်

    မတ် ၁၀၊ ၂၀၁၅
    M-Meida

    tikrit

    – IS က သိမ်းပိုက်ထားသည့် တီကရစ်မြို့အား ပြန်လည်ရရှိရန် တိုက်ခိုက်နေသည့် အီရတ်တပ်ဖွဲ့များမှာ မြို့အနီးရှိ နောက်ထပ်ခရိုင်တစ်ခုနှင့် ရေနံတွင်းအချို့ကို ယမန်နေ့က ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး မြို့တွင်းသို့ဝင်ရန် ကြိုးစားနေကာ IS ၏ ပြင်းထန်သော ခံစစ်နှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

    ကာ့ဒ်တပ်ဖွဲ့၊ စွန်နီလူမျိုးစု တိုက်ခိုက်ရေးသမားများ၊ ရှီအာ ပြည်သူ့စစ်များနှင့် အီရတ်စစ်တပ်တို့ ပူးပေါင်း ဖွဲ့စည်းထားသည့် တပ်ဖွဲ့ဝင်များ သိမ်းပိုက်နိုင်ခဲ့သည့်ဒေသမှာ တီကရစ်မြို့နှင့် ၁၈ ကီလိုမီတာအကွာရှိ အလ်-အလမ် ခရိုင်ဖြစ်ပြီး မြို့တွင်းသို့ဝင်ရောက်ရန် နောက်ဆုံး စခန်းလည်းဖြစ်သည်ဟု Iraqiya TV က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ထို့ပြင် တီကရစ်မြို့အရှေ့မြောက်ဘက်ရှိ အလ်-အိုဂျေးလ်မှ ရေနံတွင်းများကိုလည်း အီရတ်တပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့ပြီး အလ်-အလမ်မှ ရေနံတွင်းအချို့ကိုမူ IS အဖွဲ့များက မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။ တီကရစ်မြို့အား ပြန်လည်သိမ်းယူရေး တိုက်ပွဲမှာ နိုင်ငံ၏ ဒုတိယအကြီးဆုံး မူဆိုးလ်မြို့အား IS လက်မှ ပြန်သိမ်းရေးအတွက် အဓိကအရေးပါသည့် တိုက်ပွဲလည်းဖြစ်သည်။

    မြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀ အကွာတွင်ရှိသည့် အလ်-ဒူးရ်မြို့ကိုလည်း ရှီယာ ပြည်သူ့စစ်များ ပါဝင်သည့် အီရတ်စစ်တပ်မှာ ပြီးခဲ့သည့် သီတင်းပတ်က သိမ်းယူနိုင်ခဲ့ပြီး လက်ရှိတွင် အခြေစိုက်လျက် ရှိနေသည်။အလ်-အလမ်နှင့် အလ်-ဒူးရ်တို့ကို သိမ်းယူနိုင်ခဲ့ခြင်းမှာ IS ၏ အဓိက ထောက်ပံ့ရေးလမ်းကြောင်းကို ဖျက်တောက်နိုင်ခြင်းလည်း ဖြစ်သည်။

    Ref: Aljazeera

  • FA ဖလားပွဲ အပြုအမူအတွက် ဒီမာရီယာအား ဗန်ဂါးလ်ဝေဖန်

    FA ဖလားပွဲ အပြုအမူအတွက် ဒီမာရီယာအား ဗန်ဂါးလ်ဝေဖန်

    မတ် ၁၀၊ ၂၀၁၅
    M-Media

    van gal

    – ယနေ့နံနက်က ကစားခဲ့သည့် FA ဖလားကွာတားဖိုင်နယ်ပွဲတွင် အထုတ်ခံခဲ့ရသော ကွင်းလယ်လူ ဒီမာရီယာ၏ အပြုအမူအတွက် မန်ယူနည်းပြ ဗန်ဂါးလ်က ဝေဖန်လိုက်ပြီး ဒီမာရီမှာ ပါးနပ်မှုမရှိဟု ပြောကြားလိုက်သည်။

