News @ M-Media

Author: Ko Lay

  • ဂျီဟာဒီဂျွန်က မိသားစုများအား တောင်းပန်

    ဂျီဟာဒီဂျွန်က မိသားစုများအား တောင်းပန်

    မတ် ၉၊ ၂၀၁၅
    M-Media

    Still image from video shows a masked, black-clad militant, who has been identified by the Washington Post newspaper as Emwazi, standing next to a man purported to be Sotloff

    – ဖမ်းဆီးထားသည့် ဓားစားခံများကို သတ်ဖြတ်သည့် IS ၏ ဗီဒီယိုများတွင် ပါဝင်သရုပ်ဆောင်သည့် မျက်နှာဖုံးအနက်ဝတ် ဂျီဟာဒီ ဂျွန်က မိမိအနေဖြင့် အရှက်ရအောင် လုပ်ခဲ့မိသည့်အတွက် မိဘများအား တောင်းပန်လိုက်သည်ဟု သိရသည်။

    ၎င်းမှာ ကူဝိတ်နွယ်ဖွားဖြစ်ပြီး ဗြိတိန်တွင်နေထိုင်သည့် ကွန်ပျူတာသိပ္ပံဘွဲ့ရ မိုဟာမက် အမ်ဝါဇီဆိုသူ ဖြစ်သည်ဟု ပညာရှင်များနှင့် မီဒီယာများက ဖေဖော်ဝါရီ နှောင်းပိုင်းတွင် ဖော်ပြခဲ့ကြသည်။

    ထိုကဲ့သို့ ဖော်ပြခဲ့မှုအတွက် အင်္ဂလန်တွင်ရှိနေသည့် အမ်ဝါဇီ၏ မိဘများနှင့် မိသားစုများမှာ ဒုက္ခရောက်ခဲ့ကြပြီး ၎င်းကမူ ထိုကဲ့သို့ အရှက်ရမှုနှင့် ဒုက္ခရောက်မှုများအတွက် မိသားစုနှင့် သားချင်းများကို ဆီးရီးယားမှနေ၍ တတိယလူတစ်ဦးဖြင့် တောင်းပန်ခဲ့သည်ဟု Sunday Times သတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    သို့သော်လည်း အသက် ၂၆ နှစ်အရွယ်ရှိ အမ်ဝါဇီမှာ ဓားစားခံ ၅ ယောက်ထက်မနည်း သတ်ဖြတ်ခဲ့မှုအတွက် သံဝေဂရမှုကို ပြသခဲ့ခြင်းမရှိချေ။ ဂျီဟာဒီဂျွန်မှာ အမ်ဝါဇီဟု ထုတ်ဖော်နိုင်ခဲ့ပြီးနောက် ၎င်း၏ မိသားစုများမှာ ပေါ်ပေါ်ထင်ထင်မနေရဲဘဲ ပုန်းအောင်းနေရသည်။

    Ref: Alarabiya

  • လီဗာပူးလ်နောက်ခံလူဟောင်းက ဘာလော့တယ်လီကို ပြင်းပြင်းထန်ထန် ဝေဖန်

    လီဗာပူးလ်နောက်ခံလူဟောင်းက ဘာလော့တယ်လီကို ပြင်းပြင်းထန်ထန် ဝေဖန်

    မတ် ၉၊ ၂၀၁၅
    M-Media

    lawrenson

    – တိုက်စစ်မှူး ဘာလော့တယ်လီမှာ နေရာလွတ်များကို ဖြုန်းတီးသူဖြစ်ပြီး လီဗာပူးလ်အသင်းအား ကောင်းကျိုးပေးမည့်သူ မဟုတ်ဟု နောက်ခံလူဟောင်း မာ့က်လော်ရန်ဆန်က ဝေဖန်ပြောကြားလိုက်သည်။

    ယမန်နေ့က ဘလက်ဘန်းအသင်းနှင့် ကစားခဲ့ပြီး ဂိုးမရှိသရေကျခဲ့သည့် FA ဖလား ကွာတားဖိုင်နယ်ပွဲတွင် ဘာလော့တယ်လီမှာ ၅၉ မိနစ်၌ လူစားထိုး ၀င်ရောက်ကစားခဲ့သော်လည်း ခြေစွမ်းကောင်းများ ပြသနိုင်ခြင်း မရှိခဲ့ချေ။

