News @ M-Media

Author: Ko Lay

  • ပွဲတိုင်း ပါဝင်ကစားရန် အဆင်သင့်ဟု လီဗာပူးလ်တိုက်စစ်မှူး စတားရစ်ခ်ျဆို

    ပွဲတိုင်း ပါဝင်ကစားရန် အဆင်သင့်ဟု လီဗာပူးလ်တိုက်စစ်မှူး စတားရစ်ခ်ျဆို

    မတ် ၅၊ ၂၀၁၅
    M-Media

    str

    – နည်းပြရော်ဂျာက ဒဏ်ရာရမည်စိုးသောကြောင့် ချန်ထားရန် စိတ်အားထက်သန်နေသော်လည်း မိမိအနေဖြင့် ပွဲစဉ်တိုင်းကို ပါဝင်ကစားရန် အဆင်သင့်ဖြစ်နေသည်ဟု လီဗာပူးအသင်းတိုက်စစ်မှူး ဒန်နီယဲလ်စတားရစ်ခ်ျက ပြောကြားလိုက်သည်။

    ဘန်လေအား ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ယနေ့မနက်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ရော်ဂျာက ဒဏ်ရာမှ ပြန်လည်သက်သာလာရုံရှိသေးသည့် စတားရစ်ခ်ျ ပြန်လည် ဒဏ်ရာရသွားမည်ကို စိုးရိမ်မိသောကြောင့် ပွဲတိုင်းတွင် သုံးရန် ချင့်ချိန်နေရသည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ဘန်လေနှင့်ပွဲတွင် ၁ ဂိုးသွင်းယူပေးခဲ့သည့် စတားရစ်ခ်ျကမူ မိမိမှာ ကျန်ရှိသည့်ပွဲများတွင် ပါဝင်ကစားခွင့်ရရန် စိတ်အားထက်သန်နေသည်ဟု တုံ့ပြန်ခဲ့သည်။

    “ကျွန်တော်ကောင်းနေပါတယ်။ ဒဏ်ရာကနေ ပြန်လာပြီးတဲ့နောက်ပိုင်းမှာ တကယ့်ကို ကောင်းတယ်လို့ ခံစားရပါတယ်။ ပြီးတော့ ပွဲတိုင်းကို ပါဝင်ကစားဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော့် သက်သာရာရတာမျိုး မလိုချင်ပေမယ့် နည်းပြရဲ့ ဆန္ဒလို့ ယူဆပါတယ်” ဟု စတားရစ်ခ်ျက ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဘန်လေနှင့် ယနေ့မနက်ပွဲတွင် ပါဝင်ကစားရခြင်းမှာ ဒဏ်ရာမှသက်သာပြီးနောက်ပိုင်း စတားရစ်ခ်ျ၏ ဒုတိယမြောက်ပွဲဖြစ်ပြီး ထိုပွဲအနိုင်မှာ လီဗာပူးလ်၏ လေးပွဲဆက်အနိုင်လည်း ဖြစ်ခဲ့သည်။

    Ref: Goal.com

  • THAAD ဒုံးကျည်ကာကွယ်ရေးစနစ်ကို အရှေ့အလယ်ပိုင်းတွင် ချထားရန် အမေရိကန် စဉ်းစားနေ

    THAAD ဒုံးကျည်ကာကွယ်ရေးစနစ်ကို အရှေ့အလယ်ပိုင်းတွင် ချထားရန် အမေရိကန် စဉ်းစားနေ

    မတ် ၅၊ ၂၀၁၅
    M-Media

    thaha

    – မိမိတို့၏ THAAD ဒုံးကျည်ကာကွယ်ရေးစနစ်ကို အရှေ့အလယ်ပိုင်းတွင် ချထားရန် စဉ်းစားနေသည်ဟု ပစိဖိတ်ဆိုင်ရာ အမေရိကန်စစ်ဌာနချုပ်မှ တပ်မှူး ဗိုလ်ချုပ် ဗင်းဆင့် ဘရွက်စ်က ပြောကြားလိုက်သည်။

    Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ဒုံးကျည်စနစ်များ ရှိနေကာထိုဒုံးကျည်များကို သုံးစွဲရန် ဆန္ဒရှိနေသည့် ရန်သူများကို ပြန်လည်တုံ့ပြန်ရန် အရေးတကြီးလိုအပ်နေကြောင်း၊ ချထားရမည့်နေရာမှာ အရှေ့အလယ်ပိုင်းနှင့် မြောက်ကိုရီယား၏ ခြိမ်းခြောက်မှုများရှိနေသည့် တောင်ကိုရီးယားတို့၌ဖြစ်ကြောင်း ဘရွက်စ်က ထည့်သွင်းပြောကြားခဲ့သည်။

    “လိုအပ်တာကတော့ အဲဒီနှစ်နေရာဖြစ်ပြီး အရေးတကြီး လိုအပ်နေတာပါ။ ဘာ့ကြောင့်လည်းဆိုတော့ အစွမ်းအစတွေရှိတဲ့ ပြိုင်ဘက်တွေကြောင့်ဖြစ်ပြီး သူတို့တွေကလည်း ဒီအစွမ်းအစတွေကို သုံးချင်တဲ့ဆန္ဒ ရှိနေပါတယ်” ဟု ဘရွက်စ်က ပြောကြားခဲ့သည်။

    ဘရွက်စ်မှာ အီရန်နိုင်ငံအား ထည့်သွင်းပြောကြားခဲ့ခြင်း မရှိသော်လည်း အမေရိကန် စစ်ဘက်တာဝန်ရှိသူများမှာ အီရန်၏ အစ္စရေးနှင့် ဥရောပတို့အထိ ရောက်ရှိအောင် ပစ်လွှတ်နိုင်သည့် တာဝေးပစ်ဒုံးကျည်များ ထုတ်လုပ်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ ရှိခဲ့သည်။

    ဘရွက်စ်ကမူ ထိုသို့ချထားရန်ကိုမူ မဆုံးဖြတ်ရသေးကြောင်း အဆိုပါစနစ် ချထားမှုအတွက် ငွေကြေးအမြောက်အများ ကုန်ကျမည်ဖြစ်သောကြောင့် အမေရိကန်စစ်တပ်အနေဖြင့် ချင့်ချိန်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် လေဆာလက်နက် ခြိမ်းခြောက်မှုအား ကာကွယ်ရေးအတွက်လည်း အမေရိကန်စစ်တပ်က ရှာဖွေစူးစမ်းမှုများ ပြုလုပ်နေကြာင်း ဘရွက်စ်က အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ဝေဖန်သူများကမူ ထိုကဲ့သို့ ချထားခြင်းကို တရုတ်နှင့် ရုရှားတို့က ၎င်းတို့၏ လုံခြုံရေးကို ခြိမ်းခြောက်သည်ဟု မှတ်ယူနိုင်သောကြောင့် ထိုနိုင်ငံများနှင့် တင်းမာမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ပြောကြားခဲ့ကြသည်။

    Ref: Channelnewsasia

  • ချန်ပီယံလိဂ်နေရာအတွက် အသက်ရှိနေသေးသည်ဟု စပါးနည်းပြဆို

    ချန်ပီယံလိဂ်နေရာအတွက် အသက်ရှိနေသေးသည်ဟု စပါးနည်းပြဆို

    မတ် ၅၊ ၂၀၁၅
    M-Media

    pctn

    – ယနေ့မနက် ဆွမ်ဆီးအား အနိုင်ရခဲ့သည့် မိမိအသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အသက်ရှိနေသေးသည်ဟု စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။

    ထိုပွဲတွင် စပါးမှာ အကြိတ်အနယ်ကစားခဲ့ရကာ နေဆာချဒ်လီ၊ ရွိုင်ယန် မာဆန်နှင့် အန်ဒရို့စ် တောင်းဆန်တို့၏ ဂိုးများဖြင့် ဆွမ်ဆီးအား ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ထိုပွဲမှာ ချယ်ဆီးအား လိဂ်ဖလားဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့ရသည့် စပါးအသင်းအတွက် အရှုံးကို ကုစားနိုင်သည့် ပွဲလည်းဖြစ်ခဲ့ပြီး ပိုချက်တီနိုကမူ အသင်း၏ ကစားပုံကို ချီးကျူးခဲ့သည်။

