News @ M-Media

Author: Ko Lay

  • အမေရိကန်ရဲအရာရှိဟောင်း ဆယ်ကျော်သက် သမီးနှစ်ဦးအား သေနတ်ဖြင့် ပစ်သတ်

    အမေရိကန်ရဲအရာရှိဟောင်း ဆယ်ကျော်သက် သမီးနှစ်ဦးအား သေနတ်ဖြင့် ပစ်သတ်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅
    M-Media

    ny

    – အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစားရဲအရာရှိတစ်ဦးက ၎င်း၏ ဆယ်ကျော်သက် သမီးနှစ်ဦးအား သေနတ်ဖြင့် ပစ်သတ်သည့် ဖြစ်ရပ်တစ်ခု ယမန်နေ့တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ဟဲရစ်ဆန်မြို့တွင်နေထိုင်သူ အသက် ၅၂ နှစ်အရွယ်ရှိ ဂလန် ဟိုချမန်ဆိုသူဖြစ်ပြီး သမီးများဖြစ်ကြသည့် အသက် ၁၇ နှစ် အရွယ် အဲလစ်စာနှင့် အသက် ၁၃ နှစ်အရွယ် ဒီယဲန်နာတို့အား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် ၎င်းကိုယ်ကိုလည်း ထိုသေနတ်ဖြင့်ပင် အဆုံးစီရင်ခဲ့သည်။

    အခင်းဖြစ်ပွားသည့်အချိန်တွင် ဟိုချမန်၏ ဇနီးဖြစ်သူနှင့် သမီးကြီးတို့မှာ အိမ်တွင် ရှိမနေဘဲ အခင်းဖြစ်ပွားရသည့် အကြောင်းအရင်းကိုလည်း သိရှိရခြင်း မရှိသေးပေ။

    “၀ှိုက်ပလိန်း ရဲဌာနအနေနဲ့ ဒီကြေကွဲဖွယ်ကောင်းတဲ့ ဖြစ်ရပ်သတင်းကြောင့် တုန်လှုပ်ချောက်ခြားခဲ့ရပါတယ်” ဟု ရဲဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ ဟိုချမန်မှာ ၀ှိုက်ပလိန်းရဲဌာနတွင် ၂၂ နှစ် ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ထိုဌာန၏ ဂုဏ်ထူးဆောင်ဆုတံဆိပ်ကို ချီးမြှင့်ခြင်း ခံခဲ့ရသူဖြစ်သည်။

    အဲလစ်ဆာမှာ ဟဲရစ်ဆန်အထက်တန်းကျောင်းတွင် တက်ရောက်နေသူဖြစ်ပြီး ၎င်းတို့ ညီအမနှစ်ဦး သေဆုံးမှုအတွက် အဆိုပါ အထက်တန်းကျောင်းမှ ၀မ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ကာ ၎င်း၏ သူငယ်ချင်းများကလည်း ဆိုရှယ်မီဒီယာများမှတစ်ဆင့် ၀မ်းနည်းကြောင်းပြောကြားခဲ့သည်။

    Ref: nbcnewyork

  • နယ်စပ်ရှိ အရေးပါသည့်မြို့ကို ဘိုကိုဟရမ်လက်မှ နိုက်ဂျီးရီးယား ပြန်လည် သိမ်းယူ

    နယ်စပ်ရှိ အရေးပါသည့်မြို့ကို ဘိုကိုဟရမ်လက်မှ နိုက်ဂျီးရီးယား ပြန်လည် သိမ်းယူ

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅
    M-Media

    nigiria

    – လေကြောင်းမှ ပစ်ကူပေးမှုများနှင့်အတူ နိုက်ဂျီးရီးယားစစ်တပ်က နိုင်ငံမြောက်ပိုင်း နယ်စပ်မြို့ ဘာဂါကို ဘိုကိုဟရမ်အဖွဲ့၏လက်မှ ယမန်နေ့တွင် ပြန်လည်သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

    ချဒ်၊ နစ်ဂါး၊ ကင်မရွန်းနိုင်ငံများနှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသော နေရာတွင် တည်ရှိသည့် အဆိုပါဘာဂါမြို့မှာ အာဖရိက နိုင်ငံပေါင်းစုံတပ်များ၏ ဌာနချုပ်ရှိရာ အရေးပါသည့်မြို့ဖြစ်ပြီး ဘိုကိုဟရမ်က ဇန်န၀ါရီ ၃ ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