    အာဆင်နယ်အား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အဆိုပါပွဲတွင် ဒီမာရီယာမှာ အာရွန်ရမ်ဆေးနှင့် ဘောလုံးယှဉ်လုစဉ် ဟန်ဆောင်လှဲချခဲ့သောကြောင့် ဒိုင်လူကြီးက အ၀ါကဒ်ပြ သတိပေးခဲ့ပြီး ထိုသတိပေးမှုကို မကျေနပ်သောကြောင့် ကွင်းလယ်ဒိုင်အား စောင့်တွန်းခဲ့သည့်အတွက် နောက်ထပ်အ၀ါကဒ် ထပ်မံပြသခြင်း ခံခဲ့ရာကာ နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရသည်။

    ဗန်ဂါးလ်ကမူ ဒီမာရီယာအနေဖြင့် အခြေအနေကို ပိုကောင်းအောင် ကိုင်တွယ်ခဲ့သင့်သည်ဟု ယုံကြည်နေသည်။

    “ဒီအခြေအနေတွေမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ ကြည့်ရမှာပါ။ သူဘယ်လိုလုပ် ဆုံးဖြတ်ချက် ချခဲ့သလဲ၊ ဘယ်လိုနည်းနဲ့ ဆုံးဖြတ်ချက် ချခဲ့သလဲဆိုတာ ကျွန်တော် ဗီဒီယိုခွေ ကြည့်ချင်ပါတယ်။ ဒါပေမယ့် ဒိုင်လူကြီးကို သွားတွန်းတာမျိုး မလုပ်ရဘူးဆိုတာ ကျွန်တော်နဲ့ ဒီမာရီယာ နှစ်ယောက်စလုံးလည်း သိပါတယ်။ ဒါဟာ သူ လိမ္မာပါးနပ်မှု မရှိတာပါပဲ။ ဒီလိုပွဲမျိုးမှာ စိတ်ခံစားမှု သိပ်မလွယ်ရပါဘူး။ ဒါကို ပွဲမတိုင်ခင်မှာလည်း ကျွန်တော်ပြောခဲ့ပါတယ်။ ဒီလိုမျိုးပွဲမှာ အနီကဒ်ဟာ လွယ်လွယ်ထွက်လာမယ်ဆိုတာလည်း ကျွန်တော်သိပါတယ်” ဟု ဗန်ဂါးလ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ဒီမာရီယာအား ပြသခဲ့သည့် အနီကဒ်မှာ မျှတသည့်အနီကဒ် ဟုတ်၊ မဟုတ်ကို မှတ်ချက်မပေးချင်ကြောင်း၊ ဒိုင်လူကြီးအား ကိုယ်ထိလက်ရောက် ပြု၍မရဟု ဒီမာရီယာလည်းသိပြီး ကစားသမားတိုင်းလည်း သိရှိကြောင်း၊ အသင်း၏ ကစားပုံအတွက်လည်း စိတ်ပျက်မိကြောင်း ဗန်ဂါးလ်က ထပ်လောင်းပြောကြားခဲ့သည်။

    ယခုပွဲအရှုံးကြောင့် မန်ယူမှာ FA ဖလားမှ ထွက်ခဲ့ရကာ ဖလားမျှော်လင့်ချက် အဆုံးသတ်ခဲ့ရပြီး လာမည့်နှစ် ချန်ပီယံလိဂ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရေးသာ ကြိုးစားရတော့မည်ဖြစ်သည်။

    Ref: Goal.com

  • နိုင်ငံတကာ သတင်းတို (မတ် ၉၊ ၂၀၁၅)

    မတ် ၉၊ ၂၀၁၅
    M-Media

    – ကျန်းမာရေးမကောင်းမှုကြောင့် ဆေးကုသမှုခံယူနေရပြီး သေဆုံးသွားပြီဟု ကောလဟာလများ ထွက်ပေါ်နေသည့် အီရန်နိုင်ငံ၏ အဓိပတိဖြစ်သူ အသက် ၇၅ နှစ်အရွယ် အယာတိုလာ ခါမေနီ၏ ကျန်းမာစွာ သွားလာလှုပ်ရှားနေသည့် လက်ရှိပုံရိပ်အား အီရန်နိုင်ငံပိုင် သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ ခါမေနီမှာ အမေရိကန်လက်အောက်ခံ အာဏာရှင် ရှားဘုရင်ကို ဖြုတ်ချသော အီရန် အစ္စလာမ်မစ်တော်လှန်ရေးကို ဦးဆောင်ခဲ့သူဖြစ်ပြီး တိုင်းပြည်အား အမှီအခိုကင်းပြီး ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်သည့် နိုင်ငံဖြစ်လာအောင် ၁၉၈၉ ခုနှစ်မှစ၍ ယနေ့တိုင် လမ်းညွှန်နိုင်ခဲ့သူဖြစ်သည်။