    “ဒီနေ့ညမှာတော့ ကျွန်တော်တို့ဟာ (ချန်ပီယံလိဂ်အတွက်) ဆက်လက်အသက်ရှိနေပြီး ဆက်လက်တိုးတက်နေတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ တစ်ဆင့်ချင်းသွားဖို့လိုပြီး ကျွန်တော်တို့ရဲ့အဆင့်ကို မြှင့်ဖို့အတွက် ဆက်လက်ကြိုးစားသွားဖို့လည်း လိုပါတယ်။ အဲဒီနောက်မှာတော့ စောင့်ကြရမှာပေါ့ဗျာ” ဟု ပိုချက်တီနိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထိုပွဲမှာ ပြိုင်ပွဲအားလုံး၌ နောက်ဆုံး ၆ ပွဲတွင် စပါးအသင်း၏ ပထမဆုံးနိုင်ပွဲဖြစ်ပြီး ပိုချက်တီနိုကမူ ကစားသမားများမှာ အနိုင်နှင့်ထိုက်တန်ပြီး အရေးပါသော ၃ မှတ်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။စပါးမှာ လက်ရှိအချိန်တွင် ရမှတ် ၄၇ မှတ်ဖြင့် အဆင့် ၇ နေရာတွင်ရှိနေကာ အဆင့် ၄ မှ မန်ယူနှင့် ၆ မှတ်ကွာဟနေသည်။

    Ref: Goal.com

  • တောင်ကိုရီးယားဆိုင်ရာ အမေရိကန်သံအမတ် ဆိုးလ်တွင် ဓားဖြင့် တိုက်ခိုက်ခံရ

    တောင်ကိုရီးယားဆိုင်ရာ အမေရိကန်သံအမတ် ဆိုးလ်တွင် ဓားဖြင့် တိုက်ခိုက်ခံရ

    မတ် ၅၊ ၂၀၁၅
    M-Media

    skra 1

    – တောင်ကိုရီးယားဆိုင်ရာ အမေရိကန်သံအမတ်ကြီး မာ့က်လစ်ပါ့တ်မှာ ယနေ့နံနက်က ဆိုးလ်မြို့တွင် ဓားဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရသည်ဟု သိရသည်။

    ဆိုးလ်မြို့ရှိ အနုပညာ စင်တာတွင် နံနက်ခင်းမိန့်ခွန်းပြောကြားနေစဉ် ထိုကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ညာဘက်ပါးနှင့် လက်ကောက်ဝတ်တို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့သည်။

    ကျူးလွန်သူမှာ အသက် ၅၅ နှစ်အရွယ်ရှိ ကင် ကီ ဂျွန်ဆိုသူဖြစ်ပြီး ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုဆန့်ကျင်ရေး ကျွေးကြော်သံကို ဟစ်အော်ကာ ဓားဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ၂၀၁၀ ခုနှစ်ကလည်း ဂျပန်သံအမတ်အား ခဲဖြင့်ပစ်ပေါက်ခဲ့ဖူးပြီး ယခုလက်ရှိတွင် ထိန်းသိမ်းထားကာ ထိုတိုက်ခိုက်မှုနောက်ကွယ်တွင် မည်သည့် လှုံ့ဆော်မှုရှိသည်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    လစ်ပါ့တ်၏ ဒဏ်ရာမှာ အသက်အန္တရာယ်ကို စိုးရိမ်ရခြင်းမရှိဘဲ ဆိုးလ်ဆေးရုံတွင် ကုသမှုခံယူပြီးနောက် ယခုအချိန်တွင် အခြေအနေမှာ တည်ငြိမ်နေပြီဖြစ်သည်။