    ယခုနှစ်နွေရာသီတွင် လီဗာပူးလ်သို့ ပေါင် ၁၆ သန်းဖြင့် ရောက်လာခဲ့သည့် ဘာလော့တယ်လီမှာ အသင်းအတွက် ယခုအချိန်အထိ ၄ ဂိုးသာ သွင်းထားပေးနိုင်ပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။ လော်ရန်ဆန်ကမူ BBC Radiao 5 Live သို့ပြောကြားမှုတွင် ဘာလော့တယ်လီအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

    “မာရီယိုဘာလော့တယ်လီကို မေ့လိုက်ပါ။ သူက တကယ့်ကို အချိန်ဖြုန်းသမားပါပဲ။ ဒီအသင်းမှာ ဘယ်လိုနေရာမျိုးမှာမှ သူ မရှိသင့်ပါဘူး။ တစ်ခုခုများ ဖန်တီးနိုင်မလားဆိုတဲ့အတွေးနဲ့ ဘရန်ဒန်ရော်ဂျာက သူတို့ ထည့်ကစားတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အကြိမ် ၁၀၀ မှာ ၉၉ ကြိမ်လောက်ကို သူက ဒုက္ခပေးမှာပါ” ဟု လော်ရန်ဆန်က ထည့်သွင်းပြောကြားခဲ့သည်။

    ထိုပွဲတွင် ပွဲအခြေအနေ မှတ်တမ်းများအရ ဘာလော့တယ်လီမှာ ကွင်းအတွင်းသို့ ၀င်ရောက်လာပြီးနောက်ပိုင်း ဂိုးပေါက်ကို တစ်ကြိမ်သာ ကန်သွင်းနိုင်ခဲ့သည်ကို တွေ့ခဲ့ရသည်။

    ဘာလော့တယ်လီမှာ လီဗာပူးလ်သို့ ရောက်ရှိလာပြီးနောက်ပိုင်း ပြဿနာအချို့နှင့်လည်း ရင်ဆိုင်ခဲ့ရပြီး မကြာသေးမီက ဘက်ခီတက်နှင့် ကစားခဲ့သည့် ယူရိုပါလိဂ်ပွဲတွင် ဟန်ဒါဆန်၏ ပင်နယ်တီကန်သွင်းခွင့်ကို လုယူခဲ့သည့်အတွက် အသင်းဖော်များနှင့် မကျေမလည် ဖြစ်ခဲ့ရသည်။

ုထို့ပြင် အသင်းတွင် ၎င်းအား မကြိုက်သူတစ်ဦး ရှိနေသည်ဟု မတ်လ ၄ ရက်နေ့က ၎င်း၏ ဆိုရှယ်စာမျက်နှာတွင် ဘာလော့တယ်လီက လွှင့်တင်ခဲ့သည်။

    Ref: Dailymail

  • အိန္ဒိယတွင် မွတ်စလင်အမျိုးသမီးတစ်ဦး ပထမဆုံး လေယာဉ်မှူးဖြစ်လာ

    အိန္ဒိယတွင် မွတ်စလင်အမျိုးသမီးတစ်ဦး ပထမဆုံး လေယာဉ်မှူးဖြစ်လာ

    မတ် ၉၊ ၂၀၁၅
    M-Media

    mwp

    – မွတ်စလင်အမျိုးသမီးနှင့် ပတ်သက်၍ သမရိုးကျ အမြင်များကို ချေဖျက်လျက် အိန္ဒိယရှိ မွတ်စလင်လူငယ် အမျိုးသမီးတစ်ဦးမှာ လေယာဉ်မှူးဖြစ်ချင်သည့် သူမ၏ အိပ်မက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး အိန္ဒိယ၏ ပထမဆုံး မွတ်စလင်အမျိးသမီး လေယာဉ်မှူး ဖြစ်လာခဲ့သည်ဟု သိရသည်။