    – နိုက်ဂျီးရီးယားနိုင်ငံအတွင်းရှိ ဘိုက်ကိုဟရမ် စစ်သွေးကြွများအား ချဒ်နှင့် နစ်ဂါးနိုင်ငံမှ တပ်များပူးပေါင်းက ယမန်နေ့က စတင်၍ ထိုးစစ်ဆင်ခဲ့ကြသည်။ နိုက်ဂျီးရီးယားမှာ ယခုလအတွင်း ဘိုကိုဟရမ်အား အမြစ်ဖြတ်ချေမှုန်းရန် စီစဉ်ထားသည်။

    – အိန္ဒိယရှိ ဒီမာပူရ်မြို့တွင် ကြာသာပေးတးနေ့ ထောင်ဖောက်ကာ မုဒိမ်းမှုနှင့် သံသယရှိသူကို ဆွဲထုတ်၍ ရိုက်နှက်သတ်ဖြတ်ခဲ့မှုတွင် ပါဝင်သည်ဟု ယူဆရသူ ၂၂ ဦးကို ဖမ်းဆီးလိုက်သည်ဟု အိန္ဒိယ ရဲတပ်ဖွဲ့က ယမန်နေ့တွင် ကြေညာခဲ့သည်။

    – နိုင်ငံရပ်ခြား NGO များကို ကန့်သတ်မည့် ဥပဒေတစ်ခုကို တရုတ်နိုင်ငံက ပြဌာန်းရန် စီစဉ်နေပြီး အဆိုပါ ဥပဒေသစ်အရ NGO များမှာ လှုပ်ရှားမှုများ ရပ်ဆိုင်းရမည့် အခြေအနေမျိုး ဖြစ်လာနိုင်ပြီး အချို့မှာ တိုင်းပြည်မှ ထွက်ခွာရသည်အထိ ဖြစ်သွားနိုင်သည်ဟု လေ့လာသူများက ပြောဆိုကြသည်။

    – ကာဒ့်တပ်ဖွဲ့များမှာ အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များ၏ လေကြောင်းအကူအညီဖြင့် အီရတ်နိုင်ငံမြောက်ပိုင်း ရေနံကြွယ်ဝသည့် ကီရ်ကွတ်မြို့အား သိမ်းပိုက်ထားသော IS တပ်ဖွဲ့ကို ယနေ့နံနက်ပိုင်းက ထိုးစစ်ဆင်ခဲ့သည်။

    Ref: News agencies

  • လေကြောင်းကဏ္ဍမှာ သမိုင်းသစ်ရေးထိုးမယ့် Solar Impulse 2 လေယာဉ်၏ ကမ္ဘာပတ်ခရီးစဉ်

    လေကြောင်းကဏ္ဍမှာ သမိုင်းသစ်ရေးထိုးမယ့် Solar Impulse 2 လေယာဉ်၏ ကမ္ဘာပတ်ခရီးစဉ်

    မတ် ၉၊ ၂၀၁၅
    M-Media

    The Solar Impulse 2, a solar-powered plane, flies over the Sheikh Zayed Grand Mosque in Abu Dhabi
    အဘူဒါဘီတွင် ပျံသန်းစဉ်

     

    – ဆွဇ်လန်နိုင်ငံက ထုတ်လုပ်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ပျံဟာ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့ကနေ ပျံတက်ခဲ့ပြီး လောင်စာဆီတစ်စက်မှမသုံးဘဲ ကမ္ဘာတစ်ပတ်ပျံသန်းမယ့် ပထမဆုံး အားထုတ်မှုကို စတင်လိုက်ပါပြီ။

