မတ် ၅၊ ၂၀၁၅
M-Media
– တောင်ကိုရီးယားဆိုင်ရာ အမေရိကန်သံအမတ်ကြီး မာ့က်လစ်ပါ့တ်မှာ ယနေ့နံနက်က ဆိုးလ်မြို့တွင် ဓားဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရသည်ဟု သိရသည်။
ဆိုးလ်မြို့ရှိ အနုပညာ စင်တာတွင် နံနက်ခင်းမိန့်ခွန်းပြောကြားနေစဉ် ထိုကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ညာဘက်ပါးနှင့် လက်ကောက်ဝတ်တို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့သည်။
ကျူးလွန်သူမှာ အသက် ၅၅ နှစ်အရွယ်ရှိ ကင် ကီ ဂျွန်ဆိုသူဖြစ်ပြီး ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုဆန့်ကျင်ရေး ကျွေးကြော်သံကို ဟစ်အော်ကာ ဓားဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ၂၀၁၀ ခုနှစ်ကလည်း ဂျပန်သံအမတ်အား ခဲဖြင့်ပစ်ပေါက်ခဲ့ဖူးပြီး ယခုလက်ရှိတွင် ထိန်းသိမ်းထားကာ ထိုတိုက်ခိုက်မှုနောက်ကွယ်တွင် မည်သည့် လှုံ့ဆော်မှုရှိသည်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
လစ်ပါ့တ်၏ ဒဏ်ရာမှာ အသက်အန္တရာယ်ကို စိုးရိမ်ရခြင်းမရှိဘဲ ဆိုးလ်ဆေးရုံတွင် ကုသမှုခံယူပြီးနောက် ယခုအချိန်တွင် အခြေအနေမှာ တည်ငြိမ်နေပြီဖြစ်သည်။
အမေရိကန်အစိုးရမှ ပြောရေးဆိုခွင့်ရှိသူ မာရီ ဟာ့ဖ်က ထိုအဖြစ်အပျက်အတွက် မိမိတို့အနေဖြင့် ပြင်းပြင်းထန်ထန်ရှုတ်ချသည်ဟု ပြောဆိုခဲ့ပြီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားကလည်း လစ်ပါ့တ် အလျင်အမြန်သက်သာရန်အတွက် ဆုတောင်းပါကြောင်း ပြောကြားခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.