News @ M-Media

Author: Ko Lay

  • တက္ကဆက်တွင် အမေရိကန်မွတ်စလင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

    တက္ကဆက်တွင် အမေရိကန်မွတ်စလင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

    မတ် ၇၊ ၂၀၁၅
    M-Media

    6-3-15_Texan-Muslim-Killed-While-Taking-Photos

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် နှင်းပုံများအား ဓာတ်ပုံရိုက်နေသော မွတ်စလင်တစ်ဦးမှာ ကြာသာပတေးနေ့က သေနတ်ဖြင့် ပစ်သတ်ခြင်းခံခဲ့ရပြီး အဆိုပါအဖြစ်အပျက်၏ နောက်ကွယ်တွင် မည်သည့်လှုံ့ဆော်မှု ရှိနေသည်ကို တရာဥပဒေစိုးမိုးရေး အဖွဲ့များအနေဖြင့် ဖော်ထုတ်ဖြေရှင်ပေးရန် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR မှ တိုက်တွန်းပြောဆိုလိုက်သည်။

    “မြောက်ကယ်ရိုလိုင်းနားက မွတ်စလင်လူငယ် ၃ ဦး အသတ်ခံရမှုအပါအ၀င် အမေရိကန်မွတ်စလင်တွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အဖြစ်အပျက်တွေ မကြားသေးမီက ဖြစ်ပွားခဲ့တာကြောင့် အခုဖြစ်ရပ်ရဲ့ လှုံ့ဆော်မှုနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ စိုးရိမ်မှုကို ဖြေရှင်းပေးဖို့ ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု CAIR ၏ တက္ကဆက်မြောက်ပိုင်းအဖွဲ့ခွဲမှ အမှုဆောင်ဒါရိုက်တာဖြစ်သူ အလီယာ ဆက်လ်မန်က မတ်လ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

    အသက်ခံရသူမှာ အသက် ၃၆ နှစ်အရွယ် အဟ်မဒ် အလီ ဂျူမိုင်လီဆိုသူဖြစ်ပြီး သေနတ်ဖြင့်အပစ်ခံရစဉ် ဟိဂျဘ်ဝတ်ဆင်ထားသော ၎င်း၏ ဇနီးနှင့်အတူ ရှိနေသည်ဟု ဆိုရှယ်မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

    မျက်မြင်သက်သေများကမူ ၎င်းတို့ဇနီမောင်နှံရှိရာအရပ်နှင့် ဆန့်ကျင်ဘက်သို့ သွားနေသော လူနှစ်ဦးမှာ နောက်ပြန်လှည့်ကာ ၎င်းတို့အား ပစ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး ထိုဖြစ်ရပ်တွင် တစ်ဖက်သက် လှုံ့ဆော်မှု ပါဝင်သည်ဆိုခြင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ ငြင်းချက် မထုတ်ခဲ့ပေ။

    သေနတ်ပစ်မှုဖြစ်ပွားပြီးနောက် ဂျူမိုင်လီ၏ ဇနီးမှာ ရဲတပ်ဖွဲ့သို့ ဖုန်းခေါ်ကာ အကြောင်းကြားခဲ့သည်။ သေနတ်ပစ်မှုတွင် အနီးအနားရှိ ကားများလည်း ထိမှန်ခဲ့ပြီး ထရပ်ကားတစ်ခုတွင် ကျည်ဆံ ၈ ချက် ထိမှန်ခဲ့ကာ ထရပ်ကားပိုင်ရှင်ကမူ ၎င်းအနေဖြင့် သေနတ်ပစ်ခတ်မှု တစ်ဒါဇင်ခန့်ကို ကြားခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။

    အမေရိကန်မွတ်စလင်များကို ပစ်မှတ်ထားတိုက်ခိုက်မှုမှာ ယခုအချိန်သည် ပထမဆုံးအကြိမ် မဟုတ်ချေ။ ပြီးခဲ့သည့်လက မြောက်ကယ်ရိုင်လိုင်းနားရှိ ချက်ပဲလ်ဟေးလ်မြို့တွင် အမျိုးသမီးနှစ်ဦးအပါအ၀င် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်နေသူ မွတ်စလင်လူငယ် ၃ ဦးမှာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