    The Solar Impulse 2 (Si2) လို့ အမည်ပေးထားတဲ့ အဲဒီလေယာဉ်ပျံကို ဆွဇ်လန်လေယာဉ်မှူး အန်ဒရေ ဘော့ရှ်ဘာဂ့်က ကိုင်တွယ်မောင်းနှင်တာဖြစ်ပြီး အလ်-ဘာသီန်းလေဆိပ်ကနေ မတ်လ ၉ ရက် (ယနေ့) ဒေသစံတော်ချိန် နံနက် ၇ နာရီ ၁၂ မိနစ်မှာ စတင် ပျံတက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလေယာဉ်ရဲ့ ပထမပိုင်းခရီးစဉ်ကိုတော့ အိုမန်နိုင်ငံက မူစကတ်မြို့ကို ဦးတည် မောင်းနှင်မှာ ဖြစ်ပါတယ်။

    ဒီလေယာဉ်ကို ဖန်တီးထုတ်လုပ်သူတွေက ဒါဟာ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ နည်းပညာအဟောင်းတွေကို သန့်ရှင်းပြီး အကျိုးရှိတဲ့ နည်းပညာအသစ်တွေနဲ့ အစားထိုးခြင်းနဲ့ပတ်သက်လို့ အသိပညာပေးဖို့ ရည်ရွယ် ဖန်တီးခဲ့တာလို့ ဆိုပါတယ်။

    ဒီလေယာဉ်ကို ပူးတွဲတည်ဆောက်ခဲ့တဲ့ အန်ဒရေ ဘော့ရှ်ဘာ့ဂ်ဟာ တနင်္လာနေ့နံနက် ယူအေအီးက အလ်-ဘာသီန်းလေဆိပ်က ပျံတက်တဲ့အခါ တစ်ယောက်စီး ဒီလေယာဉ်ကို ထိန်းသိမ်းမောင်းနှင်သွားမှာ ဖြစ်ပါတယ်။

    ဒီလေယာဉ်ပျံသန်းဖို့ကို စနေနေ့မှာစဖို့ မူလက စီစဉ်ထားခဲ့ပေမယ့် လေတိုက်နှုန်းကြမ်းနေတာကြောင့် နောက်ကျခဲ့ရပါတယ်။ ဒီလေယာဉ် ဖြစ်မြောက်လာဖို့အတွက့် ဘော့ရှ်ဘာ့ဂ်နဲ့ မိတ်ဆွေ လေယာဉ်မှူး ဘာထရန် ပစ်ကာ့ဒ်တို့က ၁၃ နှစ်လောက် သုတေသနတွေ၊ စမ်းသပ်မှုတွေလုပ်ပြီး တီထွင်ခဲ့တာ ဖြစ်ပါတယ်။

    သူတို့တွေဟာ ဒီလေယာဉ်ကို ကမ္ဘာတစ်ပတ် ပျံသန်းမှာဖြစ်ပြီး လမ်းမှာ တစ်ထောက်နားတဲ့အချိန်မှာ တစ်ယောက်တစ်လှည့်စီ အလှည့်ကျ လဲလှယ် မောင်းနှင်သွားမှာလည်း ဖြစ်ပါတယ်။

    ဘော့ရှ်ဘာ့ဂ်ဟာ မူစကတ်ခရီးစဉ်ရဲ့ ၁၃ ရာခိုင်နှုန်းအဖြစ် ၂ နာရီ ၁၅ မိနစ် မောင်းနှင်မှာဖြစ်ပြီး နောက်ပိုင်းမှာ မီဒီယာနဲ့ အင်တာဗျူးလုပ်သွားမှာဖြစ်တယ်လို့ သူတို့ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေတဲ့ ၀ဘ်ဆိုက်တစ်ခုမှာ ဖော်ပြထားပါတယ်။

    လူသားရဲ့ စိန်ခေါ်မှု

    ဒီလေယာဉ် မပျံသန်းမီလေးမှာပဲ အသက် ၆၃ နှစ်အရွယ်ရှိတဲ့ ဘော့ရှ်ဘာ့ဂ်က သူ့ရဲ့ Twtter စာမျက်နှာမှာ ဒါဟာ သူနဲ့ သူ့ရဲ့လေယာဉ်ပျံအတွက် တကယ့်စိန်ခေါ်မှုကြီးပဲလို့ ရေးသားဖော်ပြခဲ့ပါတယ်။