    အမေရိကန်အစိုးရမှ ပြောရေးဆိုခွင့်ရှိသူ မာရီ ဟာ့ဖ်က ထိုအဖြစ်အပျက်အတွက် မိမိတို့အနေဖြင့် ပြင်းပြင်းထန်ထန်ရှုတ်ချသည်ဟု ပြောဆိုခဲ့ပြီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားကလည်း လစ်ပါ့တ် အလျင်အမြန်သက်သာရန်အတွက် ဆုတောင်းပါကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • နိုင်ငံတကာ သတင်းတို (မတ် ၄၊ ၂၀၁၅)

    မတ် ၄၊ ၂၀၁၅
    M-Media

    – မူးယစ်မောင်ခိုမှုဖြင့် အင်ဒိုနီးရှားတွင် ဖမ်းဆီးထားသည့် သြစတေးလျနိုင်ငံသား ၂ ဦးကို နူဆာကမ်ဘန်ဂန်ကျွန်းတွင် ကွပ်မျက်ရန်အတွက် ဘာလီအကျဉ်းထောင်မှ ယနေ့တွင် ခေါ်ဆောင်သွားမည်ဖြစ်သည်။ အသက် ၃၃ နှစ်အရွယ် မြူရန် ဆူကူမာရန်နှင့် အသက် ၃၁ နှစ်အရွယ် အန်ဒရူးချန်တို့ကို သေနတ်ဖြင့် ပစ်သတ် ကွပ်မျက်မည်ဖြစ်သည်။

    – အီဘိုလာရောဂါပြန့်နှံ့မှုဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသည့် အနောက်အာဖရိကမှ ဂီနီ၊ လိုက်ဘေးရီးယားနှင့် ဆီရာလီယိုနီ နိုင်ငံတို့မှ ခေါင်းဆောင်များက ၎င်းတို့၏ ကျဆင်းသွားသော စီးပွားရေး ပြန်လည်ထူထောင်ရန်အတွက် နိုင်ငံတကာမှ အကူအညီများ ပေးအပ်ရန် ယမန်နေ့က တောင်းဆိုလိုက်သည်။

    – ကျူးဘားသို့ သွားရောက်နေသည့် တရုတ်အလံလွှင့်ထားသော ကုန်တင်သင်္ဘောတစ်စင်းကို လက်နက်မှောင်ခိုပို့မှုဖြင့် ထိန်းသိမ်းခဲ့သည်ဟု ကိုလံဘီယာ တရားသူရုံးချုပ်မှ ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ သင်္ဘောတွင် ယမ်းတန်ချိန် ၁၀၀ အပါအ၀င် ပေါက်ကွဲစေတတ်သောပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသော အခြားပစ္စည်များ ပါဝင်ပြီး
    သင်္ဘောကပ္ပတိန်ကိုမူ ဖမ်းဆီးထားသည်။

    – ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားရာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒွန်ညက်မြို့ရှိ ကျောက်မီးသွေမိုင်းတွင်းတစ်ခုတွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး မိုင်းလုပ်သား ဒါဇင်နှင့်ချီ၍ ပိတ်မိနေကာ အသက်အန္တရာယ်ကိုပင်စိုးရိမ်နေရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မိုင်းတွင်းသို့ ဆင်းရာလမ်းမှာလည်း ကျဉ်းများသောကြောင့် ကယ်ဆယ်ရေးလုပ်သားများမှာလည်း
    အခက်ကြုံနေရသည်။ သို့သော်လည်း အဆိုပါပေါက်ကွဲမှုမှာ တိုက်ပွဲနှင့်မပတ်သက်ဟု ဆိုသည်။

    – ဆွဇ်လန်တွင်ပြုလုပ်ခဲ့သည့် အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့၏ ဆွေးနွေးပွဲမှာ တိုးတက်မှုအချို့ရှိခဲ့သော်လည်း ဆောင်ရွက်စရာများစွာ ကျန်ရှိနေသေးသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ယနေ့တွင် ပြောကြာလိုက်သည်။ ထို့ပြင် ထပ်မံဆွေးနွေးမှုမျာကို မတ်လ ၁၅ ရက်နေ့တွင် ဂျီနီဗာ၌ ပြုလုပ်ဖွယ်ရှိနေသည်။

    Ref: News agencies