    Ref: Onislam

  • အီရန်မှာ သမိုင်းတစ်လျှောက် ဂျူးများကို သုံးကြိမ်တိုင်တိုင် ကယ်တင်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးပြော

    အီရန်မှာ သမိုင်းတစ်လျှောက် ဂျူးများကို သုံးကြိမ်တိုင်တိုင် ကယ်တင်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးပြော

    မတ် ၆၊ ၂၀၁၅
    M-Media

    zrif

    – မိမိတို့ အီရန်နိုင်ငံမှာ အစ္စရေးအား ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်မရှိဘဲ မိမိတို့လူမျိုးများမှာ သမိုင်းတလျှောက် ဂျူးများကို သုံးကြိမ်တိုင်တိုင် ကယ်တင်ခဲ့သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က NBC သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။

    အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုမှာ ယခုတစ်ပတ်အတွင်း အမေရိကန်တွင် ပြောကြားခဲ့သည့် မိန့်ခွန်း ၂ ခုတွင် အီရန်အား ပုတ်ခတ်ပြောကြားမှုများ ပြုလုပ်ခဲ့ကာ အီရန်မှာ အစ္စရေးအား မြေပုံပေါ်မှ ဖယ်ပစ်ရန် ခြိမ်းခြောက်ထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    သို့သော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးက နေတန်ယာဟုအနေဖြင့် သမိုင်းကြောင်းကို ပြန်လည်လေ့လာရန် တိုက်တွန်းခဲ့ပြီး ၎င်း၏ ပြောကြားချက်မှာ ယနေ့ ပကတိအခြေအနများကို ပုံဖျက်ပြောဆိုရုံသာမက ဘိုင်ဘယ်ကျမ်းနှင့် ဂျူးတို့၏ ကျမ်းစာများနှင့်လည်း ဆန့်ကျင်နေသည်ဟု ဆိုသည်။

    “သူ့ရဲ့ ကိုယ်ပိုင်ကျမ်းစာကိုတောင် သူက ပုံဖျက်နေတာပါ။ Esther ကျမ်းကို ဖတ်ကြည့်ရင် ဂျူးတွေကို ကယ်တင်ခဲ့တာ အီရန်ဘုရင်ဆိုတာ ခင်ဗျားတွေ့ရပါလိမ့်မယ်” ဟု ဇာရစ်ဖ်က ပြောကြားခဲ့သည်။

    ထို့ပြင် ဂျူးများကို သုံးကြိမ်တိုင်တိုင်ကယ်တင်ခဲ့သည့် နိုင်ငံတစ်ခုလုံးကို နေတန်ယာဟု၏ စော်ကားပြောဆိုမှုမှာ တကယ့်ကို ၀မ်းနည်းဖွယ်ရာဖြစ်သည်ဟု ဆိုသည်။

    “ Esther ကျမ်းစာမှာပါတဲ့အတိုင်း ၀န်ကြီးတစ်ပါးဟာ ဂျူးတွေကိုသတ်ဖို့ကြိုးစားတဲ့အချိန်မှာ လက်ထက်မှာ အီရန်ဘုရင်က ဂျူးတွေကို ကယ်တင်ခဲ့ပါတယ်။ နောက်တစ်ကြိမ် ဆိုင်းရပ်စ် သယ် ဂရိတ် (Cyrus The Great) လက်ထက်မှာလည်း ဘေဘီလုံက ဂျူးတွေကို အီရန်ဘုရင်ကပဲ ကယ်တင်ခဲ့တာပါ။ ပြီးတော့ ဒုတိယကမ္ဘာစစ်မှာလည်း ဂျူးတွေကို အီရန်က ကယ်တင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဂျူးတွေကို သုတ်သင်ချေမှုန်းဖို့ မရှိပါဘူး” ဟု ဇာရစ်ဇ်က ဆိုပြီး မိမိတို့နိုင်ငံတွင် ဂျူးလူမျိုး ၂၀၀၀၀ မှာ ငြိမ်းချမ်းစွာနေထိုင်နေပြီး လွှတ်တော်တွင်ပင် ဂျူးလူနည်းစု ကိုယ်စားပြုအမတ်များ ရှိနေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့နိုင်ငံက ဂျူးပြည်သူတွေနဲ့ရော ကမ္ဘာတစ်ဝှမ်းက ဂျူးလူမျိုးတွေနဲ့ပါ သမိုင်းကြောင်းနဲ့ချီပြီး သည်းခံခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ အတူတကွ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းတွေ ကျွန်တော်တို့မှာ ရှိနေပါတယ်။ တကယ်လို့ လူတွေဟာ ဒီလိုစိတ်မနှံ့တာမျိုးကို မြှောက်ပေးဖို့ ကြောက်ရွံ့နေတဲ့ ပုံစံမျိုး လုပ်လာရင်တော့ သူတို့ပဲ ထိခိုက်နစ်နာမှာပါ”