    “ဒီစီမံကိန်းဟာ လူသားတွေရဲ့ စီမံကိန်းပါ။ ပြီးတော့ လူသားတွေရဲ့ စိန်ခေါ်မှုလည်း ဖြစ်ပါတယ်” လို့ သူက တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။

    ဒီလေယာဉ်ပျံရဲ့ တောင်ပံနှစ်ခု အကွာအဝေး (ဗြက်) က ဂျမ်ဘိုလေယာဉ်တွေထက် နည်းနည်းလေးပိုကြီးပေမယ့် အလေးချိန်ကတော့ မိသားစုစီးတဲ့ ကားလေးလောက်ပဲရှိပါတယ်။

    sl 3
    Solar Impulse 2 လေယာဉ်

     

    အိုမန်နိုင်ငံ မူစကတ်ကနေ နောက်ထပ် နေရာ ၁၂ ခုကို ၅ လအတွင်း သွားမှာဖြစ်ပြီး စုစုပေါင်း ပျံသန်းချိန်ကတော့ ၂၅ ရက် ကြာမှာဖြစ်ပါတယ်။

    အဲဒီလေယာဉ်လေးဟာ အာရေဘီးယားပင်လယ်ပြင်ကိုဖြတ်လို့ အိန္ဒိယကို သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ မြန်မာ၊ တရုတ်၊ ဟာဝိုင်ယီကျွန်းနဲ့ နယူးယောက်ကို ဆက်လက် ပျံသန်းမှာဖြစ်ပါတယ်။

    ဆင်းသက်ဖို့ကိုတော့ အမေရိကန်အလယ်ပိုင်း၊ ဥရောပတောင်ပိုင်း ဒါမှမဟုတ် မြောက်အာဖရိမှာ ဖြစ်လိ့မ်မယ်လို့ လျာထား ထားပြီး ရာသီဥတုအခြေအနေပေါ်မူတည်ကာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

    အပိုင်းလိုက်ပျံသန်းမယ့်ဒီခရီးစဉ်မှာ အရှည်ကြာဆုံးအပိုင်းကတော့ တရုတ်ပြည်နန်ကျင်းကနေ ဟာဝိုင်ယီအကြား ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပျံမယ့် ၅ ရက်တာ ကာလဖြစ်ပြီး လေယာဉ်မှူး အပြောင်းအလဲမလုပ်ဘဲ တစ်ဦးတည်းက တာဝန်ယူ ပျံသန်းမှာဖြစ်ပါတယ်။ လေယာဉ်မှူး အနားယူတဲ့အချိန်တော့ ရှိမှာဖြစ်ပြီး ဒီအချိန်မှာ အလိုအလျောက်မောင်းနှင်စနစ် (အော်တိုပိုက်လော့) ကနေ ထိန်းချုပ်မောင်းနှင်သွားမှာ ဖြစ်ပါတယ်။

    ဒီခရီးစဉ်အတွက် ယောဂနဲ့ စိတ်တည်ငြိမ်မှု ကျင့်စဉ်ဖြစ်တဲ့ self-hypnosis တွေ အပါအ၀င် လေယာဉ်မှူးတွေက သေသေချာချာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြရပါတယ်။ ဒီ self-hypnosis ကျင့်စဉ်ဟာ လေယာဉ်မှူးတွေအနေနဲ့ မိနစ် ၂၀ လောက်အိပ်စက်ပြီး လန်းလန်းဆန်းဆန်းနဲ့ ပြန်လည် နိုးထလာနိုင်မယ့် ကျင့်စဉ်လည်း ဖြစ်ပါတယ်။

    ဒီခရီးစဉ်တစ်ခုလုံးကို လောင်စာဆီ တစ်စက်မှ မသုံးဘဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