    “ဘာဂါမြို့ကို ကျွန်တော်တို့ လုံခြုံစေခဲ့ပါပြီ။ ကျွန်တော်တို့ အပြည့်အ၀ ထိန်းချုပ်ထားပါတယ်” ဟု နိုက်ဂျီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခရစ် အိုလူကို လိဒ်က ဆိုသည်။ ထို့ပြင် ထွက်ပြေးသွားကြသည့် ဘိုကိုဟရမ်အဖွဲ့ဝင်များမှာ ချက်ဒ်ရေကန်ကြီးတွင် ရေနှစ်သေဆုံခဲ့သည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    နိုက်ဂျီးရီးယားအစိုးရမှာ မတ်လတွင်ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်ခင် ဘိုကိုဟရမ်အဖွဲ့အား အပြတ်ချေမှုန်းမည်ဟု ပြောဆိုထားပြီး အိမ်နီးချင်းနိုင်ငံများမှ တပ်များနှင့်ပေါင်းကာ ဘိုကိုဟရမ် ခိုအောင်းရာ နေရာများသို့ တရစပ် ထိုးစစ်ဆင်လျက်ရှိနေပြီး ဘိုကိုဟရမ်အဖွဲ့ဝင် အများအပြားကိုလည်း သုတ်သင်နိုင်ခဲ့သည်။

    အဆိုပါ စစ်ဆင်ရေးလုပ်ငန်းများ အောင်မြင်မှုကို နိုက်ဂျီးရီးယားသမ္မတ ဂွဒ်လက် ဂျိုနသန်ကလည်း ချီးကျူးပြောကြားခဲ့သည်။

    Ref: aljazeera

  • သေဆုံးခဲ့သူ မွတ်စလင်လူငယ်များအား ဂုဏ်ပြုသည့်အနေဖြင့် မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်မှ  ပညာသင်ဆုပေးမည်

    သေဆုံးခဲ့သူ မွတ်စလင်လူငယ်များအား ဂုဏ်ပြုသည့်အနေဖြင့် မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်မှ ပညာသင်ဆုပေးမည်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅
    M-Media

    cph

    – ပြီးခဲ့သည့် သီတင်းပတ်က ချက်ပဲလ်ဟေးလ်တွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည့် မွတ်စလင်လူငယ် ၃ ဦးအား ဂုဏ်ပြုသည့်အနေဖြင့် ၎င်းတို့၏အမည်နှင့် ပညာသင်ဆုအစီအစဉ်တစ်ခုကို မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်က စတင်လိုက်သည်ဟု သိရသည်။

    “ဒီဖြစ်ရပ်ဆိုးကြီးနောက်မှာ ဒါဟာ ပထမဆုံး မင်္ဂလာရှိတဲ့၊ စိချမ်းသာရတဲ့နေ့ပါပဲ။ ဒီစိတ်ချမ်းသာမှုကို ဖော်ပြလို့ မရပါဘူး” ဟု သေဆုံးသွားသူ ညီအမနှစ်ဦး၏ ဖခင်ဖြစ်သူ မိုဟာမက် အဘူဆလ်ဟာက ဖေဖော်ဝါရီ ၂၀ ရက်နေ့က WTVD သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထို့ပြင် သေဆုံးသွားသူ အမျိုးသား ဘာရကသ်၏ ဖခင်ဖြစ်သူ နမီး ဘရကသ်ကလည်း “ကျွန်တော်တို့ အရမ်းကျေးဇူးတင်မိပြီး အရမ်းလည်း ပျော်ရွှင်မိပါတယ်” ဟု ဆိုသည်။

    သေဆုံးသွားသူများဖြစ်ကြသည့် အသက် ၂၃ နှစ်အရွယ် ဒီယာ ရှက်ဒီဘာရကသ်၊ ၎င်း၏ ဇနီး အသက် ၂၁ နှစ်အရွယ် ယူဆိုးရ်နှင့် ၎င်း၏ ညီမ အသက် ၁၈ နှစ်အရွယ် ရာဇန်တို့အား ဂုဏ်ပြုသည့်အနေဖြင့် မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်က ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ၎င်းတို့၏ အမည်ဖြင့် ပညာသင်ဆုအစီအစဉ်တစ်ခုကို ကြေညာခဲ့ခြင်းဖြစ်သည်။