    ထို့ပြင် ဇာရစ်ဖ်က ယခုလက်ရှိ အစ္စရေးအစိုးရမှာ အီရန်အား ခြိမ်းခြောက်နေပြီး အပြစ်မဲ့ကလေးငယ်များအား သတ်ဖြတ်ခြင်းနှင့် ရန်စခြင်းတို့ကိုလည်း ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

    “နေ့စဉ်လိုလို အီရန်ကို အင်အားသုံးပြီး အစ္စရေးက ခြိမ်းခြောက်နေတာပါ။ တကယ်လို့ သူတို့က အီရန်အပေါ် အင်အားသုံးလာမယ် ဆိုရင်တော့ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို ခုခံသွားမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ အတိတ်မှာလည်း စွန့်လွှတ်စတေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ကျူးကျော်သွားမှာမဟုတ်သလို၊ ဘယ်သူ့ကိုမှလည်း ခြိမ်းခြောက်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘယ်သူ့ကိုမှ မငြိမ်းခြောက်တာ နှစ် ၂၅၀ ရှိပါပြီ”

    Ref: RT

  • ဆီးရီးယား၏ ဓာတုလက်နက်သုံးစွဲမှုအား အရေးယူရန် ကုလအား အမေရိကန် တိုက်တွန်း

    ဆီးရီးယား၏ ဓာတုလက်နက်သုံးစွဲမှုအား အရေးယူရန် ကုလအား အမေရိကန် တိုက်တွန်း

    မတ် ၆၊ ၂၀၁၅
    M-Media

    Mideast Syria

    – ဆီးရီးယားတွင် ဓာတ်တုလက်နက်အသုံးပြုမှုအတွက် စစ်ရေးအရ အရေယူခြင်းအပါအ၀င် ပြင်းထန်သည့် အရေးယူမှုများ ပြုလုပ်ရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ အမေရိကန်က တိုက်တွန်းပြောကြားလိုက်သည်။

    လုံခြုံရေးကောင်စီတွင် အမေရိကန်မှ တင်သွင်းသော ဆုံးဖြတ်မူကြမ်းတွင် ထိုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး ဓာတုလက်နက်များ တားမြစ်ရေးအဖွဲ့ OPCW ၏ အချက်အလက်ရှာဖွေရေးလုပ်ငန်းအတွက်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဆီးရီးယားအား တောင်းဆိုခဲ့သည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း OPCW ၏ အမှုဆောင်ကောင်စီက ဆီးရီးယားတွင် ကလိုရင်းဓာတ်ငွေ့ကို ထပ်ခါတလဲလဲနှင့် စနစ်တကျ အသုံးပြုကြောင်း ခိုင်မာသည့်အထောက်အထားများ တွေ့ရှိရပြီး အလွန်အမင်း စိုးရိမ်မိသည်ဟု ဖော်ပြထားသည်။

    အမေရိကန်၏ အဆိုပါမူကြမ်းတွင်မူ ထိုကဲ့သို့ ဓာတုလက်နက် အသုံးပြုမှုအား ပြင်းပြင်းထန်ထန်ရှုတ်ချရန် ကုလအား ထည့်သွင်းတိုက်တွန်းထားသည်။