    မိုနာကိုနှင့် ချိတ်ဆက်ခြင်း

    ခရီးစဉ်တစ်လျှောက်လုံးမှာ ဒီလေယာဉ်ဟာ ပြင်သစ်နိုင်ငံ မိုနာကိုမှာရှိတဲ့ လေကြောင်းထိန်းသိမ်းရေးစင်တာနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမှာပါ။ အဲဒီစင်တာမှာ မိုးလေ၀သပညာရှင်၊ လေကြောင်းထိန်းသိမ်းရေး ပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေ စုစုပေါင်း ၆၅ ဦးလောက် ရှိမှာဖြစ်ပြီး လေယာဉ်မှူး ၂ ယောက်လုံးကို ကူညီ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

    လေယာဉ်မှူးအိပ်နေတဲ့အချိန်မှာ ပြဿနာတစ်ခုခု ဖြစ်ပြီဆိုရင်တော့ မြေပြင်က ဒီဝန်ထမ်းတွေဟာ လေယာဉ်မှူးကို နှိုးနိုင်မှာ ဖြစ်ပါတယ်။

    “သန့်ရှင်းတဲ့အနာဂတ်အတွက် ကျွန်တော်တို့ရဲ့ အမြင်တွေကို မျှဝေချင်ပါတယ်။ စွမ်းအင်တွေ၊ ကျွန်တော်တို့ဂြိုဟ်ကြီးက သဘာဝ သယံဇာတတွေကို ခြွေတာပေးတဲ့၊ အကျိုးမြတ်တွေ၊ အလုပ်အကိုင်တွေ ဖန်တီးပေးတဲ့၊ တည်ငြိမ်တဲ့တိုးတက်မှုတွေကို ရစေတဲ့ ဒီ အစိမ်းရောင်နည်းပညာတွေဟာ ဈေးကွက်ထဲရောက်လာဖို့ ရာသီဥတု ပြောင်းလဲမှုက သိပ်ကိုကောင်းတဲ့ အခွင့်အလမ်းတွေပါပဲ” လို့ Solar Impulse အဖွဲ့ရဲ့ ဥက္ကဌဖြစ်တဲ့ အသက် ၅၇ နှစ်အရွယ် ပစ်ကာ့ဒ်က ဆိုပါတယ်။

    ဒီစီမံကိန်းကို စတင်ထုတ်ဖော်ပြသခဲ့တဲ့အချိန်တုန်းက သူတို့ရဲ့ ဒီအယူအဆကို လေကြောင်းကဏ္ဍတစ်ခုလုံးက ပျက်ရယ်ပြုခဲ့ကြပါတယ်။

    ဒါပေမယ့် သိပ္ပံဆိုင်ရာ စွန့်စားမှုတွေကို မွေ့လျော်တဲ့ မိသားစုကနေ ဆင်းသက်ပေါက်ဖွားလာသူဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ မီးပုံးပျံနဲ့ ပထမဆုံး ကမ္ဘာပတ်ပြခဲ့တဲ့ ပစ်ကာ့ဒ်တစ်ယောက် သန့်ရှင်းတဲ့နည်းပညာနဲ့ ပြန်ပြည့်မြဲ စွမ်းအင်ဟာ မဖြစ်နိုင်တာကို အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတဲ့ သူ့ရဲ့ ယုံကြည်ချက်ကို ဆုပ်ကိုင်ထားခဲ့ပါတယ်။

    sl 4
    ဘော့ရှ်ဘာ့ဂ်နှင့် ပစ်ကာ့ဒ်

     

    ဒီလေယာဉ်ကို ဂျမ်ဘိုလယာဉ်တွေရဲ့ တောင်ပံထက်ရှည်ပြီး ၂၃၆ ပေရှိတဲ့ တောင်ပံတွေမှာ တပ်ဆင်ထားတဲ့ ၁၇၀၀၀ သော ဆိုလာဆဲလ်တွေက ပါဝါပေးမှာ ဖြစ်ပါတယ်။ ဒီလေယာဉ်ရဲ့ တောင်ပံအရှည်ဟာ Airbus A380 ဆူပါဂျမ်ဘို အမျိုးအစား လေယာဉ်တွေလောက်နီးနီး ရှိနေပါတယ်။