    “မတတ်နိုင်တဲ့သူတွေကို ဒီကိုလာပြီး ပညာသင်ယူဖို့ နှစ်စဉ်နှစ်တိုင်း ပညာသင်ဆုပေးတာထက် ပိုကောင်းတဲ့ အရာမရှိပါဘူး။ ပြီးတော့ ဒါဟာ ဒီကလေး ၃ ယောက်ရဲ့ အသက်ရှင်နေထိုင်မှုကို ဥပမာပေးထားမျိုးလည်း ဖြစ်ပါတယ်” ဟု အဘူဆလ်ဟာက ဆိုပြီး နာမီကမူ မြောက်ကယ်ရိုလိုင်းနား၏ ထိုအစီအစဉ်အတွက် ပီတိဖြစ်ရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    သေဆုံးသွားသည့် မွတ်စလင်လူငယ် ၃ ဦးမှ ဘရကသ်တို့ ဇနီးမောင်နှံမှာ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်မှ ဘွဲ့ရခဲ့သူများဖြစ်ပြီး ရာဇန်ကမူ လက်ရှိတွင် အဆိုပါတက္ကသိုလ်၌ လူမှုဇီဝဗေဒပညာရပ်ကို တက်ရောက်သင်ယူနေသူ ဖြစ်သည်။ စီးပွားရေး စီမံခန့်ခွဲမှုဖြင့် ဘွဲ့ရခဲ့သည့် ဘရကသ်မှာ သွားဘက်ဆိုင်ရာ ပါရဂူတန်းကို တက်ရောက်နေသည်။

    မြောက်ကယ်ရိုလိုင်းနားမှ အဆိုပါ ပညာသင်ဆုအစီအစဉ်အတွက် ကန်ဒေါ်လာ ၆၀၀၀၀ မတည်ထားပြီး ရန်ပုံငွေ မြင့်တက်လာစေရန် အလှူငွေများကိုလည်း လက်ခံသွားမည်ဖြစ်သည်။

    “ကျွန်တော်တို့ တက္ကသိုလ်အနေနဲ့ သေဆုံးသွားသူတွေရဲ့ သမိုင်းကို သတိရဖို့၊ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာရှိတဲ့ အခြားသူတွေကိုလည်း သူတို့ရဲ့ စံထားထိုက်တဲ့ ဘ၀တွေကို အားကျလာစေဖို့အတွက် လုပ်နိုင်တာအားလုံးကို လုပ်ပေးချင်ပါတယ်” ဟု မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ် အကြီးအကဲ ရန်ဒီ ၀ုဒ်ဆန်က ပြောကြားခဲ့သည်။

    “ဒီယာ၊ ယူဆိုးရ်နဲ့ ရာဇန်တို့ဟာ မြောက်ကယ်ရိုလိုင်းနားရဲ့ အကောင်းဆုံးနမူနာတွေပါပဲ။ ပြီးတော့ အခြားသော ကျောင်းသားအသင်းအဖွဲ့တွေအတွက်လည်း စံပြနမူနာအဖြစ် အမြဲတမ်းရှိနေမှာပါ”

    အဆိုပါ ပညာသင်ဆုအစီအစဉ်အရ သေဆုံးသွားသူများ တက်ရောက်ခဲ့သည့် ကောလိပ် ၃ ခုမှ ကျောင်းသားများမှာ စီမန်ခန့်ခွဲမှုပညာ၊ သိပ္ပံနှင့် ဒီဇိုင်းပညာရပ်တို့အတွက် ပညာသင်ဆု လျှောက်ထားနိုင်မည်ဖြစ်သည်။

    အစ္စလာမ်နှင့် ပညာရေး

    “ကျွန်မတို့ မိသားစုအတွက်တော့ ပညာရေးဟာ အရာရာတိုင်းပါပဲ။ ဒီအကြောင်းအရင်းကြောင့်ပဲ ကျွန်မအဖေက
    မျက်ရည်ကျနေတာပါ။ ဘာ့ကြောင့်လည်းဆိုတာ့ ဒီကြောက်မယ်ဖွယ် ဖြစ်ရပ်ဆိုးကြီး ဖြစ်ပြီးတဲ့နောက်မှာ ဒီထူးခြားတဲ့
    ပညာသင်ဆုဟာ လူအများကြီးကို ဒီကိုလာပြီး အချိန်အတိုင်းအတာတစ်ခုအထိ ပညာသင်ယူနိုင်မှာဖြစ်ပြီး ဒါဟာ
    သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ပေါ်လာအောင် ဆောင်ရွက်တာလည်း ဖြစ်ပါတယ်” ဟု သေဆုံးသွားသူ
    ဘရကသ်၏ ညီမဖြစ်သူ ဆူဇန်နီ ဘရကသ်က ပြောကြားခဲ့သည်။

