News @ M-Media

နယ်စပ်ရှိ အရေးပါသည့်မြို့ကို ဘိုကိုဟရမ်လက်မှ နိုက်ဂျီးရီးယား ပြန်လည် သိမ်းယူ

ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅
M-Media

nigiria

– လေကြောင်းမှ ပစ်ကူပေးမှုများနှင့်အတူ နိုက်ဂျီးရီးယားစစ်တပ်က နိုင်ငံမြောက်ပိုင်း နယ်စပ်မြို့ ဘာဂါကို ဘိုကိုဟရမ်အဖွဲ့၏လက်မှ ယမန်နေ့တွင် ပြန်လည်သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

ချဒ်၊ နစ်ဂါး၊ ကင်မရွန်းနိုင်ငံများနှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသော နေရာတွင် တည်ရှိသည့် အဆိုပါဘာဂါမြို့မှာ အာဖရိက နိုင်ငံပေါင်းစုံတပ်များ၏ ဌာနချုပ်ရှိရာ အရေးပါသည့်မြို့ဖြစ်ပြီး ဘိုကိုဟရမ်က ဇန်န၀ါရီ ၃ ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

“ဘာဂါမြို့ကို ကျွန်တော်တို့ လုံခြုံစေခဲ့ပါပြီ။ ကျွန်တော်တို့ အပြည့်အ၀ ထိန်းချုပ်ထားပါတယ်” ဟု နိုက်ဂျီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခရစ် အိုလူကို လိဒ်က ဆိုသည်။ ထို့ပြင် ထွက်ပြေးသွားကြသည့် ဘိုကိုဟရမ်အဖွဲ့ဝင်များမှာ ချက်ဒ်ရေကန်ကြီးတွင် ရေနှစ်သေဆုံခဲ့သည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နိုက်ဂျီးရီးယားအစိုးရမှာ မတ်လတွင်ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်ခင် ဘိုကိုဟရမ်အဖွဲ့အား အပြတ်ချေမှုန်းမည်ဟု ပြောဆိုထားပြီး အိမ်နီးချင်းနိုင်ငံများမှ တပ်များနှင့်ပေါင်းကာ ဘိုကိုဟရမ် ခိုအောင်းရာ နေရာများသို့ တရစပ် ထိုးစစ်ဆင်လျက်ရှိနေပြီး ဘိုကိုဟရမ်အဖွဲ့ဝင် အများအပြားကိုလည်း သုတ်သင်နိုင်ခဲ့သည်။

အဆိုပါ စစ်ဆင်ရေးလုပ်ငန်းများ အောင်မြင်မှုကို နိုက်ဂျီးရီးယားသမ္မတ ဂွဒ်လက် ဂျိုနသန်ကလည်း ချီးကျူးပြောကြားခဲ့သည်။

Ref: aljazeera

Comments

Leave a Reply