ဖေဖော်ဝါရီ ၉၊ ၂၀၁၅
M-Media

– ပဲရစ်ရှိ မဂ္ဂဇင်းတိုက်အား တိုက်ခိုက်မှုပြီးနောက် နိုင်ငံအတွင်းရှိ လူနည်းစုမွတ်စလင်များ ဝေဖန်တိုက်ခိုက်ခံနေရခြင်းကို တုန့်ပြန်ရန်အတွက် ပြစ်သစ်လူ့အဖွဲ့အစည်းကို အကျိုးပြုခဲ့သည့် မွတ်စလင်များ အကြောင်း ဖော်ပြသည့် လှုပ်ရှားမှုတစ်ခုကို ပြင်သစ်ရှိ မွတ်စလင်လူငယ်များက စတင်ဆောင်ရွက်လိုက်သည်ဟု သိရသည်။
“ကျွန်မတို့ရဲ့ (ပြင်သစ်မွတ်စလင်တွေ) တည်ရှိမှုက မေးခွန်းထုတ်စရာများဖြစ်လာပြီလားလို့ ခံစားရပါတယ်။ ဟု လန်ဒန်ရှိ SOAS တက္ကသိုလ်တွင် ဥပဒေပညာ ပါရဂူဘွဲ့တက်နေသည့် ပြင်သစ်မွတ်စလင် လူငယ်အမျိုးသမီး လိုင်လာဖာသီက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်များအတွင်း တိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ရပြီးနောက် မိမိတို့၏ အယူဝါ အမည်နာမကို အလွဲသုံးစားလုပ်၍ ကျူးလွန်ခဲ့သော ပဲရစ်တိုက်ခိုက်မှုအတွက် တောင်းပန်ရန် ရှောင်လွှဲ၍မရဟု သိရှိခဲ့သည့် သန်းပေါင်းများစွာသော ပြင်သစ်မွတ်စလင်များထဲတွင် ဖာသီလည်း တစ်ဦးအပါအ၀င်ဖြစ်ခဲ့သည်။
ထို့ကြောင့် မိမိတို့၏ အယူဝါဒကို ကာကွယ်ရန် ရည်ရွယ်လျက် ဖာသီနှင့် အခြားသောနယ်ပယ်များမှ ပြင်သစ်မွတ်စလင်များက ပြင်သစ်လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုအတွင်း မွတ်စလင်များ၏ ကူညီမှုများကို ထုတ်ဖော်သော အွန်လိုင်းလှုပ်ရှားမှုတစ်ခုကို စတင်ခဲ့ကြသည်။
အဆိုပါလုပ်ရှားမှုကို #JeSuisNous ဟု မည်ပေးထားပြီး အဓိပ္ပါယ်မှာ “I am We” ဖြစ်သည်။အဆိုပါလှုပ်ရှားမှုမှာ ငြိမ်းချမ်းသော စုစည်းညီညွတ်မှုရှိရန်နှင့် ပြင်သစ်နိုင်ငံအတွင်း မတူကွဲပြားသောသူများ ညီညွတ်မှုကို မြှင့်တင်ရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။
“လုပ်ဆောင်မှုကတော့ ကျွန်တော်တို့တစ်ဦးချင်းဆီရဲ့ အကြောင်းတွေကို ပြောပြခြင်း၊ ပြင်သစ်လူ့အဖွဲ့အစည်း၊ ပြင်သစ်ယဉ်ကျေးမှုနဲ့ အနုပညာတွေမှာ ပြင်သစ်မွတ်စလင်တွေရဲ့ ကူညီစွမ်းဆောင်ပေးမှုတွေကို ဖော်ထုတ်ခြင်းအားဖြင့် နိုင်ငံသားမွတ်စလင်တွေရဲ့ အကျိုးပြုမှုကို သိရှိအောင် ဆောင်ရွက်ဖို့ပါပဲ” ဟု #JeSuisNous ၏ ပရောဂျက်မန်နေဂျာ ဆူဟေးလ် နဂ်ျမီက ပြောကြားခဲ့သည်။ နဂ်ျမီမှာ ပြင်သစ်ရှိ မွတ်စလင်ရုပ်သံ Oumma TV မှ ဂျာနယ်လစ်တစ်ဦးလည်းဖြစ်သည်။