    “အစက လူတွေဟာ ကျွန်မကို ခရစ်ယာန်လို့ထင်ကြပြီး နာမည်အရင်းကို ပြောပြလိုက်တဲ့အခါမှာတော့ အားလုံးဟာ ကို့ရို့ကားယား ဖြစ်သွားပါတယ်။ ကျွန်မ မွတ်စလင်တစ်ယောက်ဖြစ်တယ်ဆိုတာကို သိသွားတဲ့အခါ ဖြစ်သွားတဲ့ လူတွေရဲ့ မျက်နှာကိုကြည့်ရတာကို ကျွန်မ နှစ်သက်ပါတယ်” ဟု လေယာဉ်မှူး ဆာရာ ဟမီးဒ် အဟ်မဒ်က Hindustan Times သတင်းစာသို့ ပြောကြားခဲ့သည်။

    ဆာရာမှာ အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း ကာနာတာကာပြည်နယ်ရှိ ဘန်ဂါလူရူမြို့တွင် ကြီးပြင်းလာသူဖြစ်ပြီး သမရိုးကျအမြင်များကို ချေဖျက်နိုင်ခဲ့သူလည်း ဖြစ်သည်။

    ထိုဒေသတွင်နေထိုင်သူ လူအများစုမှာ အမျိုးသမီးများအနေဖြင့် မိခင်များ၊ အိမ်ထောင်ရှင်မများ အဖြစ်သာ အသုံးဝင်မည်ဟု ယူဆခဲ့ကြသော်လည်း အသက် ၂၅ နှစ်အရွယ် ဆာရာမှာ သူမ၏ စိတ်နေစိတ်ထားနှင့် လိမ္မာပါးနပ်မှုတို့ဖြင့် လူများ၏ အဆိုပါ အမြင်များကို အနိုင်ယူနိုင်ခဲ့သည်။

    “အစတုန်းက ကျွန်တော်တို့ ဘယ်သူမှ သူ့ကို မတိုက်တွန်းပါဘူး။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ မိန်းကလေးတွေဟာ အိမ်ကာခွာ အုပ်ထိန်းမယ့်သူမရှိဘဲ ဟိုတယ်မှာနေပြီး အခြားအလုပ်လုပ်တာမျိုး များသောအားဖြင့် မရှိခဲ့ပါဘူး” ဟု ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာဖြစ်သည့် ဖခင် ဟမီးဒ် ဟူစိန် အဟ်မဒ်က ပြောကြားခဲ့သည်။

    သို့သော်လည်း သမီးဖြစ်သူက ၎င်း၏အိမ်မက်ကို အကောင်အထည်ဖော်ရန် စိတ်ပိုင်းဖြတ်ပြီး ဖြစ်သောကြောင့် ဟူစိန်မှာ အမေရိကန်တွင် အကြီးတန်းလေယာဉ်မှူးအဖြစ် ဆောင်ရွက်နေသည့် သူငယ်ချင်းဖြစ်သူ အတစ်ဖ်ဖာရီဒ်အား ပြောကြားခဲ့သည်။

    “မွတ်စလင်မိန်းကလေးတွေဟာ လေယာဉ်စီးဖို့ဆိုတဲ့ စိတ်ကူးတောင် မရှိတာကြောင့် ကျွန်တော်ဟာ ကံကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်လို့ မှတ်ယူဖို့ ဖာရီဒ်က ပြောပါတယ်။ တကယ်လို့ အဲဒီလိုမဟုတ်ဘူး ဆိုရင်တော့ ဆာရာရဲ့ အိပ်မက်ကို သတ်ပစ်သလိုမျိုး မမှားသင့်တဲ့အမှားကို လုပ်လိုက်တာပဲဖြစ်ပါလိမ့်မယ်” ဟု ဟူစိန်က ထပ်လောင်းပြောကြားခဲ့သည်။

    ၂၀၀၇ ခုနှစ် အသက် ၁၈ နှစ်ပြည့်ချိန်တွင် ဆာရာမှာ အမေရိကန်ရှိ လေကြောင်းသင်တန်းကျောင်းတစ်ခုသို့ စာရင်းပေးသွင်းခဲ့သည်။