    ကွယ်လွန်သွားသူ ယူဆိုးရ်နှင့် ရာဇန်တို့၏ အစ်ကိုဖြစ်သူ ယူဆက်ဖ် အဘူ ဆလ်ဟာကလည်း ထိုပညာသင်ဆုက
    ပညာရေးကို တိုက်တွန်းအားပေးသော အစ္စလာမ်သာသနာတွင် မြင့်မားသည့် ဂုဏ်သိက္ခာအဆင့်အတန်းအဖြစ်
    ရှိနေမည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ရဲ့ အယူဝါဒက ပညာရေးအတွက် သေသေချာချာကို ဖော်ပြသွန်သင်ထားပါတယ်။ လူတစ်ယောက်ကို
    ပညာသင်ပေးလိုက်ခြင်းဟာ အဆုံးမရှိတဲ့ အလှူဒါနတစ်ခုကို ပြုလုပ်လိုက်တာဖြစ်ပြီး ဒီအလှူဒါနကို ပြုလုပ်တဲ့သူဟာ
    အဲဒီရဲ့ အကျိုးကျေးဇူးကို ထာဝရခံစားရမှာပါပဲ။ ဥပမာအားဖြင့် ၀တ်ပြုရာနေရာတည်ဆောက်လိုက်တာမျိုး ဒါမှမဟုတ်
    စာသင်ကျောင်းတစ်ခု ဆောက်လုပ်လိုက်တာမျိုးပေါ့ဗျာ” ဟု ယူဆက်ဖ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: onislam

  • အရှေ့အလယ်ပိုင်းကို အနောက်နိုင်ငံများက ၀င်စွက်မှုကြောင့် အကြမ်းဖက်ဝါဒ ပေါ်ပေါက်လာခြင်းဟု ရုရှားဆို

    အရှေ့အလယ်ပိုင်းကို အနောက်နိုင်ငံများက ၀င်စွက်မှုကြောင့် အကြမ်းဖက်ဝါဒ ပေါ်ပေါက်လာခြင်းဟု ရုရှားဆို

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅
    M-Media

    lavrov

    – အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကရှိ ပြည်တွင်းရေးရာများကို အနောက်နိုင်ငံများက ၀င်ရောက်စွက်ဖက်မှုကြောင့် အကြမ်းဖက်နှင့် အစွန်းရောက်ဝါဒ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့က ပြောကြားလိုက်သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် ဂရိအော်သိုဒေါ့စ် ခရစ်ယာန်အသင်းတော်၏ အခမ်းအနားတစ်ခုတွင် ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုအကြမ်းဖက်ဝါဒကို ယခုအချိန်တွင် ကမ္ဘာတစ်ဝှမ်းလုံးက တွန်းလှန်နေရသည်ဟု ဆိုသည်။

    “အဲဒီဒေသအတွင်းမှာရှိတဲ့ နိုင်ငံတွေရဲ့ ပြည်တွင်းရေးရာ ကိစ္စတွေနဲ့ ပြည်သူတွေရဲ့ ကံကြမ္မာကို ရှက်ဖွယ် ၀င်ရောက်စွက်ဖက်မှုတွေက အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်ဝါကို ဦးတည်သွားစေခဲ့ပါတယ်။ အဲဒါကို အခု ကမ္ဘာကြီးက တွန်းလှန်နေရပါတယ်။ ဒါဟာ အရေးအကြီးဆုံး စမ်းသပ်မှုပါပဲ”

    အရှေ့အလယ်ပိုင်းနိုင်ငံများမှ တက်ရောက်ခဲ့ကြသည့် အဆိုပါ အခမ်းအနားတွင် လာဗရော့က အသင်တို့၏ ဒေသနှင့် အမိမြေမှာ အလွန်ခက်ခဲသော အခြေအနေကို ရောက်ရှိနေကြောင်း၊ ဆီးရီးယား၊ ယီမင်၊ အီရတ်နှင့် ဒေသတွင်း အခြားသောနိုင်ငံများရှိ ပဋိပက္ခများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရာတွင် ရုရှားက ကူညီသွားမည်ဖြစ်ကြောင်း၊ လစ်ဗျားရှိ အခြေအနေကိုလည်း အလွန်အမင်းစိုးရိမ်မိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: RU