အဆိုပါလှုပ်ရှားမှုကို Facebook တွင် စတင်ခဲ့ခြင်းဖြစ်ပြီး၊ YouTube တွင်လည်း လစဉ်ဖော်ပြသည့် ချန်နယ်တစ်ခုအဖြစ် ဆောင်ရွက်သွားရန် အစီအစဉ်ရှိနေသည်။ ထိုအစီအစဉ်မှတစ်ဆင့် မွတ်စလင်လူ့အဖွဲ့အစည်း၏ အရာရောက်မှု ကြွယ်ဝလာစေရေး ဆောင်ရွက်ပေးသော ရုပ်သံချန်နယ်တစ်ခု ဖြစ်ပေါ်လာရန် ရည်ရွယ်ထားသည်ဟု ဖာသီက ထည့်သွင်းပြောကြားခဲ့သည်။
“အခြေခံအနေနဲ့ကတော့ မွတ်စလင်တွေ သူတို့ရဲ့ ပြင်သစ်နိုင်ငံသားဖြစ်မှုအတွက် ပိုပြီးယုံကြည်မှုရှိလာအောင် အစီအစဉ်တွေ ဖန်တီးစီစဉ်ပေးဖို့နဲ့ ပြင်သစ်လူ့အဖွဲ့အစည်းမှာရှိတဲ့ မတူညီတဲ့ သူတွေနဲ့ပေါင်းကူးပေးဖို့ပါပဲ”
စိန်ခေါ်မှုများ
အဆိုပါလှုပ်ရှားမှုမှာ ပြင်သစ်ရှိ အစ္စလာမ်သာသနာ၏ စစ်မှန်သော ပုံရိပ်ကို မြှင့်တင်ရန် ရည်ရွယ်ခြင်းအပြင် ပြင်သစ်မွတ်စလင်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကိုလည်း မီးမောင်းထိုးပြန်ရန် ရည်ရွယ်ထားသည်။
“ပြင်သစ်မွတ်စလင်လူ့အဖွဲ့အစည်းဟာ ဥရောပနိုင်ငံတွေထဲမှာ ပမာဏအများဆုံး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျွန်တော်တို့ဟာ ပြောင်းရွှေ့အခြေချတဲ့ ပုံစံအမျိုးမျိုးနဲ့ ၀င်ရောက်လာကြသူတွေ၊ ကိုလိုနီစနစ်ကြောင့် ရောက်ရှိလာကြသူတွေနဲ့ ဖွဲ့စည်းထားတဲ့ အသိုင်းအ၀ိုင်းဖြစ်ပြီး အမေရိကန်က မွတ်စလင်လူ့အဖွဲ့အစည်းလိုမျိုး မဟုတ်ပါဘူး” ဟု #JeSuisNous လှုပ်ရှားမှု၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ စီးပွားရေး ပါမောက္ခ ရာဘာဟ် ဂဇာလီက ဆိုသည်။
ရုပ်သံချန်နယ်ကိစ္စနှင့်ပတ်သက်၍ #JeSuisNous ၏ Facebook စာမျက်နှာတွင် ရက်ပါများမှ အားကစားသမားများအထိ နယ်ပယ်စုံမှ ပြင်သစ်မွတ်စလင်များက မှတ်ချက်များ ရေးသားခဲ့ကြပြီး ပြင်သစ်မွတ်စလင်လူ့အဖွဲ့စည်း၏ မတူကွဲပြားစွာ ညီညွတ်မှုကို မီးမောင်းထိုးပြခဲ့သည်။
“အင်တာနက်မှာသာမက တကယ့်လက်တွေ့ဘ၀မှာပါ ကျွန်မတို့ရဲ့ လုပ်ရပ်တွေကို မြှင့်တင်ဆောင်ရွက်သွားမှာပါ။ ကျွန်မတို့ရဲ့ ဒီလှုပ်ရှားမှုဟာ ကျွန်မတို့ တိုင်းပြည်က မွတ်စလင်တွေအပေါ်မှာ ရှိနေတဲ့ ဝေဖန်မှုတွေကို ပြောင်းလဲဖို့ အကူအညီဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပထမဆုံးအနေနဲ့ နိုင်ငံရေး၊ စီးပွားရေးအတွက် ဆုံးဖြတ်ချက်ချမှတ်သူတွေရဲ့ အမြင်တွေပေါ့ရှင်” ဟု လူ့အခွင့်အရေး ရှေ့နေတစ်ဦးဖြစ်သူ ဟိုစနီ မာတီက ပြောကြားခဲ့သည်။
Ref: onislam