    “အဲဒီအချိန်တုန်းက မွတ်စလင်ကျောင်းသားအများစုဟာ အမေရိကန်ဗီဇာ ငြင်းပယ်ခံနေရတဲ့အချိန်ပါ။ ဘာပြဿနာမှမရှိဘဲ သူမ ဗီဇာရတဲ့အခါမှာတော့ ဒါဟာ ဘုရားသခင်ထံတော်က အတည်ပြုတဲ့ လက္ခာဏာပဲလို့ ကျွန်တော် ရှုမြင်ခဲ့ပါတယ်” ဟု ဘာသာတရားကိုင်းရှိုင်းသူ ဟူစိန်က ဆိုသည်။

    ဆာရာ၏ မိခင်ဖြစ်သူ နစီမာ အဟ်မဒ်ကလည်း သမီးဖြစ်သူအား အမေရိကန်သို့ လွှတ်ရန်အတွက် မည်သည့် သံသယမှမရှိဟုဆိုပြီး မင်္ဂလာဆောင်တစ်ခုတွင် သူငယ်ချင်းများက ဆာရာအား လေယာဉ်မှူးတစ်ဦး ဖြစ်ရန်အတွက် ၎င်း၏ခရီးစဉ်အကြောင်းကို မေးမြန်းကြသည့်အချိန်မှာ သူမအတွက် ဂုဏ်အယူရဆုံးအချိန်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အိပ်မက်အသစ်များ

    လေယာဉ်မှူးတစ်ယောက်အဖြစ် ရည်မှန်းချက် အောင်မြင်ခဲ့ပြီးနောက် ဆာရာ၏ အခြားသော အိပ်မက်မှာ အိမ်ထောင်ပြုရန်နှင့် မျိုးဆက်သစ်များ မွေးထုတ်ပေးရန်ဖြစ်သည်။

    “ကျွန်မ အိမ်ထောင်ပြုချင်ပြီး သားသမီးတွေလည်းလိုချင်ပါတယ်။ လူတွေက ကျွန်မရဲ့ဓာတ်ပုံကိုကြည့်ပြီး သူ့တို့သားတွေနဲ့ အိမ်ထောင်ပြုစေချင်တာကိုတော့ ကျွန်မ နားမလည်ပါဘူး။ ကျွန်မ ဘာတွေ သင်ယူခဲ့တယ်၊ ဘယ်မှာအလုပ်လုပ်နေတယ်ဆိုတာကိုရော သူတို့ မသိချင်ကြဘူးလား” ဟု ဆာရာက မေးခွန်းထုတ်ခဲ့သည်။

    အချို့သော သားရှင်များက အိမ်ထောင်ပြုရန်အတွက် သူမအား အလုပ်ထွက်ခိုင်းချင်နေသည်။

    “အလုပ်ထွက်ရမယ်၊ အခြားမြို့တွေမှာ လိုက်နေရမယ်လို့ ပြောတဲ့သူတွေကိုတော့ အဖေက မောင်းထုတ်လိုက်တာပဲ”

    နိုင်ငံတကာ အမျိုးသမီးများနေ့တွင် ဆာရာမှာ မွတ်စလင်မိန်းကလေးများအား ၎င်းတို့၏ အိပ်မက်များကို ကောင်အထည်ဖော်ကြရန် တိုက်တွန်းအားပေးခဲ့သည်။

    “အသိုင်းအ၀ိုင်းက ရှင်တို့နဲ့ပတ်သက်ပြီး ဘာထင်လဲဆိုတာကို စိတ်မပူပါနဲ့။ ရှင်တိုရဲ့အိပ်မက်ကိုလည်း ဖျက်ဆီးခွင့်မပေးပါနဲ့” ဟု ဆာရာက ပြောကြားခဲ့သည်။

    အမျိုးသမီးများနေ့တွင် ဆာရာတစ်ယောက် ဘာလုပ်ဖို့ စီစဉ်ထားပါသလဲ?