  • အမေရိကန်အစိုးရ နေ့စဉ် ဆိုက်ဘာတိုက်ခိုက်မှုပေါင်း ၁ ထောင်ကျော် ကြုံတွေ့နေရ

    အမေရိကန်အစိုးရ နေ့စဉ် ဆိုက်ဘာတိုက်ခိုက်မှုပေါင်း ၁ ထောင်ကျော် ကြုံတွေ့နေရ

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅
    M-Media

    cyber

    – မိမိတို့အနေဖြင့် နေ့စဉ် ဆိုက်ဘာတိုက်ခိုက်မှုပေါင်း ထောင်နှင့်ချီ၍ ကြုံတွေ့နေရသည်ဟု အမေရိကန်အစိုးရမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ယမန်နေ့တွင်ပြောကြားလိုက်ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အမေရိကန်အစိုးရ၏ ကွန်ယက်ကို ဖောက်ဝင်ခဲ့သော ဟက်ကာများ ဆက်လက်ရှိနေသေးလားဆိုသည်ကိုမူ အတည်ပြုရန် ငြင်းဆန်ခဲ့သည်။

    “ကျွန်တော်တို့ရဲ့ ကွန်ပျူတာစနစ်တွေကို ကာကွယ်ဖို့ လုံခြုံရေးကို မြှင့်တင်ထားပါတယ်။ ပြီးတော့ လျှို့ဝှက် အချက်အလက်တွေကို ၀င်ရောက်ကြည့်ရှုခွင့်၊ ကွန်ယက်အလွယ်တကူ ၀င်ရောက်ခွင့်တွေ အပါအ၀င် သတင်းအချက်အလက် လုံခြုံရေးကိုလည်း မြှင့်တင်ထားပါတယ်” ဟု အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိ သူ ဂျန် ဆာကီက ဆိုသည်။

    သို့သော်လည်း တိုက်ခိုက်မှုများမှာ မြင့်တက်လာပြီး ပို၍ ရှုပ်ထွေးလာသည်ဟုလည်း ၎င်းက ၀န်ခံခဲ့သည်။

    “နေ့စဉ်နေ့တိုင်း တိုက်ခိုက်မှုထောင်ပေါင်းများစွာကို ကျွန်တော်တို့ အောင်မြင်စွာ ဖြေရှင်းနိုင်လေ့ရှိပါတယ်။ ပြီးတော့ အဲဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အခြားသော အစိုးရဌာနေတွနဲ့လည်း ဆက်သွယ်ဆောင်ရွက်နေပါတယ်” ဟု ဆာကီက ထပ်လောင်းပြောကြားခဲ့သည်။

    Wall Street ဂျာနယ်ကမူ နိုဝင်ဘာလက ကြုံတွေ့ခဲ့ရသည့် ဆိုက်ဘာချိုးဖောက်ဝင်ရောက်မှုနောက်ပိုင်း အမေရိကန်အစိုးရမှာ ၎င်းတို့၏ အီးမေးလ်ကွန်ယက်ကို ပိတ်ပင်ခဲ့သည်ဟု ဖော်ပြခဲ့ပြီး အဆိုပါ ဟက်ကာများကို ကွန်ယက်အတွင်းမှ နှင်ထုတ်နိုင်ခြင်းမရှိဟုလည်း ဆိုသည်။

    အဆိုပါ ချိုးဖောက်ဝင်ရောက်မှုမှာ ရုရှားအစိုးရနှင့် ဆက်စပ်ပတ်သက်ဖွယ်ရှိနေပြီး ဟက်ကာများမှာ ယူကရိန်းပြဿနာနှင့်ပတ်သက်သည့် အမေရိကန်အစိုးရ၏ စာရွက်စာတမ်းများကို ယူဆောင်သွားခဲ့သည်။ ဆာကီကမူ အဆိုပါကိစ္စအတွက် အသေးစိတ်ပြောပြရန် ငြင်းဆိုခဲ့သည်။

    အမေရိကန်အစိုးရ၏ ဆိုက်ဘာလုံခြုံရေးမှာ အားနည်းလျက်ရှိနေပြီး မကြသေးမီကပင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အမေရိကန်အား ဆိုက်ဘာတိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် နည်းပညာကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

    Ref: alarabiya