    ဒီဇိုင်းကို တီထွင်ဆန်းသစ်နိုင်ခဲ့တာကြောင့် ကာဘွန်ဖိုက်ဘာနဲ့ ပြုလုပ်ထားတဲ့ ဒီလေယာဉ်ရဲ့ အလေးချိန်ဟာ ၂.၃ တန်သာရှိပြီး လေဘီးမောင်း မိသားစုကားလေးရဲ့ အလေးချိန်လောက်သာရှိကာ A380 လေယာဉ်ထက် ၁ ရာခိုင်နှုန်း ပိုပေါ့ပါတယ်။

    ဒီ Si2 လေယာဉ်ဟာ လေထဲမှာ ရက်အတော်ကြာ လွင့်မျော ပျံသန်းနိုင်တဲ့ ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်လည်း ဖြစ်ပါတယ်။

    လစ်သီယံ ဘက်ထရီများ

    လေယာဉ်ရဲ့ ပန်ကာကတော့ မြင်းကောင်ရေ ၁၇.၅ အားရှိတဲ့ အင်ဂျင်ဖြစ်ပြီး ပြန်လည်အားသွင်းနိုင်နဲ့ လစ်သီယံ ဘက်ထရီကို အသုံးပြုထားပါတယ်။

    ဒီအင်ဂျင်ကြောင့် တစ်နာရီကို ၅၀ကီလိုမီတာကနေ ၁၀၀ ကီလိုမီတာအထိ သွားနိုင်ပြီး ဘက်ထရီ အလျင်အမြန် အားကုန်သွားမှာ စိုးရိမ်ရတာကြောင့် ညဘက်တွေမှာတော့ ဒီထက်ပိုနည်းတဲ့ အရှိန်နဲ့ သွားမှာဖြစ်ပါတယ်။

    ဒီ Si2 လေယာဉ်ဟာ ၂၀၁၀ ခုနှစ်က ၂၆ နာရီလောက် ပျံသန်းခဲ့တဲ့ Solar Impulse လေယာဉ်နေရာကို ဆက်ခံတဲ့ လေယာဉ်လည်းဖြစ်ပါတယ်။ Solar Impulse လေယာဉ်က အခုလေယာဉ်ထက် ပိုသေးပါတယ်။ Si2 လေယာဉ်ကတော့ ညဘက်ပျံသန်းဖို့အတွက် နေ့ဘက်မှာ ဘက်ထရီကို လုံလုံလောက်လောက် အားဖြည့်နိုင်တဲ့ စွမ်းရည်ရှိတဲ့ လေယာဉ်လည်း ဖြစ်ပါတယ်။

    ဒီလေယာဉ်ရဲ့ နောက်ဆုံးပျံသန်းမှုကို မတ်လ ၂ ရက်နေ့က ယူအေအီးနိုင်ငံမှာ ပြုလုပ်ခဲ့ပြီး အောင်မြင်ခဲ့ကာ စီမံကိန်းအကြီးအကဲတွေက ဒီလေယာဉ်မှာ ဘာချို့ယွင်းချက်မှ မရှိဘူးလို့ ပြောခဲ့ပါတယ်။

    ဒီလေယာဉ်ခရီးစဉ်ကို ဇူလိုင်လမှာ အဘူဒါဘီမှာပဲ အဆုံးသတ်ဖို့ သတ်မှတ်ထားပြီး ပစ်ကာ့ဒ်က နောက်ဆုံး မောင်းနှင်းမှာ ဖြစ်ပါတယ်။

    သူ့အတွက်တော့ ဒီစီမံကိန်းဟာ ဇူလိုင်လမှာ အဆုံးသတ်မှာမဟုတ်ဘဲ အဲဒီအချိန်ကျမှ စတင်မှာဖြစ်ပါတယ်။

    သန့်ရှင်းတဲ့ စွမ်းအင်အသုံးပြုဖို့အတွက် မဲဆွယ်မှုတွေလုပ်ဖို့ တိုက်တွန်းစာတစ်စောင်ကို futureisclean.org မှာ လွှင့်တင်ထားပြီး Si2 ရဲ့ ပျံသန်းမှုတွေကိုတော့ www.solarimpulse.com မှာ တိုက်ရိုက်ကြည့်ရှုနိုင်ပါလိမ့်မယ်။

    Ref: Aljazeera