    “ပျံသန်းမှာပါ။ တကယ်ပါ။ အမျိုးသမီးများနေ့မှာ ကျွန်မ လေယာဉ်မောင်းဖို့ ကျွန်မရဲ့ လေကြောင်းလိုင်းက
    စိတ်အားထက်သန်နေပါတယ်”

    Ref: Onislam

  • နိုင်ငံတကာ သတင်းတို (မတ် ၈၊ ၂၀၁၅)

    မတ် ၈၊ ၂၀၁၅
    M-Media

    – ဂါဇာကမ်းမြှောင် ကမ်းရိုးတမ်းတွင် ငါးဖမ်းနေသည့် တံငါလှေတစ်စင်းကို အစ္စရေးရေတပ်မှ ယမန်နေ့တွင် ပစ်ခတ်ခဲ့သောကြောင့် တံငါသည်တစ်ဦး သေဆုံးခဲ့ပြီး ၂ ဦးမှာ ဖမ်းဆီးခံခဲ့ရသည်။ အစ္စရေးစစ်တပ်ကမူ အဆိုပါ ငါးဖမ်းလှေမှာ သတ်မှတ်ဧရိယာထက် ကျော်လွန်သွားသည့်အတွက်ကြောင့် ပစ်ခတ်ခဲ့ခြင်းဟု ပြောကြားခဲ့သော်လည်း ဂါဇာပြည်သူများကမူ သတ်မှတ်ဧရိယာအတွင်း ငါးဖမ်းနေလျှင်လည်း အစ္စရေး စစ်တပ်မှ ပုံမှန်လိုလို ပစ်ခတ်တတ်သည်ဟု ပြောကြားခဲ့သည်။

    – အီရတ်နိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့များနှင့် သောကြာနေ့က မှားယွင်းပစ်ခတ်မှုကြောင့် IS အဖွဲ့အား တိုက်ခိုက်နေသည့် အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့မှ ကနေဒါစစ်သားတစ်ဦး သေဆုံးခဲ့ကာ သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု အမေရိကန်စစ်တပ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    – အိမ်ဖြူတော်အနီးရှိ နေရာမှ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာမှုကြောင့် အိမ်ဖြူတော်ကို ယမန်နေ့ နံနက်ပိုင်းက ပိတ်ပစ်ခဲ့ရပြီး လုံခြုံရေးကိုလည်း တင်းကြပ်ခဲ့ရသည်ဟု အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါအသံမှာ အိမ်ဖြူတော်အား ခြိမ်းခြောက်မှုမဟုတ်ဘဲ လမ်းထောင့်ရှိ အစားအသောက်ပို့သည့်ကား မီးလောင်ခြင်းမှ ထွက်ပေါ်လာသည့်အသံ ဖြစ်သည်ဟု နောက်ပိုင်းတွင် တွေ့ရှိခဲ့ရသည်။

    – နှစ်နိုင်ငံ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နယ်စပ်ပြဿနာအတွက် အိန္ဒိယနှင့် ဆွေးနွေးမှုမှာ တိုးတက်မှုများ ရှိနေသည်ဟု တရုတ်နိုင်ငံခြားရးဝန်ကြီး ၀မ်ယီက ယနေ့တွင် ပြောကြားလိုက်ပြီး အဆိုပါပြဿနာကို သမိုင်းတွင် ထားခဲ့တော့မည်ဟု ဆိုသည်။

    – မာလီနိုင်ငံမြောက်ပိုင်း ကီဒဲလ်မြို့ဆင်ခြေဖုံးရှိ ကုလသမဂ္ဂ အခြေစိုက်စခန်းအနီးတွင် ယနေ့နံနက်ပိုင်းက ဒုံးကျည် တစ်ဒါဇင်ခန့် ကျရောက်ပေါက်ကွဲမှုကြောင့် ကုလ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်မှ အနည်းဆုံး ၃ ဦး သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂမှ ပြောကြားလိုက်သည်။ သို့သော် အဆိုပါဒုံးကျည်ကို မည်သူက ပစ်ခတ်ကြောင်းကို သိရှိရခြင်း မရှိသေးပေ။