    ထိုမူကြမ်းကို လုံခြုံရေးကောင်စီ၌ ယနေ့တွင် မဲခွဲရန်ရှိနေပြီး ကောင်စီဥက္ကဌဖြစ်သူ ကုလဆိုင်ရာ ပြင်သစ်သံအမတ် ဖရန်ကိုအစ် ဒီလက်ထရီကမူ အဆိုပါ မူကြမ်းကို တညီတညွတ်တည်း အတည်ပြုနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    ကလိုရင်းဓာတ်ငွေ့ကို ပထမကမ္ဘာစစ်တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပြီး အဆိုပါဓာတ်ငွေ့အား ရှုရှိုက်မိပါက အဆုတ်ထဲတွင် ဟိုက်ဒရိုကလိုရစ်အက်စစ်အရည်အဖြစ် အသွင်းပြောင်းသွားကာ အသက်ရှုရခက်သည့် ပြဿနာဖြင့် နောက်ဆုံး သေဆုံးသွားသည်အထိ ဖြစ်နိုင်သည်။

    Ref: Channelnewsasia

  • မန်ယူနှင့်ပွဲတွင် တံတွေးဖြင့်ထွေးခဲ့သည့် နယူးကာဆယ်တိုက်စစ်မှူး ဆစ်စီ ၇ ပွဲ ပယ်ခံရမည်

    မန်ယူနှင့်ပွဲတွင် တံတွေးဖြင့်ထွေးခဲ့သည့် နယူးကာဆယ်တိုက်စစ်မှူး ဆစ်စီ ၇ ပွဲ ပယ်ခံရမည်

    မတ် ၆၊ ၂၀၁၅
    M-Media

    evans

    – ဗုဒ္ဓဟူးနေ့ညက စိန့်ဂျိမ်းစ်ပါ့က်တွင် ကစားခဲ့သည့် မန်ယူနှင့်ပွဲတွင် မန်ယူနောက်ခံလူ အီဗန့်စ်အား တံတွေးဖြင့် ထွေးခဲ့သည်ဆိုသော FA ၏ တရားစွဲဆိုမှုအား နယူးကာဆယ်တိုက်စစ်မှူး ပါပစ် ဆစ်စီက လက်ခံလိုက်သည်ဟု
    သိရသည်။

    ပထမပိုင်းပြီးကာနီးတွင် အီဗန့်စ်၏ ဖြတ်ထုတ်မှုနှင့်ပတ်သက်၍ ဆစ်စီနှင့် အချင်းများရာ အီဗန့်စ်က တံတွေးဖြင့် ပထမဆုံး ထွေးခဲ့ပြီးနောက် ဆစ်စီကလည်း တံတွေးဖြင့် သိသိသာသာပင် ပြန်ထွေးခဲ့သည်။

    သို့သော်လည်း ပွဲအပြီးတွင် အီဗန့်စ်က ကြေညာချက်ထုတ်ကာ မိမိ တံတွေးဖြင့်ထွေးခဲ့သည်ဟု စွပ်စွဲခြင်းနှင့်ပတ်သက်၍ တုန်လှုပ်မိကြောင်း ပြောကြားခဲ့ပြီး ဆစ်စီကမူ ၎င်း၏ လုပ်ရပ်အတွင် ၀န်ခံခဲ့ကာ ထိုကဲ့သို့ မကောင်းသောလုပ်ရပ်နှင့်ပတ်သက်၍ တောင်းပန်ကြောင်း လူသိရှင်ကြား ပြောကြားခဲ့သည်။

    FA တာဝန်ရှိသူများမှာ အဆိုပါပွဲ၏ ဗီဒီယိုကို ပြန်လည်ကြည်ရှုခဲ့ပြီးနောက် ကစားသမားနှစ်ဦးစလုံးမှာ အနီကဒ်ပြစ်ဒဏ်နှင့် ထိုက်တန်သည်ဟု ယမန်နေ့က ဆုံးဖြတ်ချက်ချခဲ့ပြီး ၎င်းတို့ ၂ ဦးစလုံးအား စွဲချက်တင်ခဲ့သည်။

    FA ၏ စွဲချက်အား လက်ခံခဲ့သောကြောင့် ဆစ်စီမှာ ၇ ပွဲပယ်ပြစ်ဒဏ်ကို ချမှတ်ခံရမည်ဖြစ်ပြီး ၎င်း၏ ယခုနှစ်ရာသီ ဒုတိယမြောက် အနီကဒ်အဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။ အီဗန့်စ်ကမူ အဆိုပါ စွဲချက်အား လက်ခံခြင်း သို့မဟုတ် အပြစ်ရှိကြောင်း တွေ့ရှိရပါက ၆ ပွဲပယ်ခံရမည်ဖြစ်သည်။