    – ဗယ်လက်ကာနိုအား ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ယနေ့ လာလီဂါပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီမှာ ပြိုင်ပွဲအားလုံးတွင် ၎င်း၏ ၃၂ ကြိမ်မြောက် ဟက်ထရစ်ဖြစ်ခဲ့ပြီး စပိန်ဘောလုံးသမိုင်းတွင် ဘီဘာအိုတိုက်စစ်မှူးဟောင်း တဲလ်မို ဇာရာ သွင်းယူထားသည့် ဟက်ထရစ်စံချိန်နှင့် တူညီသွားပြီဖြစ်သည်။ ထိုပွဲတွင် တိုက်စစ်မှူး ဆွာရက်ဇ်ကလည်း ၂ ဂိုး သွင်းယူပေးခဲ့သည်။

    Ref: News agencies

  • မျိုးတုန်းသွားပြီဟု ယူဆထားသည့် ငှက်တစ်မျိုးကို မြန်မာနိုင်ငံတွင် ပြန်လည်တွေ့ရှိ

    မျိုးတုန်းသွားပြီဟု ယူဆထားသည့် ငှက်တစ်မျိုးကို မြန်မာနိုင်ငံတွင် ပြန်လည်တွေ့ရှိ

    မတ် ၈၊ ၂၀၁၅
    M-Media

    Jerdon s Babbler Myanmar Tizard 1

    – ကမ္ဘာတစ်ဝှမ်းတွင် မျိုးတုန်းပြီဟု ယူဆခဲ့သော သေးငယ်ပြီး ညိုရောင်ရှိသည့် ငှက်မျိုးစိတ်တစ်ခုကို မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ပြန်လည် တွေ့ရှိခဲ့ရသည်ဟု သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။

    Jerdon’s babbler ဟုခေါ်သည့် အဆိုပါငှက်ကို တောရိုင်းတိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ WCS၊ မြန်မာနိုင်ငံ သဘာဝနှင့် တောင်ရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးဌာန၊ စင်ကာပူ အမျိုးသား တက္ကသိုလ်တို့က ပြုလုပ်ခဲ့သော သုတေသနတွင် ပြီးခဲ့သည့်နှစ် မေလက တွ့ရှိခဲ့ရခြင်းဖြစ်သည်ဟု သောကြာနေ့ WCS မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    စာကလေးအရွယ်သာရှိသည့် အဆိုပါငှက်ကို ဗြိတိန်သဘာဝဗေဒပညာရှင် တီ စီ ဂျာဒန်က ၁၈၆၂ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း သရက်မြို့တွင် ပထမဆုံး တွေ့ရှိခဲ့ရပြီးနောက် ၁၉၄၁ ခုနှစ်တွင် ပဲခူးတိုင်း မြစ်ကျိုးမြို့၌ နောက်ဆုံး တွေ့ရှိခဲ့ရသည်။

    ထို့နောက် မျိုးတုန်းသွားပြီဟု ယူဆခဲ့သော်လည်း ယခု ၇၆ နှစ် အကြာတွင် ပြန်လည်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ၄၈ နာရီကြာ လေ့လာမှုများ ပြလုပ်ခဲ့ပြီးနောက် ထိုငှက်များအား နေရာအတော်များများတွင် တွေ့ခဲ့ရပြီး ငှက်များတည်ရှိကြောင်း အတည်ပြုနိုင်ခဲ့ကာ အရည်အသွေးမြင့်ဓာတ်ပုံများ ရိုက်ယူခြင်း၊ သွေးနမူနာများ ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

    အဆိုပါငှက်များမှာ မျက်ခင်းပြင်တွင် ကျက်စားလေ့ရှိသည့် ငှင်များ ဖြစ်သော်လည်း လယ်ယာလုပ်ငန်းများ ချဲ့ထွင်ခြင်းနှင့် မြို့ပြများ တည်ဆောက်ခြင်းတို့က ၎င်းတို့၏ သဘာဝအလျောက် နေထိုင်ကျက်စားမှုများကို ထိခိုက်နေကြောင်း WCS ၏ ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

    Ref: WCS.org