    Ref: Goal.com

  • အိန္ဒိယတွင် မုဒိမ်းမှုအတွက် သံသယရှိသူကို ပြည်သူများက ထောင်ဖောက်၍ ထုတ်ကာ ရိုက်နှက်သတ်ဖြတ်

    အိန္ဒိယတွင် မုဒိမ်းမှုအတွက် သံသယရှိသူကို ပြည်သူများက ထောင်ဖောက်၍ ထုတ်ကာ ရိုက်နှက်သတ်ဖြတ်

    မတ် ၆၊ ၂၀၁၅
    M-Media

    india 1

    – အိန္ဒိယနိုင်ငံ နာဂါလန်းပြည်နယ် ဒီမာပူရ်မြို့ရှိ မြို့သူမြို့သားများက အကျဉ်းထောင်အား ဖောက်ကာ မုဒိမ်းမှု ကျူးလွန်သူဟု သံသယရှိသူကို ထုတ်၍ ရိုက်နှက်သတ်ဖြတ်ပစ်ခဲ့သည့် ဖြစ်ရပ်တစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    သတ်ဖြတ်ခံရသူမှာ တစ်ပါတ်ရစ်ကားများ အရောင်းအ၀ယ်လုပ်သူ အသက် ၃၅ နှစ်အရွယ် မူက်ရှ် ဆင်း ဆိုသူဖြစ်ပြီး မြို့တွင်းရှိ အမျိုးသမီးကောလိပ်မှ ကျောင်းသူတစ်ဦးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ထပ်ခါတစ်လဲလဲ မုဒိမ်းကျင့်မှုဖြင့် ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

    ထို့လုပ်ရပ်အား မကျေနပ်သည့်အတွက် ကျောင်းသားများနှင့် ဒေသခံများမှာ ယမန်နေ့နံနက်က မြို့အတွင်း ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြမှုပြီးနောက် အဆိုပါလူအုပ်ကြီးမှာ အကျဉ်းထောင်သို့သွားရောက်၍ ထောင်ဂိတ်ပေါက်အား ချိုးဖျက်ကာ မူက်ရှ် ဆင်းကို ခေါ်ထုတ်လာပြီးနောက် တုတ်ဖြင့်ရိုက်၊ ခဲဖြင့်ပေါက်ခဲ့ကြသည်ဟု အိန္ဒိယ သတင်းစာများက ဖော်ပြခဲ့သည်။

    ထို့နောက် ၎င်းအား ၄ မိုင်အကွာတွင်ရှိသော မြို့တွင်းရှိ နာရီစင်သို့ ကြိုးဖြင့်ချည်ကာ တရွတ်တိုက် ဆွဲခေါ်သွားခဲ့ပြီး မူက်ရှ်ဆင်းမှာ လမ်း၌ပင် သေဆုံးသွားခဲ့သည်။

    ထို့ပြင် လူအုပ်ကြီးမှာ ၎င်း၏နေအိမ်နှင့် စီးပွားရေးလုပ်ရာဆိုင်ခန်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်များ၊ မျက်ရည်ယိုဗုံးများ အသုံးပြုကာ လူစုခွဲခဲ့သောကြောင့် လူအများအပြား ဒဏ်ရာရခဲ့သည်။ လူအုပ်ကြီးမှလည်း ခဲဖြင့်ပေါက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ဒဏ်ရာရရှိခဲ့သည်။

    အိန္ဒိယတွင် မုဒိမ်မှုနှင့် အုပ်စုဖွဲ့မုဒိမ်းကျင့်မှုများမှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး ထိုအမှုများအပေါ် အစိုးရ၏ ကိုယ်တွယ်မှု ညံ့ဖျင်းခြင်းအတွက်လည်း ဝေဖန်မှုများ ရှိနေသည်။ ၂၀၁၂ ခုနှစ်က ဒေလီရှိ ဘတ်စ်ကားပေါ်တွင် ကျောင်းသူတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရမှု မှတ်တမ်းရုပ်ရှင်ကို အိန္ဒိယအစိုးရက ယခုတစ်ပတ်အတွင်း ပိတ်ပင်ခဲ့သောကြောင့် ပြည်သူများအကြား တင်းမာမှုများလည်း ရှိသည်။

    Ref:Dailymail